သုံးသပ်ချက်
Vol. 4 Ch. 227
ဒီလိုနဲ့ပဲ နေ့ရက်တွေက ပုံမှန်ပြန်ဖြစ်သွားတယ်။
အငြိမ်းချမ်းလွန်နေတယ်လို့ ပြောရမလားပဲ။ ကျောင်းတော်တွေ အချင်းချင်းမတိုက်ခိုက်ကြတော့တဲ့အပြင် ပိုပြီးရင်းနှီးသွားပြီလို့ ပြောရမလိုပါပဲ။ ဆယ်ဗီကတော့ လေကျောင်းတော်က ကျွေးသမျှ စားရင်းသောက်ရင်းနဲ့ ပိုလန်ရောက်နေတဲ့ အကြောင်းအရင်းကို မေ့တောင်နေတဲ့ပုံပဲ။
ထူးထူးခြားခြားဆိုလို့ အယ်မာတစ်ယောက်ရှိမယ်။ သူ့ကြည့်ရတာ တစ်ခုခုကို စိုးရိမ်နေပုံရပေမဲ့ တခြားသူတွေဘာမေးမေး မဖြေဘူး။ သူ့ကိုယ်ရေးကိုယ်တာမလို့ မဖြေတာလို့ထင်တာနဲ့ ဘယ်သူမှ ဆက်မမေးပေမဲ့ ဆယ်ဗီကတော့ အငြိမ်မနေခဲ့ဘူးလေ။
“မဒမ်၊ ဗိုက်ထဲက ကလေးကြီးလာရင် ဒေါက်ဖိနပ်မစီးရမှာ စိုးလို့လား။” ဆိုပြီးသွားမေးလို့ ခေါင်းအခေါက်ခံရသေးတယ်။ အယ်မာက ဒေါက်ဖိနပ်တွေအများကြီးဝယ်မယ့်ပုံစံပေါက်နေလို့ သွားမေးမိတာတဲ့။
တစ်ခါတလေတော့ ရှားလော့က ထထဗွေဖောက်တတ်တယ်။ နာတာရှာနဲ့နက်ဆန်ကို နှစ်ယောက်တည်းတွေ့ချိန်ရအောင်ဖန်တီးဖို့ ကြိုးစားနေတာလေ။
တစ်ဖက်မှာတော့ နာတာရှာက အလုပ်ကိစ္စထဲပဲ ခေါင်းနှစ်လို့ထားတာ။ နက်ဆန်ကိုကူညီဖို့အတွက် လေကျောင်းတော်နဲ့ အတူတွဲပြီး ရှေးဟောင်းတိုက်ပွဲမြေကို လိုက်ရှာနေတာပေါ့။ ဘုရားကျောင်းထဲ ခိုးဝင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ရိုမြူလက် ချက်ကျောင်းဘက်ကနေ တစ်ခုခု တုံ့ပြန်လာမှာစိုးရိမ်တဲ့အတွက် ကွန်စတန်တီနိုပယ်ဌာနခွဲက ပိတ်သိမ်းထားရတုန်းပဲ။ ဒါပေမဲ့ အံ့ဩစရာကောင်းအောင် ဘာသံမှထွက်မလာဘူး။
အခုတော့နက်ဆန်က ပြတင်းပေါက်နဲ့နီးတဲ့တစ်နေရာမှာထိုင်ပြီး မိုနီကာ၊ ဆယ်ဗီတို့နဲ့အတူတူ လက်ဖက်ရည်သောက်နေပါတယ်။ အပြင်ဘက်မှာ ထင်ရှားတဲ့လခြမ်းကြီးကိုတောင် မြင်နေရသေး။ နက်ဆန်ရဲ့နောက်မှာတော့ ကျက်သရေရှိပြီး လက်တစ်ဖက်ပေါ် တစ်ဖက်ထပ်တင်လို့ တိတ်တဆိတ်ခစားနေတဲ့ အိမ်စေအမျိုးသမီးကို မြင်နိုင်တယ်။
“ထူးဆန်းလိုက်တာ...” နက်ဆန်က ပြောလိုက်ရင်း မော်လီကို လှည့်ကြည့်လိုက်ပါတယ်။
တခြားကျောင်းတော်တွေနဲ့ ပြေလည်မှုရရှိသွားပြီဖြစ်တဲ့အတွက် ဆီနိတ်တာတွေကို လေကျောင်းတော်ပိုင်နက်ထဲခေါ်ဖို့ကိစ္စက ပြဿနာတစ်ရပ်မဟုတ်တော့ဘူး။ ဒါကြောင့် နက်ဆန်က သူ့ရဲ့အရေးအပါဆုံးလက်နက်ဖြစ်တဲ့ မော်လီကိုပြန်ဆင့်ခေါ်ခဲ့တာ။
“စိတ်ထဲမှာ မတင်မကျဖြစ်စရာတစ်ခုခု ရှိနေတာများလား။” မော်လီက ခါတိုင်းလိုပဲ တည်ငြိမ်ပြီးယဥ်ကျေးတဲ့လေသံနဲ့ သခင်ဖြစ်သူကိုပြန်တုံ့ပြန်ပါတယ်။ နက်ဆန်က ခေါင်းညိတ်လိုပြီ။ ပြတင်းပေါက်အပြင်က လေအေးတချို့တိုက်ခတ်လာတဲ့အတွက် သူ့ဆံပင်တွေပြန့်လွှင့်ကုန်တယ်။
ဖေဖော်ဝါရီလကုန်တော့မယ်။ နှင်းမကျတော့ဘဲ အအေးလျော့ လာခဲ့ပါပြီ။ နွေဦးရောက်လာတော့မယ်လေ။
“ဥရောပနယ်ထဲကို ဒုစရိုက်ဂိုဏ်းခပ်သေးသေးတစ်ခုဝင်လာပြီယ ကျုပ်ကိုလုပ်ကြံဖို့ကြိုးစားတာနဲ့ ကျောင်းတော်တွေအထင်လွဲတဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်ရှိနေမယ်ထင်ခဲ့ပေမဲ့ အခုတော့ အရာအားလုံးက ချောချောမွေ့မွေ့ပဲ။”
နက်ဆန်က သူတို့ဒီတစ်လလုံး ကြုံခဲ့ရတဲ့အကြောင်းအရာတွေကို ပြန်သုံးသပ်နေခဲ့တာ။ တကယ့်ကို သဘာဝမကျဘူး။ အခက်အခဲ အနည်းအပါးရှိခဲ့တယ်ဆိုပေမဲ့ အသက်အန္တရာယ်ဖြစ်စေတဲ့အထိ မဟုတ်ခဲ့ပါဘူး။ မမျှော်လင့်ဘဲ ပေါ်လာခဲ့တဲ့ အီလတ်ထရာကို ထည့်မတွက်ရင်ပေါ့။
“သခင့်ရဲ့ရန်သူတစ်ယောက်သာ နောက်ကွယ်မှာရှိနေရင် သခင်သေနေလောက်ပြီလို့ ပြောချင်တာလား။” မော်လီက ခန့်မှန်းလိုက်တယ်။ နက်ဆန်ကတော့ ကုန်သွားတဲ့ လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်ပြီး
“အတိအကျပဲ။”လို့ ပြောလိုက်တယ်။
“နက်ဆန်... ရှင်မစားရင် ကျွန်မ ဒါလေးစားလိုက်တော့မယ်။”
ဆယ်ဗီက သူ့ပန်းကန်ပြားထဲက နို့ဘီစကစ်ကုန်သွားတဲ့နောက် နက်ဆန်ရဲ့ပန်းကန်ပြားထဲကနေ နှိုက်စားဖို့ကြံပါတယ်။ သူ့အကြံ စက္ကန့်မကူးခင်မှာပဲ မော်လီရဲ့အေးစက်နေတဲ့လက်က သူ့လက်ကို သံတူကြီးနဲ့ညှပ်ထားသလိုပဲ။
“ရိုင်းလိုက်တာ....” အဲဒီနောက်မှ ဧရာမမုန့်ပုံးကြီးတစ်ပုံးကိုထုတ် ဆယ်ဗီအတွက် မုန့်တွေပြန်ဖြည့်ပေးလိုက်တာပေါ့။
“ဥရောပဒေသတစ်ခွင်မှာ သတင်းအချက်အလက်စီးဆင်းမှုနဲ့ လုံခြုံရေးစနစ်တွေကို စိတ်ကြိုက်ကြိုးကိုင်ချယ်လှယ်နိုင်တဲ့သူဆိုလို့ နှစ်ယောက်ပဲရှိပါတယ်။ အခုကိစ္စမှာ ရန်သူကလုပ်တာမဟုတ်ဘူး ဆိုတာသေချာရင်တော့ အဲဒီလူက...” မော်လီက ဆုံးတဲ့အထိ မပြောဘဲနဲ့ ပါးစပ်ကိုပိတ်လိုက်တယ်။ နက်ဆန်ကလက်ထောင်ပြပြီး တားထားလိုက်လို့ပါ။
“EUOCရဲ့ ကောင်မရှင်နာပဲ....”
ကောင်မရှင်နာတစ်ယောက်သာလျှင် လုံခြုံရေးစနစ်တွေအားလုံးကို လျှော့ချပြီးတော့ နိုင်ငံတကာရာဇဝတ်ဂိုဏ်းတစ်ခုကို ဝင်ခွင့် ပေးဖို့စွမ်းအားရှိမှာ။ ကောင်မရှင်နာတစ်ယောက်သာလျှင် သတင်းအချက်အလက်တွေကိုလိုသလိုကစားပြီး ကျောင်းကြီး ခြောက်ကျောင်းအတွင်းက ပြဿနာမီးပွားကို ဆွဲထုတ်နိုင်မှာ။
“ဒါပေမဲ့ သူကဘာလိုချင်တာလဲ... သူ့က ဘာလို့ငါ့ကိုကူညီနေတာလဲ။”
ကောင်မရှင်နာဖန်တီးခဲ့တဲ့ပြဿနာတွေက နက်ဆန်ကို အခက်တွေ့စေတာထက် ဖြေရှင်းပြီးတဲ့နောက်မှာ အကျိုးပိုများခဲ့တယ်။ ရော့ဝဲလ်ကြောင့် အေးတိအေးစက် ဖြစ်နေခဲ့တဲ့ဆက်ဆံရေးတွေ ပြန်ပြေလည်သွားပြီး အမှောင်ကျောင်းတော်က ပြိုလဲပျက်စီးနေတဲ့ကျောင်းတော်ဆိုတဲ့ သတင်းဆိုးကို ဖယ်ရှားနိုင်ခဲ့တယ်။ စင်စစ်မှာ သူတို့ဟာ အင်အားအကြီးဆုံးလို့တောင် ပြောလို့ရနေပြီ။
“သခင်... အဲဒီနေရာကို ရှာတွေ့ပြီ။” ရုတ်တရက် တံခါးပွင့်သွားပြီး နာတာရှာနဲ့ရှားလော့ခ်တို့ ဝင်လာတယ်။ ဆယ်ဗီနဲ့မိုနီကာတို့က ဝမ်းသာအားရပြုံးလိုက်ပေမဲ့ နာတာရှာရဲ့မျက်နှာပေါ်က လေးနက်တဲ့အမူအရာကိုမြင်တော့ နက်ဆန်ကချက်ချင်းမေးလိုက်တယ်။
“ဒါပေမဲ့ ဘာဖြစ်လာတာလဲ။”
“တစ်ယောက်ယောက် အထဲကို ဝင်သွားနှင့်ပြီးသား ဖြစ်နေတယ်။” နာတာရှာက သတင်းဆိုးကို ပြောလိုက်လေရဲ့။
....
တူညီတဲ့ ကောင်းကင်ကြီး။
ကောင်းကင်ပေါ်က လခြမ်းကြီးကို လူတစ်ယောက်က မော့ကြည့်လို့။ သူဟာ ခဲရောင်တက်ရှီဒိုအင်္ကျီနဲ့ ဘောင်းဘီရှည်ကို ဝတ်ဆင်ထားတယ်။ အထူးခြားဆုံးကတော့ သတ္တုမျက်နှာဖုံးကို မျက်နှာမှာတပ်ထားတာပဲ။ နှင်းကျမနေပေမဲ့ သူ့အနားဝန်းကျင်က မှန်တွေမှာ ရေငွေ့ရိုက်လို့နေပါတယ်။
“ကောင်မရှင်နာမင်းကြီး ခင်ဗျားပြောထားတဲ့အတိုင်းပဲ ဒါလီယာကိုစောင့်ကြည့်ဖို့ လူလွှတ်ထားပါတယ်။ လောလောဆယ်အထိတော့ ကလေးမလေးက ဘာတိုးတက်မှုမှမရှိသေးပုံပါပဲ။”
အမှုဆောင်တစ်ယောက်က ကောင်မရှင်နာရပ်နေတဲ့ အထပ်မြင့်တိုက်စင်္ကြံပေါ်ကိုရောက်လာပြီး ပြောလိုက်တယ်။ အမှုဆောင်ကို လှည့်မကြည့်ဘဲ ကောင်မရှင်နာက အခုလိုပဲ ပြောလိုက်ပါပြီ။
“နားလည်ပြီ။ နောက်တစ်လစောင့်ကြည့်ပြီးလို့မှ မထူးခြားရင် လက်ရွေးစင်တပ်ဖွဲ့တွေလွှတ်ပြီး သတ်ပစ်လိုက်တော့။ ကြည့်ရတာ အယ်မာရဲ့လောင်းကြေးက မအောင်မြင်လောက်တော့တဲ့ပုံပဲ။”
“မှတ်ထားပါ့မယ်....” အမှုဆောင်က ခေါင်းညိတ်လိုက်တယ်။ အတော်ကြာပြီးမှ ကောင်မရှင်နာက စကားပြန်စတယ်။
“ကျုပ်ကိုကူညီပေးတဲ့အတွက် ခင်ဗျားကို ဘယ်လို ကျေးဇူးတင်ရမလဲမသိပါဘူး၊ ပြင်သစ်အမှုဆောင်ကြီး။ ခင်ဗျားသမီးရဲ့အခြေအနေကိုသိရဲ့နဲ့ မကုသပေးခဲ့တာလဲ တောင်းပန်ပါတယ်။”
“ဒါက အစီအစဥ်ရဲ့တစ်စိတ်တစ်ပိုင်းပဲမဟုတ်လား။” ပြင်သစ် အမှုဆောင်ကြီးလို့အခေါ်ခံလိုက်ရတဲ့ ဖရက်ဒရစ်က ရယ်မောရင်း ပြန်ဖြေလိုက်တယ်။
“အခုဆိုရင် ကျောင်းခြောက်ကျောင်းရဲ့အခြေအနေက တည်ငြိမ်သွားပြီ။ ရိုမြူလက်ဘုရားကျောင်းကိုတုံ့ပြန်ဖို့ ပိုလွယ်သွားပြီဆိုတဲ့အဓိပ္ပါယ်ပဲ။ ကျန်တာကတော့ နတ်ဘုရားတု ဖန်တီးခြင်းနည်းပညာအပေါ်မှာပဲ မူတည်တော့တယ်။”
“ ဂျော်ဒန်က အဲဒီကိစ္စကို ဖိဖိစီးစီးလုပ်နေပါတယ်။” ဖရက်ဒရစ်က ကောင်မရှင်နာကို စိတ်မပူဖို့ပြောလိုက်တယ်။
“ငရဲနံက ပြင်းသည်ထက်ပြင်းလာပြီ... ဧဒင်ဥယျာဥ်ကလည်း ပွင့်လာတော့မယ်။ ပီးယပ်ဆိုတဲ့ခွေးမသားက နတ်ဘုရားတွေ ဖြစ်စေချင်တဲ့အတိုင်း ကြယ်နှစ်လုံးကို ကြိုးကိုင်ချင်နေတယ်။ ဒါကိုတားမှဖြစ်မယ်....”
ကောင်မရှင်နာက တီးတိုးရေရွတ်လို့။ ဖရက်ဒရစ်ရဲ့မျက်နှာလည်း ပြုံးရွှင်မနေတော့ဘဲ သုန်မှုန်သွားခဲ့တယ်။ သူ့မျက်လုံးတွေထဲမှာ စိုးရိမ်စိတ်ကိုမြင်နိုင်တယ်။
“လူသားတွေရဲ့ကံကြမ္မာအတွက်... အမှန်တကယ် လွတ်မြောက်ဖို့အတွက်... အဖျော်ဖြေခံ ရုပ်သေးတွေ ထပ်မဖြစ်ရရေးအတွက်....”
...
အိုလီရာနာက သူ့ကိုအကြာကြီးစိုက်ကြည့်နေတဲ့ ညိုချော ကောင်မလေးကြောင့် စိတ်အိုက်လာပြီးတော့ စာဖတ်စားပွဲပေါ်က သင်္ချာစာအုပ်ကို ပြန်ကြည့်လိုက်တယ်။ အဲဒီနောက် ဒါလီယာရဲ့ စာအုပ်ကိုကြည့်လိုက်ပြီး စိတ်ညစ်ညစ်နဲ့ပြောလိုက်ပါလေရော။
“ဒါလီယာ... ငါးရှစ်လီ လေးဆယ်လေ။ ငါးရှစ်လီကို ငါးရှစ်လီဆိုပြီး မေးခွန်းပြန်ကူးလို့မရဘူး။”
“......”
“ပြီးတော့ အမြောက်လက္ခဏာကို ကြီးကြီးရေးလေ။ ပိစိလေးဆိုရင် ဘယ်မြင်ရမတုန်း။”
“.....”
အိုလီရာနာက တတ်နိုင်သလောက်စာရှင်းပြနေပေမဲ့ ဒါလီယာက လုံးဝစိတ်မဝင်စား။ အဲဒီအစားပိုလို့တောင် သူ့မျက်နှာနားကပ်လာ ပါသေးတယ်။
‘တအားနီးနေပြီဟ... တအားနီးနေပြီ....’ အိုလီရာနာက ခုန်တာ မြန်နေတဲ့နှလုံးကို လက်နဲ့ဖိထားလိုက်မိတယ်။ ဘယ်လိုပဲပြောပြော ဒါလီယာက ချစ်ဖို့ကောင်းလွန်းတယ်လေ။
“ဝေါင်း....” ဒါလီယာက ရုတ်တရက်ကြီး အိုလီရာနာရဲ့ပါးပြင်ကို ပန်းသီးလိုကိုက်လိုက်တယ်။
“အား၊ နာတယ်ဟဲ့.... နင်ဘာလုပ်တာလဲ။”
“နင့်ကိုစားလိုက်ရင် နင်က ငါ့အပိုင်ဖြစ်လာမှာလား....”
“......” ဒါလီယာရဲ့တည့်တိုးဆန်လွန်းတဲ့စကားကြောင့် အိုလီရာနာ ဘာပြောရမှန်းမသိတော့ဘူး။ အလိုလိုနေရင်းသူတို့နှစ်ယောက်ကို စာအတူလုပ်ခိုင်းလိုက်တဲ့ အတန်းပိုင်ဆရာမကိုပါ မေတ္တာပို့မိတဲ့ အထိပါပဲ။
....
“အိုလီရာနာရေ... သမီးက ဒီလပတ်စာမေးပွဲမှာ အမှတ်ပြည့်ရထားတာဆိုတော့ သမီးသူငယ်ချင်းကို နည်းနည်းပါးပါးတွဲခေါ်ပါဦးကွယ်။ ဘာသာစုံသုညဖြစ်နေတာ မကောင်းဘူးကွဲ့။” သူ့ခင်ဗျာ ငြင်းချင်ပေမဲ့ ဒါလီယာက အိုလီရာနာကလွဲရင် ကျန်တဲ့သူတွေကို ရှိတယ်လို့မထင်တဲ့အတွက် ငြင်းခွင့်မရခဲ့ပါဘူး။
အဲဒါနဲ့ပဲ....
...
“မဟုတ်ဘူး.... နင်ငါ့ကိုစားလိုက်ရင် ဟိုအနားက နင်စားပြီးသား ပန်းသီးအူတိုင်ကြီးလိုပဲ ဖြစ်သွားလိမ့်မယ်။ အဲဒီအစား စာပဲ အာရုံစိုက်စမ်းပါ။” အိုလီရာနာက ထွက်ပြေးချင်စိတ်ကိုထိန်းရင်း နောက်တစ်ခါပြောလိုက်ပြန်တယ်။
ဒါလီယာကတော့ စိတ်ကူးယဥ်မှုတွေကြောင့် ဝေဝါးနေတဲ့ မျက်လုံးအစုံနဲ့ အိုလီရာနာကိုကြည့်လိုက်ပြီး...
“စာကြိုးစားရင်း နင်က ငါ့အပိုင်ဖြစ်လာမှာလား...”
“.....” အိုလီရာနာ ဒီမေးခွန်းကို ဘယ်လိုတုံ့ပြန်ရမှန်းမသိဘူး။ ဒီပိန်းဥမက တစ်နေကုန်သူ့အကြောင်းပဲထိုင်တွေးနေတယ်ဆိုတာ သတိထားမိတော့ ထွက်တောင်ပြေးချင်လာသလိုပဲ။ ဒါပေမဲ့ ရာစုနှစ်များစွာ အသက်ရှင်ခဲ့တဲ့ မုန်လာဥကြီးပီသစွာ စိတ်ခံစားချက်တွေကိုထိန်းချုပ်ရင်း ပြောလိုက်လေရဲ့။
“အဲဒီလိုပဲ....”
...
အမှောင်ဘုံရဲ့နက်ရှိုင်းတဲ့အတွင်းထဲမှာတော့ ဂရိစစ်ယူနီဖောင်းကို ဝတ်ဆင်ထားတဲ့ လူငယ်လေးတစ်ယောက်ရှိနေပါတယ်။ ဒါပေမဲ့ ရှိနေရုံတင်မဟုတ်ဘဲ လက်ဝါးကပ်တိုင်ကြီးမှာ သံနဲ့ ကပ်ရိုက်ခံထားရတာဖြစ်ပြီး သူ့အနားမှာတော့ မင်္ဂလာဆောင် ဝတ်စုံတွေဝတ်ထားတဲ့ စုံတွဲတစ်တွဲရှိနေပြီး သူတို့လက်ထဲမှာ နှိပ်စက်စရာပစ္စည်းမျိုးစုံကိုကိုင်လို့။
ကျာပွတ်တွေ၊ သံဆူးလုံးတွေ၊ ဧရာမညှပ်ကြီးတွေ၊ နီရဲနေအောင် မီးကင်ထားတဲ့ သံချောင်းတွေ...
“ကျွန်တော်ဘာမှမလုပ်ပါဘူးဗျာ... ခင်ဗျားတို့က ဘယ်နဲ့လုပ် တစ္ဆေချင်း အနိုင်ကျင့်နှိပ်စက်နေရတာတုန်း....”
“တိတ်စမ်း....” အထွန့်တက်နေတဲ့ပါစီဗယ်ကို တစ္ဆေစုံတွဲက ပြိုင်တူငေါက်လိုက်တယ်။ အသံကြီးက ကျယ်လွန်းလို့ အမှောင်ခန်း တစ်နေရာမှာချိပ်ပိတ်ခံထားရတဲ့ နတ်ဆိုးကြီးဘေလီရယ်တောင် ပုန်းစရာနေရာရှာမရဖြစ်နေပြီ။
“မင်း ငါတို့သခင်ရဲ့ကောင်မလေးကို ခိုးပြေးသွားတုန်းက ဒီရုပ်မဟုတ်ဘူး။” တစ္ဆေသတို့သားက သံချောင်းပူကြီးနဲ့ ပါစီဗယ်ရဲ့ရှပ်အင်္ကျီကိုထိုးဖောက်လိုက်တော့ မီးခိုးတွေ အူထွက်လာရော။ သံချောင်းက သူ့အသားမထိသေးပေမဲ့ ပါစီဗယ့်နဖူးကနေ ဇောချွေးတွေကျလာရော။
ဖြန်း... ဖြန်း....
“ယောက်ျားကြီးတန်မဲ့ မူယာမာယာတွေသုံးပြီး အပြစ်ကင်းတဲ့ မိန်းကလေးတစ်ယောက်ကို လှည့်စားရဲသေးတယ်။ နင့်လိုလူမျိုးက ငရဲကြီးကိုးထပ်မှာ တစ်မျိုးစီခံရမယ့်ကောင်။”
တစ္ဆေသတို့သမီးကလည်း ကျာပွတ်ကြီးကိုရမ်းပြီး ကြမ်းပြင်ကို ရိုက်ရင်း အော်ဟစ်လိုက်တယ်။
‘ချီးထဲမှ... တကယ့်လုပ်မယ့်ရုပ်တွေ။' ပါစီဗယ်တစ်ယောက် ကျိန်ဆဲလိုက်မိတယ်။
“ဒီလိုမှန်းမသိရင် ဟိုသောက်တလွဲစာအုပ်ထဲက အကြံပေးတဲ့ အတိုင်း မလုပ်ပါဘူးကွာ။”
ဒါပေမဲ့ နောင်တဆိုတာ နောင်မှရတယ်ဆိုသလိုပဲ နောက်ကျသွားပြီ။ တစ္ဆေစုံတွေကတော့ အပီနွှာဖို့အတွက် အသင့်ဖြစ်နေပါပြီ။
“ငါ့ကို ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလား။” ပါစီဗယ်က စိတ်ပျက်လက်ပျက်နဲ့ သူ့တပ်သားတွေကိုလှည့်ကြည့်လိုက်တယ်။
အကုန်လုံး တုံးလုံးပက်လက်တွေလန်လို့။ ဒါပေါ့ ပါစီဗယ်ဆိုတဲ့ တစ်ကောင့်သားက အခုလိုနှိပ်စက်ခံရမယ့်အရေးကို အလွယ်လေး ဘယ်လက်ခံမလဲ။ ခုခံတာပေါ့။ ဒါပေမဲ့ဒီနေရာက အမှောင်ဘုံ။ ဒီနေရာမှာ နက်ဆန်က ဘုရားသခင်ပဲ။
နက်ဆန်သာ မနိုင်စေချင်ရင် သူဘာမှလုပ်မရဘူး။ ဒီလိုနဲ့ပဲ သာမန်တစ္ဆေနီတွေဖြစ်တဲ့ တစ္ဆေစုံတွဲက သူ့လိုမျိုးတစ္ဆေဘုရင်ကို အမှောက်ရိုက်သွားပြီး ရောမစတိုင်နှိပ်စက်နည်းတွေနဲ့ နှိပ်စက် နေကြတာပါ။
“တော်ကြတော့။ ကြောက်ပါပြီဗျ... ကျုပ်ကို ဒီအထဲကနေ ထုတ်ပေးပါတော့....”