ဘိုးဘေးနှစ်ပါး (၁)
Vol. 4 Ch. 228
နောက်တစ်နေ့ ညနေပိုင်းမှာတော့ အမှောင်ကျောင်းတော်နဲ့အဖွဲ့ဟာ ပိုလန်ကျေးလက်ဒေသက ချောက်ကမ်းပါးကြီးတစ်ခုနားကို ရောက်ရှိလာခဲ့ကြတယ်။ ချောက်ကမ်းပါးကြီးအနီးမှာ သစ်သားနဲ့ ခြံစည်းရိုးခတ်ထားတဲ့ ခြံစည်းရိုးအမြင့်ကြီးတွေကိုတွေ့နိုင်ပြီး အန္တရာယ်များတဲ့ ချောက်ကမ်းပါးတစ်ခုဖြစ်ကြောင်း ရေးသားထားတဲ့ ဆိုင်းဘုတ်တွေလည်းရှိနေလေရဲ့။
“ဒီချောက်ကမ်းပါးအကြောင်းကို ဒေသခံတွေမသိကြပေမဲ့ တစ်ခုခုမူမှန်မှန်းတော့ သူတို့သိကြတယ်။ ဒီနေရာကိုစူးစမ်းရှာဖွေဖို့ လာကြတဲ့သူတွေ တစ်ယောက်ချင်းဖြစ်စေ အဖွဲ့လိုက်ဖြစ်စေ ပြန်မရောက်လာကြဘူးလေ။”
လေကျောင်းတော်သခင်မ ရှားလော့ခ်က လက်ပိုက်ထားရင်း ချောက်ကမ်းပါးအောက်ကိုငုံကြည့်ကာ ပြောလိုက်ပါတယ်။ နက်ဆန်ကလည်း ခေါင်းညိတ်လိုက်တယ်။ မော်လီကတော့ တစ္ဆေမီးအိမ်ကို မြှောက်လိုက်ပြီး အောက်ကိုသေချာမြင်ရဖို့ ကြိုးစားကြည့်ပေမဲ့ တွင်းနက်အောက်ခြေကိုမမြင်ရပါဘူး။ ဒါပေမဲ့ ရစ်သိုင်းနေတဲ့ မြူခိုးတွေထဲမှာ သွားလာနေတဲ့ လေလွင့် ဝိညာဥ်တွေကိုတော့ မြင်နေရတယ်။
“ဒီချောက်ကမ်းပါးက ခြွေလွှင့်ခဲ့တဲ့အသက်တွေ မနည်းဘူးပဲ။ ဒါပေမဲ့အတွင်းထဲကနေ သခင့်ရဲ့အရှိန်အဝါနဲ့တူတဲ့အရာတစ်ခုကို အာရုံခံမိတဲ့အတွက် ဒီနေရာပဲဆိုတာတော့ သေချာတယ်။”
နက်ဆန်ရဲ့မျက်နှာက အေးစက်နေပြီး သူ့အတွင်းစိတ်ကို ခန့်မှန်းရခက်ပေမဲ့ သူက ရှားလော့ခ်ကို ထက်ရှတဲ့မျက်လုံးတွေနဲ့ စေ့စေ့ကြည့်လိုက်တယ်။ ဒီစူးရှလွန်းတဲ့အကြည့်တွေကြောင့် ရှားလော့ခ်ဟာ အလိုလိုနေရင်း ထူပူသွားပြီး နောက်ကို ခြေတစ်လှမ်း ဆုတ်လိုက်မိတဲ့အထိပဲ။
“သခင်မရှားလော့ခ်၊ အထဲကို ဝင်သွားတယ်ဆိုတဲ့ သူတွေကရော။”
ဒီတော့မှ ရှားလော့ခ်က ဟန်ကိုယ့်ဖို့ဆိုသလို ပြန်ထိန်းလိုက်ပြီး လေးနက်သွားပြန်တယ်။
“ငါ့ရဲ့သတင်းပေးတွေအဆိုအရ ပြီးခဲ့တဲ့နှစ်ရက်လောက်က တောင်တက်ပစ္စည်းတွေနဲ့မိန်းကလေးနှစ်ယောက် ချောက်ကမ်းပါးနားက ရွာကိုရောက်လာတယ်လို့ပြောတယ်။ ဒီနေရာကိုရှာတွေ့တော့လည်း ခြံစည်းရိုးတစ်နေရာက ကျိုးပဲ့နေပြီး တောင်တက်ကြိုးတွေချည်ထားတာ တွေ့ခဲ့တယ်။”
“မိန်းကလေးနှစ်ယောက်... သူတို့ပုံစံတွေကရော....” နက်ဆန်က ဆက်မေးတော့ ရှားလော့ခ်ကလည်း သူစုံစမ်းထားတဲ့အရာတိုင်းကို ပြောပြလိုက်တယ်။ အကြောင်းတချို့ကြောင့် နက်ဆန်ကိုတည့်တည့် မကြည့်ရဲပေမဲ့ပေါ့။ အားလုံးနားထောင်ပြီးတဲ့နောက်မှာတော့ မော်လီက သုံးသပ်ချက်ချလိုက်တယ်။
“မှားစရာအကြောင်းမရှိဘူး၊ အဲဒီနှစ်ယောက်က ရိုမြူလက် ဘုရားကျောင်းက ဒိုင်းသူတော်စင်နဲ့သူ့နောက်လိုက်ပဲ။ ဒီနေရာက တိုက်ပွဲမြေပြင်ဟောင်းဆိုတော့ သူတို့လည်း ကျွန်မတို့နဲ့တူညီတဲ့ ရည်ရွယ်ချက်ရှိလို့လာခဲ့တာဖြစ်မယ်။”
နက်ဆန်ရဲ့အမူအရာက သုန်မှုန်လို့နေတယ်။ ရူဘီနဲ့သူက ပုဂ္ဂိုလ်ရေးအရ ရန်ငြိုးမရှိပေမဲ့ ရိုမြူလက်ဘုရားကျောင်းက ရန်သူဖြစ်တယ်။ အရင်ကရင်ဆိုင်ဖူးသလောက် အဆင့်တူချင်းမှာ အတော်ကြောက်စရာကောင်းတဲ့ရန်သူဖြစ်ပြီး သူတိုးတက်လာြပီ ဆိုပေမဲ့လို့ တစ်ဖက်လူကလည်း ရပ်နေမှာမဟုတ်ဘူးလေ။
“ကြည့်ရတာ အချိန်ဖြုန်းလို့မရတော့တဲ့ပုံပဲ။”
သူက ဒီလိုပြောလိုက်ပြီး သူ့အဖွဲ့ကိုပြန်လှည့်ကြည့်လိုက်ပါတယ်။ မိုနီကာ၊ ဆယ်ဗီ၊ ဒေါ်ရသီနဲ့ အယ်မာတို့ကလည်း သူ့နောက်မှာ ရပ်နေကြတယ်။ ဒါပေမဲ့ ဒီလူစုကို ခေါ်သွားဖို့အတွက် သူ့မှာ အစီအစဥ်ရှိမနေပါဘူး။
“အောက်မှာက အန္တရာယ်များတယ်၊ ကျေးဇူးပြုပြီး အပေါ်မှာ စောင့်နေပေးပါ။”
မိုနီကာက ငြင်းချက်ထုတ်ဖို့အတွက် ပါးစပ်ဟလိုက်ပေမဲ့ ခါးသီးတဲ့ အပြုံးတစ်ခုအဖြစ်သာ ပြောင်းလဲသွားခဲ့တယ်။ လက်ရှိခန္ဓာကိုယ် အခြေအနေနဲ့ သူဘာများလုပ်နိုင်မှာမလို့လဲ။
“ဂရုစိုက်နော်... သေချာပေါက် လုံလုံခြုံခြုံပြန်လာခဲ့။” စိတ်ပူအောင် လုပ်နေမယ့်အစား မိုနီကာက နက်ဆန်ရဲ့အင်္ကျီကို သေချာ သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြုပြင်ပေးလိုက်တယ်။
“အင်း....”
ဆယ်ဗီကတော့ လက်မကြီးထောင်ပြလိုက်တယ်။ သူ့ပုံစံက နည်းနည်းလေးမှ နက်ဆန်ကို စိုးရိမ်ပုံမပေါ်ပါဘူး။ အဲဒီအစား မြန်မြန်ပြန်မလာရင် ရှိသမျှအကုန်စားပစ်မယ်လို့ ပြောချင်နေပုံပဲ။
“ဆယ်ဗီ... မင်းဘာပြောချင်လဲ ငါသိတယ်။”
“ဖူး....” နက်ဆန်ရဲ့စကားကြောင့် တိတ်ဆိတ်နေခဲ့တဲ့ဆယ်ဗီ မနေနိုင်ဘဲ ရယ်ချလိုက်မိတယ်။ ဒါပေမဲ့နက်ဆန်ကတော့ လေးနက်စွာနဲ့ပဲ ပြောလိုက်လေရဲ့။
“အပြင်စာတွေအမြဲစားနေတာမကောင်းဘူး။ ကိုယ်မင်းကို ချက်ကျွေးမယ်လေ။”
“အရူးကောင်၊ ရှင်ပြန်လာပြီးမှ ပြောစမ်းပါ။ ပြီးတော့ နောက်တစ်ခါ အာလူးနဲ့ကြက်ဥဆိုရင် သေပြီသာမှတ်။” ဆယ်ဗီက လက်သီးကိုဆုပ်လိုက်ပြီး နက်ဆန်ရဲ့ပခုံးကိုထုလိုက်တယ်။ မနာပေမဲ့နက်ဆန်ရဲ့မျက်နှာပေါ်မှာ အပြုံးကပိုပီပြင်လာတယ်။
ဒီလိုကသောင်းကနင်းနိုင်ပြီး ဘယ်အရာကိုမှအတည်မတွေးတဲ့ ဆယ်ဗီက သူသိတဲ့ဆယ်ဗီပါ။ နောက်တော့ သူက အယ်မာနဲ့ ရှားလော့ခ်တို့ကို ကြည့်ပြီးပြောလိုက်တယ်။
“ခင်ဗျားတို့နှစ်ယောက် သူတို့ကို ကျေးဇူးပြုပြီးတော့ စောင့်ရှောက်ပေးပါဦး။”
“အင်း... နင်က ငါ့ရဲ့ဒါလီယာကို စောင့်ရှောက်ပေးထားတာပဲလေ။” အယ်မာက လွယ်လင့်တကူပဲ လက်ခံလိုက်တယ်။
တစ်ဖက်မှာတော့ ရှားလော့ခ်က လက်ပိုက်ထားရင်းနဲ့ပဲ သက်ပြင်းချလိုက်တယ်။ “ကောင်းပြီလေ၊ အခုနင်က ငါ့နယ်မြေထဲမှာဆိုတော့ ငါ့ဧည့်သည်ပဲ။”
ဒေါ်ရသီကတော့ လစ်လျူရှုထားခံရသူလိုမျိူး လက်ယမ်းပြရင်း “သခင်၊ ကျွန်မရောလိုက်ခဲ့ရမလား။”
“မရဘူး၊ မင်းက သူတို့ကိုစောင့်ရှောက်ပေးရမယ်။”
“ဟုတ်....” ဒေါ်ရသီက စိတ်ပျက်သွားပုံရပေမဲ့ နက်ဆန်ကတော့ အားလုံးကို နှုတ်ဆက်သွားပြီးတဲ့နောက်မှာ ချောက်ထဲကိုဆင်းဖို့ စတင်ပြင်ဆင်တယ်။ သူ့ကျောနောက်မှာ အနက်ရောင်တောင်ပံတွေ ထွက်လာပြီး မကြာခင်မှာပဲ အရိပ်ထဲက နာတာရှာက နက်ဆန်ကို ဆက်သွယ်လာတယ်။
“သခင်... အဆင့်တက်လာပြီးနောက် ရလာတဲ့ စိတ်ဝင်စားစရာ တစ်ခုပြရမလား။”
ခရမ်းရောင်အလင်းလုံးလေးတစ်လုံးက နက်ဆန်ရဲ့အရိပ်ထဲက ထွက်ပေါ်လာပြီးတော့ နက်ဆန်ရဲ့နောက်မှာနောက်ထပ် အတောင်ပံတစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပါပြီ။
“ကျွန်မသခင့်ကို ကျွန်မရဲ့အတောင်ပံတွေငှားလို့ရနေပြီ။ ဒါက သခင့်အရှိန်ကို အများကြီးပိုမြန်လာစေလိမ့်မယ်။”
“ကောင်းတယ်....” နက်ဆန်က နာတာရှာကို ချီးကျူးလိုက်တယ်။ အခုသူ့မှာ အယ်ဒါအဆင့်အစေခံနှစ်ယောက်ရှိနေပြီဖြစ်တာမလို့ သူကိုယ်တိုင်ရဲ့စွမ်းအားလည်း တိုးတက်လာပြီလေ။
“သွားရအောင်....”
ဝုန်း...
နက်ဆန်က အတောင်ပံကိုခတ်လိုက်တယ်။ လေထုပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက် အသံမြန်နှုန်းအထက်ကပျံသန်းနေတဲ့ အရိပ်နက်ကြီးဟာ ချောက်နက်ကြီးထဲကို တိုက်လေယာဥ်တစ်စီးလို ဆင်းသက်သွားပါတော့တယ်။
...
“အရှင်မက ဘာလို့ သူထွက်သွားတဲ့အထိ စောင့်နေရတာလဲ။” ချောက်ကမ်းပါးရဲ့တစ်ဖက်ခြမ်း မမြင်ကွယ်ရာကနေပြီး နက်ဆန် ချောက်အတွင်းကို ဆင်းသက်သွားတဲ့ မြင်ကွင်းကိုကြည့်နေခဲ့တဲ့ ဘန်နီကမေးလိုက်တယ်။
ဒဏ်ရာတွေပြန်ကောင်းနေပြီဖြစ်တဲ့ အီလက်ထရာကတော့ ကောက်ကျစ်စွာရယ်မောလိုက်ရင်း....
“ဖြစ်နိုင်ရင်တော့ ငါသူ့ကိုပါသတ်ချင်တာ။ ဒါပေမဲ့ ကြီးမြတ်တဲ့ ငါ့ဘုရင်မကပြောလိုက်တယ်။ အမှောင်ကြယ်ကိုမသတ်နဲ့၊ လူသားဘုံရဲ့ကံကြမ္မာမှာ ဝင်မရှုပ်နဲ့တဲ့လေ။
ဒါပေမဲ့ ဒီလိုဆိုတော့လည်းမဆိုးပါဘူး။ ငါ့ကိုဒဏ်ရာရစေနိုင်တဲ့ အဲဒီထူးဆန်းတဲ့ဓားနဲ့အတူ အားနည်းတဲ့အယ်ဒါအတုသုံးယောက်က ချောက်ထဲဆင်းသွားပြီ။ အပေါ်မှာကျန်ခဲ့တဲ့နှစ်ယောက်က သိပ်ပြီးအစွမ်းမထက်ဘူး။
သခင်မလေးကို အဲဒီကောင်က အချိန်တိုင်းကာကွယ်ပေးနိုင်မှာ မဟုတ်တဲ့အကြောင်းနဲ့ ကတိမတည်နိုင်ကြောင်းပြပြီးရင် လင်ဘိုဘုံကို ပြန်ခေါ်လို့ရလိမ့်မယ်။ ဆွဲထားမယ့်သူလည်း အနားမှာမရှိတော့ဘူးလေ။”
အဲဒီနောက်တော့ အီလက်ထရာရဲ့ဂါဝန်ထဲကနေမြွေတွေ ထောင်သောင်းချီပြီး စတင်ထွက်ပေါ်လာတယ်။ ဒီတစ်ခါတော့ သူကအစွမ်းကုန်ထုတ်တော့မှာပါ။
....
“မိစ္ဆာကိုးကွယ်သူတွေကိုသတ်....”
“တစ်ယောက်မှအရှင်မထားနဲ့.....”
“ကလေးတွေကိုပါအလွတ်မပေးနဲ့ကွ.... ကြီးလာရင် မိစ္ဆာကိုးကွယ်သူတွေ ဖြစ်လာလိမ့်မယ်။”
“ခုခံကြ... ငါတို့မြေနဲ့မိသားစုတွေကို ကာကွယ်ကြ.... “
“ငါတို့လည်း ငါတို့နတ်ဘုရားတွေကို ယုံကြည်လို့ ကိုးကွယ်တာပဲလေ။ မင်းတို့ဘုရားကိုမကိုးကွယ်တိုင်း မိစ္ဆာဖြစ်စရာလားကွ။”
ချောက်နက်အတွင်းမှာရှိနေတဲ့ ကျောက်လမ်းအလွှာတစ်ခုပေါ်မှာ နက်ဆန်ဆင်းသက်လိုက်တယ်။ သူကသူ့ခေါင်းကို ဆုပ်ကိုင်ထားရပြီး သူ့ခေါင်းထဲကိုဝင်လာတဲ့အတွေးများစွာကို ခုခံဖို့အတွက်ကြိုးစားနေရတယ်။
ချောက်နက်ကလည်း အောက်ရောက်လေ ကျဥ်းလာလေလေ ဖြစ်တဲ့အတွက်ကြောင့် ပျံဖို့စိတ်မချရတော့ဘူး။ တောင်နံရံတစ်ခုခုနဲ့ တိုက်မိသွားပြီး ဒဏ်ရာရသွားနိုင်တယ်။ အဲဒီထက်ပိုဆိုးတာက သူ့စိတ်ထဲ စိမ့်ဝင်နေတဲ့အတွေးတွေပါ။
“ဒါက ဘာတွေလဲ....” သူလဲကျသွားတော့မလိုပဲ။ ကံကောင်းတာက သူတစ်ယောက်တည်း ရှိနေတာမဟုတ်တာပါ။ မော်လီက သူ့အရိပ်ထဲက ထွက်လာပြီး နက်ဆန်ကို ဖေးမထားလိုက်တယ်။ အဲဒီနောက်တော့ ပဲ့တင်သံထပ်နေတဲ့အသံတွေနဲ့ ပတ်ဝန်းကျင်က မျောလွင့်နေတဲ့ တစ္ဆေသရဲတွေကိုကြည့်ရင်း ပြောလိုက်တယ်။
“တိုက်ပွဲနယ်မြေဟောင်းမှာ သေဆုံးသွားကြတဲ့စစ်သည်တွေပဲ။ သူတို့က သူတို့ယုံကြည်ရာတွေအတွက်တိုက်ပွဲဝင်ရင်း သေဆုံး သွားကြတဲ့အတွက်ကြောင့် အားလုံးက နှစ်ချို့အငြိုးကြီးသရဲတွေ ဖြစ်လာကြတာ။ နှစ်တွေကြာလာလို့ သူတို့တွေမှာ စစ်မှန်တဲ့အသိစိတ်မရှိတော့ပေမဲ့ သူတို့ချန်ခဲ့တဲ့ အငြိုးအတေးတွေက သခင့်ခေါင်းထဲကိုဝင်လာနေတာပဲ။”
မော်လီက အခြေအနေကို ချက်ချင်းသတိထားမိသွားခဲ့ပါပြီ။ သူက ချက်ချင်းပဲနာတာရှာကို ဆင့်ခေါ်လိုက်တယ်။ နာတာရှာအရိပ်ထဲက ထွက်လာပြီးတဲ့နောက် မော်လီက အခုလိုညွန်ကြားလိုက်လေရဲ့။
“သခင့်ကို ဒီအသေးအဖွဲတစ္ဆေတွေ မနှောင့်ယှက်အောင် နင်တစ်ခုခုလုပ်လို့ရမလား။”
နာတာရှာက ခေါင်းညိတ်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ပူးကပ်လိုက်တယ်။ တောင်ပံသုံးစုံပါ လေနတ်ဘုရားခန္ဓာက သူ့ကျောနောက်ကနေထွက်လာပြီးနောက် သုံးခုကွဲသွားတယ်။ သူတို့တွေက နတ်ဘုရားတေးသံကိုဟစ်ကြွေးရင်း လေပြင်းတွေကို ထုတ်လွှင့်ကာ တစ္ဆေတွေကို နက်ဆန့်အနားက မှုတ်ထုတ်လိုက်ပါတယ်။
“သခင်... ကျွန်မရှေ့ကနေ ဦးဆောင်ပြီးလျှောက်ပါ့မယ်။” နာတာရှာက တစ္ဆေမီးအိမ်ကို လက်လွှဲယူလိုက်ပြီး ရှေ့ကစလျှောက်တယ်။ နက်ဆန်ကတော့ ခေါင်းကိုက်နေဆဲ ဖြစ်တဲ့အတွက်ကြောင့် မော်လီက သူ့ကိုတွဲထားရပါသေးတယ်။
“ဘုရားကျောင်းကလူတွေက တစ္ဆေတွေကို သူတို့အလင်းရောင် သက်သက်နဲ့တင် တမလွန်ကိုပို့ပေးနိုင်တယ်ကြားတယ်။ ငါက ဒီနေရာမှာ တစ္ဆေအတွေးတွေကိုကြားနေရပြီး ဖိအားတွေကြောင့် စွမ်းအားအပြည့်ထုတ်နိုင်တော့မယ်မထင်ဘူး။
တကယ်လို့ အဲဒီဒိုင်းသူတော်စင်နဲ့သာတွေ့ရင် ငါတို့ဘက်က တစ်ပန်းရှုံးနေမလားပဲ။”
နက်ဆန်ဆီကနေ အားလျှော့ချင်တဲ့စကားထွက်လာတော့ မော်လီက သူဆက်မပြောအောင်လို့ နက်ဆန့် ပါးစပ်ကိုလက်ဝါးနဲ့ ကာလိုက်တယ်။
“သခင်... အဲဒီလိုတွေမတွေးရဘူးလေ... ဒီကိစ္စမှာ သခင်အောင်မြင်မှဖြစ်မယ်လို့ပဲ တွေးထားပါတယ်။ တကယ်လို့ အဲဒီမျက်နှာဖုံးကိုသာမသုံးနိုင်ရင် သခင်ဆယ်ဗီ့ကိုကယ်နိုင်မှာ မဟုတ်သလို မိုနီကာရဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ နောက်ပြီးတော့ သခင့်ညီမလေးကို ထပ်တွေ့ချင်သေးတယ် မဟုတ်လား။”
“ဟုတ်တယ်... ငါမပြောခဲ့သင့်ဘူး... တောင်းပန်ပါတယ်....” နက်ဆန်က ခေါင်းကိုငုံထားလိုက်ပေမဲ့ မော်လီကတော့ အပြစ်မမြင်ဘဲ ခေါင်းကိုပုတ်ပေးလိုက်တယ်။ မော်လီရဲ့အပြုအမူကြောင့် နက်ဆန်လည်း အံ့ဩသွားခဲ့တာပေါ့။
“သခင်ငယ်ငယ်က စိတ်မကောင်းဖြစ်တိုင်း ကျွန်မ ဒီလိုလုပ်နေကျပဲလေ။ ကျွန်မကတော့ ဒီစကားတွေကို သခင့်စိတ်ရင်းလို့မမြင်ပါဘူး။ သခင်က ဒီအထိတောင် ရောက်နေပြီပဲလေ။ ဒီနေရာရဲ့ထူးဆန်းတဲ့သက်ရောက်မှုကြောင့် ဖြစ်မှာပါ။”
အဲဒီနောက်တော့ သူတို့သုံးယောက်က ဆက်သွားတယ်။ မကြာခင်မှာပဲ ချောက်ရဲ့အောက်ခြေကိုရောက်ရှိလာခဲ့ပြီ။ ဒါပေမဲ့ သူတို့တွေပဲရှိနေတာမဟုတ်ဘဲ တခြားနှစ်ယောက်လည်း ရှိနေပြီးသား။
“ထင်တဲ့အတိုင်း မှန်နေခဲ့တာပဲ။” နက်ဆန်က မျက်မှောင်ကြုတ်လိုက်တယ်။ သူတို့ရှေ့မှာရှိနေတဲ့သူတွေက ရူဘီနဲ့လီချင်းချင်းတို့ပါ။
“ညအရှင်... ကျွန်မတို့က ရှင့်ကိုစောင့်နေတာ။” ရူဘီက ပြောလိုက်တယ်။
တစ်ချိန်တည်းမှာပဲ နာတာရှာတောင်မကာကွယ်နိုင်တဲ့ စိတ်စွမ်းအင်လှိုင်းကြီးနှစ်ခုက နက်ဆန်ရဲ့ခေါင်းထဲကို ထိုးဝင်လာခဲ့တယ်။
“နောက်ဆုံးတော့ လူစုံပြီပဲ။”
“မင်းတို့ရောက်လာတာကို ငါတို့စောင့်နေတာ။”
နက်ဆန်က စွမ်းအင်ရင်းမြစ်လာရာကိုကြည့်လိုက်တော့ မယုံနိုင်စရာမြင်ကွင်းတစ်ခုကို တွေ့လိုက်ရပြီ။ စုတ်ပြတ်နေတဲ့ ဘုန်းတော်ကြီးဝတ်စုံဝတ်ဆင်ထားတဲ့ ရွှေရောင်အရိုးစုကြီးနဲ့ အနက်ရောင်ချပ်ဝတ်တွေကိုဝတ်ဆင်ထားတဲ့ အနီရောင်အရိုးစုကြီး နှစ်ခုဆီကနေပါ။ သူတို့တွေရဲ့လက်ထဲမှာတော့ သိုးရေစာအုပ် တစ်အုပ်စီကိုကိုင်ထားကြတယ်။
“ငါတို့နှစ်ယောက်က ဒီနေရာမှာတစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်ရင်းနဲ့ အဖြေမပေါ်ဘဲသေခဲ့ရတယ်။”
“ငါတို့ရဲ့နောက်ဆုံးဆန္ဒက အဖြေပေါ်တဲ့အထိတိုက်ဖို့ပဲ။”
“ငါတို့ရဲ့မျိုးဆက်တွေဖြစ်တဲ့ မင်းတို့နှစ်ယောက်ကို ငါတို့ရဲ့အတတ်ပညာတွေသင်ပေးမယ်။ ပြီးရင် ငါတို့အစား မင်းတို့နှစ်ယောက်တစ်ယောက်ကိုတစ်ယောက် တိုက်ရမယ်။”
“မင်းတို့ထဲ ရန်သူကိုအနိုင်တိုက်နိုင်တဲ့သူပဲ ချောက်ကမ်းပါးထဲကနေ ထွက်ခွာခွင့်ရမယ်။”
ကြောက်စရာကောင်းတဲ့ အရိုးစုကြီးနှစ်ခုက သူ့စိတ်ထဲကို တိုက်ရိုက်ထိုးသွင်းလိုက်တဲ့စကားတွေကို ကြားပြီးတဲ့နောက် နက်ဆန်သွေးအန်ထုတ်လိုက်မိတယ်။ နာတာရှာနဲ့မော်လီကတော့ အရိုးစုကြီးတွေကို တုန်လှုပ်စွာနဲ့ကြည့်ရင်း ပြောလိုက်လေရဲ့။
“ဒီဘိုးဘေးနှစ်ယောက်လုံးက ရူးသွားပြီပဲ။ တိုက်ပွဲတစ်ပွဲ အဖြေပေါ်ဖို့အတွက်နဲ့ သူတို့ကိုယ်သူတို့ ဖုတ်ကောင်တွေအဖြစ် ပြောင်းပြီး နောက်မျိုးဆက်ကိုစောင့်နေကြတာလား။”