ကျုပ်သေမှပဲ ရမယ်.. "
Vol. 2 Ch. 11
ချောင်မူက ရဲရင့် ပြတ်သားစွာပြောလိုက်၏ ။ ကြီးကျယ်သော သေခြင်းကသာ အကဲဖြတ်ချက် ပိုမြင့်လာမည်ဖြစ်သည် ။ မြို့အရှင်၏ လက်ထဲတွင် သေရသည်က အကောင်းဆုံးပင် ။
သို့သော်လည်း လူထု၏ အမြင်တွင်မူ ချောင်မူက သေခြင်းတရားကို လျစ်လျူရှု၍ အမှန်တရားအတွက် အသက်စွန့်မည့် သူရဲကောင်းဖြစ်နေသည် ။
" သူနဲ့ မသိတဲ့ ဓားသမားဇနီးမောင်နှံအတွက် အသက်ကို ပဓာနမထားဘဲ ရင်ဆိုင်ရဲတယ်လား.. "
လူတိုင်း လေးစားမိသွားကြသည် ။
ထိုအခိုက် မြို့အရှင် ကုံးယန်က သက်ပြင်းချလိုက်ပြီး...
" ဟူး.. စကားနဲ့ပဲ ညှိနှိုင်းလို့ မရတော့ဘူးဘဲ .."
သူ သက်ပြင်းချလိုက်လျှင် ချောင်မူ၏ နောက်တွင် ပုံရိပ်တစ်ခု ပေါ်လာ၏ ။
" ဝှီး..."
ချောင်မူက လေတိုးသံ ကြားလိုက်လျှင် တုံ့ပြန်ရန် ပြင်လိုက်သော်လည်း သူ မခုခံနိုင်သည့် အင်အားတစ်ခုကို ခံစားလိုက်ရသည် ။
နောက်တွင် ပေါ်လာသည်က မီးခိုးရောင် ဝတ်စုံ ဝတ်စုံ ဝတ်ဆင်ထားသည် အဖိုးအို တစ်ယောက် ။ ထိုအဖိုးအိုက ချောင်မူ၏ လက်နှစ်ဖက်ကို ဖမ်းချုပ်လိုက်သဖြင့် သခင်လေးကုံး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည် ။
ချောင်မူသည် လူရှုပ်ချိန်တွင် သခင်လေးကုံးအား ဖမ်းဆီးရန် အခွင့်ကောင်းယူခဲ့သော်လည်း ယခု သူ ပြန်၍ ဝဋ်လည်ချေပြီ ။ သူ မြို့အရှင်နှင့် စကားပြောနေသည့် အခိုက်တွင် အလစ်ချောင်းတိုက်ခံလိုက်ရ၏ ။
ချောင်မူက ရုန်းကန်ရန် ကြိုးစားလိုက်သော်လည်း လုံးဝ လှုပ်မရ ။ ကီလို ငါးရာကျော်သန်မာသော သူ၏ လက်များက အဖိုးအို၏ လက်တွင် ကလေးတစ်ယောက်လို ဖြစ်နေပုံရသည် ။
' သန်မာလိုက်တာ.. သူက ဘယ်အဆင့်လဲ.. ငါလှုပ်လို့တောင် မရဘူး.. '
ချောင်မူသည် ထိတ်လန့်ခြင်းမရှိ ။ အနည်းငယ်ပင် ကြေနပ်သွားသည် ။ သူ့စိတ်ထဲသို့ အာရုံစိုက်လိုက်လျှင် သက်ရှည်သော့က လင်းလက်တောက်ပနေပေသည် ။
ချောင်မူနှင့် မြို့အရှင် ကုံးယန် ၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ဖြစ်ပေါ်လာသည် ။
' အားလုံး အဆုံးသတ်ချိန်ရောက်ပြီ.. '
လူအုပ်ကြီးလည် လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည် ။
စစ်သည်များက ပြေးလာပြီး သခင်လေးကုံးကို ထူလိုက်ကာ ဓားများ ဆွဲထုတ်၍ ချောင်မူကို ဝန်းရံထားကြသည် ။
မြို့အရှင် ကုံးယန် သက်ပြင်း ချလိုက်မိ၏ ။ စကားဖြင့် ဖြေရှင်းနိုင်လျှင် သူ၏ လူများကို လှုပ်ရှားခိုင်းမည် မဟုတ်ပေ ။ အမှားအယွင်း တစ်ခုခု ဖြစ်လာမည်ကို သူစိုးရိမ်မိလေသည် ။
ကုံးယန်က ကြည့်နေကြသော လူများ၏ မျက်နှာကို အကဲခတ်လိုက်ပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် ။
" ညီငယ်လေး ..မင်းနာမည် ဘယ်လို ခေါ်လဲကွ .."
ကုံးယန်က ချောင်မူကို ငုံ့ကြည့်၍ မေးလိုက်သည် ။
"ဟားဟားဟား... အရှင်ကုံး ဘာတွေ စိုးရိမ်နေတာလဲ.. "
ချောင်မူက သူသေရန် အချိန်ရောက်ပြီကို သိလိုက်၍ ကျယ်လောင်စွာ ရယ်လိုက်ပြီး အသံကျယ်ကျယ် ပြောလိုက်သည် ။
" ကျုပ်နာမည် ချောင်မူ.. မိသားစုမရှိ နောက်ခံမရှိတဲ့ တစ်ကောင်ကြွက်.. အရှင်ကုံး ကျုပ်ကို သတ်ဖို့ ဘာမှ စိုးရိမ်နေစရာ မလိုဘူး.. "
" မင်းက သတ္တိတော့ တယ်ကောင်းသကိုး.. "
ကုံးယန်က ရှေ့သို့ တိုး၍ ချောင်မူကို စေ့စေ့စပ်စပ် ကြည့်လိုက်ပြီး...
" သူ့ကို လွှတ်လိုက်.. "
စစ်သည်များက အနည်းငယ် အံ့သြသွားသော်လည်း အမိန့်ကို နာခံလိုက်ကြသည် ။
ကုံးယန်က...
" ချောင်မူ.. မင်းက ထူးထူးခြားခြား ရဲစွမ်းသတ္တိ နဲ့ ပြည့်စုံပြီး အမှန်တရားကို မြတ်နိုးတက်တဲ့ လူငယ်လေးပဲ.. မင်း စစ်တပ်ထဲ ဝင်ချင်ရင် အချိန်မရွေး ငါ့စံအိမ်ကို လာပြီး စာရင်း သွင်းလို့ရတယ် .."
ချောင်မူ... " ......"
ဤ ဇာတ်ညွှန်းတွင် တစ်ခုခု မှားနေသည်လော ။ သူ မည်သို့ တုံ့ပြန်ရမည်ကို မသိခင် သခင်လေးကုံး၏ အသံက ထွက်ပေါ်လာသည် ။
" အဖေ....."
" ဖြောင်း.. "
သခင်လေးကုံး စကားဆုံးအောင် မပြောလိုက်ရ ကုံးယန်က နောက်သို့ လှည့်၍ ပါးရိုက်လိုက်ပြီး ...
" ပါးစပ်ပိတ်ထား .. မင်း ပြသနာရှာတာ များပြီ.. သူ့ကို အိမ်ခေါ်သွားကြစမ်း.. "
ပြီးနောက် ကုံးယန်က မြင်းပေါ်သို့ တက်ကာ ထွက်မခွာမသွားမီ ချောင်မူကို ကြည့်၍ ...
" ချောင်မူ.. မင်း စစ်မှုထမ်းချင်ရင် အချိန်မရွေး ငါ့စံအိမ်ကို လာခဲ့နော်.. "
ထို့နောက် စစ်သည် များနှင့်အတူ လှည့်ထွက်သွားတော့သည် ။
ချောင်မူက တိတ်တဆိတ်သာ ကြည့်နေ၏ ။ မြို့အရှင်က သူ့အား စကားပြောနေစဥ် မျက်လုံးထောင့်မှ လူထုအား အကဲခတ်နေသည်ကို သူ သတိထားမိပေသည် ။
မြို့အရှင် ထွက်ခွာသွားသည်နှင့် ဆွေးနွေးနေသော အသံများက ကျယ်လောင်လာသည် ။
" မြို့အရှင်က သဘောထား ပြည့်ဝလိုက်တာ.. လူငယ်သူရဲကောင်းလေးကို တန်ဖိုးထားတာပဲ.. "
" ကျွတ်ကျွတ်.. အရှင့်သားက လူဆိုးပင်မယ့် မြို့အရှင်က စာနာတက်လို့ တော်သေးတာ.."
" သူရဲကောင်းလေး ချောင်မူလည်း ကံကောင်းတယ် ..မြို့အရှင်က သူ့ကို သဘောကြသွားပြီ.. သူသာ စစ်တပ်ထဲဝင်ရင် အရာရှိ တန်းဖြစ်လောက်တယ်.. "
လူအများက မြို့အရှင်၏ သဘောထားပြည့်ဝမှုကို ချီးမွမ်းကြပြီး ချောင်မူ၏ သူရဲကောင်းဆန်မှုကို ချီးကျူးကြ၏ ။ ချောင်မူက ယန်မြို့တွင် ကျော်ကြားသူတစ်ယောက် ဖြစ်လာခဲ့ချေပြီ ။
ချောင်မူသည် ဂရုမစိုက်ဟန်ဖြင့် မျက်ခုံးပင့်လိုက်သည် ။ သူက ဂုဏ်သိက္ခာကို ဂရုမစိုက် ။ သူဂရုစိုက်သည်မှာ သန်မာလာမည်ကိုသာ ဖြစ်သည် ။ ဤ ဖရိုဖရဲ ဖြစ်နေသော ခေတ်တွင် သန်မာသော လက်သီး ပိုင်ဆိုင်ထားမှသာ စကားများများ ပြောနိုင်ပေမည် ။
'ဒီလောက်ထိ အားထုတ်ရတာကိုတောင် ငါဘာလို့ အသက်ရှင် နေသေးတာလဲ.. ငါ နောက်ဆုံးစကားပြောဖို့ စဥ်းစားထား ပြီးပြီလေ.. '
ချောင်မူက ကောင်းကင်ပေါ်သို့ စိတ်ရှုပ်ထွေးစွာ ငေးကြည့်ရင်း စိတ်ပျက်လက်ပျက် တွေးလိုက်မိသည် ။
' ဒီလူယုတ်မာ သားအဖမှာ အကြံဆိုးတွေ ရှိရမယ်.. ငါ့ကို လူမြင်ကွင်းမှာ သတ်ချင်ပုံမရဘူး.. '
ချောင်မူက ဒေါသထွက် သွားသော်လည်း သူ့စိတ်ထဲရှိ သက်ရှည်သော့ကို အာရုံခံလိုက်လျှင် အံသြမိသွားသည် ။
သက်ရှည်သော့က လင်းလက်နေပြီး အန္တရာယ်မှ လွတ်ကင်းသွားသော်လည်း တောက်ပမှု လျော့ကျမသွားချေ ။
ချောင်မူ၏ အတွေ့အကြုံအရ သက်ရှည်သော့ လင်းလက်လေလေ သေဆုံးမှု အကဲဖြတ်ချက် မြင့်မားလေလေ ဖြစ်သည် ။ ယခု သက်ရှည်သော့က မီးသီး တစ်လုံးလို လင်းလက်နေ၍ သူနားလည်သွားသည် ။
' မြို့အရှင် ထွက်သွားပင်မယ့် သက်ရှည်သော့က လင်းနေတုန်း ဆိုတော့ အခုသေရင်တောင် အကဲဖြတ်ချက်က လျော့သွားမှာ မဟုတ်ဘူး.. '
ချောင်မူက ပတ်ဝန်းကျင်အား လှည့်ကြည့်လိုက်လျှင် လူတိုင်းက သူ့အား သဘောကျစွာ ပြုံး၍ ကြည့်နေသည်ကို မြင်လိုက်ရ၏ ။ အစိမ်းဝတ် ဓားသမားက သူ့အား ဦးညွှတ်ကာ အရိုအသေ ပြုလိုက်ပြီး ကျေးဇူးတင်ကြောင်း ပြောလိုက်သည် ။
ချောင်မူ သဘောပေါက်သွားသည် ။ ယခု သေဆုံးလျှင် အမှန်တရားအတွက် အသက်စွန့်ရဲသော လူငယ်သူရဲကောင်းလေး ဖြစ်လာမည်ဖြစ်ပြီး သက်ရှည်သော့ကို အသုံးပြုရမည့် မှန်ကန်သည့် နည်းလမ်းဖြစ်ပေသည် ။ သို့သော်လည်း မသေလျှင်ပင် ကိစ္စမရှိချေ ။
သူ၏ ဂုဏ်သတင်း ဆက်လက် မြင့်တက်နေပါလျှင် သေဆုံးမှု အကဲဖြတ်ချက်က မသေမချင်း ဆက်လက် တိုးတက်နေမည်ဖြစ်သည် ။
ဤသည်က လောင်းကစားပွဲ တစ်ခုနှင့်တူ၏ ။ သူ့အသက်ကို လောင်းကြေးတင်လိုက်ပြီး နိုင်လျှင် အသက်ရှင်မည် ။ ရှုံးလျှင် သေရမည် ။ လောင်းကြေးအနိုင်ရနေပါက အနိုင်ရသည့် ပမဏ ပိုများလာမည်ဖြစ်ပြီး ရှုံးနိမ့်သည့်အခါ သေဆုံးချိန်တွင် အနိုင်ရသည့် လောင်းကြေးများအား ထုတ်ပေးမည်ဖြစ်သည် ။ သူအနိင်ရမည်ဖြစ်စေ ရှုံးနိမ့်မည်ဖြစ်စေ သူရမည့် လောင်းကြေးပမာဏက လျော့သွားမည်မဟုတ် ။