လမ်းကြားအတွင်းရှိ အိမ်ငယ်လေးအတွင်း...
Vol. 2 Ch. 13
ချောင်မူသည် ချောင်စန်းရွှယ်ပေးသော စာအုပ်လေးကိုကိုင်ပြီး ခေါင်းစဥ်ကို ဖတ်လိုက်သည် ။
" ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းသိုင်း တဲ့လား .."
" ဟုတ်တယ်.. ဒါ ငါတို့ချောင်မိသားစုရဲ့ လျို့ဝှက်သိုင်းကျမ်း တစ်ခုပဲ .. အသေခံ သိုင်းဆိုလည်း မမှားဘူး.. "
ချောင်စန်းရွှယ်က ရှင်းပြသည် ။
" ဒီလျို့ဝှက်သိုင်းက အတော်လေး ဆန်းကြယ်တယ်.. ကိုယ့်ကိုကိုယ် ထိခိုက်အောင် လုပ်ပြီး ခန္ဓာကိုယ်ထဲက ပုန်းကွယ်နေတဲ့ အလားအလာကို လှုံ့ဆော်ပြီး အတွင်းအားကို ချက်ချင်း နှစ်ဆအထက် ပိုတိုးအောင် လုပ်လို့ရတယ်.. "
" ဒီသိုင်းကို ကျင့်ချင်ရင် အတွင်းအား ရှိမှရမယ်.. နင် မြို့စောင့်တပ်ထဲ ဝင်မယ်ဆိုလို့ ဒါကို သင်ပေးတာ.. နင်သွားမှာက အန္တရာယ်တောထဲကိုလေ.. "
" အိုး.. ငါ့မှာ ပါရမီ ရှိလို့ အတွင်းအား ရတော့မယ်လို့ နင်ထင်နေတာလား.. ဒါကြောင့် ငါ့ကို သင်ပေးတာလား.. "
ချောင်မူက စိတ်လှုပ်ရှားစွာ ပြောလိုက်သည် ။
ချောင်စွန်းရွှယ် ခဏ တိတ်ဆိတ်သွားပြီး...
" ပါရမီကြောင့် မဟုတ်ဘူး.. "
သူမ မြို့အတွင်း ဖြစ်ပျက်ခဲ့သည်များကို အမှတ်ရလိုက်၏ ။
" ချောင်မူရေ.. နင်ရဲ့ အကျင့်စရိုက်က ရှေးခေတ်က ရဲရင့်တယ့် သူရဲကောင်းလိုပဲ.. အဲ့တာကြောင့် သိုင်းပညာတိုးတက်နှုန်းက သာမန်လူတွေထက် ပိုမြန်တယ်.. "
ချောင်စန်းရွှယ်က သူမ၏ အတွေးတဝက်ကို ထုတ်ပြောလိုက်သည် ။ ထိုသူရဲကောင်း ဆိုသူများသည် အသေအမြန်ဆုံး ဖြစ်ကြောင်းကိုမူ ထုတ်မပြောလိုက်ချေ ။
သူမ သက်ပြင်းချလိုက်ပြီး...
" သူရဲကောင်းဆိုတာက တကယ်တော့ သမိုင်းထဲမှာ ကျန်ခဲ့ပါပြီ.. သဘာဝလွန်သတ္တဝါတွေနဲ့ တိုက်ပွဲမှာ ရှုံးခဲ့တဲ့ နှစ်ကစပြီး ယန်နန်းတော်ရဲ့ ကံကြမ္မာက ကျဆင်းလာခဲ့ပြီ.. သူရဲကောင်း စစ်သည်တွေလည်း မရှိတော့ဘူးလေ.. ဒီနေ့ခေတ် သိုင်းလောက ကတော့ ရတနာနဲ့ သိုင်းကြမ်းတွေ အတွက် တစ်ယောက်နဲ့ တစ်ယောက် သတ်ဖို့ပဲ သိတော့တယ် သူရဲကောင်းတွေက အတိတ်မှာ ကျန်ခဲ့ပြီ.. "
" အဲ့တာကြောင့် သိပ်မကြာခင် နင်အတွင်းအား ရရင်တောင် ငါမအံ့သြဘူး.. ပြီးတော့ ဒီသိုင်းက ကိုယ့်ကိုကိုယ် ဖျက်ဆီးတဲ့ သိုင်းဖြစ်လို့ မကြာခဏ သုံးလို့မရဘူး.. အသက်လည်း သေနိုင်သလို နင့်ရဲ့ သွေးကြောတွေကိုလည်း ဒဏ်ရာ ရစေနိုင်တယ်.. "
ချောင်မူ ထိုစကားကို ကြားလျှင် အလွန်ပျော်ရွှင်သွားသည် ။ ဤသိုင်းက သူ့အတွက် ဖန်တီး ပေးထားခြင်းပင် ။
ထိုအခိုက် ချောင်စန်းရွှယ် မျက်မှောင်ကြုံ့လိုက်မိ၏ ။ သူမ ချောင်မူ ပျော်ရွှင်နေသည်ကို ခံစားမိလိုက်သည် ။ သူမ ဤသည်ကို မျှော်လင့် မထားမိပေ ။
" ချောင်မူ.... ငါ ဒါကို သင်ပေးတာက အကျပ်အတည်းကြုံရရင် အသက်ရှင် နိုင်အောင်နော်.. နင့်ကို သေဖို့ သင်ပေးတာ မဟုတ်ဘူး.. နင် အသက်အရှည်ကြီး နေထိုင်နိုင်ဖို့ ငါမျှော်လင့်တယ် .."
မျက်လုံးမှိတ်ထားသော ချောင်စွန်းရွယ်က တည်ငြိမ်စွာ ပြောလိုက်၏ ။ သူမသည် ချောင်မိသားစု အစုလိုက် အပြုံလိုက် အသတ်ခံရမှုမှ တစ်ဦးတည်း အသက်ရှင် ကျန်ရစ်သူ ဖြစ်သဖြင့် ရှင်သန်ခြင်း၏ တန်ဖိုးကို သာမန်လူများထက် နားလည်ပေသည် ။ သူမ၏ အမြင်တွင် အသက်ထက် ပို၍ အဖိုးထိုက်သော သိုင်းပညာရပ် မရှိချေ ။
" ငါနားလည် ပါတယ်.. "
ချောင်မူက ခေါင်းညိတ်လိုက်ပြီး စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည် ။ သူ ရုတ်တရက် တွေးမိသွားပြီး...
" နင် ယန်မြို့က ထွက်သွားရင် ကောင်းမယ်နော်.. ခု မြို့စားနဲ့ ပြသနာတက်နေတာဆိုတော့ နင်ဒီမြို့မှာ ဆက်နေရင် ပြသနာထဲ ပါလာလိမ့်မယ်.. "
ချောင်စန်းရွှယ်၏ နှလုံးသား ရုတ်တရက် တုန်ခါသွားသည် ။ ချောင်မူသည် မသက်ဆိုင်သူ တစ်ဦဖြစ်သော်လည်း အသက်စွန့်ရန် အသင့်ဖြစ်နေပြီး သူမ ထိခိုက်မည်ကို စိုးရိမ်ပေးနေသည် ။
" ဟမ့်.. ဒီကိစ္စကို ထပ်မပြောနဲ့.. နင်တောင် သေရဲသေးတာ ငါက ထွက်ပြေးရမှာလား.. "
ချောင်မူက ထပ်မံ ဖြောင့်ဖြလိုက်သော်လည်း ချောင်းစန်းရွှယ် ခေါင်းမာနေသည်ကို မြင်လျှင် ထပ်မပြောတော့ချေ ။ ဤကိစ္စအား နောက်မှ ဆွေးနွေးရပေတော့မည် ။
ထို့နောက်သူက သိုင်းကြမ်းကို အာရုံံစိုက်၍ အစအဆုံး ဖတ်လိုက်လျှင် သူ့စိတ်အတွင်းရှိ သက်ရှည်သော့၏ ဘေးတွင် စာလုံး အသစ်များ ပေါ်လာသည် ။
သိုင်းကျွမ်းကျင်မှု အကွက်ရှိ သက်ရှည်လက်သီး၏ အောက်တွင် ကောင်းကင်နတ်ဆိုး ပြိုကွဲခြင်း သိုင်း ဟူ၍ ပေါ်လာသည် ။ သို့သော်လည်း စာလုံးများမှာ မီးခိုရောင်ဖြစ်နေပြီး အတွင်းအား မရှိ၍ အသုံးမပြုနိုင်ပေ ။
ထို့နောက် ကျန်ရှိသည့် နေ့တဝက်ကို အတွင်းအား လေ့ကျင့်လိုက်သော်လည်း တနေ့တာ ကုန်ဆုံးချိန်အထိ အတွင်းအားကို မခံစားမိသေးပေ ။
နောက်တနေ့ မနက်စောစော...
အာရုံဦး အလင်းရောင် ထွက်ပေါ်လာချိန်တွင် ချောင်မူ သည် ထွက်ခွာရန် ပြင်ဆင်လိုက်၏ ။ သူ ခြံမှ ထွက်လိုက်လျှင် နောက်မှ ထွက်ပေါ်လာသော လမ်းလျောက်တုတ်သံကို ကြားလိုက်ရသည် ။
" မြို့အရှင်စံအိမ်ကို သွားတော့မှာလား.. "
ချောင်းစန်းရွှယ်က မေးလိုက်သည် ။
" ဟုတ်တယ်.. "
ချောင်မူက ခေါင်းညိတ်လိုက်သည် ။
ချောင်စန်းရွှယ် စကားဆက်မပြောဘဲ ချောင်မူ ထွက်သွားသည့် ခြေသံကိုသာ တိတ်တဆိတ်ရပ်ရင်း နားထောင်နေလေသည် ။
မနက်ခင်း အလင်းရောင် စတင်ထွက်ပေါ်လာချိန် ဖြစ်သဖြင့် လမ်းကြား အုတ်နံရံများရှိ ရေညှိ ပင်များတွင် ရေစက်လေးများ တွဲလဲ ခိုနေပြီး လမ်းကြားတစ်ခုလုံး စိုစွတ်သော အနံဖြင့် ဖုံးလွှမ်းထားသည် ။
သူမ ချောင်မူ၏ တဖြေးဖြေး ဝေးကွာသွားသော ခြေသံကို နားစွင့်နေပြီး ရံဖန်ရံခါ လှုပ်ခတ်သွားသော ရေညှိပင်များမှ ကျဆင်းလာသော ရေစက်သံများကို ကြားနေရသည် ။
ထို့နောက် ခြေသံက တဖြေးဖြေး ပျောက်ကွယ်သွားပြီး လမ်းကြားလေးထဲတွင် တိတ်ဆိတ်မှုက ကြီးစိုးသွားသည် ။
ချောင်စန်းရွှယ်သည် အချိန်အတန်ကြာအောင် ရပ်နေပြီးမှ တုတ်ကို ထောက်ပြီး အိမ်ထဲသို့ ပြန်လှည့်ဝင်သွားသည် ။
ချောင်မူသည် ခြေလှမ်းတစ်လှမ်းချင်းစီ လျှောက်လာပြီး လမ်းကြားထဲမှ ထွက်လိုက်လျှင် လမ်းမပေါ်ရှိ ဆူညံသံများက သူ၏ နားအတွင်းသို့ လှိုင်းလုံးသဖွယ် ရိုက်ခတ်လာသည် ။
" သူရဲကောင်းချောင်.. မင်းတကယ်ပဲ စစ်တပ်ထဲ ဝင်တော့မလို့လား.. "
လမ်းမပေါ်ရှိ ပန်ကိတ်ရောင်းသော အဖိုးကြီးက ပြုံး၍ မေးလိုက်သည် ။
မနေ့က ဖြစ်ပျက်ခဲ့သော ကိစ္စရပ်က မြို့တဝက်လောက် ပြန့်နှံ့ သွားသဖြင့် ချောင်မူအား ယန်မြို့ရှိ ကလေးရော ခွေးပါ သိသည်ဆိုပါက လွန်လိမ့်မည် မဟုတ်ချေ ။
" လူငယ် သူရဲကောင်းချောင်သာ စစ်တပ်ထဲ ဝင်လို့ကတော့ သိပ်မကြာခင် နာမည်ကြီးလာတော့မှာပဲ.. "
' နာမည်ကြီးလာမှာလား..'
ချောင်မူ ခေါင်းခါလိုက်မိသည် ။ ထို့နောက် ထိုနှုတ်ဆက်သည့် အဖိုးအိုကို ခေါင်းညိတ်ပြလိုက်ပြီး လမ်းဆက်လျောက် သွားသည် ။
တခြားသူများက ချောင်မူကို အားကျနေကြပြီး မြို့အရှင်၏ ကောက်ကျစ်မှုကို မသိကြချေ ။ ချောင်မူသာ စစ်တပ်ထဲ ရောက်ပါက အသက်ရှင်ရန် အခွင့်အလမ်း မရှိသလောက်ပင် ။ သို့သော်လည်း ချောင်မူသည် အသက်ရှင်ရန် အခွင့်အလမ်း ရှိလျှင်ပင် သေလမ်းရှာမည့်သူသာ ဖြစ်သည် ။
ချောင်မူ မြို့အတွင်းသို့ ရောက်လာလျှင် လမ်းတစ်လျောက်ရှိ သူ မသိသည့် လူစိမ်းများစွာက နှုတ်ဆက်ခဲ့ကြပြီး ကလေးများက သူ့နောက်မှ တစီတတန်းကြီး လိုက်ပါလာကြသည် ။
မြို့အရှင် စံအိမ်နား ရောက်မှသာ ကလေးများက လှည့်ပြန်သွားကြသည် ။ သခင်လေးကုံး၏ ဆိုးသွမ်းမှုကို တမြို့လုံးက သိကြ၍ ကလေးများသည် မြို့အရှင်၏ စံအိမ်နားသို့ မကပ်ရဲကြချေ ။
မြို့အရှင်၏ စံအိမ်က အလွန်ခမ်းနား ထည်ဝါပြီး စံအိမ်တော် တံခါးရှေ့တွင် ကြီးမား သော ကျောက်ခြေင်္သ့ ရုပ်ကြီး နှစ်ရုပ်ကို ထွင်းထုထားသည် ။
တံခါးစောင့်များ၏ မျက်နှာက ချောင်မူလမ်းလျောက်လာသည်ကို မြင်လျှင် ဝင်းပ သွားကြသည် ။
" ဟေ့.. မင်းက ချောင်မူလား.. မင်းတကယ်လာတယ်လား.. "
အစောင့်တစ်ယောက်က အိမ်ထဲပြေးဝင်သွားပြီး မကြာမီပင် မီးခိုးရောင်ဝတ် အဘိုးကြီး ထွက်လာသည် ။
' ချောင်မူ.. သတ္တိတော့ကောင်းသား..'
အဘိုးကြီး၏ နှုတ်ခမ်းထောင့်နှစ်ဖက်က သရော်လိုမှုကို ချုပ်တည်းထားရသဖြင့် တွန့်ကွေးသွားသည် ။
" မြို့ထဲက တပ်စခန်းကို သွားမယ်.. ငါ့နောက်လိုက်ခဲ့.. "
မီးခိုးရောင်ဝတ် အဘိုးကြီးနှင့် ချောင်မူတို့ တပ်စခန်းသို့ ရောက်လျှင် စစ်သားများက ဝိုင်းအုံလာကြသည် ။
ထိုစစ်သားများထဲတွင် မနေ့က မြို့အရှင်၏ နောက်သို့ လိုက်ခဲ့သူများ ပါသဖြင့် ချောင်မူအား မှတ်မိကြပေသည် ။ ချောင်မူသည် ယန်မြို့၏ ချောင်လေး ဟူ၍ပင် မြို့ထဲတွင် နာမည်ပြောင် ရထားလေသည် ။
" ချောင်မူ.. မင်းရဲ့ ရဲစွမ်းသတ္တိနဲ့ဆိုရင် ငါတို့ မြို့စောင့်တပ်မှာ တပ်မှူးအဖြစ် တာဝန် ထမ်းဆောင်နိုင်တယ်.. ဒီရာထူးက အဆင့် ၉ သိုင်းသမားတွေကိုပဲ ပေးတယ် ဆိုတာ မင်းသိထားရမယ်.. "
" မင်းရဲ့ သိုင်းပညာကို မြန်မြန်တိုးတက်အောင် ပိုပြီး ကြိုးစားအားထုတ်ပါ.. အရှင်က မင်းကို အရမ်းတန်ဖိုးထားတယ်.. "
မီးခိုးရောင်ဝတ် အဘိုးကြီးက ချောင်မူ၏ ပုခုံးကို ပုတ်၍ လှည့်ထွက်သွားတော့သည် ။
တပ်စခန်းထဲတွင် ဝိုင်းအုံ ကြည့်နေသော တပ်သားများကြားထဲတွင် ချောင်မူတစ်ယောက်တည်း ကျန်နေခဲ့တော့၏ ။