← Chapters

အခန်း (၁၈)

Vol. 2 Ch. 18

အခန်း (၁၈)

Vol. 2 Ch. 18

~

ချောင်မူသည် ပေါင်ငါးရာ ခွန်အားကို ပိုင်ဆိုင်ထားသော်လည်း ဒဏ်ရာများကြောင့် ပင်ပန်းနွမ်းနယ် လာခဲ့သည် ။

သူ၏ လှံသိုင်းမှာ သိပ်မကောင်းသော်လည်း ရန်သူများမှာ နေရာတိုင်းတွင်ရှိ၍ လှံတစ်ချက် ဝှေ့ယမ်းလိုက်တိုင်း အသက်တစ်ချောင်း နုတ်ယူနိုင်ခဲ့၏ ။ ထို့အတူ သူလည်း ရှောင်စရာ နေရာ မရှိသဖြင့် ဒဏ်ရာများ ပိုတိုးလာခဲ့သည် ။

သူ့ခန္ဓာကိုယ်မှ ထွက်သော သွေးများ မြေပြင်ပေါ်တွင် အိုင်ထွန်း နေသော်လည်း ခြေတစ်လှမ်းမှ မဆုတ် ။ သို့သော်လည်း သူ့လှုပ်ရှားမှုများမှာ ပိုမို နှေးကွေး လေးလံလာလေသည် ။

တခဏ အတွင်း ဓားပြများ သူ့ကို ဝန်းရံသွားပြီး စစ်သည်များ၏ မြင်ကွင်းမှ ပျောက်ကွယ်သွားသည် ။

" ဒါ..ဒါ.....သူဘာလို့ .."

အဘိုးကြီးဟွမ်နှင့် စစ်သည်များ ဤမြင်ကွင်းကို ကြည့်ရင်း ရင်ထဲ ဆို့နင့်သွား၏ ။ ချောင်မူသည် အဘယ့်ကြောင့် တစ်ယောက်ထဲ အသေခံ သွားသည်ကို သူတို့ မသိ ။ ရင်ထဲ တဆစ်ဆစ်နာကျင် သွားသည် ။

ထိုအခိုက်... အေးစက်စက် အလင်းရောင်တစ်ခုက ကြယ်ရောင်ကဲ့သို့ တလက်လက် တောက်ပလာပြီး စူးရှသော အသံထွက်ပေါ်လာသည် ။

" ဝုန်း..."

ချောင်မူအား ဝန်းရံထားသည် ဓားပြများ အဝေးသို့ လွင့်ပျံ သွားကြသည် ။ ချောင်မူ၏ ဘေးတွင် နေရာလပ်တစ်ခု ပေါ်လာ၏ ။

ချောင်မူ ကိုင်ထားသော လှံရှည် သည် အေးစက်စက် အငွေ့အသက်များ ထွက်ပေါ်နေပြီး ငွေရောင်အလင်းတန်းများ တောက်ပနေသည် ။

" အရေးကြီးတယ့်အချိန်မှာ တပ်မှူး အတွင်းအား ရသွားတာလား.. "

တပ်သားများ နှလုံးသားအတွင်းမှပင် ဝမ်းမြောက်မှုကို ခံစားမိလိုက်ကြသည် ။

သိုင်းပညာရှင် တစ်ဦးသည် အတွင်းအား ပိုင်ဆိုင်သည်နှင့် ထိုအတွင်းအားကို အသုံးပြုလိုက်လျှင် တောက်ပသော အလင်းများ ထွက်ပေါ်လာမည်ဖြစ်သည် ။

ဘုန်းကြီးတပ်သား တစ်ဦးသာ ပျော်ရွှင်မှု မရှိဘဲ သက်ပြင်းတိုးတိုးလေး ချလိုက်မိ၏ ။

သိုင်းပညာရှင်များသည် ဓားသွားပေါ်တွင် ကခုန်ပြီး သေခြင်း ရှင်ခြင်း၏ အစွန်းနှစ်ဖက် ကြားတွင် ၎င်းတို့၏ အကန့်အသတ်များကို ချိုးဖျက်နိုင်ကြသည် ။ ဤအခြေအနေအား ဓားသွေးကျောက်အဖြစ် အသုံးပြု၍ ကိုယ့်ကိုကိုယ် ထက်ရှအောင် သွေးကြ၏ ။ သို့သော်လည်း ဤသို့ ပြုလုပ်ခြင်းမှာ အန္တရာယ် များလှသည် ။

ဓားပြ တစ်ထောင်ကျော်၏ ဝန်းရံ ခြင်းကို ခံရလျှင် အဆင့် ၉ အသစ်စက်စက် သိုင်းပညာရှင် မဆိုထားနှင့် အဆင့် ၈ သိုင်းပညာရှင် ဖြစ်သူ တပ်မှူးကြီး ချူး ကိုယ်တိုင်ပင် ရှင်သန်နိုင်မည် မဟုတ်ချေ ။

' မင်းက အတွင်းအားတောင် ရသွားသေးတယ်လား.. '

အနောက်ဘက် တောင်ကုန်းပေါ်မှနေ၍ အခြေအနေအား စောင့်ကြည့်နေသော တပ်မှူးကြီးချူး မျက်မှောင်ကြုံ့ လိုက်မိသော်လည်း ချက်ချင်း ပြန်ပြေသွားသည် ။

အဆင့် ၉ သိုင်းပညာရှင် တစ်ယောက် သည် အတွင်းအား အသုံးပြုလျှင် သာမန်စစ်သားများအား အထိအခိုက်မရှိ ရင်ဆိုင်နိုင်သော်လည်း အတွင်းအား ကုန်ဆုံးလျှင် သေရမည်ပင် ။

တပ်မှူးကြီး ချူးသည် အဆင့်၉ သိုင်းပညာရှင်မှ အဆင့် ၈ သိုင်းပညာရှင် အဆင့်သို့ တက်လှမ်းနိုင်ရန် ဆယ်နှစ်ကျော်ကြာအောင် ခက်ခဲပင်ပန်းစွာ လေ့ကျင့်ခဲ့ရသည် ။ အဆင့် ၈ သိုင်းပညာရှင်၏ အတွင်းအားမှာ အဆင့် ၉ သိုင်းပညာရှင်ထက် များစွာ နက်ရှိုင်း၏ ။ သို့သော်လည်း ရန်သူ တစ်ထောင်၏ ကြားထဲသို့ ရောက်နေလျှင် သူကိုယ်တိုင်ပင် အသက်ရှင်နိုင်မည် မဟုတ် ။ ချောင်မူ ဆိုသည့် အဆင့်၉ သိုင်းပညာရှင် လေးမှာ မုချ သေဆုံးပေလိမ့်မည် ။

ထိုသည်များကို စဥ်းစားရင် တပ်မှူးကြီးချူးသည် ကံကောင်းသည်ဟု ခံစားမိလိုက်လေသည် ။

' အသက် ၂၀ မှာ အတွင်းအား ရသွားတယ်ဆိုတော့ ဒီကလေးရဲ့ ပါရမီနဲ့ ဇွဲ လုံ့လက အထင်ကြီးစရာပဲ.. '

' ငါသူ့ကို အရင်က လျော့တွက်မိတယ်.. အခုလို စောစောစီးစီး ဖယ်ရှားနိုင်လိုက်တာ ကံကောင်းတာပဲ.. ဒီအကြောင်းကို မြို့စားဆီ သတင်းပို့လိုက်ရင် ငါ့အတွက် ဂုဏ်ပြုစရာ တစ်ခု တိုးလာနိုင်တယ်.. '

တပ်မှူးကြီး ချူး ထိုသည်ကို စဥ်းစားရင် နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးမိသွားသည် ။ ချောင်မူ သေဆုံးမည့် အချိန်ကို သူဆက်လက် စောင့်ကြည့်နေလိုက်သည် ။

' သူ အခုမှ အတွင်းအား ရသွားတာ ဆိုတော့ ခနတောင် ခံပါ့မလား.. '

သူ တွေးနေစဥ် နောက်ထပ် အလင်းတန်း တစ်ခု ထပ်မံ ထွက်ပေါ်လာသည်ကို မြင်လိုက်ရ၏ ။

ချောင်မူကိုင်ထားသော လှံရှည်၏ထိပ်တွင် တောက်ပနေသော ငွေရောင်အလင်းမှာ သွေးနီရောင်များ ရောယှက်လာပြီး ပိုမို ကျယ်ပြန့်လာသည် ။

ချောင်မူသည် သူသင်ထားသည့် အခြေခံ စစ်တပ်သုံး လှံသိုင်းကို အတွင်းအား အသုံးပြု၍ ဝှေ့ယမ်းနေသည် ။ လှံသိုင်းမှာ ရိုးရှင်းသော်လည်း အတွင်းအား အသုံးပြုထားသည့် အတွက် လေပြင်းများ ဖြစ်ပေါ်လာပြီး ဘေးပတ်ဝန်းကျင်ရှိ ဓားပြများကို လွင့်စင်သွားစေသည် ။

ရန်သူ တစ်ထောင်ကျော်၏ အတွင်းတွင် တောက်ပနေသော ကြယ်ပွင့်လေး တစ်ပွင့်နှင့်ပင် တူနေသေးသည် ။

' တစ်ခုခု မှားနေပြီ..သူအခုမှ အတွင်းအား ရတာကို ဘာလို့ ဒီလောက် အစွမ်းထက်နေရတာလဲ.. '

တပ်မှူးကြီးချူး အံ့သြသွား၍ မျက်လုံး ပြူးသွားသည် ။

' အင်း ..မဟုတ်သေးဘူး.. ဒါ အတွင်းအား ပေါက်ကွဲထွက်စေတယ့် လျို့ဝှက်နည်း ဖြစ်ရမယ်.. '

" ငါတို့ တပ်မှူးက အစွမ်းထွက်လှချည်လား.. "

အဘိုးကြီးဟွမ်တို့ တသိုက် မျက်လုံး ပြူးကျယ်နေပြီး နှလုံးသားများ တဆတ်ဆတ် တုန်ရီနေကြသည် ။ သူတို့အားလုံး စိတ်လှုပ်ရှား ကုန်၏ ။

" ဒီလောက် အစွမ်းထက်တာ သူ သေချာပေါက် အသက်ရှင်နိုင်မယ် မှတ်လား.. "

" ငါလဲ အဲ့လိုပဲ ထင်တယ်.. ကြည့်အုံး သူ ဓားပြတွေကို သတ်နေတာ ခွေးသတ်နေသလိုပဲ.. "

လူတိုင်း တအံ့တသြသာ ကြည့်နေကြသည် ။

ဘုန်းကြီးတပ်သား တစ်ဦးသာ ခါးသီးသော အပြုံးဖြင့် ကြည့်နေမိသည် ။

' ဒါ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်း စွမ်းရည် နဲ့ တူတာပဲ.. '

ထိုသိုင်းသည် အလွန်ကျော်ကြားသဖြင့် သူ ချက်ချင်း သတိထားမိသွားသည် ။

' တပ်မှူးက ဘာလို့ ဒီသိုင်းကို သုံးလိုက်ရတာလဲ.. အတွင်းအား ရပြီဆိုတော့ အသက်ရှင်နိုင်မယ့် လမ်းစ ရှိနေပြီလေ.. သူဘာလို့ အသေခံမယ့် လမ်းကို ရွေးလိုက်ရတာလဲ.. '

ဘုန်းကြီးတပ်သားသည် နားမလည်နိုင်သဖြင့် ဆွံအမိသွားသည် ။

စစ်သည် တစ်ထောင်ကျော်၏ အကြည့်အောက်တွင် ချောင်မူသည် လှံရှည်ကို ဝှေ့ယမ်းကာ ဓားပြများ၏ အလယ်တွင် ရွေ့လျား တိုက်ခိုက်နေပြီး သူသွားရာ လမ်းတစ်လျောက် အလောင်းများ ပုံနေ၏ ။

အသက်ငါးခါ ရှူချိန်တွင် လှံရှည်၏ အလင်းရောင် အနည်းငယ် မှိန်ဖျော့လာသည် ။

အသက် ဆယ်ခါ ရှူချိန်တွင် လှံရှည်၏ အလင်းရောင် လုံးဝ ပျောက်ကွယ်သွား၏ ။

ချောင်မူ အတွင်းအား ကုန်သည်အထိ အသုံးပြု ပြီးလေပြီ ။ အတွင်းအား ကုန်စင်သွားသည်နှင့် သူ၏ ချွေးပေါက်များမှ သွေးများ စီးကျလာပြီး တစ်ကိုယ်လုံး ရဲရဲနီနေသည် ။

အသက် ဆယ့်ငါးခါ ရှူချိန်တွင် ချောင်မူ၏ ရုပ်ပိုင်းဆိုင်ရာခွန်အား ကုန်ဆုံးလုနီးပါး ဖြစ်လာပြီး လက်များ တုန်ရီနေသည် ။

အသက် ၂၀ ရှူချိန်တွင် ချောင်မူသည် ပြင်းထန်သည့် ဒဏ်ရာများနှင့် ပင်ပန်းနွမ်းနယ်မှုကြောင့် အသက်ရှူရပ်သွားသည် ။

သူ လဲမကျ ။ စစ်မြေပြင် အလယ်တွင် လှံရှည်ကို မှီ၍ မတ်တပ်ရပ်လျက် သေဆုံးသွားခဲ့သည် ။

ဓားပြများသည် ချောင်မူနှင့် ပေနှစ်ဆယ် အကွာ အထိ ဆုတ်ခွါ သွားကြပြီး မည်သူမှ အနားသို့ မကပ်ရဲတော့ချေ ။

" သူ သေသွားတာလား.."

စကားပြောလိုက်သည့် ဓားပြ၏ ဓားကိုင်ထားသော လက်မှာ တဆတ်ဆတ်တုန်ရီ နေသည် ။

" စမ်းကြည့် ကြည့်လေ.. "

" သောက်ရူးလား.. မင်းသွားပြီးစမ်းလေ .."

" သူ သေသွားတာ သေချာပါတယ်ဆို .. ငါပြောတာ မယုံရင် အနားသွားကြည့်.. "

ဓားပြများ အချင်းချင်း ဆွေးနွေး ပြီးနောက် ဆုံးဖြတ်ချက် ချလိုက်ကြသည် ။

ဘေးမှသာ ပတ်သွားရမည် ။ ထိုလူသား၏ ရုပ်ကြွင်းတွင်ပင် သူတို့ ရင်မဆိုင်ရဲသည့် ရောင်ဝါ ထွက်နေဆဲ ။

ဓားပြများသည် ရေလှိုင်းကဲ့သို့ နှစ်ဖက် ခွဲသွားကြပြီး အလယ်တွင် လှံရှည်ကိုင်ပြီး ရပ်နေသည့် ငယ်ရွယ်သော ခန္ဓာကိုယ်ကို ရှောင်ရှား သွားကြသည် ။

နောက်ဆုံးတွင် ဤအထီးကျန် တည်ရှိနေသည့် သန္တာကျောက်တန်းကြောင့်ပင် ဒီရေလှိုင်းသည် နှစ်ဖက် ကွဲထွက်သွားရသည် ။

ချောင်မူ..... ကွယ်လွန်ချိန်... အသက် ၂၀....

All Chapters