အခန်း (၂၁)
Vol. 3 Ch. 21
ချောင်မူ ကိုင်ထားသော လှံရှည်၏ လှံသွားကို သံဖြင့် ပြုလုပ်ထားပြီး လှံရိုးကို အဖြူရောင်ဖယောင်းသစ်သားဖြင့် ပြုလုပ်ထားသည် ။ လှံ၏ အရှည်မှာ သူအရင်က ကိုင်သော စစ်တပ်သုံးလှံနှင့် အတူတူပင် ။
ချောင်မူက လှံကို အကြိမ်အနည်းငယ် ဝှေ့ယမ်းလိုက်ပြီး ကိုင်ရ အဆင်ပြေစေရန် ချိန်ဆလိုက်သည် ။
တစ်ချိန်တည်းမှာပင် တောင်အောက်ရှိ စစ်သည်များအကြားတွင် ရှိသော တပ်မှူးကြီးချူး ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေ၏ ။
"တပ်မှူးကြီး ချူး....အဆင့် ၈ သိုင်းပညာရှင်တဲ့လား.."
သူ မျက်လုံးမှိတ်ပြီး သူ့ ခန္ဓာကိုယ်ကို ခံစားကြည့်လိုက်သည် ။ သူ၏ ဒန်တျန်နဲ့ ချီပင်လယ်သည် မမြင်ရသော အတွင်းအားများဖြင့် ပြည့်နှက်နေပြီး ဒန်တျန်ရဲ့ အလယ်ဗဟိုတွင် ဝဲတစ်ခု ဖွဲ့စည်းနေသည်ကို သူမြင်လိုက်သည် ။
ချီပင်လယ်ရှိ အတွင်းအားများ၏ စီးဆင်းမှုက ဒန်တျန်၏ အကန့်အသတ်သို့ ရောက်နေကြောင်း သိနိုင်သည် ။
တစ်နည်းအားဖြင့် ချောင်မူသည် အတွင်းအားတွင် အဆင့် ၉ ၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး အဆင့် ၈ နှင့် ခြေတစ်လှမ်းသာ လိုတော့သည်။
ယခုသေဆုံးမှုက ချောင်မူ၏ သက်တမ်းကို ရှစ်နှစ်ကြာ စားသုံးခဲ့ပြီး လေ့ကျင့်မှု ရှစ်နှစ်တာကာလကို ပြန်ပေးခဲ့သည် ။ အလယ်အလတ်အဆင့်ကို တိုက်ရိုက်ကျော်လွန်ကာ အဆင့် ၉ ၏ အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည် ။
' မင်းငါ့ကို ထပ်သတ်ရင် ငါ အဆင့် ၈ ကို ချိုးဖျက်နိုင်လောက်တယ် ..'
' တပ်မှူးကြီး ချူးက စစ်သားတစ်ထောင်ကို ဦးဆောင်ပေမယ့် သူက အဆင့် ၈ ကိုယ်ခံပညာရှင်ပဲ.. ငါနဲ့ သိပ်မကွာဘူး... ငါ သူ့ကို အလစ်တိုက်ရင် ငါ့အတွက် အခွင့်အရေးရှိသေးတယ်...'
အဆင့် ၉ သိုင်းပညာရှင်က ရဲရင့်ပြီး အသက်စွန့် တိုက်ခိုက်လျှင် အဆင့် ၈ ကိုယ်ခံပညာရှင်တစ်ယောက်အား သတ်နိုင်ချေ ရှိသည် ။
လုပ်ကြံသတ်ဖြတ်ပြီးနောက် ချောင်မူသည် ထပ်မံသေဆုံးကာ အဆင့်တက်ခြင်းကိုပင် ဆက်လက်လုပ်ဆောင်နိုင်သည်။
အဓိကအရေးကြီးသည်မှာ တပ်မှူးကြီး ချူး ကို လုပ်ကြံရန် နည်းလမ်းပင် ။
ယခုအချိန်တွင် တပ်မှူးကြီးချူး ၏ ပတ်ပတ်လည်တွင် တပ်သားတစ်ထောင် ရှိနေသေးသည်။ ချောင်မူသာ တပ်မှူးကြီးချူး၏ နောက်သို့ အတင်းလိုက်သွားပါက ယခင်က ဓားပြများနှင့် ရင်ဆိုင်ခဲ့ရသကဲ့သို့ပင် ပိတ်မိနေပေလိမ့်မည်။ သူ၏ အတွင်းအားများ ကုန်ဆုံးသွားပြီး တပ်မှူးကြီးချူး ထံသို့ပင် မရောက်နိုင်တော့ဘဲ သူ ထပ်မံသေဆုံးသွားလိမ့်မည်။
' တပ်မှူးကြီးချူး ယန်မြို့ကို ရောက်တဲ့အချိန်အထိစစ်သည်တစ်ထောင်ရဲ့ အလယ်ကနေ သွားနေမှာပဲ..သူ့အနားကို ကပ်လို့ မရရင် အဝေးကနေ လုပ်ကြံဖို့ စဥ်းစားရမယ် ..'
ချောင်မူ လက်ထဲက လှံရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည် ။
ရှစ်နှစ်ကြာ လေ့ကျင့်ပြီးနောက် ချောင်မူသည် စစ်ဘက်လှံသိုင်းကို ကျွမ်းကျင်စွာ တတ်မြောက်ပြီးဖြစ်သည်။ သူ့လက်ထဲမှ လှံရှည်သည် သူ့လက်မောင်းတစ်ချောင်းလိုပင် ။
' တောင်ပေါ်ကနေ လှံနဲ့ လှမ်းပစ်ရမယ်... '
စစ်ဘက်ဆိုင်ရာ လှံသိုင်းတွင် ချုံခိုတိုက်ခိုက်မှုများ အတွက်မပါဝင်သော်လည်း ချောင်မူသည် လုပ်နိုင်လိမ့်မည်ဟု ယုံကြည်မိသည် ။
' ပထမဆုံးပစ်တာ မအောင်မြင်ရင် ငါ ခဏလက်လျော့လိုက်ပြီး ယန်မြို့ရောက်မှ တခြားနည်းလမ်း စဥ်းစားရမယ် ..'
သူ တောင်ကုန်းပေါ်တွင် ငုတ်တုတ်ထိုင်ကာ အချိန်ကောင်းကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
မကြာမီပင် တပ်မှူးကြီးချူး သည် တပ်ဖွဲ့၏ နောက်ဘက်သို့ လျှောက်လာပြီး အလောင်းသယ်လာသည့် အဘိုးဟွမ်နဲ့ တခြားသူများကို မေးမြန်းနေသည်ကို မြင်လိုက်ရသည် ။
တပ်မှူးကြီး ချူး သည် တပ်ဖွဲ့၏နောက်ဘက်သို့ လျှောက်သွားပြီး ချိုင့်ဝှမ်းဝနှင့် ပိုနီးလာသည် ။
ချောင်မူ၏အနေအထားမှကြည့်လျှင် သူတို့ကြားရှိ ဖြောင့်တန်းသောအကွာအဝေးမှာ မီတာတစ်ရာပင် မရှိတော့ ။
ချောင်မူသည် ညာဘက်လက်ဖြင့် လှံရှည်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသဖြင့် လက်မောင်းကြွက်သားများ တင်းမာလာကာ ချိုင့်ဝှမ်းအောက်ရှိ တပ်မှူးကြီး ချူး ကို ချိန်ရွယ်လိုက်သည်။
' စိတ်အေးအေးထားရမယ် .. ဒီလုပ်ကြံမှု မအောင်မြင်ရင်တောင် ငါ့မှာ တခြားအခွင့်အရေးတွေ ရှိပါသေးတယ်..'
' ဒီတစ်ခါတော့ မအောင်မြင်လည်း ဘာဖြစ်လဲ..'
"ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည် .."
ချောင်မူ၏ အတွင်းအားများ ချက်ချင်းမြင့်တက်လာပြီး သူ ကိုင်ထားသော လှံရှည်မှ သွေးရောင်အော်ရာတစ်ခု ထွက်ပေါ်လာကာ လေထုထဲ ပျံ့နှံ့သွားသည် ။
…………………………..
ချိုင့်ဝှမ်းအောက်...
တပ်မှူးကြီးချူးသည် ချောင်မူ၏ အလောင်းကို ကိုင်တွယ်ခြင်းအကြောင်း အဘိုးကြီးဟွမ်နှင့် ဆွေးနွေးပြီးနောက် ထွက်သွားရန် လှည့်လိုက်သည်။
သူက ဘေးနားတွင် ရှိသော လူယုံကိုကြည့်ကာ..
" ယန်မြို့ကိုပြန်ရောက်ရင် ချောင်မူရဲ့အလောင်းကို ဂရုစိုက်လိုက် ..ပြီးရင် မြို့စားရဲ့အိမ်တော်ကို အကြောင်းကြားပါ.."
လူယုံက ခေါင်းညိတ်ကာ အမိန့်နာခံလိုက်သည် ။
' အင်း ..တကယ်ဆို ငါ့ရဲ့ ထက်မြက်တဲ့ ဗျူဟာက မြို့စားတောင် မကိုင်တွယ်နိုင်တဲ့ ပြဿနာရှာသူကို အေးဆေး ဖြေရှင်းနိုင်တယ်.. '
' ဟမ်း.. ဒီကလေး သတ္တိကောင်းတဲ့ ငတုံးပဲ.. '
တပ်မှူးကြီးချူး က လှောင်ပြောင်တွေးလိုက်သည်။
' ရဲရင့်တာ ဘာအသုံးဝင်မှာလဲ... ဒီလောကမှာ ရှင်သန်ချင်ရင် စွမ်းအားနဲ့ ချိတ်ဆက်မှုတွေ လိုအပ်တယ်..'
' ယန်မြို့မှာ သူ ဒီလောက်တောင် မာနကြီးနေတာလား.. မြို့စားကို စိန်ခေါ်ရဲတာလား..ဒီလူယုတ်မာလေးကို သတ်ဖို့ ချွေးတစ်စက်မှ မထွက်လိုက်ဘူး ..'
ချောင်မူ၏ သူရဲကောင်းဆန်သော စွန့်လွှတ်မှုကို စဉ်းစားမိလျှင် သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည် ။
' သူက တိုက်ခိုက်ရေးမှာ အရမ်းကျွမ်းကျင်တယ်.. အရမ်းရဲရင့်တယ်.. သူသေသွားပြီ ဆိုတော့ သူသတ်ခဲ့တဲ့ ဓားပြတွေအားလုံးအတွက် ဆုလဒ်က ငါ့အတွက် ဖြစ်သွားပြီ.. ဟီးဟီးဟီးးး..'
' သူသာ ဒီလောက် မရဲရင့်ခဲ့ရင် ခုန တိုက်ပွဲမှာ ငါတို့ဘက်ကလည်း အသေများမှာ သေချာတယ်.. '
' ဒါနဲ့ ပတ်သက်ပြီး ငါ သူ့ကို ကျေးဇူးတင်ရမယ် ..'
တပ်မှူးကြီး ချူး ပြုံးလိုက်သည်။
' ကျွတ်...ကျွတ်.. ဒီလိုအသုံးဝင်တဲ့ လူငယ်လေး တစ်ယောက်ပဲ ရှိတာ ဆိုးတာပဲ.. သူ့လို လူမျိုး များများ ရှိရင် ပိုကောင်းမှာ.. '
အတွေးလွန်နေသော တပ်မှူးကြီးချူး သည် ရုတ်တရက် ကြောက်ရွံ့မှုတစ်ခု ခံစားလိုက်မိပြီး သူ့မျက်လုံးများ ကျုံ့သွားသည် ။
သူ့နားရွက်နောက်မှ စူးရှသည့် လေတိုးသံတစ်ခု ထွက်ပေါ်လာပြီး လှံတစ်ချောင်းက သူ့ဆီသို့ လျင်မြန်စွာ ဆင်းသက်လာသည် ။
' ကျွမ်းကျင်တဲ့ တိုက်ခိုက်သူတစ်ယောက်ရှိတယ် .. ဓားပြတွေထဲမှာ တကယ်ပဲ ဒီလိုကျွမ်းကျင်တဲ့သူတစ်ယောက် ရှိနေတာလား ..ငါ အလောတကြီး မလာခဲ့သင့်ဘူး ..'
တပ်မှူးကြီးချူး သည် သူ့ခြေထောက်များတွင် အတွင်းအားကို လျင်မြန်စွာစုစည်းပြီး အစွမ်းကုန်ရှောင်တိမ်းရန် ပြင်လိုက်စဥ် ခဏတာအကြည့်တစ်ချက်တွင် တောင်ကြောပေါ်တွင် ရပ်နေသော ပုံရိပ်ကို သူမြင်လိုက်ရသည် ။
မီတာ တစ်ရာနီးပါး ဝေးကွာနေသော်လည်း ထိုလူ၏ ကိုယ်ဟန်အနေအထားက သူ့ကို အလွန်အမင်းရင်းနှီးသည့် ခံစားချက် ရရှိစေသည် ။
' ဟမ်.. အဲ့တာ ချောင်မူ မဟုတ်လား.. '
တခဏအတွင်း တပ်မှူးကြီး ချူး ၏ စိတ်သည် အလွန်အမင်းတုန်လှုပ်သွား၏ ။ သူ ၏ သွေးကြောများမှ တဆင့် စီးဝင်နေသော အတွင်းအားများသည် ခဏတာ နှေးကွေးသွားသည် ။
" ဝှီး....."
လေထုကိုဖြတ်၍ ပျံသန်းလာသော လှံရှည်သည် တပ်မှူးကြီး ချူး ၏ လည်ချောင်းကို မျက်စိတစ်မှိတ်အတွင်း ထိုးဖောက်ဝင်ရောက်သွားသည် ။ ကြီးမားသောအားကြောင့် တပ်မှူးကြီး ချူး ၏ ခန္ဓာကိုယ်သည် နောက်သို့ လွင့်စင်သွားပြီး မီတာအနည်းငယ်အကွာရှိ သစ်ပင်တစ်ပင်တွင် စိုက်ဝင်သွားသည် ။
တပ်မှူးကြီး ချူး ၏ မျက်လုံးများ ပြူးကျယ်သွားပြီး တောင်ကုန်းပေါ်ရှိ ပုံရိပ်ကို စူးစိုက်ကြည့်နေသည် ။
သူ့ဘဝ၏ အဆုံးသတ်ချိန်တွင် ကြီးမားသည့်ကြောက်ရွံ့မှုကို သူ ခံစားမိလိုက်သည် ။
သူ အော်ဟစ်ရန် ပါးစပ်ဟလိုက်သော်လည်း အသံ မထွက်နိုင်တော့ ။
သူ၏လည်ချောင်းထဲမှ သွေးများ ပန်းထွက်လာကာ လည်ပင်းကို ကိုင်ထားသော လက် ပြုတ်ကျပြီး သေဆုံးသွားသည် ။
" ရန်သူ .. ရန်သူ ... ရန်သူတိုက်ခိုက်နေတယ် .."
တပ်မှူးကြီး ချူး၏ ကိုယ်ရံတော်များ ထိတ်လန့်ကုန်ကြ၏ ။ အောင်ပွဲခံရန် မြို့သို့ ပြန်နေစဥ် ခေါင်းဆောင် လုပ်ကြံ ခံရမည်ဟု မည်သူ ထင်မည်နည်း ။
အဘိုးကြီးဟွမ်တို့ အဖွဲ့လည်း ကြောက်ရွံ့ နေကြသည် ။ သို့ရာတွင် သူတို့ ကြောက်နေသည်က တခြားသူများနှင့်မတူ ။
" အခုန... အခုနက တောင်ပေါ်ကနေ လှံနဲ့ ပစ်တဲ့သူကို မြင်လိုက်လား..."
အဘိုးကြီး ဟွမ်က ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။
တပ်သားများသည် ဝမ်းနည်းစွာ ဖြင့် ချောင်မူ၏ အလောင်းကို သယ်ဆောင်ကာ အဖွဲ့၏ နောက်ဘက်မှလျှောက်လာကြသည် ။
ထို့ကြောင့် တပ်မှူးကြီး ချူး မှလွဲ၍ သူတို့ထဲမှ အနည်းငယ်သာ တောင်ပေါ်ရှိ ပုံရိပ်ကို မြင်တွေ့ခဲ့ရသည် ။
"..."
အဘိုးကြီးဟွမ်၏ ဘေးတွင် ရပ်နေသော ဘုန်းကြီးက ခဏတာ တိတ်ဆိတ်သွားပြီး ချောင်မူ၏ သွေးစွန်းနေသည့်အလောင်းကို ကြည့်ရန် အလံကို မသိစိတ်ကြောင့် ဖွင့်လိုက်မိ၏ ။
" ငါလည်း မြင်လိုက်တယ်.. ဒါ ဓားပြတွေရဲ့ ချုံခိုတိုက်ခိုက်မှုပဲ .."
ဘုန်းကြီးက လေးနက်စွာ ပြောလိုက်သည် ။
" ဟုတ်တယ်.. ဟုတ်တယ်.. ဓားပြတွေ .."
အဘိုးကြီးဟွမ် သဘောပေါက်သွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည် ။
" ဓားပြတွေ လာနေပြီ.. ဓားပြတွေ လာနေပြီ.. "
အဘိုးကြီး ဟွမ်တို့ အဖွဲ့မှ တပ်သားအနည်းငယ်က တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်ကြသည် ။
ခေါင်းဆောင်မရှိတော့သောကြောင့် စစ်တပ်သည် ထိတ်လန့်ပြီး ကြောက်လန့်တကြား ထွက်ပြေးသွားကြသည် ။
တပ်မှူးကြီး ချူး ၏ အလောင်းကို ဘယ်သူမှ မကောက် ။ အန္တရာယ် ကောင်ဟု သတ်မှတ်လိုက်ကြပြီး ဝေးဝေးမှ ရှောင်ကွင်းသွားကြသည် ။ အဆင့် ၈ သိုင်းပညာရှင်အား တစ်ချက်ထဲ သတ်နိုင်သည့် ကျွမ်းကျင်သူ ပေါ်လာသဖြင့် အသက်လု၍ ထွက်ပြေးကုန်ကြ၏ ။
တပ်မှူးကြီး ချူး ၏ အလောင်းသည် တောင်ကုန်းငယ်တစ်ခုပေါ်၌ ရှိသော သစ်ပင်တစ်ပင်တွင် ချိတ်ဆွဲထားပြီး အထီးကျန်စွာ ကျန်ခဲ့လေတော့သည် ။
လေပြေလေညင်းလေးက ဖြေညှင်းစွာ တိုက်ခတ်သွားသဖြင့် တပ်မှူးကြီး ချူးအား ချိတ်ဆွဲထားသည့် သစ်ပင်မှ သစ်ရွက်များ တရွှီးရွှီးမြည်ကာ လှုပ်ခတ်သွားကြသည် ။
တပ်မှူးကြီး ချူး ၏ လတ်ဆတ်သောသွေးများသည် ခန္ဓာကိုယ်တစ်လျှောက် စီးကျလာပြီး သစ်ပင်ပင်စည်တွင် " သစ်ကြွေချိုင့်ဝှမ်း " ဟူသည့် လှံဖြင့် ထွင်းထားသော စကားလုံးများကို အနီရောင်ဖြင့် ဆေးခြယ်ပေးနေသည် ။
သူ ၏ လည်ချောင်းတွင် စိုက်ဝင်နေသော လှံရှည်၏ သစ်သားလက်ကိုင်မှာ အနည်းငယ် တုန်ခါနေဆဲပင် ။