မြို့စားမင်း၏ စံအိမ်တော် ...
Vol. 3 Ch. 27
သခင်လေးကုံး သည် ခေါင်းမော့ရင်ကော့၍ စံအိမ်တော် မှ ထွက်လာပြီး သူ၏နောက်တွင် အခေါင်းထမ်းထားသော အစေခံတစ်စု လိုက်ပါလာ၏ ။
သူ ချောင်မူ၏ မိသားစုထံသို့ အလည်သွားရန် ထွက်လာခြင်းပင် ။ ချောင်မူ သေဆုံးသည့်အချိန်တွင် သူ ရှိမနေ၍ သိပ်မကျေနပ်သေးပေ ။ ထို့ကြောင့် ကျန်ရစ်သူ မိသားစုထံသို့ အခေါင်းကို ပို့၍ လက်စားချေရန် ဆုံးဖြတ်လိုက်သည် ။
သို့သော်လည်း တံခါးဝမှ ထွက်လိုက်သည်နှင့် ဒေါသထွက်နေသည့် အသံတစ်ခုကြောင့် သူရပ်တန့်လိုက်ရသည် ။
" ရပ်လိုက်စမ်း .. ငါမင်းကို တစ်လလောက် အပြင်မထွက်ရဘူးလို့ ပြောထားတယ်လေ.. "
ရပ်တန့်လိုက်သူက မြို့စားကုံးယန် ဖြစ်သည် ။ မြို့စားကုံးယန်၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်တောင့်တင်းသော်လည်း ယခုအချိန်တွင် မျက်နှာ ဖြူဖျော့နေ၏ ။
" အဖေ... သား မလုပ်သင့်တာကို သားသိပါတယ်.. သား ပြဿနာထပ်မရှာပါဘူး.. "
သခင်လေးကုံးက ပြုံးပြီး တောင်းပန်လိုက်ကာ..
" သား အသက်ကို သား တန်ဖိုးထားပါတယ်.. ဘာလို့ ဧကရာဇ်ကို အနှောက်အယှက် ပေးရမှာလဲ.. မသိတဲ့ သူစိမ်းတွေကိုတွေ့ရင် ဝေးဝေးက ရှောင်နေလိုက်မယ်.. "
ကုံးယန်သည် ဉာဏ်များသူ တစ်ယောက်ဖြစ်၏ ။ သူမွေးထားသော သားမှာ အနည်းငယ် ဆိုးသွမ်းသော်လည်း ငတုံးတစ်ယောက် မဟုတ်မှန်း သိပေသည် ။
အစပိုင်းတွင် သူသဘောမတူသော်လည်း တစ်ဦးတည်းသောသားဖြစ်သူ၏ အထပ်ထပ်အခါခါ တောင်းပန်မှုများကြောင့် လက်ဝှေ့ယမ်းကာ ခွင့်ပြုလိုက်ရတော့သည် ။
" အားဖူ.. သူ့နောက်လိုက်ပြီး ပြဿနာမရှာအောင် ထိန်းပါ.. "
ကုံးယန်က အမိန့်ပေးလိုက်သည် ။
" ဟုတ်ကဲ့ပါ အရှင်.. "
မီခိုးရောင်ဝတ် အဘိုးအိုက သခင်လေးကုံး၏ နောက်သို့ လိုက်လာခဲ့သည် ။
ဤ အဘိုးအိုမှာ ချောင်မူအား ဖမ်းစီးခဲ့သူပင် ။ အဆင့် ၇ သိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး မြို့စားမင်း၏ နောက်သို့ လိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှလေပြီ ။ သူက မြို့စားမင်း၏ လက်ထောက်ဖြစ်သလို အယုံကြည်ရဆုံး သူလည်းဖြစ်၏ ။
အဆင့် ၇ သိုင်းပညာရှင်တစ်ယောက်သည် နန်းတော်သို့ သစ္စာခံပါက အဆင့် ၇ လက်ထောက်အရာရှိတစ်ယောက် ဖြစ်လာမည်ပင် ။ အဆင့် ၇ အဆင့် ခရိုင်တရားသူကြီးထက် အနည်းငယ် နိမ့်ကျသော်လည်း ဂုဏ်သိက္ခာရှိသည့် ရာထူးတစ်ခုပင်ဖြစ်သည် ။
မြို့စားမင်း၏ အိမ်တော်တွင်ပင် အဆင့် ၇ လက်အောက်ငယ်သား နှစ်ယောက်သာ ရှိလေသည် ။
သခင်လေးကုံး ထွက်သွားသည်နှင့် ကုံးယန်က အိမ်တော်အတွင်းသို့ ဝင်လာပြီး ချောင်းဆိုးကာ သွေးတပွက် အန်လိုက်သည် ။
" ဒီ ဆောင်းဦးရာသီက အလုပ်ရှုပ်လိုက်တာ.. "
ကုံးယန်က သူ့ဘာသာသူ တိုးတိုးလေးပြောလိုက်သည် ။
' မဟာယန်ဧကရာဇ်ကြီးကလည်း ကြွလာတော့မယ်.. ဝမ်စုန့်ဟဲဆိုတဲ့ အဘိုးကြီးကလည်း ယန်မြို့တစ်ဝိုက်မှာ ပေါ်လာတယ်.. ဒီကောင် သတင်းရလို့ လာစုံစမ်းတာ ထင်တယ် ..'
ကုံးယန်သည် ထိုပညာရှင်အား တွေးမိလျှင် စိတ်မသက်မသာ ဖြစ်မိ၏ ။
" တာအိုလမ်းစဥ်က လူတွေရဲ့ တိုးတက်နှုန်းက နှေးကွေးပြီးတစ်ခါ တံခါးပိတ်ပြီး လေ့ကျင့်ရင် နှစ်ပေါင်းများစွာ ကြာတက်တယ်ဆို .. အဲ့ဝမ်စုန့်ဟဲက အသက် ၄၀ မှ တာအိုစကျင့်တာကို ခု ငါနဲ့ တန်းတူ သန်မာနေပြီ.. ဟူးး.. ဒီလိုမှန်းသာ သိရင် တစ်သက်လုံး စာအုပ်ဖတ်ပြီး အချိန်ဖြုန်းနေမှာ မဟုတ်ဘူး .."
ကုံးယန်က ခေါင်းယမ်းရင်း သက်ပြင်းချမိ၏ ။ အချိန်များ ကုန်လွန်ခဲ့ပြီဖြစ်၍ ယခုမှ နောင်တရနေလျှင်ပင် အချိန်မမီတော့ပေ ။ ယခု ဧကရာဇ် ကိုယ်တိုင် ရောက်လာတော့မည်ဖြစ်ပြီး ကာကွယ်ရန် တာဝန်မှာ သူ့ခေါင်းပေါ်တွင် ရှိပေသည် ။ သူ ကိုယ်တိုင်ပင် ဒဏ်ရာ ရနေ၍ မည်သို့ ကာကွယ်ရပါမည်နည်း ။
' ငါ အင်မော်တယ်ဂိတ်က တစ်ယောက်ယောက်ကို ရှာပြီး အကာအကွယ်အဆောင် တောင်းရင် ကောင်းမလား.. '
ကုံးယန် တွေးလိုက်မိသည် ။ ယခုအချိန်တွင် သူ့သား၏ အသေးအဖွဲ ကိစ္စလေးများကို အာရုံမစိုက်နိုင်တော့ပေ ။
တချိန်က သူ့အား ပြန်လှန်ဖူးသော ချောင်မူ ဟူသည့် လူငယ်သူရဲကောင်းလေးကိုတော့ မေ့နေသည်မှာ ကြာလေပြီ ။
……………
အပြင်မြို့တွင် ...
အဘိုးကြီးဟွမ်သည် တပ်သားအနည်းငယ်နှင့်အတူ လမ်းကြားလေးထဲတွင် လမ်းလျှောက်နေသည် ။
" တပ်မှူးရဲ့အိမ်ကလည်း ဝေးလိုက်တာ ..ပြီးတော့ လမ်းတွေကလဲ မှောင်မဲနေတာပဲ ..အနံလည်း မကောင်းဘူး .."
အဘိုးကြီးဟွမ်နှင့် ဘုန်းကြီး စကားပြောနေကြ၏ ။ တစ်ရက်ကြာမှ သူတို့အားလုံး ၏ စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာကြသည် ။
မြို့စောင့်တပ်သားများ ဖြစ်သဖြင့် ကြာရှည် ဝမ်းနည်းနေချိန် မရှိပေ ။ ကင်းစောင့်သည့် တာဝန်နှင့် လေ့ကျင့်ခန်းများကို ဆက်လက် လုပ်ဆောင်နေရပေအုံးမည် ။ အလုပ်သမား လူတန်းစားသည် မည်သည့် အကြောင်းနှင့် ကြုံရသည်ဖြစ်စေ အလုပ်ဆက်လုပ် နေရပေအုံးမည်ပင် ။
" အဘိုးကြီး ဟွမ် ..ဘယ်လိုစကားပြောရမလဲ စဥ်းစားပြီးပြီလား .."
ဘုန်းကြီးက မေးလိုက်သည် ။
" ဒါက သိပ်မခက်ပါဘူးဟ .. ဘာပဲဖြစ်ဖြစ် ဒီနေ့ ငါတို့ ပိုက်ဆံ အလုံအလောက် စုလိုက်နိုင်တာပဲလေ ..အနည်းဆုံးတော့ စိတ်ဖြေလို့ ရတာပေါ့ .. "
အဘိုးကြီး ဟွမ်က သူကိုင်ထားသော လေးလံသည့် ပိုက်ဆံအိတ်ကို ချိန်ဆကြည့်လိုက်၏ ။
အဘိုးကြီးဟွမ် စိတ်အခြေအနေ ပြန်လည်ကောင်းမွန်လာရန် နေ့တဝက်ကြာပြီး ချောင်မူ၏ လက်အောက်ရှိ စစ်သည် များကို ရှာရန် နေ့တဝက်ကြာခဲ့သည် ။ သူတို့သည် လျော်ကြေးအဖြစ် ငွေအများအပြားကို စုဆောင်းခဲ့ကြသည်။
လျော်ကြေးငွေအား မြို့စောင့်တပ်စခန်းမှ တာဝန်ယူရမည်ဖြစ်သော်လည်း ချောင်မူ နှင့် တပ်မှူးကြီးချူး ၏ အခြေအနေကို နားလည်ကြ၍ လျော်ကြေးရရှိရန် ခက်ခဲမည်မှန်း သိကြသည် ။
ထို့ကြောင့် သူတို့ဘာသာ ငွေစုဆောင်းပြီး လျော်ကြေးငွေအတွက် စီစဥ်ခဲ့ကြသည် ။ ချောင်မူသည် တပ်သားများ၏ အသက်ကို ထပ်ကာထပ်ကာ ကယ်တင်ခဲ့၏ ။ သူတို့အား အသက်စွန့်၍ ကာကွယ်ပေးခဲ့သည့် တပ်မှူး အတွက် သူတို့ တက်နိုင်သမျှ ထည့်သွင်းခဲ့ကြသည် ။
" တပ်မှူးရဲ့အိမ်က ရှေ့နားလေးပဲ.. "
အဘိုးကြီးဟွမ် စကားပြောလိုက်စဥ် လမ်းကြားထောင့်တစ်ခုမှ ဆူညံသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏ ။ သူ လှည့်၍ကြည့်လိုက်ရာ အခေါင်းထမ်းလာသော လူတစုကို မြင်လိုက်ရသည် ။
" ချီး.. ဘယ်မိသားစုက သေတာမလို့ ဒီမဆန့်မပြဲ လမ်းကြားလေးထဲ အခေါင်းထိုးထည့်နေကြတာလဲ .."
အဘိုးကြီးဟွမ်က ညီးတွားလိုက်သော်လည်း အခေါင်းထမ်းလာသူများ အနီးသို့ ရောက်လာလျှင် ပါးစပ်ပိတ်ထားလိုက်တော့၏ ။ အခေါင်းထမ်းလာသူများကို သူ မျက်မှန်းတမ်းမိပေသည် ။
' ဒါ မြို့စားအိမ်တော်က အစေခံတွေ မဟုတ်လား ..ဘယ်သူသေလို့ပါလိမ့်.. '
အဘိုးကြီးဟွမ်၏ အတွေးမဆုံးမီပင် အဖြူရောင်ပိုးသား ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏ ။
' သခင်လေး ကုံးပါလား.. '
အဘိုးကြီးဟွမ်၏ ခန္ဓာကိုယ် အနည်းငယ် တုန်ရီသွားပြီး လက်သီးတင်းတင်းဆုပ်လိုက်မိသော်လည်း ခေါင်းကို အမြန်ငုံ့၍ လမ်းဖယ်ရန် ဘေးသို့ ရွေ့လိုက်သည် ။
ဘုန်းကြီးလည်း ခဏသာ ကြည့်၍ လမ်းဖယ်ပေးလိုက်၏ ။ သူသည် အစားအသောက် ကြိုက်နှစ်သက်သူ ဖြစ်၍ အဘိုးကြီးဟွမ်၏ ဇနီး အရိုက်နှက်ခံရပြီး ကိုယ်ဝန်ပျက်ကျသွားသည့် အကြောင်းကို စားသောက်ဆိုင်တစ်ခုတွင် ကြားဖူးလေသည် ။ ထို့ကြောင့် သတိပေးသည့်အနေဖြင့် အဘိုးကြီးဟွမ်၏ ပခုံးကို ပုတ်လိုက်သည် ။
အစေခံများက အခေါင်းကို သယ်ဆောင်ပြီး သူတို့ကို ကျော်သွားသည် ။သခင်းလေးကုံးလည်း အဘိုးကြီးဟွမ်အား မမှတ်မိဘဲ ကျော်သွား၏ ။ လူအကုန် ဖြတ်ကျော်သွားချိန်တွင် အားဖူဆိုသည့် မီးခိုးရောင်ဝတ် အဘိုးအိုက နောက်သို့ ပြန်လှည့်၍ ပြောလိုက်သည် ။
" မင်းတို့အားလုံးက တပ်မှူးချောင်မူရဲ့ တပ်သားတွေလား.. "
အားဖူသည် ချောင်မူ တပ်စခန်းအတွင်းသို့ ရောက်ချိန်တွင် လာကြည့်ဖူးသဖြင့် ဤတပ်သားများကို မြင်ဖူးလေသည် ။
အဘိုးကြီးဟွမ်တို့ အဖွဲ့ ထိတ်လန့်သွားကြသည် ။
သခင်လေးကုံးက စိတ်ဝင်စားဟန်ဖြင့် လှည့်ကြည့်လိုက်ပြီး...
" အော်.. စိတ်ဝင်စားစရာပဲ.. မင်းတို့လည်း ချောင်မူ့အိမ်ကို လာတာလား.. ဒါဆို ငါနဲ့ အတူတူလိုက်ခဲ့တော့.. "
' အတူတူ လိုက်ခဲ့ရမှာလား.. '
အဘိုးကြီးဟွမ်တို့ ဇဝေဇဝါ ဖြစ်သွားကြသော်လည်း အခေါင်းကို ကြည့်ပြီး နားလည်သွားကြ၏ ။ တပ်မှူး၏ ရုပ်အလောင်း အခေါင်းထဲတွင် ရှိနေသည်လော ။ သခင်လေးကုံးက တပ်မှူးချောင်၏ မိသားစုထံ သွားနေသည်လော ။