အခန်း (၂၈)
Vol. 3 Ch. 28
~
အဘိုးကြီးဟွမ်တို့ သခင်လေးကုံး၏ နောက်မှ တိတ်တဆိတ်သာ လိုက်လာကြ၏ ။ သခင်လေးကုံးကို သူတို့ မငြင်းဆန်ရဲကြချေ ။
သို့သော်လည်း သူတို့၏ နှလုံးသားများသည် တုန်လှုပ်နေကြ၏ ။ သူတို့ လျော်ကြေးငွေ စုဆောင်းနိုင်ခဲ့၍ ပျော်နေသော အပျော်လေးများပင် ပျောက်ရှသွားလေပြီ ။
ချောင်မူ၏ မိသားစုကို နှစ်သိမ့်ပေးရန် သူတို့လာခဲ့ခြင်းဖြစ်သော်လည်း ယခုအခါတွင်မူ သခင်လေးကုံး ပါလာ၍ မည်သို့ ဖြစ်တော့မည်ကို သူတို့ သိကြ၏ ။
သိပ်မကြာမီပင် လမ်းကြားအဆုံးသို့ ရောက်လာပြီး အစေခံတစ်ယောက်က တံခါးခေါက်လိုက်၏ ။
အဘိုးကြီးဟွမ်တို့ မြင်ဖူးသည့် မျက်မမြင် မိန်းကလေးက တံခါးလာဖွင့်ပေးသည် ။
" ရှင်တို့က ဘယ်သူတွေလဲ.. "
ချောင်စန်းရွှယ် မေးလိုက်၏ ။ သူမ မမြင်နိုင်သော်လည်း ခြေသံများစွာ ကြားနေရ၍ လူအုပ်ကြီး ဖြစ်မှန်းသိသည် ။ ဤသို့ လမ်းကြားမျိုးတွင် လူအုပ်စုကြီး ပေါ်လာသည်မျိုး မရှိ ။ ဤသည်က ပုံမှန် မဟုတ်ပေ ။
အစေခံများက ချောင်စန်းရွှယ်ကို မြင်လိုက်ရလျှင် အံ့သြ မှင်သက်သွားကြသော်လည်း တင်းတင်းစေ့ ထားသည့် မျက်လုံးများကြောင့် နှမျောတသစွာ ခံစားမိလိုက်ကြ၏ ။
သခင်လေးကုံးက မေးစေ့ကို လက်ဖြင့်ပွတ်ရင်း စေ့စေ့ကြည့်နေသည် ။ ထို့နောက် သူ ခေါင်းခါလိုက်၏ ။
' ဒီ မျက်မမြင်လေးက လှလိုက်တာ.. မိန်းကလေးဖြစ်နေတာ ကံဆိုးတာပဲ.. '
တံခါးခေါက်လိုက်သော အစေခံသည် စကားပြောရန် ပြင်လိုက်သော်လည်း သခင်လေးကုံးက ဘေးသို့ တွန်းဖယ်ပြီး တိတ်တိတ်နေရန် အမူအရာ ပြလိုက်၏ ။
" တကယ် ကန်းနေတာပဲ.. "
သခင်လေးကုံး တိုးတိုးလေးပြောလိုက်ပြီး အသံသြသြဖြင့်...
" ဒါ တပ်မှူး ချောင်မူတို့ အိမ်လားခင်ဗျ.. "
" ကျုပ်က တပ်မှူးချောင်ရဲ့ ရဲဘော်ရဲဘက် တစ်ယောက်ပါ ..တပ်မှူးချောင် အကြောင်း အရေးတကြီး ပြောစရာရှိလို့ ကျုပ်လာခဲ့တာပါ.. "
" ရှင်တို့ အားလုံးက ချောင်မူရဲ့ သူငယ်ချင်းတွေလား.. အားလုံး အတူတူ ပဲလား.. "
ချောင်စန်းရွှယ် တစ်စုံတစ်ခုကို ရိပ်မိသွားပြီး မျက်နှာ တင်းမာလာသည် ။
သခင်လေးကုံးက နောက်ဆုံးမှ လိုက်ပါလာသည့် အဘိုးကြီးဟွမ်တို့ကို သတိပေးသည့် အကြည့်ဖြင့် ကြည့်လိုက်သည် ။
" ဟုတ်တယ်.. ဟုတ်တယ်.. "
" ကျုပ်တို့ မလိမ်ပါဘူး.. "
" လွန်ခဲ့တဲ့ ရက်အနည်းငယ်ကပဲ ကျုပ်တို့နဲ့ တပ်မှူးချောင် အတူတူ အရက်သောက်ခဲ့သေးတယ်.. "
အဘိုးကြီး ဟွမ်တို့အဖွဲ့ မဝင့်မရဲ ဖြေလိုက်ကြ၏ ။
ချောင်စန်းရွှယ်၏ တင်းမာနေသော မျက်နှာမှာ အနည်းငယ် ပြေလျော့သွားသည် ။
" လာပါရှင့်.. အထဲဝင်ပြီး စကားပြောကြတာပေါ့.. "
ချောင်စန်းရွှယ်သည် ချောင်မူ ပြောပြသဖြင့် အဘိုးကြီးဟွမ်တို့၏ အကြောင်းကို ကြားဖူး၏ ။ ထို့ကြောင့် သူမ တံခါးဖွင့်ပေးလိုက်ပြီး အားလုံးကို ဖိတ်ခေါ်လိုက်သည် ။
သခင်လေးကုံးက အခေါင်းသယ်လာရန် သူ၏ အစေခံများကို လက်ဟန်ပြလိုက်သည် ။
အိမ်ထဲသို့ ပြန်ဝင်သွားသော ချောင်းစန်းရွှယ်က နောက်သို့ ပြန်လှည့်၍ ဇဝေဇဝါဖြင့် မေးလိုက်၏ ။
" ဘာ.. ဘာသယ်လာတာလဲ.. "
" ဟီးဟီး.. ကျုပ်တို့က ပထမဆုံး လာလည်တာဆိုတော့ လက်ဗလာနဲ့ လာလို့ မကောင်းဘူးလေ.. စိတ်ထဲ မထားပါနဲ့ ဒါ လက်ဆောင် သေးသေးလေးပါ.. "
သခင်လေးကုံးက ရယ်ကျဲကျဲ ဖြေလိုက်သည် ။ အခေါင်း သယ်လာသည့် အစေခံများသည် ပေါင်ရာဂဏန်း သန်မာသည့် သိုင်းသမားများဖြစ်၍ အခေါင်းအား ပေါ့ပေါ့ပါးပါး မထားနိုင်ကြ၏ ။
ထို့ကြောင့် ချောင်စန်းရွှယ်သည် လေးလံသည့် အရာတစ်ခု သယ်လာသည်ဟု မထင်မှတ်ခဲ့ချေ ။
" လူလာလည်ရုံနဲ့ ရပါတယ်ရှင့် လက်ဆောင်တွေ မလိုပါဘူး.. "
ချောင်စန်းရွှယ်က ယဥ်ကျေးစွာ ပြောလိုက်ပြီး လမ်းလျောက်တုတ်ကို ထောက်၍ ရေနွေးကြမ်း ဖြင့် ဧည့်ခံရန် အိမ်ထဲသို့ ဝင်သွားသည် ။
ချောင်မူ နှင့် ချောင်စန်းရွှယ်တို့ နေ နေသည့်အိမ်မှာ စွန့်ပစ်အိမ်တစ်လုံးဖြစ်ပြီး ပရိဘောဂ ဟူ၍ မရှိသလောက်ပင် ။ အငတ်ဘေးကြောင့် အိမ်ရှိ ရောင်းချနိုင်သမျှကို အရင်ပိုင်ရှင်များက ရောင်းစားလိုက်ကြသည် ။ ခြံဝင်းအတွင်းရှိ ကျောက် စားပွဲ တစ်လုံးသာ အကောင်းအတိုင်း ရှိနေလေသည် ။
ချောင်မူ၏ ဗလာအိမ်ကို ကြည့်၍ အဘိုးကြီးဟွမ်တို့ စိတ်မကောင်းဖြစ်မိကြ၏ ။
အဘိုးကြီးဟွမ်က ချောင်စန်းရွှယ်၏ နောက်ကျောကို ကြည့်၍ ဖွင့်ပြောချင်လှသဖြင့် ပါးစပ် ဟစိဟစိ ဖြစ်နေသည် ။ သို့သော်လည်း သူ မပြောရဲ ။
ခြံဝင်းအတွင်း ခေါင်းတလား တစ်လုံး ချထားပြီး လူများစွာ တိတ်တဆိတ်ရပ်နေ၍ ဤမြင်ကွင်းက ကြောက်စရာကောင်းနေသည် ။
သခင်လေးကုံးက ရေနွေးကျိုရန် ပြင်နေသည့် ချောင်စန်းရွှယ်အား အလွန်စိတ်ဝင်စားစွာဖြင့် ကြည့်နေ၏ ။
" ကျွန်မ တစ်ခုလောက် မေးချင်တယ်.. ချောင်မူ ဘာဖြစ်သွားတာလဲ ..သူဘာလို့ ပါမလာတာလဲ.. "
ချောင်စန်းရွှယ်က သခင်လေးကုံးတို့ အဖွဲ့အား ကျောက်စားပွဲပေါ်တွင် ရေနွေးကြမ်း ချပေးပြီး မေးလိုက်သည် ။
" အော် ..အဲ့ဒါလား.. ချောင်မူက ဓားပြတွေ နှိမ်နင်းဖို့ မြို့ပြင်ကို သွားတယ်လေ.. သူက ရဲရဲရင့်ရင့်နဲ့ ဓားပြထောင်ဂဏန်းကြားကို ပြေးဝင်သွားတယ်တဲ့.. "
သခင်လေးကုံးက တည်ငြိမ်စွာ ပြောလိုက်ပြီး ရေနွေးကြမ်းတစ်ငုံ သောက်လိုက်၏ ။ ဆိုးရွားသည့် အရသာကြောင့် မျက်ခုံးတွန့်သွားသည် ။ အဖိုးတန်သည့် ရေနွေးကြမ်းကိုသာ သောက်နေကြဖြစ်သဖြင့် ဤအရသာကို သူ သည်းမခံနိုင်ပေ ။ သို့သော်လည်း သူ၏ အကြံအစည်ပျက်သွားမည် ဆိုး၍ သည်းခံ၍သာ မျိုချလိုက်သည် ။
ချောင်စန်းရွှယ်သည် သခင်လေးကုံး ဆက်မပြောသဖြင့် မေးလိုက်၏ ။
" သူ..သူ ဓားပြတွေ ကြားထဲ ပြေးဝင်ပြီး ဘာဖြစ်သွားတာလဲ.. "
" ပြီးတော့လား .. တိုက်ပွဲအတွင်းမှာ သူအတွင်းအား ရသွားတာပေါ့.. "
သခင်းလေးကုံးက စကားပြောနေသည်ကို ရပ်၍ ချောင်စန်းရွှယ်အား အကဲခတ်နေပြန်သည် ။ ချောင်စန်းရွှယ်၏ စိတ်ပူနေသော အမူအရာ ပြေလျော့ သွားသည်ကို မြင်မှ စိတ်အေးသွားသည် ။
နောက်တွင် ရပ်နေသော အဘိုးကြီးဟွမ်တို့အဖွဲ့၏ မျက်နှာမှာ တဆတ်ဆတ်တုန်ရီ နေကြသည် ။ သူတို့ သခင်လေးကုံး၏ စရိုက်ကို သိ၏ ။ လူများကို စကားဖြင့် လှည့်စား၍ နာကျင်စေသည်မှာ သခင်လေးကုံး၏ ဝါသနာပင်ဖြစ်သည် ။ ယခု လာလည် နေသည်မှာလည်း ဤမျက်မမြင် မိန်းကလေးကို နာကျင်စေချင် သည်မှာ သေချာလှသည် ။
" ကံမကောင်းတာက ဓားပြအင်အား အရမ်းများလွန်းနေတယ်.. "
သခင်လေးကုံးက သက်ပြင်းချလိုက်ပြီး...
" လူတစ်ထောင်ကျော် အရေအတွက်ဆိုတာ အဆင့် ၈ သိုင်းပညာရှင်တောင် အဝိုင်းခံရရင် သေချာပေါက် သေမှာလေ.. "
ချောင်စန်းရွှယ်က ပြန်မမေးဘဲ ကိုယ်ကို ရှေ့သို့ အနည်းငယ် ကိုင်းညွှတ်၍ အားစိုက် နားထောင်နေ၏ ။
သခင်လေးကုံး ဆက်ပြောလိုက်သည် ။
" ပြီးတော့ ချောင်မူက လျို့ဝှက်နည်း တစ်ခုခု သုံးလိုက်လို့ထင်တယ် သူ့အတွင်းအားက ရုတ်တရက် မြင့်တက်လာတော့ ဓားပြတွေ နောက်ဆုတ်အောင် တိုက်ခိုက်နိုင်ခဲ့တယ်.. သူ အသက်ရှူ ချောင်သွားတာပေါ့.. "
သခင်လေးကုံးက ချောင်မူ၏ တိုက်ပွဲကို ချဲ့ကား ပြောဆိုလိုက်၏ ။
' သူ ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည် သုံးလိုက်တာ ထင်တယ်.. '
ချောင်စန်းရွှယ် စိတ်သက်သာရာ ရသွားပြီး တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်သည် ။
သူမသည် ချောင်မူ မြို့စားအိမ်တော်သို့ မသွားမီ ဤလျှို့ဝှက် စွမ်းရည်ကို သင်ပေးခဲ့သည် ။ အန္တရာယ်များသည့် အခိုက်တွင် ရှင်သန်နိုင်အောင်ပင် ။
ဤစွမ်းရည်သည် အသက်စွမ်းအား အထိအခိုက်ခံပြီး ခန္ဓာကိုယ် အလားအလာကို မြင့်တင်ပေးနိုင်သည် ။ သို့ရာတွင် ဤစွမ်းရည် အသုံးပြုပြီးနောက် သွေးကြောများ ပြင်းထန်စွာ ထိခိုက်သွားမည်ဖြစ်ပြီး မသေလျှင်ပင် အနာဂတ်တွင် ဆက်လက် တိုးတက်နိုင်တော့မည် မဟုတ်ပေ ။
ချောင်းစန်းရွှယ် နှင့် ချောင်မူတို့၏ ဆက်ဆံရေးသည် လေးနက်လှသည်မဟုတ် ။ ချောင်စန်းရွှယ်က သိုင်းသင်ပေးပြီး ချောင်မူက လက်စားချေပေးရန် ကတိပြုထားခြင်းသာ ဖြစ်သည် ။
ဤစွမ်းရည် သင်ပေးထားခြင်းသည် လက်စားချေရန် ရည်ရွယ်ချက်ဖြင့် မကိုက်ညီပေ ။ ဤစွမ်းရည် အသုံးပြုပြီးလျှင် လက်စားချေရန် အားနည်းသွားပေမည် ။
ချောင်စန်းရွှယ်သည် လက်စားချေခြင်းထက် လူ့အသက်က ပိုအရေးကြီးသည်ဟု မှတ်ယူထား၏ ။ ထို့ကြောင့် သူမ ချောင်မူအား သင်ပေးလိုက်ခြင်းပင် ။
' ငါလေး အမျှော်အမြင် ရှိလို့ တော်သေးတယ်.. '
သူမ စိတ်သက်သာရာ ရသွားပြီး မေးလိုက်သည် ။
" ပြီးတော့.. အဲ့လိုဖြစ်ပြီးတော့ ဘာဆက်ဖြစ်သေးလဲ.. "
သခင်လေးကုံးက ချက်ချင်း ပြန်မဖြေဘဲ ရေနွေးကြမ်းကို အရသာခံပြီး သောက်ကာ ချောင်စန်းရွှယ်ကို ကြည့်နေသည် ။
" ပြီးတော့လား .. ပြီးတော့ နောက်မှာ ဘာမှ မရှိတော့ဘူးလေ.. "
သခင်လေးကုံးက ပုခုံးတွန့်လိုက်ပြီး ကျေနပ်အားရနေသော အပြုံးဖြင့်...
" သူ သေ သွားပြီ.. "
သူ ဟန်မဆောင်တော့ဘဲ ဝမ်းသာအားရ ပြောလိုက်သည် ။