" သူ သေသွားပြီလား.. "
Vol. 3 Ch. 29
ချောင်စန်းရွှယ် အနည်းငယ် ထိတ်လန့်သွားသည် ။
" ရှင်ဘာပြောတာလဲ.. "
သူမ ထိုင်နေရာမှ ဖြည်းဖြည်းချင်း ထရပ်လိုက်၏ ။ သူမ ရင်တစ်ခုလုံး ဗျောင်းဆန် သွားသည် ။
ခြံဝင်းအတွင်းရှိ လေထုမှာ လေးလံသွားပြီး လူတိုင်း တိတ်ဆိတ်နေကြ၏ ။ အသက်ရှုသံများသာ ကြားနေရတော့သည် ။
မီးခိုးရောင်ဝတ် အဖိုးအိုက မျက်လုံးမှိတ်ကာ ဘေးတွင် တိတ်တဆိတ်သာ ရပ်နေ၏ ။ အဆင့် ၇ တစ်ယောက်အနေဖြင့် ကလေးစကားပွဲ များတွင် မပါချင်ပေ ။ သူ၏ တာဝန်မှာ သခင်လေးကုံးကို ကာကွယ်ရန်သာဖြစ်သည် ။
သခင်လေးကုံးက ပြန်မပြောဘဲ လှောင်ပြုံးသာ ပြုံးနေသည် ။ ခဏ ကြာမှ စကားပြောလိုက်၏ ။
" မင်း ငါပြောတာ နားမလည်ဘူးလား.. "
" သူ အသတ်ခံလိုက်ရပြီ.. "
သူ ထရပ်လိုက်ပြီး အခေါင်းဆီသို့ တစ်လှမ်းခြင်းလျောက်သွားသည် ။ ထို့နောက် ပြုံးလိုက်ကာ ..
" အကိုချောင်က ဓားပြတွေ လက်ထဲမှာ သေသွားပြီ.. သူ့အတွင်းအား ကုန်သွားတော့ သာမန်လူနဲ့ ဘာကွာတော့မှာလဲ.. ကျွတ်ကျွတ်.. ကြည့်ပါအုံး ဓားပြတွေ ဓားနဲ့ဝိုင်းခုတ်ထားတာ လူရုပ်တောင် မပေါ်တော့ဘူး.. "
" သူ အဲ့လို သေသွားတာပဲ.. "
အဘိုးကြီးဟွမ်က အသက်ပြင်းပြင်းရှူလိုက်၏ ။ သူ ချောင်စန်းရွှယ်ကို တစ်ခုခု ပြောချင်မိသော်လည်း စိတ်ထိန်းထားလိုက်သည် ။
ဘုန်းကြီးတပ်သားမှာ ပို၍ပင် ဒေါသထွက်နေသည် ။ သူ၏ နဖူးပေါ်တွင် သွေးကြောများ ထောင်ထနေပြီး အံကြိတ်ကာ တိုးတိုးလေးပြောလိုက်၏ ။
" ဒါ လွန်လွန်းနေပြီ..."
အဘိုးကြီးဟွမ်က ဘုန်းကြီး၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး ..
" ဟေ့ကောင်.. စိတ်လျော့ စိတ်လျော့..ငါတို့ ယှဥ်နိုင်တဲ့သူ မဟုတ်ဘူး.. "
" တပ်မှူးက ခေါင်းအရမ်းမာတယ်.. ဒီတစ်မြို့လုံးမှာ သခင်လေးကုံးကို ဆန့်ကျင်ရဲတာ သူတစ်ယောက်ပဲ ရှိတယ်.. ခုတော့ ဘာဖြစ်လဲ ကြည့်စမ်း ..သူအခေါင်းထဲရောက်နေပြီ.. "
" ဝုန်း..."
သခင်လေးကုံးက စကားပြောပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် အခေါင်းဖုံးကို ကန်ဖွင့်လိုက်ရာ ညှီစို့စို့ သွေးနံက ထောင်းကနဲ ထလာသည် ။
" လာ..လာ.."
" ဒါ နင်တို့ မိသားစုက ချောင်မူပဲ.. သေချာအောင် လာကြည့်..သူက အသေဆိုးနဲ့ သေထားတာဆိုတော့ ငါတို့ ထဲက ဘယ်သူမှ သေချာမမှတ်မိတော့ဘူး.. "
ချောင်စန်းရွှယ်သည် မျက်နှာသွေးလျော့သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိ၏ ။
" မ... "
ချောင်စန်းရွှယ် စကားပြောရန် ပြင်လိုက်သော်လည်း သခင်လေးကုံးက ရိုင်းစိုင်းစွာ ဖြတ်ပြောလိုက်၏ ။
" နင် ပြောချင်တာက.. "
" မဖြစ်နိုင်ဘူး.. ဒါလုံးဝ မဖြစ်နိုင်ဘူး.. "
သခင်လေးကုံး၏ အသံမှာ သံသယ ၊ အံ့သြမှု ၊ ထိတ်လန့်မှု နှင့် ဝမ်းနည်းမှုများ အချိုးကျ ပါဝင်နေသည် ။
" ဒါ လိမ်နေတာ.. အလောင်းကအတု.. အခေါင်းက အတု.. ငါက အတု.. အကုန်လုံးက အလိမ်အညာတွေကြည့်ပဲ.. "
" တကယ်တော့ ချောင်မူ မသေဘူး.. ချောင်မူ လုံးဝ မသေနိုင်ဘူး.. သိပ်မကြာခင် သူ ဘေးကင်းကင်းနဲ့ ပြန်လာလိမ့်မယ်.. "
သခင်လေးကုံးက ဤသည်ကို ပြောပြီးနောက် သူ့အသံက အေးစက်သွားကာ...
"ငါဒီလိုပြောလိုက်ရင် နင် ခံစားရတာ ပိုပြီး သက်သာသွားလား.."
ချောင်စန်းရွှယ်က ပြန်မဖြေ ။ လမ်းလျောက်တုတ်ကို တင်းတင်းဆုပ်ထားသဖြင့် သူမ၏ လက်ချောင်းများပင် ဖြူစုတ်နေသည် ။ သူမ၏ အတွေးများ ရှုပ်ထွေးနေသည် ။
အပြင်လူများသည် သူမနှင့် ချောင်မူကို မောင်နှမဟု ထင်ကြ၏ ။
သူမနှင့် ချောင်မူသည် အမှန်တကယ် သွေးသားတော်စပ်ခြင်း မရှိပေ ။ ထိုသို့ သွေးသားမတော်စပ် သည့်အတွက်ကြောင့် ချောင်မူသည် သူမ အတွက် ပို၍ပင် အဖိုးတန်လေသည် ။
ချောင်မိသားစု ကျရှုံးပြီးနောက် သူမသည် နေ့ချင်းညချင်း မြင့်မြတ်သူအဆင့်မှ သာမန်လူတစ်ယောက်ဖြစ်ခဲ့ရ၏ ။ အရင်က ချောင်မိသားစုအား ဖားယားနေသူများသည် သိုင်းသူတော်စင်ကို ကြောက်သဖြင့် သူမအား ကပ်ရောဂါသဖွယ် ရှောင်ကွင်းကုန်ကြသည် ။
ဤမျှ ရှုပ်ထွေးနေသော ကမ္ဘာကြီးတွင် ရုန်းကန် ရှင်သန်နေရသော မျက်မမြင် မိန်းကလေး တစ်ဦးအနေဖြင့် ဝမ်းနည်းကြေကွဲဖွယ် ကောင်းသော အဖြစ်အပျက်များနှင့် ဆင်းရဲဒုက္ခမျိုးစုံကို ရင်ဆိုင်ခဲ့ရပြီး ဖြစ်သည် ။ သူမ ညဏ်ကောင်း၍သာ ဖြတ်ကျော်နိုင်ခဲ့ခြင်းပင် ။
ဓားသမားမောင်နှံအား သခင်လေးကုံး ပြဿနာ ရှာနေစဥ်တွင် ချောင်မူ ဝင်စွက်ဖက် ရခြင်းမှာ သူမအတွက် မြို့စားအား စုံစမ်းလိုသောကြောင့်ပင် ။ ယခုတော့ ထိုမြို့စား၏ အကြံအစည်အောက်တွင် ချောင်မူ သေခဲ့ရလေပြီ ။
ချောင်စန်းရွှယ်က မျက်လုံးမှိတ်ပြီး သစ်ပင်တစ်ပင်လိုသာ ရပ်နေ၏ ။
သခင်လေးကုံးက သူမ၏ တုန့်ပြန်မှုကို အချိန်အတော်ကြာအောင် စောင့်နေသော်လည်း မလှုပ်မယှက်သာ ရပ်နေသဖြင့် ဒေါသထွက်လာသည် ။
" နင့်မှာ ကိုယ်ကျင့်တရား မရှိဘူးလား.. ငိုတောင် ငိုမပေးနိုင်ဘူးလား.. "
ချောင်စန်းရွှယ်က ခေါင်းမော့၍ တိုးတိုးလေး ပြန်ပြောလိုက်၏ ။
" ငါတို့ ချောင်မိသားစုက ရန်သူကို အားနည်းချက် ဘယ်တော့မှ မပြဘူး.. "
"....."
ယခု သခင်လေးကုံး ပါးစပ်ပိတ်သွားရသည့် အလှည့်ပင် ။
ဆက်ဆံရ လွယ်ကူမည်ဟု ထင်ရသော မိန်းကလေးက ဤမျှ မာကျောနေမည်ဟု သူ မထင်မိခဲ့ ။ သူ လှောင်ပြောင်ရန် လာသည်ကို သူမ ခန့်မှန်းမိနေပုံရသည် ။
" ပျင်းစရာကောင်းလိုက်တာ.. နင်က သေတဲ့ကောင်လို ခေါင်းမာတာပဲ.. ငါ့ကို ဒေါသထွက်အောင် လုပ်နေတာလား.. "
" နင်လို အကန်းက မမြင်နိုင်ပင်မယ့် ခံစားလို့ ရအောင် ငါပြင်ထားပေးတယ် .."
သခင်လေးကုံး၏ မျက်နှာမှာ မဲမှောင်နေသည် ။ ဤမိန်းကလေး၏ ခေါင်းမာမှုကို မြင်လျှင် ချောင်မူ သူ့အား စော်ကားခဲ့ပုံကိုပင် ပြန်သတိရမိသွားသည် ။
ချောင်မူသည် သူ့ခေါင်းအား တက်နင်းကာ နာမည်ကြီးလာခဲ့ပြီး ယခုအချိန်အထိ သူ ချောင်မူ၏ အကြောင်းကို ကြားရလျှင် ပါးရိုက်ခံရသလို ခံစားမိနေဆဲပင် ။
" ဖြောင်း.. ဖြောင်း..ဖြောင်း.."
သခင်လေးကုံး လက်ခုတ်တီးလိုက်လျှင် အစေခံတစ်ယောက်က ပူပူနွေးနွေး ဟင်းချိုအိုးတစ်လုံး သယ်လာသည် ။
အိုးအဖုံးကို ဖွင့်လိုက်လျှင် မွှေးကြိုင်နေသည့် ဟင်းချိုရနံ့က လွင့်ပျံလာ၏ ။ အိုးထဲတွင် အသားစွတ်ပြုတ် အပြည့်ဖြစ်သည် ။
သခင်လေးကုံးက ခပ်တိုးတိုး ပြောလိုက်သည် ။
" ချောင်မူက ရဲရင့်ဖြောင့်မတ်ပြီး ရှေးခေတ်သူရဲကောင်းတွေရဲ့ အစဥ်အလာကို ထိန်းသိမ်းစောင့်ရှောက်နေတယ်လို့ ယန်မြို့က လူတိုင်းပြောနေကြတယ် .."
" လာ..လာ.. ဒီ သူရဲကောင်းစွပ်ပြုတ်ကို လာမွှေးကြည့်ပါအုံး .. အရသာ ထူးခြားလားဆိုတာ လာမြည်းကြည့်စမ်းပါအုံး.. "
" နင်....."
ချောင်စန်းရွှယ်၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေ၏ ။
သခင်လေးကုံး သည် ယခုအချိန်တွင်တော့ သူမ၏ တုံ့ပြန်မှုကို ဂရုမစိုက်တော့ဘဲ...
" အစေခံတွေ.. ဒီမိန်းမပျိုလေးကို စွတ်ပြုတ်ကောင်းကောင်း တိုက်လိုက်စမ်း.. "
သခင်လေးကုံး၏ စကားဆုံးသည်နှင့် သူ့နောက်မှ အစေခံများက အလျင်အမြန် ပြေးတက်လာကြ၏ ။
သန်မာသော အစေခံနှစ်ယောက်က ချောင်စန်းရွှယ်၏ လက်ကို ဖမ်းချုပ်ထားပြီး နောက်တစ်ယောက်က စွတ်ပြုတ်ကို ပန်းကန်ထဲ ခပ်ထည့်လိုက်သည် ။
ထိုအချိန်တွင် ဘုန်းကြီး ထိတ်လန့်သွား၏ ။ သူ့ဘေးတွင် ရပ်နေသော အဘိုးကြီးဟွမ် ပျောက်သွားချေပြီ ။ သူလိုက်ရှာကြည့်လျှင် အစေခံများကြား ရောနောနေသော အဘိုးကြီးဟွမ်ကို တွေ့လိုက်ရသည် ။
' အဘိုးကြီးဟွမ် ဘာလုပ်တာလဲ.. '
အဘိုးကြီးဟွမ်သည် အစေခံများအကြား တိုးဝင်သွားပြီး စွပ်ပြုတ်ခွက်ကို လုကာ အသည်းအသန် မော့သောက်တော့သည် ။ နှစ်ပေါင်းများစွာ ငတ်ပြတ်နေသော သရဲတစ်ကောင်လိုပင် ထင်ရလေသည် ။
သူက စွပ်ပြုတ်သောက်နေရင်း သခင်လေးကုံးကို ဖားယားသော အပြုံးဖြင့် သွားဝါကြီးများ ပေါ်အောင် ပြုံးပြလိုက်ပြီး...
" သခင်လေး.. ဒီ စွပ်ပြုတ်က အရသာ ရှိလိုက်တာ.. "
သခင်လေးကုံး၏ မျက်နှာမှာ မည်းမှောင်သွား၏ ။
" မင်း ခွေးသတောင်းစား.. လုစားရဲတယ်လား.. "
သူ ရှေ့သို့ တိုးလာပြီး ကန်လိုက်သည် ။
အဘိုးကြီးဟွမ်သည် ဗီဇအရ ရှောင်လို သော်လည်း မရှောင်ရဲ ။ ကန်ချက်ကို ခံလိုက်ပြီး မြေပြင်ပေါ် လဲကျသွား၏ ။ ကိုင်ထားသော မြေခွက်မှာ ကျကွဲသွားသည် ။
သို့သော်လည်း အဘိုးကြီးဟွမ်သည် အရာအားလုံးကို လျစ်လျူရှု၍ မြေပြင်ပေါ်တွင် တွားသွားပြီး အသားအစအနများကို ပါးစပ်ထဲ အတင်းထိုးထည့်တော့သည် ။
" မင်း.. ငါပြောနေတာကို.. "
သခင်လေးကုံးက ထပ်ကန်ရန် ရှေ့တိုးလိုက်သည် ။
ထိုအခိုက် ခြံဝင်းအပြင်မှ အသံတစ်ခု ထွက်ပေါ်လာ၏ ။
" ဝေး.. အနံ့က မွှေးလှချည်လား.. "
ကောက်ရိုးဦးထုပ် ခပ်ငိုက်ငိုက် ဆောင်းထားသော ခရီးသွား တစ်ဦးသည် လှံရှည်ကို ကိုင်ကာ ခြံဝင်းအတွင်း မည်သူမှ မရှိသလိုမျိုး အေးဆေး ဝင်လာပြီး လေထုထဲမှ ရနံ့ကို မူးယစ်ဟန်ဖြင့် အားရပါးရ ရှူရှိုက်လိုက်သည် ။
" ဒီစွပ်ပြုတ်က အရသာ ရှိမယ့်ပုံပဲ.. ကျုပ်ကိုလည်း နဲနဲလောက် တိုက်ပါလား.. "
ထိုခရီးသွားက စကားပြောရင်း မျက်မှာဖုံးကို ဆွဲချွတ်လိုက်၏ ။