တောင်ပေါ်တွင် ...
Vol. 3 Ch. 22
ချောင်မူ သည် ကျောက်တုံးကြီးတစ်တုံးနောက်တွင် ပုန်းနေ၏ ။ သူ့နှလုံးသားသည် တဒိန်းဒိန်းခုန်ကာ သွေးများ စောင့်တက်နေသည်။
တပ်မှူးကြီး ချူးကို သတ်လိုက်ရခြင်းက လက်စားချေရခြင်း၏ ကျေနပ်မှုကို ခံစားရသော်လည်း သူပို၍ ဂရုစိုက်မိသည်မှာ အခြားအကြောင်းသာဖြစ်သည် ။
' ငါ အရမ်းမိုက်တာပဲ ..'
ချောင်မူ သူ့ကိုယ်သူ လက်မ အကြီးကြီး ထောင်ပြလိုက်သည် ။
အဝေးတွင် ရှိသော ပစ်မှတ်ကို တစ်ချက်တည်းဖြင့် သတ်ပစ်လိုက်၏ ။
ဤကဲ့သို့ ဖြစ်လာမည်ဟု သူ မထင်ထားချေ ။ သူအရင်က တပ်မှူးကြီး ချူး အမိန့်ပေးသည်ကို လုပ်နေခဲ့ရသော်လည်း ယခုအခါတွင် အောင်မြင်စွာ လုပ်ကြံနိုင်ခဲ့၏ ။ လက်စားချေရခြင်း၏ ပီတိကြောင့် အလွန်အမင်း ကျေနပ်သွားသည် ။
ချောင်မူသည် သူ၏ အင်မော်တယ် ဘဝ လမ်းကြောင်း၏ လမ်းမှန်ကို ရှာတွေ့ခဲ့ပြီး အရေအသွေးမြင့် သေဆုံးခြင်းကိုသာ ရှာဖွေပေတော့မည် ။
' နောက်တစ်ခါ ဘယ်လို ခပ်မိုက်မိုက် သေရင်ကောင်းမလဲ .. ဒီတစ်ခါတော့ ငါအများကြီး ပြင်ဆင်နိုင်လို့ စတိုင်ကျကျ သေနိုင်ခဲ့တာ ..'
ချောင်မူသည် ကျောက်တုံးတစ်တုံးနောက်တွင် ပုန်းနေပြီး သူ့ နှလုံးသား မတည်ငြိမ် နိုင်သေး ။ သူ့မျက်နှာ ရဲတွတ်နေပြီး သူ့ကိုယ်သူ မည်သို့ စတိုင်ကျကျ သေရမည်ကို စဥ်းစားနေသည် ။
တပ်မှူးကြီး ချူး အသတ်ခံရပြီးနောက် တပ်မှူးများနှင့် စစ်သည်များသည် လုပ်ကြံသူကိုဖမ်းဆီးရန် တောင်များကို ရှာဖွေရန် စတင်ကြပေမည် ။ ဤသည်ကို စဉ်းစားရင်း ချောင်မူသည် ညာဘက်လက်ကို မြှောက်ပြီး ကြည့်လိုက်၏ ။
သူ့လက်မောင်းတစ်ခုလုံး အားနည်း၍ ထုံကျင်နေကာ သွေးများအဆက်မပြတ် စိမ့်ထွက်နေသည် ။
ဤအကြိမ်တွင် ချောင်မူသည် ကောင်းကင်နတ်ဆိုးပြိုကွဲခြင်းစွမ်းရည်ကို ခဏသာ အသုံးပြုခဲ့၍ မသေသော်လည်း အခြေအနေ သိပ်မကောင်း ။ သူ့ ညာဘက်လက်တစ်ခုလုံး စုတ်ဖြဲ ခံလိုက်ရသလို ခံစားနေရ၏ ။
' ငါ လက်ကျိုးနေတာဆိုတော့ စစ်သားတွေ လက်ထဲကနေ ပြေးလို့ လွတ်မှာ မဟုတ်ဘူး.. ဒါ ကျိုးကြောင်းဆီလျော်တယ်မှလား.. '
ယခု ချောင်မူသည် လှပစွာသေဆုံးရန်သာ စဉ်းစားရပေတော့မည် ။
'ငါမသေခင် ဘယ်လို ကြုံးဝါးသင့်လဲ.. ဘယ်လို စကားတွေကို အော်ဟစ်ပြောရင် ကောင်းမလဲ.. '
ချောင်မူ အတွေးနက် နေ၏ ။ အဆင့်မြင့် အကဲဖြတ်မှုကို ရရှိရန် အလေးအနက် ထားရမည် ။
အရင်သေဆုံးမှုတွင် ချောင်မူသည် လူတစ်ထောင်ကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့၏ ။ ထို့ကြောင့် သူ၏ သူရဲကောင်းဆန်မှုက ရဲဘော်ရဲဘက်များ၏ နှလုံးသားအတွင်းဝယ် နက်ရှိုင်းစွာ စွဲထင်သွားစေသည် ။
ဤ သို့ သူရဲကောင်းဟန်ပန် ဖြစ်စေရန် သူ၏ စိတ်ထဲတွင် ငါးကြိမ် လေ့ကျင့်ခဲ့ရ၏ ။
ချောင်မူ သူ့ကိုယ်သူ သေကြောင်းကြံစည်ရန် စဉ်းစားနေစဥ် ချိုင့်ဝှမ်းအောက်မှ ရင်းနှီးသော အသံတစ်သံ အော်ဟစ်နေသည်ကို ကြားလိုက်ရ၏ ။
" ဓားပြတွေ လာနေပြီ.."
" ဓားပြတွေ လာနေပြီ.."
ယန်မြို့စောင့် တပ်သားများသည် တိုက်ပွဲ အတွေ့အကြုံမရှိကြ ။ ယခု သူတို့၏ခေါင်းဆောင် လုပ်ကြံသတ်ဖြတ်ခံရသောအခါ မည်သို့ ဆက်လုပ်ရမည်ကို မသိဘဲ ခေါင်းမပါသော ကြက်များလို ဝရုန်းသုန်းကား ဖြစ်ကုန်ကြသည် ။
ခဏအကြာတွင် စစ်သည်များသည် ချောင်မူ မျှော်လင့်ထားသလို တောင်တွေကို ရှာဖွေမယ့်အစား ယန်မြို့ဘက်ကို ထွက်ပြေးသွားကြ၏ ။
"ဟ ..ဘာလို့ သူတို့ထွက်ပြေးသွားကြတာလဲ.. ချီး .. မင်းတို့ ထွက်ပြေးရင် ငါဘယ်လို သေရတော့မှာလဲဟ .."
ချောင်မူ ဆွံအသွားသည် ။
" ငါ ဘယ်လို သေရမလဲ ဆိုတာ စိတ်ထဲမှာ နှစ်ခါတောင် သရုပ်ဖော် ကြည့်ပြီးပြီးလေ.. ငါ ပြောရမယ့် စကားတွေလည်း စီပြီးသွားပြီ.. မင်းတို့ ထွက်ပြေးလို့ ရမလားကွ.. "
ချောင်မူ သွေးအန်လု နီးပါး ဖြစ်သွား၏ ။
သူ့ကိုယ်သူ ချောင်မူ၏ အကိုအဖြစ် ဟန်ဆောင်ကာ ရဲရင့်စွာ သေဆုံးရန် ပြင်ဆင်ထား သော်လည်း စစ်သည်များ ထွက်ပြေးသွားကြလေပြီ ။ ယန်မြို့စောင့်တပ်သည် ဤမျှ ကြောက်တက် နေသည်လော ။
' ငါဘာလုပ်ရမလဲ ..ခု သူတို့နောက်ကိုလိုက်သွားလို့လဲ မဖြစ်ဘူး .. ငါကိုယ်တိုင်လက်စားချေပြီးသားဆိုတော့ နောက်က လိုက်သွားရင် ဒီဇာတ်ညွှန်းက ယုတ္တိသိပ်မရှိတော့ဘူး .. ငါ သေရင် အဆင့်မြင့် အကဲဖြတ်ချက် ရမှာ မဟုတ်ဘူး ..'
ချောင်မူ စဥ်းစားနေသော်လည်း ကြံရာ မရသဖြင့် စစ်သည် များတဖြည်းဖြည်း ဝေးသွားသည်ကိုသာ ထိုင်ကြည့်နေလိုက်တော့သည် ။ ဤနေ့ ကံမကောင်းပါတကား ။
' တကယ်ဆို ဒီလို မဖြစ်သင့်ဘူးလေ.. ငါဘာမှား သွားတာလဲ.. '
ချောင်မူသည် သူအမှား လုပ်မိသည်များကို ပြန်စဉ်းစားကြည့်လိုက်သည် ။ အဓိကအကြောင်းရင်းမှာ တောင်ပေါ်ဓားပြများ လာနေပြီဟု တစ်စုံတစ်ယောက်က အော်ဟစ်နေပြီး စစ်သားများက ၎င်းကို နောက်ထပ် ချုံခိုတိုက်ခိုက်မှုတစ်ခုဟု ထင်ကာ ဆုတ်ခွာသွားခြင်း ဖြစ်နိုင်သည်။
' နေပါအုံး ..အဲ့ဒါ သောက် အဘိုးကြီး ဟွမ် ရဲ့ အသံနဲ့ တူတယ်.. '
ချောင်မူ စဥ်းစားရင်း ဒေါသ ထွက်လာ၏ ။
' သောက် အဘိုးကြီးဟွမ်.. ငါမင်းကို ဓားတွေ လှံတွေ ကနေ ကာကွယ်ဖို့ ငါ့ ခန္ဓာကိုယ်ကို သုံးခဲ့တာနော်.. အခု သောက်ကျိုးနည်း ကျေးဇူးဆပ်နေတာလား.. '
ပို၍ ဆိုးသည်မှာ တပ်မှူးကြီး ချူးအား သတ်လိုက်သည်မှာ ဓားပြခေါင်းဆောင်ဟု လူတိုင်း ထင်သွားကြခြင်းပင် ။ သူ၏ ဂုဏ်သိက္ခာအား လုယူခံလိုက် ရလေပြီ ။
' ယီး..ယီး..ယီး.. ငါ့ကို အဆင်ပြေပြေလေးသေခွင့် ပေးကြပါလားကွာ.. '
ချောင်မူ အကူအညီမဲ့စွာ ဒေါသထွက်နေစဥ် ပတ်ဝန်းကျင်မှ အလျင်အမြန်ပြေးလာကြသော ခြေသံများကို ကြားလိုက်ရ၏ ။
သူ လှည့်ကြည့်ပြီးနောက် အံ့အားသင့်သွားသည် ။
ဓားပြများ တစ်ဖန်ပြန်လည် ရောက်ရှိလာပြီး သူ့ကို ဝန်းရံထားကြ၏ ။
' ဒီကောင်တွေ တကယ် ရောက်လာတာလား..'
' ငါကို ဒီလောက် မြန်မြန် ဝိုင်းထားတယ် ဆိုတော့ ..သူတို့ ထွက်ပြေးသွားတာ မဟုတ်ဘူးပဲ .. နောက်တစ်ခါ ချုံခို တိုက်ခိုက်ဖို့ စောင့်နေတာပဲ ..'
ဤသည်ကို တွေးရင်း ချောင်မူသည် ဓားပြများအပေါ် လေးစားလာမိ၏ ။ သူ၏ မျက်လုံးများ တောက်ပလာသည် ။
ထို့နောက် ချောင်မူသည် ခန္ဓာကိုယ်ကို မတ်မတ်ရပ် လက်သီးကို တင်းတင်ဆုပ်ကာ သက်ရှည်လက်သီးသိုင်းဟန်ဖြင့် ရပ်နေလိုက်သည် ။
သို့သော်လည်း သူ၏ ညာဘက်လက်မှ သွေးများ အဆက်မပြတ် စီးကျနေ၏ ။
" ငါတို့ ချောင်မိသားစုက ဘယ်တုန်းကမှ မကြောက်တက်ခဲ့ဘူး.. "
ချောင်မူက ဓားပြများကို အေးစက်စက် မျက်နှာနဲ့ ရင်ဆိုင်လိုက်ပြီး သူ့အကြည့်များက မီးတောက်တခုလို ဖြစ်နေသည်။
" လက်နက် မရှိရင်တောင်.. လက်တစ်ဖက် ကျိုးနေရင်တောင်.. ငါ မင်းတို့ ဓားပြတွေကို ဘယ်တော့မှ ဦးမညွှတ်ဘူးကွ.. "
ချောင်မူ ချက်ချင်းပင် ဇာတ်ကောင်မုဒ်ထဲသို့ ဝင်သွားသည်။
အရည်အသွေးမြင့် သေခြင်းတရား၏ ချိုမြိန်မှုကို သူမြည်းစမ်းပြီးကတည်းက မောင်ကြံတစ်တို့ ဖြစ်သွား၏ ။ သူ ကြွားရသည်ကို နှစ်သက်သွားသည် ။ အကြွားလွန်၍ သေရမည်ဆိုလျှင် ပျော်ပျော်ကြီး ထ က မိချေမည် ။
ယခု သူ ဆိုလိုချင်သည်က...
' ငါ လက်တစ်ဖက် ကျိုးနေပြီ.. ငါ မသန်စွမ်း ဖြစ်နေပြီ.. ငါ့ကောင်တို့ မြန်မြန်လာပြီး ငါ့ခေါင်းကို လာဖြတ်.. '
ဓားပြများ ချောင်မူ၏ ရုပ်သွင်ကို သေချာ မြင်လိုက်ရလျှင် အံ့သြကုန်ကြသည် ။
"ဒါ..ဒါ လှံနဲ့ တစ်ယောက်တည်း ပြေးဝင်လာတဲ့ စစ်သား မှတ်လား "
" သူသေသွားပြီလေ.. ငါကိုယ်တိုင်မြင်ခဲ့တာ..ငါ သူ့ကို မြားနဲ့တောင် ပစ်လိုက်သေးတယ်.. "
" အဲဒီလူသတ်နတ်ဘုရားက အသက်ရှင်နေသေးလား.."
" သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဒဏ်ရာတွေ အများကြီးပဲလေ.. သူ လှံနဲ့ အထိုးခံရတာကို ငါ သေချာ မြင်လိုက်တယ်.. ဒါပေမယ့် ဒဏ်ရာတွေက ဘယ်လိုပျောက်သွားတာလဲ.."
"ဒါ...ဒါ..မဖြစ်နိုင်ဘူး.."
ဓားပြများသည် အစပိုင်းတွင် အံ့အားသင့်သွားကြပြီး ထို့နောက် ကြောက်ရွံ့သွားကြကာ နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်သွားကြသည်။ သူတို့အားလုံး ခြေလှမ်းသုံးလှမ်း နောက်သို့ဆုတ်ကာ စက်ဝိုင်းကြီးတစ်ခု ဝိုင်းလိုက်ကြသည်။
သေပြီးနောက် အသက်ပြန်ရှင်လာသည်လော ။ သူတို့၏ မျက်စိအောက်တွင် သေဆုံးခဲ့သူအား အရှင်လတ်လတ်ကြီး မြင်နေရ၍ ကြက်သီးထ ကုန်၏ ။
ချောင်မူလည်း ဓားပြများ၏ ကြောက်ရွံ့မှုကို သတိထားမိသွားသည် ။ သူ ရှင်းပြမှ ဖြစ်မည်ကို သိလိုက်၏ ။
" မကြောက်နဲ့ ..မကြောက်နဲ့ ..ငါ တကယ်သေသွားပြီ.. အခု ငါက ငါ့ရဲ့အစ်ကိုကြီး ချောင်လင်းပဲ..."
ချောင်မူ သည် သူ စကားမှား သွားသည်ကို သတိထားမိပြီး ပြန်ပြောင်းပြောလိုက်သည် ။
" အဟမ်း.. ယန်မြို့စောင့် တပ်မှူး ချောင်မူက ငါ့ ညီလေးပါ.. သူ မင်းတို့လက်ချက်နဲ့ ဝမ်းနည်းစွာ သေဆုံးသွားခဲ့ရတယ် .. ငါ နောက်ကျမှ ရောက်လာပြီး ငါ့ရဲ့ ညီလေးကို မကယ်တင်နိုင်ခဲ့တာကိုပဲ နောင်တရမိတယ် .. "
ဓားပြများ ခဏတာ ရှုပ်ထွေးနေကြ၏ ။ ဓားပြတစ်ယောက်က အသက် ၂၈ နှစ်အရွယ် ချောင်မူ၏ ရင့်ကျက်သော မျက်နှာကို ဂရုတစိုက် ကြည့်လိုက်သည်။
" သူတို့နှစ်ယောက်က လူတစ်ယောက်တည်းတော့ မဟုတ်ဘူး .. သိသာပါတယ်ဟ .. ဒီ တစ်ယောက်က အသက်ပိုကြီးတယ် .."
" သူ လှံနဲ့ ယန်မြို့က တပ်မှူးကြီး ချူးကို ပစ်လိုက်တာ ငါမြင်လိုက်တယ်.."
" သူက ရန်သူ ခေါင်းဆောင်ကို သတ်လိုက်တာဆိုတော့ စစ်ခွေးတော့ မဟုတ်ဘူး.. ဒါပေမဲ့ သူက ရန်သူလား.. မိတ်ဆွေလား.."
ဓားပြများ ဆွေးနွေး နေကြ၏ ။
သို့သော်လည်း ချောင်မူအပေါ်သို့ အကြည့်များသည် ကြောက်ရွံ့ထိတ်လန့်မှုများနှင့် ပြည့်နှက်နေဆဲပင် ။
သေသည်အထိ ရဲရင့်စွာ တိုက်ပွဲဝင်ခဲ့သော ချောင်မူ ၏ ချန်ထားခဲ့သော ပုံရိပ်မှာ အလွန်နက်ရှိုင်းလွန်းလှသည် ။
သူတို့၏ရှေ့တွင် ရပ်နေသည့် ချောင်လင်းက ချောင်မူထက် ပိုသန်မာ နေသည်မှာ ထင်ရှား၏ ။ သူတို့ မည်သို့ ဆက်လုပ်ရပါမည်နည်း ။
" ခေါင်းဆောင်ရဲ့ အမြင်ကို သွားမေးကြည့်ရအောင်.."
ဓားပြ တစ်ယောက်က အကြံပြုလိုက်လျင် အကုန်လုံး သဘောတူ လိုက်ကြ၏ ။ ဤသည်ကို ကြည့်ချင်းဖြင့် ဓားပြခေါင်းဆောင်၏ လွှမ်းမိုးမှုမှာ ကြီးမားမှန်း သိနိုင်သည် ။
"ဓားပြဘုရင် ဝမ့်စုန်းဟဲလား.."
ချောင်မူ စိတ်ဝင်စားသွားသည် ။ သူ ဂုဏ်သိက္ခာ ရှိရှိ သေဆုံးရန် အဆင့်မြင့် ရန်သူတစ်ယောက် လိုအပ်ပေသည် ။
ဓားပြများ၏ စကား နှင့် သူ ကြုံ့တွေ့ခဲ့ရသည့် ချုံခိုတိုက်ခိုက်မှုများကြောင့် ဓားပြဘုရင် ဝမ့်စုန်ဟဲသည် သာမန်လူတစ်ယောက် မဟုတ်မှန်း သိသာလှသည် ။
တပ်မှူးကြီး ချူး ကို လုပ်ကြံရန် သူ၏ကြိုးပမ်းမှုကို လျင်မြန်စွာ သိရှိပြီး သူ့ကို ဝိုင်းရံထားခြင်းဖြင့် ဓားပြများသည် ထိတ်လန့်တကြား ထွက်ပြေးသွားခြင်းမဟုတ်ဘဲ ဗျူဟာကျကျ ဆုတ်ခွာသွားခဲ့ကြောင်း ထင်ရှားသည်။
တပ်မှူးကြီး ချူးသာ ဓားပြများ၏နောက် ဆက်လိုက်ပါက အခြေအနေ ကောင်းမည့်ပုံ မပေါ်ချေ ။
ချောင်မူသည် ခွန်အားကြီးသူများနှင့် ဆက်ဆံရသည်ကို အကြိုက်ဆုံးပင် ။ ထိုသူများကသာ ပို၍အန္တရာယ်များပြီး အဆင့်မြင့် သေဆုံးမှုအတွက် အခွင့်အလမ်း ပိုပေးနိုင်သည် ။