ယန်မြို့...
Vol. 3 Ch. 23
အဘိုးကြီးဟွမ်နှင့် ဘုန်းကြီး တို့ တပ်သားများကြားတွင် လမ်းလျှောက်နေကြသည်။
တပ်မှူးကြီး ချူး ဆုတ်ခွာခြင်းမပြုမီ ရက်စက်စွာ လုပ်ကြံခံခဲ့ရသော်လည်း ဤစစ်သားများသည် နောက်ထပ်ချုံခို တိုက်ခိုက်မှု မခံရဘဲ ယန်မြို့သို့ ဘေးကင်းစွာပြန်လာနိုင်ခဲ့သည်။
ဓားပြများကို နှိမ်နင်းမည့် စစ်ဆင်ရေးသည် တပ်မှူးကြီး သေဆုံးသွားသဖြင့် အောင်ပွဲဟု မယူဆ နိုင်တော့ပေ ။
အဘိုးကြီးဟွမ်နှင့် အခြားသူများ ဝမ်းနည်းကြသော်လည်း ဓားပြများကို တိုက်ခိုက်ခြင်း၏ အောင်မြင်မှု သို့မဟုတ် ကျရှုံးမှုနှင့် ဘာမှမဆိုင် ။ သူတို့သည် သူတို့၏ပခုံးပေါ်တွင် ထမ်းထားသော အလောင်းအတွက် ပို၍ စိုးရိမ်နေကြသည် ။
" ငါတို့ ယန်မြို့ကို ရောက်လာတာ မြန်လိုက်တာ.. "
" တပ်မှူးရဲ့ မိသားစုကို ဘယ်လို ဖွင့်ပြောရပါ့မလဲ.. "
" ဒါမှမဟုတ် လျော်ကြေးငွေ ရတဲ့အထိ စောင့်ပြီးမှ သွားလိုက်ရမလား.. "
အဘိုးကြီး ဟွမ် နှင့် တခြားသူများ တိတ်တဆိတ် ဆွေးနွေးနေကြစဥ် လမ်းဘေး ခေါက်ဆွဲဆိုင်တစ်ဆိုင်တွင် မျက်စိမှိတ်ပြီး လမ်းကို မျက်နှာမူထိုင်နေသော မျက်မမြင် မိန်းကလေးတစ်ယောက်ကို မတော်တဆ သတိထားမိလိုက်ကြ၏ ။
သူတို့ တိုင်ပင် စရာမလိုဘဲ တိတ်ဆိတ်သွားကြသည် ။ မည်သူမှ စကားမပြောဘဲ အလောင်းကိုသာ ဆက်သယ်သွားကြ၏ ။ ကံကောင်းသည်က မျက်မမြင်ဖြစ်၍ သူတို့ သယ်လာသည်ကို မြင်ရမည်မဟုတ်ချေ ။
တပ်စခန်းသို့ ရောက်သည့်အချိန်မှသာ အားလုံး သက်ပြင်းချနိုင်တော့သည် ။
စစ်သည်တိုင်းတွင် ဓားပြများနှင့် ရင်ဆိုင်ရာ၌ ကျွမ်းကျင်မှုကိုယ်စီ ရှိကြ၏ ။ သံတုတ်ချောင်း စွမ်းရည်သာ သိသည့် အဘိုးကြီး ဟွမ်ပင် မည်သို့ ပုန်းအောင်နေရမည်ကို သိပေသည် ။
တိုက်ပွဲတွင် ကျဆုံးသွားသည့် ရဲဘော်ရဲဘက် များ၏ မိသားစုများနှင့် ရင်ဆိုင်ရမည်ကို ဓားပြများနှင့် ရင်ဆိုင်ရမည်ထက်ပင် သူတို့ ကြောက်ကြ၏ ။
အဘိုးကြီးဟွမ် သက်ပြင်းချလိုက်ချိန်တွင် သူ့နောက်မှ ပုခုံးအား ပုတ်လိုက်၏ ။
" အလောင်းသယ်လာပေးတာ ကျေးဇူးတင်ပါတယ် .."
စကားပြောလိုက်သူက မျိုးရိုးနာမည် ချူး ဟူသည့် တပ်မှူးတစ်ယောက်ပင် ။ တပ်မှူးကြီး ချူး၏ ဆွေမျိုး ဖြစ်သည် ။ ထို့ကြောင့် တပ်မှူးကြီး ချူးက လူယုံအဖြစ် အနားတွင် ခေါ်ထားခြင်းပင် ။
" ငါတို့ ရဲဘော်ရဲဘက်တွေရဲ့ ဈာပနကို စခန်းက တာဝန်ယူမှာမို့ မင်းတို့ စိတ်ပူနေစရာ မလိုပါဘူး.. "
အဘိုးကြီး ဟွမ် ခဏကြာ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်လိုက်၏ ။
တပ်မှူးချူးသည် သူ၏ အထက်အရာရှိ မဟုတ်သော်လည်း သာမန်စစ်သည်တစ်ယောက် ပြန်လှန်၍ ရမည်မဟုတ် ။ ဦးညွှတ်၍ နာခံရုံသာ တက်နိုင်တော့သည် ။
အဘိုးကြီးဟွမ် ထွက်သွားပြီးနောက် တပ်မှူး ချူး က ချောင်မူ၏ အလောင်းကို ကြည့်ပြီး တိတ်တိတ်လေးရယ်လိုက်သည် ။
သူ ချောင်မူ၏ အလောင်းကို စိတ်မဝင်စားသော်လည်း စိတ်ဝင်စားနေသည့်သူ ရှိနေ၏ ။ တပ်မှူးကြီး ချူး သေဆုံးသွားသော်လည်း ဤတာဝန်ကို သူ ဆက်လက် ဆောင်ရွက်ရပေမည် ။ အကျိုးရလဒ်အားလုံးက သူ့အတွက်သာ ဖြစ်သည် ။
…………….
မြို့ပြင်ရှိ တုန်ရှန်တောင်...
ချောင်မူက ဓားပြများ၏ ဖိတ်ခေါ်မှုကို အသာတကြည် လက်ခံလိုက်သည် ။ သူ ဓားပြခေါင်းဆောင်ကို မြင်ချင်သည့်အပြင် အားနည်းနေ၍ ထွက်ပြေးနိုင်မည် မဟုတ်ချေ ။
တောအုပ်ကို ဖြတ်ကျော်ပြီးနောက် တောင်ကုန်းလေးတစ်ခုသို့ ရောက်လာသည် ။
ချောင်မူသည် သစ်ပင်တစ်ပင်အောက်တွင် စောင့်နေသော သပ်သပ်ရပ်ရပ်ဖြင့် လူလတ်ပိုင်းအရွယ် ပညာရှင် တစ်ယောက်အား အစောင့်ဓားပြများနှင့်အတူ တွေ့လိုက်ရသည် ။
"ခင်ဗျားက ဓားပြတွေရဲ့ ဘုရင်လား.."
ချောင်မူ အနည်းငယ် အံ့သြသွားသည် ။
ဓားပြ ဘုရင် တစ်ယောက်သည် ကြမ်းကြမ်းတမ်းတမ်း အသွင်အပြင် ရှိသင့်သည် မဟုတ်လော ။ မည်သည့်အတွက်ကြောင့် ပညာရှင်တစ်ယောက် ဖြစ်နေရပါသနည်း ။
ယခု ဓားပြဘုရင်၏ မျက်နှာမှာ ကျောက်စိမ်းလို နူးညံဖြူစင်နေပြီး ယဥ်ကျေးသည့် ပညာရှင်တစ်ယောက်အသွင် ဖြစ်နေလေသည် ။
ပညာရှင်က အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။
" ကျုပ်မျိုးရိုးနာမည်က ဝမ် ဖြစ်ပြီး နာမည်က စုန့်ဟဲ ပါ.. တောင်ဘုရင်ဆိုတဲ့ ဘွဲ့နာမည်က လူတွေ ချဲ့ကားလျောက်ပြောလို့ ဖြစ်လာတယ့် အထင်လွဲမှု တစ်ခုပဲ.. "(မူရင်းဘာသာပြန်သူ - ဝမ် ဆိုတာ တရုတ်လို ဘုရင်လို့ အဓိပ္ပာယ်ရပါတယ်)
" အဟွတ်.. အဟွတ်..အဟွတ်.. "
ဝမ်စုန့်ဟဲ သည် စကားပြောနေစဥ် ရုတ်တရက် ပါးစပ်ကို လက်ဖြင့်အုပ်၍ အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ရာ လက်မှ သွေးအနည်းငယ် စီးကျလာသည် ။
' သူက နေမကောင်းတဲ့ ပညာရှင်လား.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. '
ချောင်မူ ၏ မျက်ခုံး အနည်းငယ် တွန့်ကွေးသွားသည်။
ဤပညာရှင်သည် သူ့ထက်ပင် အားနည်းနေသည်ဟု ထင်ရသော်လည်း အန္တရာယ် အငွေ့အသက်ကို ခံစားမိနေသည် ။
အန္တရာယ်အငွေ့အသက်ကြောင့် သူ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ပြီး ကာကွယ်မည့်ဟန်ဖြင့် လက်အသင့်ပြင်ထားသည် ။
ဝမ်စုန့်ဟဲ သည် ချောင်မူ၏ တုံ့ပြန်မှုကို သတိထားမိသော်လည်း ပေါ့ပေါ့ပါးပါးသာ ပြုံးပြလိုက်ပြီး...
" မင်းရဲ့မျိုးရိုးနာမည်က ချောင်လို့ကြားတယ်.. ပြီးတော့ မင်းက ယန်မြို့စောင့်တပ်က တပ်မှူးချောင်မူရဲ့ အစ်ကိုကြီးဆို .."
"အဲဒီတပ်မှူး ချောင်မူ ဆိုတယ့်သူက အလွန်ရဲရင့်ပြီး သတ္တိရှိတာပဲ.. သူက တကယ့်ကို အစစ်အမှန် သူရဲကောင်း တစ်ယောက်ပဲ .."
ဝမ်စုန့်ဟဲ ၏ စိတ်နေသဘောထားမှာ အလွန်ကြင်နာပြီး ဖော်ရွေနေသောကြောင့် ချောင်မူ အံ့အားသွား၏ ။ သူတို့ နှစ်ယောက်သည် အသက်လု တိုက်ခိုက်နေသည့် ရန်သူမဟုတ်သလိုပင် ။
ဝမ်စုန့်ဟဲက...
" ချောင်လင်း .. မင်းမှာ ထူးချွန်ထက်မြက်တဲ့ ပါရမီ ရဲစွမ်းသတ္တိနဲ့ ခွန်အားရှိတယ် .. မင်းက တကယ်ကို ကြီးကျယ်တဲ့ သူရဲကောင်းပဲ .. မင်းသာ ငါနဲ့ လက်တွဲရင် ဒီရှုပ်ထွေးတဲ့ ကမ္ဘာကြီးမှာ ငါတို့အတူတူ ကြီးကျယ်တဲ့အရာတွေကို ပြီးမြောက်အောင်မြင်နိုင်လိမ့်မယ် .."
' သူ ငါ့ကို စုဆောင်းချင်နေတာလား.. '
ချောင်မူ သံသယဝင်သွားပြီး...
"ငါ့ညီ ချောင်မူက မင်းတို့ဓားပြတွေလက်ချက်နဲ့ သေခဲ့တာနော် ... ပြီးတော့ သူက မင်းတို့လူတွေ အများကြီး သတ်ထားတာ .."
"မင်းက ချောင်မူရဲ့ အစ်ကိုပဲလေ .. ချောင်မူကိုယ်တိုင်မှ မဟုတ်တာ.. ပြီးတော့ ချောင်မူက သေသွားပြီဆိုတော့ ငါတို့ကြားက မကျေနပ်ချက်တွေကို ဖြေရှင်းပြီးသားပဲ ..မင်းက စစ်သားတွေကို ဦးဆောင်နေတဲ့ တပ်မှူးကြီး ချူးကိုတောင် သတ်ပစ်လိုက်တယ်.. ဒါ ငါတို့ကို ကူညီလိုက်တာပဲလေ.. "
ဝမ်ဆုန်ဟဲက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။
" ဒီနေ့ခေတ်မှာ သတ်ဖြတ်တာက သံသရာလည်နေသလိုပဲ... မင်းက ငါ့သတ် ငါက မင်းသတ်.. အမှန် အမှားဆိုတာ ဘယ်မှာ ရှိလို့လဲ.. "
" ငါတို့ နှစ်ယောက်လုံး မမှားဘဲ ကမ္ဘာကြီး ကိုယ်တိုင်က မှားနေတာလဲ ဖြစ်နိုင်တာပဲ.. "
ချောင်မူ ခဏတာ တိတ်ဆိတ်နေခဲ့သည် ။ ဤလောကတွင် ရန်သူများကို ဗိုလ်ချုပ်အဖြစ် စုဆောင်းခြင်းသည် ပုံမှန်သာ ဖြစ်၏ ။ သို့ရာတွင် ဤသည်က အရေးမကြီး ။ သူ ဓားပြအဖြစ် တောင်ထဲတွင် ပုန်းမနေချင်ပေ ။
ချောင်မူ က ပြတ်သားစွာ ပြောလိုက်သည်။
"ကောင်းကင်နဲ့ မြေကြီးကြားမှာ မွေးဖွားလာတဲ့ စစ်မှန်တဲ့ ယောက်ျားကောင်းတစ်ယောက်ဆိုတာက သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားပြီး နေသင့်တယ်.. လူတွေကို လုယက်ပြီး တောင်ပေါ်မှာ လိပ်လို ပုန်းနေတာ ယောက်ျားကောင်းလို့ မခေါ်ထိုက်ဘူး.. "
ချောင်မူသည် သူ၏ ပြဇာတ်ကိုသာ ပြန်လည်ကပြရန် ဆုံးဖြတ်လိုက်၏ ။
သေဆုံးမှုအကဲဖြတ်ချက် ကောင်းမွန်စေရန် တဖက်လူကို တမင် ဆွပေးလိုက်သည် ။
ဝမ်စုန့်ဟဲက စိတ်မဆိုးဘဲ ခပ်ဖျော့ဖျော့ ပြုံးလိုက်သည် ။
' ညီအစ်ကိုချောင် ကျုပ်တို့ဓားပြတွေကို အထင်လွဲနေတယ် ထင်တယ်.. '
" ညီလေးချောင် ဒီဓားပြတွေ ဘယ်ကလာလဲဆိုတာ ခန့်မှန်းကြည့်ပါဦး.. "
" တုန်ရှန်တောင်လို တောရိုင်းဒေသတစ်ခုမှာ ဘာလို့ ဒီလောက်ဓားပြတွေ အများကြီး စုဝေးနေတာလဲ ..ဒါက ယန်မြို့စောင့် တပ်သားတွေ မျှော်လင့်ထားတာထက် အများကြီး ပိုများနေတာပဲ မှတ်လား.."
ချောင်မူ ပြန်မဖြေ ။ တိတ်ဆိတ်၍သာ နေခဲ့သည် ။
သူ ယန်မြို့ခံ မဟုတ်သဖြင့် မသိချေ ။
ချောင်မူ တိတ်ဆိတ်နေသည်ကိုမြင်လျှင် ဝမ်စုန့်ဟဲက ဆက်ရှင်းပြသည် ။
" သိုင်းသူတော်စင် ဦးဆောင်တဲ့ စစ်တပ်ကြီး မျိုးနွယ်ခြားတွေနဲ့ တိုက်ပွဲမှာ ကျရှုံးခဲ့တာကစပြီး ငါတို့ ယန်အင်ပါယာရဲ့ ကံကြမ္မာက ကျဆင်းလာခဲ့ရတယ်.. "
" ခုခေတ် ငါတို့ရဲ့ဧကရာဇ်က အားနည်းပြီး ဘာမှ မစွမ်းဆောင် နိုင်ဘူး.. မျိုးနွယ်ခြားတွေကို ဖားယားဖို့ ငါတို့ တိုင်းသူပြည်သားတွေ ဆီကနေ ရသလောက်ညှစ်ယူနေတာ .."
" ရလဒ်အနေနဲ့ အခွန်ကောက်ခံမှုတွေက ပိုပိုပြီး တိုးလာတယ် .. ပြည်သူ တွေ ပိုပြီး ဝန်ထုပ်ဝန်ပိုးဖြစ်လာတော့ ကပ်ဘေးတွေ ဒုက္ခဆင်းရဲတွေ ဖြစ်လာတာ ဆယ်စုနှစ် တစ်ခု မကတော့ဘူး .. "
" လွန်ခဲ့တဲ့ တစ်လလောက်တုန်းက ယန်မြို့မှာ အငတ်ဘေးဖြစ်တာ မင်းသိလား.. ယန်မြို့ရဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ ဆယ်အိမ်ဆို လေးအိမ် ဒါမှမဟုတ် ငါးအိမ်လောက်ပဲ လူတွေကျန်တော့တယ်.. "
" အဲ့ပျောက်သွားတဲ့ ဆင်းရဲသားတွေ အားလုံး ဘယ်ရောက်သွားတယ်လို့ မင်းထင်လဲ.. "
ချောင်မူ အနည်းငယ် အံ့အားသင့်သွားပြီး ပတ်ဝန်းကျင်ရှိ ဓားပြများကို တစ်ချက်ကြည့်လိုက်ကာ မေးလိုက်၏ ။
"ဒါက မင်းတို့ ဓားပြဖြစ်ရတဲ့ အကြောင်းရင်းလား.. "
ဝမ်စုန့်ဟဲ က ဆက်၍ ရှင်းပြသည် ။
"မင်းရော ငါပါ သူတော်စင်တွေ မဟုတ်ဘူး.. ဒီလောက်ရှုပ်ထွေးနေတဲ့ လောကကြီးမှာ လက်တွေ သွေးမစွန်းဘဲ ရှင်သန်ဖို့ဆိုတာက မဖြစ်နိုင်သလောက်ပဲ.. ငါတို့လုပ်နိုင်တာက အတက်နိုင်ဆုံး မကောင်းမှုကို ရှောင်ရှားရုံပဲ.. ငါတို့ နတ်ဆိုး မဖြစ်အောင်သာ ကြိုးစားရမယ်.. "
" ပြီးတော့ ငါတို့ ဖြစ်ချင်တဲ့ ဓားပြမျိုးက လမ်းပေါ်မှာ လုယက်ပြီး ဓားပြတိုက်နေတာမျိုး မဟုတ်ဘူး .."
" ဪ .. တခြားဓားပြ အမျိုးအစား ရှိသေးတယ်ပေါ့ .."
ချောင်မူက မေးလိုက်သည်။
အသက်လတ်ပိုင်းအရွယ် ပညာရှင်က ...
" ငါတို့လို မဟာယန်ရဲ့ ဥပဒေကို ဆန့်ကျင်နေတဲ့ ဓားပြမျိုးကို တောတွင်းသူပုန်လို့ ခေါ်တယ်ကွ.. "
"တောင်တွေကတော့..."
ဝမ်စုန့်ဟဲ သည် မတ်မတ်ရပ်လိုက်ကာ အဝေးတွင်ရှိသော ကြမ်းတမ်းသည့် တောင်ထွတ်များကို ငေးကြည့်ရင်း ...
" ဒီကမ္ဘာပေါ်မှာ တောင်တွေ အများကြီးရှိတယ်.. "
" တချို့ တောင်တွေက မိုးထိအောင် မြင့်မားလွန်းလို့ နေ့ နဲ့ ညကိုတောင် ပိုင်းခြားထားနိုင်တယ် .."
" တချို့တောင်တွေက လူတွေရဲ့ နှလုံးသားထဲမှာ အမြစ်တွယ်နေပြီး ပုံသဏ္ဍာန် မရှိပင်မယ့် လူတွေရဲ့ ဘဝခရီးကို အခက်အခဲဖြစ်အောင် တားဆီး နေကြတယ်.. "
" တချို့တောင်တွေက လူတွေရဲ့ခေါင်းပေါ်မှာ ဝဲပျံ နေပြီး အလေးချိန်မရှိပေမယ့် လူတွေရဲ့ကျောရိုးကို ကျိုးတဲ့အထိ ဖိနှိပ် နိုင်စွမ်းရှိတယ်.. "
ဝမ်စုန့်ဟဲ က လှည့်လိုက်ပြီး ချောင်မူကို စိုက်ကြည့်ကာ စကားလုံးတိုင်းကို အလွန် လေးနက်စွာဖြင့် ...
" ငါ .. ဝမ်စုန့်ဟဲ .. လူသားတွေအပေါ် ဒုက္ခပေးနေတဲ့ .. ဒီတောင်တွေ ပေါ်မှာ ခိုအောင်းနေတဲ့ မိစ္ဆာကောင်တွေကို အမြစ်ပြတ်သည်အထိ ဖယ်ရှား ရှင်းလင်းပစ်ဖို့ သစ္စာဆိုတယ်.. "