" ဒီ မျိုးနွယ်ခြား ဆိုတာက လူသားတွေပဲလား.. သူတို့ကို ဘယ်မှာသွားရှာရမှာလဲ.. "
Vol. 3 Ch. 25
၂
ချောင်မူသည် ဝမ်စုန့်ဟဲ ၏ စကားများကြောင့် ရှုပ်ထွေးသွား၏ ။ သူ ထင်မှတ်ထားသည်မှာ သိုင်းသူတော်စင်ကဲ့သို့ ကျွမ်းကျင်သူကို အနိုင်ယူနိုင်သည့် သူများမှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက် ရှိမည်ဟုပင် ။ သိုင်းသူတော်စင်၏ ခွန်အားမှာ သာမန်လူများ ယှဥ်နိုင်သင့်သည် မဟုတ်ပေ ။
ချောင်စန်းရွှယ်နှင့် ဝမ်စုန့်ဟဲ တို့၏ ပြောစကားများအရ သိုင်းသူတော်စင် သည် ပြိုင်ဘက်ကင်း ထိပ်သီး သိုင်းသမားကြီး ဖြစ်ပေသည် ။
ယခု ထို ထိပ်သီးသိုင်းသမားကြီးအား အနိုင်ယူလိုက်သူများမှာ သာမန်လူများကဲ့သို့ ပုခုံးနှစ်ဖက်ကြားမှ ခေါင်းပေါက်နေ၍ သူ အံ့သြနေ၏ ။
" ညီလေးချောင် ..ဒီနေရာက စကားပြောလို့မကောင်းဘူး .. ကျုပ် နောက် လိုက်ခဲ့ပါ .."
ဝမ့်စုန်ဟဲက ချောင်းတဟွတ်ဟွတ်ဆိုးရင်း ရှေ့မှ ဦးဆောင်သွား၏ ။ အတော်လေး နေမကောင်းဖြစ်နေပုံရသည် ။
ချောင်မူသည် လျှို့ဝှက်ခန်းတစ်ခုသို့ သွားရမည်ဟု ထင်လိုက်သော်လည်း ဝမ်စုန့်ဟဲက ဘုရားကျောင်းထဲသို့ ဝင်သွားသည် ။
ဘုရားကျောင်း( သိုင်းကားတွေထဲက တာအိုဘုရားကျောင်းနော် ) ၏ နံရံများသည် ဆေးသားများ ကွာကျနေပြီး အကွက်အပြောက်ဖြင့် ပြည့်နေ၏ ။ ဘုရားကျောင်း ခြံဝင်း အတွင်းတွင် ဓားပြများ စုဆောင်းထားသော အိုးခွက်ပုဂံ များ စုပုံနေသည် ။
ရုပ်ထုများ ထားရှိသည့် အဓိက ခန်းမကြီးတစ်ခုသာ သန့်သန့်ရှင်းရှင်း ရှိနေပေသည် ။
အပူဇော်ခံရာ နေရာတွင် အင်မော်တယ် ချင်မူ ဟူသည့် ကမ္ပည်းပြား ရှိနေပြီး သစ်သားတောင်ဝှေး ကိုင်ဆောင်ထားသော မုတ်ဆိတ် ရှည်ကြီးနှင့် အင်မော်တယ် ရုပ်ထု တစ်ခုသာ ရှိသည် ။
ချောင်မူ ဝင်လာသည့် အခိုက်တွင် သက်လတ်ပိုင်းအရွယ် လင်မယားနှစ်ယောက်သည် ရိုသေလေးစားစွာ ဒူးထောက်၍ အမွှေးတိုင်သုံးတိုင် ထွန်းညှိကာ ပူဇော်နေကြသည်ကို မြင်လိုက်ရသည် ။
ဝမ်စုန့်ဟဲ ဝင်လာသည်ကို မြင်လျှင် ထိုလင်မယားက ပြုံး၍ နှုတ်ဆက်ကာ ထွက်သွားကြသည် ။
' ဒီနေရာလေးက ဘယ်လိုကြည့်ကြည့် ဓားပြအသိုက်နဲ့ မတူဘူး.. တောင်ပေါ် ရွာလေး အတိုင်းပဲ.. '
ချောင်မူသည် တစ်ခုခု လွဲချော်နေသည်ကို ခံစားမိ၏ ။ ဝမ်စုန့်ဟဲ ၏ လုပ်ပုံ ကိုင်ပုံများမှာ ရှေးခေတ် မင်းဆက်များ ပျက်သုဥ်းချိန်တွင် ပေါ်လာသည့် သူပုန်များနှင့် နီးနီးစပ်စပ် တူနေလေသည် ။
ထူဆန်းသည်က မည်သည့်အတွက်ကြောင့် စကားပြောရန် ဤနေရာသို့ ခေါ်လာရသနည်း ။
ဝမ်စုန့်ဟဲ က ခန်းမတံခါးကို ပိတ်လိုက်၏ ။ ခန်းမအတွင်းတွင် သူနှင့် ချောင်မူသာ ရှိနေပြီး အမွှေးတိုင် အငွေ့များက လွင့်ပျံနေသည် ။ သူက စကားစပြောလိုက်သည် ။
" တကယ်တော့ မျိုးနွယ်ခြားတွေက လျို့ဝှက်ချက်တော့ မဟုတ်ဘူး.. သာမန်လူတွေကို လှည့်စားထားတဲ့ နာမည်တစ်ခုပဲ.. "
" မျိုးနွယ်ခြားတွေက လူ ဖြစ်ရုံမကဘူး ငါတို့နဲ့ ပုံစံလည်းတူတယ် ဘာသာစကားလည်း တူတယ်.. "
" အဲ့တာဆို ဘာတွေ ကွာနေလို့လဲ.. "
ချောင်မူ မျက်မှောင်ကြုံ့ပြီး မေးလိုက်၏ ။
ဝမ်စုန့်က ဘယ်ဘက်ရင်ဘက်ခြမ်းကို လက်ဖြင့် ဖိလိုက်ပြီး အေးစက်စက် ပြန်ဖြေသည် ။
" ကွာတာက သူတို့ရဲ့နှလုံးသား .. "
" မျိုးနွယ်ခြားတွေက သာမန်လူသားတွေထက် သာလွန်တဲ့ စွမ်းအား ပိုင်ဆိုင်ထားတော့ သူတို့က လူသားတွေထက် မြင့်မြတ်တယ်လို့ ခံယူထားကြတာပေါ့.. "
" ဟီးဟီး ..မျိုးနွယ်ခြား ဆိုတဲ့ နာမည်ကတော့ သူတို့ ဘာသာ ပေးထားတာ မဟုတ်ဘူး ငါတို့ ယန်အင်ပါယာ နန်းတော်က သာမန်လူတွေကို လှည့်စားဖို့ သုံးကြတာ.. "
ချောင်မူ ချက်ချင်း နားလည်သွားသည် ။
ဝမ်စုန့်ဟဲ ကဆက်ပြော၏ ။
" မျိုးနွယ်ခြားတွေက လူသားတွေထက် သာလွန်တာတော့ အမှန်ပဲ.. သူတို့က အရမ်းစွမ်းအား ကြီးတယ် အသက်အရှည်ကြီး နေရတယ်.. သူတို့ တစ်ခါလောက် လူလုံး ထွက်ပြလိုက်တာနဲ့ လူသားတွေက အရူးအမူး ကိုးကွယ်ကြတာ.. "
" ပြီးတော့ ဒါက အပေါ်ယံတွေပဲ ရှိသေးတယ်.."
ဝမ်စုန့်ဟဲက တည်ကြည်စွာ ပြောလိုက်သည် ။
" သာမန် လူသားတွေကို လွှမ်းမိုးထားတဲ့ တောင်က မဟာယန်အင်ပါယာနန်းတော်ဖြစ်ပြီး မဟာယန်အင်ပါယာနန်းတော်ရဲ့အထက်မှာ မျိုးနွယ်ခြားတွေရဲ့ တောင်ရှိတယ်.. "
" ဒီဆယ်စုနှစ်များစွာကြာအောင် အစိုးရရဲ့ ဖိနှိပ်တဲ့ မူဝါဒတွေနဲ့ ဧကရာဇ်တရားရုံးက ချမှတ်ခဲ့တဲ့ အခွန်တွေက အဲ့တုန်းက ရှုံးခဲ့တဲ့ စစ်ပွဲရဲ့ ရလဒ်တွေပဲ .."
" လူသားမျိုးနွယ်ဖြစ်တဲ့ ငါတို့ထက် မျိုးနွယ်ခြားတွေက သူတို့ကို သူတို့ မြင့်မြတ်တယ်လို့ ယူဆပြီး ငါတို့ကို အရင်းအမြစ်တွေ ပိုင်ဆိုင်မှုတွေ အဖြစ်ပဲ မြင်ကြတယ် .."
" သူတို့က လူသားတွေကို သတ္တုတွင်း ၊ စိုက်ပျိုးရေး နဲ့ မွေးမြူရေး အတွက် အလုပ်သမား အဖြစ်သုံးတယ်.. ဒီအလုပ်တွေ လုပ်ပြီးရင်လဲ အဲ့လူတွေကို သူတို့ကို ကိုးကွယ်ယုံကြည်တဲ့ နောက်လိုက်တွေ အဖြစ်လည်း သုံးသေးတယ်.. "
" သူတို့က လူသားတွေကို မျိုးတူအဖြစ် လက်မခံပင်မယ့် ..လူသားတွေ မွေးဖွား တာကနေ သေဆုံးချိန်အထိ ရသမျှ ညှစ်ယူတယ်လို့ ပြောရမှာပေါ့.."
" မျိုးနွယ်ခြား တွေက သန်မာပြီး စွမ်းအားကြီးတယ် ဆိုပင်မယ့် သူတို့ပိုင်ဆိုင်ထားတဲ့ အဲ့အရာတွေအတွက် လူသားတွေရဲ့ အသက် သွေးချွေး တွေ အသုံးပြုပြီး တည်ဆောက်ထားတာ.. "
' အရင်းရှင်တွေနဲ့ အတူတူပဲ.. '
ချောင်မူ၏ မျက်ခုံး တွန့်ကွေး သွားပြန်သည် ။ သူ၏ အရင်ဘဝတွင် သူသည် သာမန်အလုပ်သမား တစ်ဦးသာ ဖြစ်သည် ။ ထို့ကြောင့် အရင်းရှင်များအား ကြည့်မရပေ ။ သို့ပေသိ ဝမ်စုန့်ဟဲ ပြောပြ နေသည်ကို သူ နားသိပ်မလည် ။
"အဲဒါဆို မင်းပြောနေတဲ့ မျိုးနွယ်ခြား ဆိုတာက ဘာတွေလဲ.. "
ချောင်မူက ထပ်မေးလိုက်သည်။
ဝမ်စုန့်ဟဲ က လက်နှစ်ဖက် နောက်ပစ်၍ တိတ်ဆိတ်စွာ ရပ်နေပြီး ပြန်မဖြေ ။ မသိကျိုးကျွန် ပြုနေ၏ ။
ချောင်မူက ထပ်မေးရန် ပြင်လိုက်စဥ် ရင်တထိတ်ထိတ်ခုန်သွားသည် ။
ဝမ့်စုန်ဟဲ ပြောသည့် စကားများထဲတွင် အဖြေပါနေသော်လည်း သူ လျစ်လျူရှု ထားမိ၏ ။ ယခု ဝမ်စုန့်ဟဲ စကားပြောနေစဥ် နေရာ တစ်ခုကိုသာ စိုက်ကြည့်ရင်း ပြောနေခြင်းဖြစ်သည် ။
ချောင်မူက ဝမ်စုန့်ဟဲ၏ အကြည့်နောက်ကို လိုက်ကြည့်လျှင် ပူဇော်ခံ စင်မြင့်နောက်ရှိ ရုပ်ထုကို မြင်လိုက်သည် ။ ထို ရုပ်ထုက ခံစားချက်မဲ့နေသည့် အကြည့်ဖြင့် သူတို့အား ငုံ့ကြည့်နေလေသည် ။
ချောင်မူ၏ စိတ်ထဲတွင် အသိတစ်ခု ဖျတ်ခနဲ ပေါ်လာသည် ။ ဝမ်စုန့်ဟဲ ပြောသည့် မျိုးနွယ်ခြား ဟူသည်က ကျင့်ကြံသူများ ဖြစ်နေမည်လော ။
ကျင့်ကြံသူများသည် သာမန်လူသားများကို ကျွန်အဖြစ်သာ မြင်ကြသည် ။ ကျင့်ကြံသူများသည် ရက်စက်ကြမ်းကြုတ်ကြသည် ။
အင်မော်တယ် များသည် သာမန်လူသားများကို ဆေးပင်များ စိုက်ပျိုးရာတွင် သုံးကြ၏ ။ ဝိညာဥ်စပါး စိုက်ပျိုးရာတွက် သုံးကြ၏ ။ ယုံကြည်မှုစွမ်အား ရရှိစေရန် ကိုးကွယ်ခိုင်းကြ၏ ။
ထို့ကြောင့် အင်မော်တယ်များ၏ အမြင်တွင် သာမန်လူများသည် အရင်းအမြစ်များသာ ဖြစ်ကြသည် ။ မွေးဖွားချိန်မှ သေဆုံးချိန်အထိ သူတို့၏ လက်ခုတ်ထဲမှ ရေများသာဖြစ်သည် ။
' အဲ့တာဆို သိုင်းသူတော်စင် တိုက်ခိုက်နေတာက... '
ချောင်မူသည် သိုင်းသူတော်စင်၏ ခါးသီးမှုကို နားလည်သွားသည် ။ သိုင်းသမား တစ်ယောက်သည် ကျင့်ကြံသူများကို တိုက်ခိုက်ရန် ကြိုးပမ်းနေသည်လော ။
ရုတ်တရက် ချောင်မူသည် တစ်စုံတစ်ခုကို သိလိုက်၏ ။ သံတုတ်ချောင်းစွမ်းရည်ကို ရှစ်နှစ်တာ လေ့ကျင့်နေခဲ့သော်လည်း ယခုမှာသာ သူရောက် နေသည့် ကမ္ဘာမှာ အင်မော်တယ် ကမ္ဘာ ဖြစ်နေမှန်း သိလိုက်သည် ။
' နေပါအုံးဟ.. အဲ့တာဆို အင်မော်တယ်တွေ နတ်ဘုရားတွေ က တကယ်ရှိနေမှာပေါ့.. '
ချောင်မူ၏ နှလုံးခုန်သံမြန်လာပြီး အသက်ရှူသံ မြန်လာသည် ။ သူရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်သဖြင့် ရုပ်ထုနှင့် ပိုနီးလာသည် ။
သူ လုပ်ချင်သည့် အရာများကို စဥ်းစားရင် အလွန်စိတ်လှုပ်ရှားလာ၏ ။
ချောင်မူ၏ စိတ်ထဲတွင် မည်သည့် အတွေးမှ မရှိတော့ဘဲ လုပ်ချင်သည့် အရာတစ်ခုသာ ကျန်တော့သည် ။
ဤလောကတွင် ကျင့်ကြံသူများ ရှိနေသည်လော ။ ထိုသူများသည် ခံစားချက် ကင်းမဲ့ပြီး လူသားများကို ခွေးအဖြစ် ဆက်ဆံနေသည်လော ။
ချောင်မူသည် ဝမ်စုန့်ဟဲ၏ အံ့အားသင့်နေသည့် အကြည့်အောက်တွင် စင်မြင့်ပေါ်သို့ ခုန်တက်သွားပြီး ရုပ်ထုဘေးတွင် ရပ်နေလိုက်သည် ။
" ညီလေးချောင်.. ဒါ....ဒါ....."
ဝမ်စုန့်ဟဲ ဆွံ့အ နေ၏ ။ ရုတ်တရက် ပြောင်းလဲမှုကို သူလိုက်မမီ နိုင်တော့ ။ မည်သို့ တုန့်ပြန်ရမည်ကို မသိတော့ ။
ရုတ်တရက် ချောင်မူက ကျယ်လောင်စွာအော်လိုက်ပြီး...
" ငါ တို့က လွတ်လပ်စွာ မွေးဖွားလာသူတွေကွ.. ဘယ်ကောင်မှ ငါတို့ကို လာဖိနှိပ်လို့ မရဘူး.. "
အင်မော်တယ် ချင်မူ၏ ရုပ်ထုသို့ လက်သီးဖြင့် အားကုန်ထိုးလိုက်သည် ။