ဝမ်စုန့်ဟဲ ထိုအခါမှသာ သတိဝင်လာပြီး တုံ့ပြန်လိုက်သည် ။
Vol. 3 Ch. 26
သူ၏ လက်ကို ဆန့်၍ လက်ညှိုးညွှန်လိုက်လျှင် ငွေရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဓားတစ်စင်းသဖွယ် လေထဲတွင် ပျံသန်းသွားသည် ။
သို့သော်လည်း ဓား၏ အမြန်နှုန်းမှာ အနည်းငယ် နှေးကွေးပေသည် ။
ချောင်မူ၏ လက်သီးက ရုပ်ထု၏ မျက်နှာကို ထိခံနီးတွင် ဓားက ဝင်ခံလိုက်သော်လည်း လက်သီးပြင်းအားကြောင့် လွင့်စင်သွားပြီး ရုပ်ထုမျက်နှာတွင် စိုက်ဝင်သွား၏ ။ ရုပ်ထု၏ ဦးခေါင်းမှာ ထက်ခြမ်းခွဲခံရလုနီးပါး ဖြစ်သွားသည် ။
အပြင်လူတစ်ယောက်သာ ဝင်လာလျှင် ဝမ်စုန့်ဟဲသည် ရုပ်ထုအား ချိုးဖျက်နေသည်ဟုပင် ထင်ပေလိမ့်မည် ။
ချောင်မူက လက်သီးကို ပြန်ရုတ်သိမ်းလိုက်ပြီး ဝမ်စုန့်ဟဲအား သံသယဝင်ဟန်ဖြင့် ကြည့်လိုက်၏ ။
အင်မော်တယ်များအား မကောင်းပြောနေသူက မည်သည့်အတွက်ကြောင့် တားဆီးနေရပါသနည်း ။
ယခုအချိန်တွင် သူ့စိတ်အတွင်းရှိ သက်ရှည်သော့သည် အနည်းငယ် လင်းလက်နေ၍ သေဆုံးမှု အကဲဖြတ်ချက် တိုးတက်နေကြောင်း သိနိုင်သည် ။
" အဟွတ်.. အဟွတ်.."
ဝမ်စုန့်ဟဲ က ချောင်မူကို စိုက်ကြည့်နေပြီး ချောင်းနှစ်ကြိမ်ခန့် ပြင်းပြင်းထန်ထန် ဆိုးလိုက်သည် ။ ထို့နောက် ပါးစပ်ထဲမှ သွေးအမြုပ်များကို ထွေးထုတ်လိုက်ပြီး...
" ငါ မှော်စွမ်းရည်အချို့ လေ့ကျင့်ထားရုံပဲ .. အင်မော်တယ် မဟုတ်ဘူး.. "
" အင်မော်တယ်တွေ စွမ်းအားကြီးလွန်းတယ် သာမန် သိုင်းပညာရပ်တွေက သူတို့ကို ယှဥ်နိုင်မှာ မဟုတ်ဘူး.. အဲ့တာကြောင့် ငါလည်း မှော်ပညာ လေ့လာထားတယ်.. ဒါမှ အင်မော်တယ်တွေ့နဲ့ တွေ့ရင် တုံ့ပြန်နိုင်မှာ.. "
" ဒါဆို ဘာလို့ ဒီလောက် စိတ်လှုပ်ရှားနေတာလဲ.. အဲ့ကောင်တွေနဲ့ ရင်ဆိုင်ချင်တာဆိုရင် ဘာလို့ ငါ့ကို တားတာလဲ.. "
ချောင်မူက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်၏ ။
ဝမ်စုန့်ဟဲ ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားသည် ။ ဤကိစ္စတွင် သူမှားသွားပုံ ရနေသည် ။
" ဒီရုပ်ထုက တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာပဲ..ဟင်း.. အဲ့ အင်မော်တယ် ဆိုတဲ့ကောင်တွေ လောကကြီးမှာ မရှိ သိပ်ကောင်းမယ်.. "
ဝမ့်စုန့်ဟဲက အချိန်အနည်းငယ် ကြာမှ ပြောလိုက်သည် ။
" ဒီတာအိုဘုရားကျောင်းက စွန့်ပစ်ခံထားရတာကြာပြီ .. တခါတလေ ဓားပြတွေ ကိုးကွယ်ရုံပဲ ရှိတာ သာမန် ရွှံ့ရုပ်ထု တစ်ခုပါပဲ ..ဖျက်ဆီး ခံရရင်လည်း ဘာမှ မဖြစ်ဘူး ..ဒါပင်မယ့် လူစည်ကားတဲ့ တခြား ဘုရားကျောင်းတွေ ဆိုရင်တော့ ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး .."
" ညီလေးချောင်က သူရဲကောင်းဆန်ပြီး အင်မော်တယ်တွေကိုတောင် လုံးဝ မကြောက်ဘူး.. ကျုပ် ခင်ဗျားကို လေးစားမိပါတယ်.. ဒါပေမဲ့ ဒီလို ကိစ္စ မျိုးတွေကို ပေါ့ပေါ့တန်တန် မလုပ်သင့်ဘူးလို့ ကျုပ်တော့ထင်တယ်.. "
ဝမ်စုန့်ဟဲက ချောင်မူကို မကျေမနပ်ဟန်ဖြင့် ကြည့်နေ၏ ။ ချောင်မူ၏ လုပ်ရပ်ကြောင့် သူ၏ ရောဂါပင် အနည်းငယ် ပိုဆိုးလာခဲ့သည် ။
' မင်းသာ ကြောက်တာလေ ငါမှ မကြောက်တာ.. ဒီရုပ်ထုကို ဖျက်ဆီးလို့ဆိုပြီး မိုးကြိုးတစ်ချက်လောက် ပစ်ချလိုက်ရင် ပိုတောင်ကောင်းသေး.. '
ချောင်မူ တွေးလိုက်မိသည် ။ သို့သော်လည်း ထုတ်မပြောဘဲ ...
" ကျုပ်နားလည်ပြီ.. ကျုပ်နားလည်ပြီ.. ဒါ ကျုပ်အမှားပါ.. "
ချောင်မူက အမှားကို ဝန်ခံလိုက်၏ ။ နောက်တစ်ခါဆိုပါက ဤကဲ့သို့ စွန့်ပစ် ဘုရားကျောင်းမဟုတ်ဘဲ နာမည်ကြီး ဘုရားကျောင်း တစ်ခုခုသို့ သွား၍ လုပ်ရပေမည် ။
သို့သော်လည်း ချောင်မူသည် ဝမ်စုန့်ဟဲ ၏ အပေါ်တွင် အမြင်သစ်ဖြင့် မြင်မိသွား၏ ။
အစပိုင်းတွင် ဝမ်စုန့်ဟဲသည် သာမန် သူပုန်တစ်ဦးဟုသာ ထင်ရသော်လည်း ယခုအခါတွင်မူ အင်မော်တယ်များကိုပင် ဆန့်ကျင်ရန် မှော်ပညာ လေ့လာနေသည့် သူရဲကောင်းတစ်ဦး ဖြစ်နေလေသည် ။
ထို့အပြင် ဝမ်စုန့်ဟဲသည် ဗဟုသုတ အလွန်ကြွယ်ဝပေသည် ။
ချောင်မူက ခဏတာ စဥ်းစားပြီး မေးလိုက်သည် ။
" သိုင်းပညာရှင်တွေက တကယ်ပဲ အင်မော်တယ်တွေထက် နိမ့်ကျတာလား.. "
သူ မှားယွင်းသော ကျွမ်းကျင်မှုလမ်းကြောင်းကို လျောက်နေမိပြီဟု သံသယဝင်နေ၏ ။ သံတုတ်ချောင်း စွမ်းရည်မှာမူ ချွင်းချက်တစ်ခုဖြစ်သည် ။
ဝမ်စုန့်ဟဲက...
" သိုင်းပညာက ခန္ဓာကိုယ် ခွန်အားကို အလေးပေးပြီး.. အင်မော်တယ် ပညာရပ်တွေက စိတ်ဝိညာဥ် ကို အလေးပေးတယ် .. ဒီနှစ်ခုကို မတူညီတယ့် လမ်းစဥ်တွေလို့ ပြောလို့ရတာပေါ့.. ဒါပေမဲ့ သိုင်းပညာရပ်မှာ အကန့်အသတ်ရှိတယ်ကွ.. ဘယ်သိုင်းပညာရှင်မှ အင်မော်တယ်တွေကို ယှဥ်နိုင်တဲ့အထိ မဖြစ်မြောက်နိုင်သေးဘူး .."
" ပြီးတော့ သိုင်းပညာရှင်တစ်ယောက် ဘယ်လောက်ပဲ အစွမ်းထက်ပါစေ ခန္ဓာကိုယ်က အကန့်အသတ် ဖြစ်နေတယ်.. ပြီးတော့ သက်တမ်းလည်း ပါတာပေါ့.. အင်မော်တယ် ကျင့်စဥ်တွေကျတော့ အသက်ရှည်တာကို ဦးစားပေးထားတာ ..သူတို့ တိုးတက်နှုန်းက နှေးကွေးပင်မယ့် ကျင့်စဥ်တွေကြောင့် သက်တန်းအရှည်ကြီး နေရတယ်.. ဥပမာ အဆင့်မြင့် ကျင့်ကြံသူတွေဆို တစ်ခါဂူအောင်းပြီး ကျင့်ကြံရင် နှစ်ရာဂဏန်း ကြာတက်တယ်တဲ့.. "
" ဒါပေမဲ့ အင်မော်တယ်လမ်းစဥ်က လူတိုင်း လျောက်လို့ရတာ မဟုတ်ဘူး.. ပါရမီ ပါမှသာ လေ့ကျင့်လို့ရတာ.. သိုင်းပညာကျ မတူဘူးကွ .. သိုင်းပညာကို လူတိုင်း လေ့ကျင့်လို့ရတယ် ..ဇွဲလုံ့လ ဝီရိယ ကောင်းရင် အဆင့်မြင့် သိုင်းသမား ဖြစ်လာနိုင်တာပဲ.. "
" ညီလေးချောင်က အသက် ၃၀ တောင် မပြည့်သေးဘူးထင်တယ်.. ခု သိုင်းပညာရှင် အဆင့် ၈ ဆိုတော့ ကြည့်ရတာ နေ့တိုင်း ပြင်းပြင်းထန်ထန် လေ့ကျင့်တဲ့ပုံပဲ.. "
ချောင်မူ ဤစကားများကိုကြားလျှင် နှလုံးပီတိ ဂွမ်းဆီထိပြီး ခေါင်း တဆတ်ဆတ်ညိမ့်လိုက်၏ ။
" ဆရာဝမ်ရဲ့ အမြင်က တကယ်ကို စူးရှလိုက်တာ .. ကျုပ် ရှစ်နှစ်လုံးလုံး တစ်ရက်မပျက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့လို့ ဒီလို အောင်မြင်နိုင်တာပေါ့ .. ကျုပ် လှံကို ကိုင်မိတာနဲ့ အချိန်ကိုတောင် သတိမရတော့ဘူး ခြေကုန်လက်ပန်းကျတဲ့အထိ လေ့ကျင့်မိတော့တာပဲ .. "
ချောင်မူသည် သိုင်းပညာနှင့် အင်မော်တယ်ပညာရပ်များ၏ ကွာခြားမှုကို သဘောပေါက်သွား၏ ။ သူ၏ သက်တန်းမှာ အဆုံးမရှိ၍ အင်မော်တယ်ကျင့်စဥ်များအား လေ့ကျင့်ရန်မလိုအပ်ချေ ။
ထို့အပြင် ချောင်မူသည် တစ်ခါသေဆုံးပြီးတိုင်း ပြန်လည်ရှင်သန်လာလျှင် နှစ်အလိုက် သိုင်းပညာကျွမ်းကျင်မှုကို ရရှိမည်ဖြစ်သည် ။
ယခု အင်မော်တယ်ကျင့်စဥ်များ ပြောင်းလဲလိုက်ပါက တိုးတက်နှုန်း နှေးကွေးသွားပေမည် ။ နှစ်တရာခန့် ဂူအောင်းနေရပါက ပိုးအိမ်ထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်ချေမည် ။ ထိုသို့ဆိုလျှင် သက်ရှည်သော့ က အလဟသပ် ဖြစ်သွားမည်ပင် ။
သို့ရာတွင် အင်မော်တယ်ကျင့်စဥ်ကို သင်ယူနိုင်ပါက သက်ရှည်သော့၏ အားနည်းချက်ကို ဖာထေးပေးနိုင်သည် ။ အင်မော်တယ် ကျင့်စဥ်များသည် စိတ်ဝိညာဥ်အဆီအနှစ်ကို ဖြည့်စီး ပေးသဖြင့် အသက်တစ်ထောင် ရှိနေလျှင်ပင် နုပျိုနေနိုင်သည် ။ ထို့အပြင် သူ၏ အဆုံးမဲ့ သက်တမ်းကြောင့် နှစ်ထောင်ပေါင်းများစွာ ဂူအောင်း၍ ကျင့်ကြံနိုင်သည် ။ ဤသည်က ရှင်သန်ရေးကို အဓိကထားသော လမ်းကြောင်းပင် ။
အခြားတစ်ဖက်တွင်မူ သိုင်းပညာသည် အန္တရာယ်များသော လမ်းကြောင်းတစ်ခုဖြစ်ပြီး ၎င်းသည် သက်ရှည်သော့ ၏ စွမ်းအားကို အမြင့်ဆုံးဖြစ်စေနိုင်သည် ။
အကောင်းဆုံး စွန့်စားပြီး အဆင့်မြင့် သေဆုံးမှုအကဲဖြတ်ချက်များ များများရလျှင် တိုးတက်မှု မြန်ဆန်မည်ဖြစ်သည် ။
တစ်ခုတည်းသော ပြသနာမှာ အိုမင်းခြင်းနှင့် ခန္ဓာကိုယ် ယိုယွင်းလာခြင်းပင် ။ ဤ ပြဿနာ၏ အဖြေမှာ ဝူကျိအသင်း တွင်ရှိသော သက်ရှည်လက်သီးသုတ္တန် အပြည့်အစုံတွင် ရှိနေပေမည် ။
လမ်းကြောင်းနှစ်ခု.. ဦးတည်ရာ နှစ်ခု...
ချောင်မူသည် ရွေးချယ်ပြီး ဖြစ်၏ ။ ယခင် လူတစ်ထောင်ကျော်နှင့် တိုက်ပွဲတွင် သူ၏ စိတ်နှလုံးသားကို နားလည်ပြီးဖြစ်သည် ။ ရက်စက်သော လမ်းစဥ်ကို ဆိုလိုခြင်းမဟုတ်ပေ ။
ချောင်မူသည် မရေမတွက်နိုင်အောင် သေပေးနိုင်သော်လည်း တခြားသူများတွင် ဘဝတစ်ခုသာ ရှိ၏ ။
အခြားသူများ၏ အသက်ကို ကယ်တင်နိုင်မည်ဆိုလျှင် သေရကျိုးနပ်ပေသည် ။ ထို့ကြောင့် သူသည် သေခြင်းတရားကို ရဲရင့်စွာ ပွေ့ဖက်ကာ တစ်ယောက်တည်း ရှေ့သို့ ချီတက်သွားခဲ့သည် ။
သူ သည် ထာဝရသက်တမ်းဖြင့် မွေးဖွားလာ၍ ဤဘဝတွင် လွပ်လပ်စွာ ရှင်သန်မည်ဖြစ်ပြီး အများအကျိုးအတွက် ရဲဝင့်စွာ သေဆုံးပေမည် ။
' လုံခြုံတဲ့ဘဝက ငါမလိုအပ်ဘူး..'
' တခြားသူတွေ အတွက် သေပေးရတာက ပိုကောင်းတယ်.. '
ချောင်မူ တွေးပြီး သည်နှင့် ဝမ်စုန့်ဟဲကို မော့ကြည့်ပြီး မေးလိုက်သည် ။
" ဆရာဝမ်..ကျုပ်မှာ အင်မော်တယ် ကျင့်စဥ်တွေ လေ့ကျင့်နိုင်ဖို့ ပါရမီ ရှိတယ်လို့ ထင်လား .."
အင်မော်တယ် လမ်းစဥ်ကို မရွေးချယ်သော်လည်း အရံရှိနေလျှင် ပိုကောင်း၏ ။
ဝမ်စုန့်ဟဲက ခေါင်းခါလိုက်သည် ။
" ဝိညာဥ် အမြစ်မရှိရင် လေ့ကျင့်လို့ မရဘူး.. "
" ဟေ့ဟေ့.. အဲ့လို မပြောနဲ့လေ.. ကျုပ်မှာ ဝိညာဥ်အမြစ် မရှိတာ ခင်ဗျား ဘယ်လိုသိလဲ စစ်လဲ မစစ်ဆေးရသေးပဲနဲ့ .."
ချောင်မူက မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်၏ ။
" ကျုပ်မှာ သံမဏိဝိညာဥ်အမြစ် ရှိတာ သေချာတယ်.. ကျုပ် လေ့ကျင့်လို့ ရမလား.. "
" သံမဏိ ဝိညာဉ်အမြစ်လား.. ဒီလိုဝိညာဉ်အမြစ်မျိုး ကျုပ်တစ်ခါမှ မကြားဖူးဘူး .. "
ဝမ်စုန့်ဟဲက မျက်မှောင်ကြုံ့ပြီး စိတ်ရှည်ရှည်နှင့် ရှင်းပြသည် ။
" ညီလေးချောင် တခြား မေးချင်တာ မရှိတော့ရင် ထွက်သွားလို့ရပြီ .."
"သွားရမှာလား.. ဘယ်ကိုလဲ .."
" ဒီ ခံတပ်ကနေလေ .. "
ဝမ်စုန့်ဟဲသည် ချောင်မူ ကို မခေါ်ချင်တော့ပေ ။ ဤမျှ ဒေါသကြီးသော သူအား ခေါ်ထားလျှင် သူအသက်တိုပေမည် ။
" ထွက်သွားရမှာလား .. ဆရာဝမ် စောနကပြောတော့ ကျုပ်ကို ခင်ဗျားတို့ အဖွဲ့ထဲ ပူးပေါင်းခိုင်းမလို့ဆို .."
ချောင်မူက ထပ်မေးလိုက်သည် ။
" ကျေးဇူးရှင်လေး .. ကျုပ်ရဲ့ ဘုရားကျောင်းသေးသေးလေးက မင်းလို ဘုရားအကြီးကြီး မဆံ့ဘူး .."
ဝမ်စုန့်ဟဲ ခါးသီးစွာ ပြုံးရုံသာ တတ်နိုင်တော့သည် ။ သူ့တွင် ကြီးမားသော ရည်ရွယ်ချက်ရှိသဖြင့် လှမ်းသမျှ ခြေလှမ်းတိုင်းကို သတိကြီးစွာထားနေရ၏ ။
ချောင်မူသည်တော့ ပေါ့ဆလွန်းလှသည် ။ ဤမျှ ပြဿနာ ရှာတက်သူအား ဝမ်စုန့်ဟဲ လက်မခံနိုင် ။ ယနေ့ပင် သွေးအန်ခဲ့ရချေပြီ ။
ချောင်မူသာ သူတို့အဖွဲ့ထဲ ရောက်ပါက နှစ်ရက်အတွင်း အင်မော်တယ်များ ခံတပ်တံခါးဝသို့ ရောက်လာနိုင်၏ ။
ဝမ်စုန့်ဟဲသည် ချောင်မူကို ခေါ်ထားလိုချင်း မရှိတော့သော်လည်း မေးခွန်းများကို စိတ်ရှည်ရှည် ဖြေပေးခဲ့သည် ။ သူသည် ကြင်နာတက်သူဖြစ်၏ ။
" ကျုပ် တကယ်ကြီး ထွက်သွားရမှာလား.. "
ချောင်မူက အနည်းငယ်တွန့်ဆုတ်ကာ မေးလိုက်၏ ။ ဝမ်စုန့်ဟဲသည် အကြံသမားဖြစ်ကြောင်း သေချာနေ၍ သူ မသွားလိုတော့ ။ အကြံသမား တစ်ယောက်သည် ကြီးမားသော ကိစ္စများကို စီစဥ်နိုင်၏ ။ သူသာ ဤနေရာတွင် နေထိုင်ရပါက အန္တရာယ်အလွန်များသည့် ကိစ္စများ ကြုံလာရနိုင်ပေသည် ။
" ကျုပ်ကိုလွှတ်ပေးရင် ဒီခံတပ်အကြောင်း ပေါ်သွားမှာ မကြောက်ဘူးလား .."
ချောင်မူက မေးလိုက်သည် ။ သူလုပ်မည် မဟုတ်သော်လည်း ဝမ်စုန့်ဟဲသည် နောက်လိုက်ထောင်ပေါင်းများစွာ၏ အသက်ကို ရင်းရနိုင်၍ မေးလိုက်ခြင်းဖြစ်သည် ။
" ညီလေးချောင်လို ရဲရင့်တဲ့ သူရဲကောင်းက နောက်ကျောကို ဓားနဲ့ မထိုးဘူးဆိုတာ ကျုပ်ယုံတယ်.. "
ဝမ်စုန့်ဟဲက တည်ငြိမ်စွာဖြင့် ...
" ပြီးတော့ ယန်မြို့က သိပ်မတည်ငြိမ်ဘူး.. ဒီနေရာကလဲ တိုက်ပွဲ ဖြစ်ပြီးပြီလေ.. ကျုပ်တို့ ဒီကနေပြောင်းရွှေ့ဖို့ စီစဥ် ထားပြီးသားပါ.. "
ဤသို့ ပြောလာ၍ ချောင်မူ ထွက်သွားရန် ဆုံးဖြတ်လိုက်၏ ။ သူဆက်နေရန် မျက်နှာ အရေမထူချေ ။
ရွာဝင်ပေါက်တွင် နှစ်ယောက်သား နှုတ်ဆက်လိုက်ကြသည် ။
ချောင်မူ ထွက်သွားသည်နှင့် ဝမ်စုန့်ဟဲသည် ဇောချွေးများကို သုတ်လိုက်၏ ။ နောက်ဆုံးတွင် အနှီဒုက္ခပေးသူကြီးအား နှင်ထုတ်လိုက်နိုင်လေပြီ ။
သူ ပုန်ကန်ရန် ကြံစီနေသော်လည်း ချောင်မူကဲ့သို့ ပေါ့ပေါ့ဆဆ လုပ်လိုခြင်းမရှိ ။
ချောင်မူက အများကြီး စဉ်းစားမနေဘဲ ယန်မြို့သို့ မြန်မြန်ပြန်ရန် ဆုံးဖြတ်လိုက်သည် ။
အဘိုးကြီးဟွမ်နှင့် အခြားသူများသည် သူ၏အလောင်း ယန်မြို့သို့ ပြန်သယ်သွားသည်ကို ယခင်က မြင်ဖူးသည် ။
'တပ်မှူးပင်စင်က လျော်ကြေးဘယ်လောက်ရမလဲ မသိဘူး .. များလို့ကတော့ ငါ မြို့စောင့်တပ်ထဲ ခနခန ဝင်ပြီး မြို့စားကို မွဲအောင် လုပ်ပစ်မယ် ..'
' ငါ မြန်မြန်သွားရမယ် ..ငါ့ အသုဘကို ငါကိုယ်တိုင် ရောက်နိုင်မယ်.. ပြီးတော့ ငါ့အတွက် စားသောက်ပွဲကိုတောင် မြည်းစမ်းကြည့်နိုင်အုံးမယ်.. "
ချောင်မူက တောင်ပေါ်လမ်းတစ်လျှောက် ခြေလှမ်းများကို မြန်နိုင်သမျှ မြန်အောင် လှမ်းလေတော့သည် ။
………………..
ယန်မြို့...
မြို့စားစံအိမ်တော်အတွင်း...
မြို့စား၏သားသည် ခြံဝင်းထဲတွင်ထားရှိသော အခေါင်းတစ်ခေါင်းကို ကြည့်ရင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ရီနေသည် ။
အခေါင်းထဲတွင် ချောင်မူ၏ ရုပ်အလောင်း ရှိပေသည် ။
အလောင်းအား စံအိမ်တော်အတွင်းသို့ သွင်းရန် မသင့်တော်သော်လည်း အပြင်ထွက်ခွင့် မရသဖြင့် အထဲသို့ သွင်းရန်သာ တက်နိုင်တော့သည် ။
"နာမည်ကသာ ချောင်မူ ..ခုတော့ သူ့ ကံကြမ္မာက ဖုန်မှုန့်လိုပဲ လေထဲ လွင့်သွားပြီ.."
( ချောင်မူ ဆိုတာက ဘေးဒဏ် ခံနိုင်တဲ့ သစ်ပင်အကြီးကြီး ကို ဆိုတာဗျ.. ခု စောစော သေသွားလို့ သရော်တာ)
သခင်လေးကုံး က လက်ခုပ်တီးပြီး ရယ်လိုက်၏ ။
" ကောင်းတယ်.. ကောင်းတယ်.. စောစော သေတာကောင်းတယ်.. ဂုဏ်ပြုပွဲကျင်းပပြီး ငါတို့ မူးအောင် သောက်ကျမယ်.. "
သူက အရက်ပြင်းတစ်ငုံသောက်လိုက်ပြီး အမိန့်ပေးလိုက်၏ ။
" ဟေးတစ်ယောက်ယောက်.. အခေါင်းဖုံးကို ဖွင့်လိုက်စမ်း .. ဒီခွေး ဘယ်လို သေနေလဲ ဆိုတာ ငါ သေချာ ကြည့်ရမယ် .."
အနီးနားရှိ အစေခံက ခဏတာတွန့်ဆုတ်သွားပြီးမှ အခေါင်းဖုံးကို ဖွင့်လိုက်၏ ။
အခေါင်းအဖုံးကို ဖွင့်လိုက်သည်နှင့် သွေးနံ့ပြင်းပြင်း ထွက်လာသည် ။ သခင်လေးကုံးက အနီးကပ် ကြည့်ရန် ကိုင်းညွှတ်လိုက်သော်လည်း ချက်ချင်း မျက်နှာ ဖြူစုတ်သွားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်မိ၏ ။
ဓားချက်ထောင်ပေါင်းများစွာဖြင့် သတ်ဖြတ်ခံထားရသော အလောင်းသည် သာမန်လူများ ကြည့်မိပါက အိမ်မက်ဆိုးများပင် မက်သွားစေနိုင်သည် ။
သခင်လေးကုံး သောက်ထားသမျှ အရက်များ အန်မိမလို ဖြစ်သွား၏ ။ သို့သော်လည်း ဤကိစ္စကို ဤမျှနှင့် ပြီးရန် သူ မကျေနပ်ချေ ။
" ယန်မြို့မှာ ချောင်မူရဲ့ မိသားစုဝင်တစ်ယောက်ယောက် ရှိလား.."
သခင်လေးကုံးက မေးလိုက်၏ ။
" သူ့မိသားစုမှာ အသက်နှစ်ဆယ်အရွယ် မျက်မမြင်မိန်းကလေးတစ်ယောက်ပဲ ကျန်တော့တယ်.. "
အစေခံက ပြန်ဖြေသည် ။ ဤမြို့တွင် ကုံးမိသားစု မသိသည့် အရာ မရှိပေ ။
" မျက်မမြင်တဲ့လား .. သူရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ ဒီအခြေအနေကို မမြင်နိုင်တာ နှမြောစရာပဲ.."
သခင်လေးကုံး သက်ပြင်း ချလိုက်ပြီး ...
" ဒါဆိုရင်တော့ သူ့ကို အနံပဲ ခံခိုင်း ရတော့မှာပေါ့.. "