← Chapters

အသက်ရှိ ကြော်ငြာကမ္ဗည်းပြား

Vol. 8 Ch. 71

အသက်ရှိ ကြော်ငြာကမ္ဗည်းပြား

Vol. 8 Ch. 71

“ဒါတွေအကုန်လုံး သမီးကို ပေးတာလား...”

နျိုနျိုသည် ကျန်းယွင်နန်နှင့် လျူရှောင်ရူတို့ကို မျက်လုံးဝိုင်းကြီးများဖြင့် မယုံကြည်နိုင်စွာ ကြည့်လိုက်၏။

လျူရှောင်ရူသည် ဘယ်က ရလာမှန်းမသိသော ထမင်းတစ်ပန်းကန်ကို ကိုင်လျက် ခေါင်းကို အားပါးတရ ညိတ်ပြလိုက်သည်။

“သမီးလေး... အခု အရေးအကြီးဆုံးက ကောင်းကောင်းစားဖို့ပဲ...”

လျူရှောင်ရူက ပြုံးလျက် ပြောလိုက်သည်။

နျိုနျိုသည် သူမကို တစ်ချက်ကြည့်လိုက်ပြီး သူမရှေ့ရှိ ဟင်းပွဲကို ငုံ့ကြည့်လိုက်၏။

လျူရှောင်ရူက ဆိုင်ရှိ နှပ်ထားသော အသားအမျိုးမျိုးကို လှီးဖြတ်ပြီး ပန်းကန်တစ်ခုထဲတွင် စုထည့်ကာ နျိုနျိုရှေ့၌ ချပေးထားခြင်းပင်။

နှပ်ဟင်းရနံ့က ပြင်းပြင်းထန်ထန် လှုံ့ဆော်နေသဖြင့် နျိုနျို သွားရည်များ မျိုချနေရသော်လည်း တူကို ချက်ချင်း မကိုင်သေးဘဲ မေးလိုက်သည်။

“သမီး တစ်ယောက်တည်း စားရမှာလား... ဒါမှမဟုတ် ကိုကိုကြီးတို့နဲ့ အတူတူ စားရမှာလား...”

ထိုမေးခွန်းကို ကြားသောအခါ လျူရှောင်ရူ သက်ပြင်းချလိုက်မိသည်။ နျိုနျိုသည် တကယ့်ကို လိမ္မာသော ကလေးပင်။ တခြားကလေးသာ ဆိုလျှင် ယခုအချိန်၌ ဘာကိုမှ ဂရုမစိုက်နိုင်တော့ဘဲ အငမ်းမရ စားသောက်နေလိမ့်မည်။

လျူရှောင်ရူက ကလေးသုံးယောက်လုံးကို အတူတူ ကျွေးချင်သော်လည်း ကျန်းယွင်နန်က သဘောမတူခဲ့ပေ။

"ပျိုမြစ်တဲ့ အရွယ်တွေက မိဘတွေမွဲအောင် စားတတ်ကြတယ်" ဆိုသည့် စကားအတိုင်း သားနှစ်ယောက်က အစားကြီးကြ၏။

နှပ်ဟင်းတွေက ဈေးမပေါပေ။ သားနှစ်ယောက်ကိုပါ ကျွေးလိုက်လျှင် ဒီနေ့ရမည့် အမြတ်ငွေများ အကုန် ပြောင်သွားမည်ကို စိုးရိမ်ရသည်။

ကုကျောက်က ဝင်စားချင်သော်လည်း ကုယန်က အတင်း ဆွဲခေါ်သွားပြီး ပြောလိုက်သည်။

“မင်းရဲ့ စားပုံသောက်ပုံနဲ့ဆိုရင် ဧည့်သည်တွေ ထွက်ပြေးကုန်လိမ့်မယ်...”

ကုကျောက်က ပြန်ပြောချင်သော်လည်း အစားကောင်းတွေ့တိုင်း သရဲစီးသလို ဖြစ်သွားတတ်သည်ကို ငြင်းမရသဖြင့် အစ်ကိုကြီး၏ ဆွဲခေါ်ရာသို့ မကျေမနပ်ဖြင့် ပါသွားရလေသည်။

ထိုအချိန်တွင် လျူရှောင်ရူက ပြုံးလျက် ပြောလိုက်၏။

“နျိုနျို တစ်ယောက်တည်း စားရမှာ...”

နျိုနျို၏ လှပသော မျက်ခုံးလေးများ တွန့်ချိုးသွားပြီး ပြောလိုက်သည်။

“ဒါဆို သမီးက တစ်ကိုယ်ကောင်းဆန်ရာ မကျဘူးလား... ဒါ လူကြီးလူကောင်း လုပ်ရမယ့်အလုပ် မဟုတ်ဘူး...”

ထိုစကားကို ကြားသောအခါ လျူရှောင်ရူ ရယ်မောလိုက်ပြီး ပြောလိုက်၏။

“တော်လိုက်တာ... နျိုနျိုလေးက လူကြီးလူကောင်းဆိုတာ ဘာလဲဆိုတာ သိနေပြီ...”

နျိုနျိုက ရှက်ရွံ့စွာ ပြောလိုက်သည်။

“အဒေါ်လျူ... တကယ်တော့ လူကြီးလူကောင်းဆိုတာ ဘာလဲ သမီး နားမလည်ပါဘူး... ဒါပေမဲ့ သမီးတို့ အမှားလုပ်မိတိုင်း အစ်ကိုကြီးက လူကြီးလူကောင်းတွေ မလုပ်သင့်ဘူးလို့ အမြဲ ပြောလေ့ရှိလို့ပါ...”

ထိုစကားကို ကြားသောအခါ လျူရှောင်ရူနှင့် ကျန်းယွင်နန်တို့ ပြုံးလိုက်ကြ၏။

“နျိုနျို... ဒါ အဒေါ်လျူက သမီးကို သီးသန့် ကျွေးတာ မဟုတ်ဘူး... အဒေါ်လျူက သမီးရဲ့ အကူအညီ လိုလို့ပါ... သမီးက လိမ္မာတဲ့ ကလေးလေးဆိုတော့ အဒေါ်လျူကို ကူညီမယ် မဟုတ်လား...”

လျူရှောင်ရူက မြှူဆွယ်လိုက်ရာ

နျိုနျိုက ခေါင်းကို တွင်တွင်ညိတ်ပြီး ပြောလိုက်၏။

“အဒေါ်လျူကို သမီးက အချစ်ဆုံး... အဒေါ်လျူ အကူအညီလိုရင် သမီး သေချာပေါက် ကူညီမှာပေါ့...”

လျူရှောင်ရူသည် နျိုနျိုကို အမြဲတမ်း မျက်နှာလိုက်လေ့ ရှိသည်။ ထိုစကားကို ကြားသောအခါ ဝမ်းသာသွားပြီး နှပ်ဟင်းပန်းကန်ကို နျိုနျိုရှေ့သို့ တိုးပေးကာ မြန်မြန်စားရန် တိုက်တွန်းလိုက်၏။

နျိုနျိုသည် သူများအစားအစာကို စားပေးခြင်းက ဘယ်လို ကူညီရာ ရောက်လဲဆိုတာ နားမလည်သော်လည်း ကျန်းယွင်နန်ကလည်း တိုက်တွန်းနေသဖြင့် ငြင်းဆန်ရန် ခက်ခဲနေသည်။

အစားအစာရှေ့ရောက်နေသော ကလေးတစ်ယောက်၏ စိတ်ဓာတ်ကြံ့ခိုင်မှုသည် အားနည်းလှပေသည်။ ကိုယ်ပိုင် လျှို့ဝှက်ချက်ပြုတ်နည်းဖြင့် ချက်ထားသော နှပ်ဟင်း၏ အရသာကို တွေးမိပြီး နျိုနျို မနေနိုင်တော့ချေ။

သူမ၏ တူသည် ပထမဆုံး အသားလွှာဆီသို့ အလိုအလျောက် ရောက်သွားပြီး အသားတစ်ဖတ် ထမင်းတစ်လုပ် စားလိုက်လေသည်။

နျိုနျိုသည် ကုမိသားစု၏ ပြုစုစောင့်ရှောက်မှုအောက်တွင် လပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် ယခင်ကလို ပိန်လှီမနေတော့ပေ။ ယခုအခါ ကလေးမလေးသည် ဆီးနှင်းလုံးလေးကဲ့သို့ ဖွေးဥနုနယ်ပြီး ချစ်စရာ ကောင်းနေသည်။ လှပသော အဝတ်အစားများ ဝတ်ဆင်ပေးလိုက်လျှင် မြို့တော်မှ သူဌေးသမီးလေးဟု ပြောလျှင်ပင် ယုံကြပေလိမ့်မည်။

ယခုအချိန်တွင် နျိုနျို၏ ပါးပြင်လေးများ ဖောင်းကားနေပြီး တစ်ကိုယ်လုံးမှ ပျော်ရွှင်မှု အငွေ့အသက်များ ထွက်ပေါ်နေသည်။ ကလေးမလေးသည် သူမ စားသောက်နေပုံက ဘေးလူများကို မည်မျှ ဆွဲဆောင်နိုင်သည်ကို မသိရှာပေ။ အခြားသူများက တစ်ချက်ကြည့်လိုက်ရုံဖြင့် နျိုနျို ဘယ်လောက် အရသာရှိရှိ စားနေလဲဆိုတာ တွေးမိပြီး စားချင်စိတ် ဖြစ်ပေါ်လာကြ၏။

ဆိုင်ရှေ့မှ ဖြတ်သွားသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် မူလက အလျင်လိုနေသော်လည်း နျိုနျိုကို လှမ်းကြည့်လိုက်မိသည်။ နျိုနျိုက အသားတစ်တုံးကို စားပြီး မျက်လုံးမှိတ်ကာ ကျေနပ်နေသော ပုံစံကို တွေ့လိုက်ရသည်။

ချန်ဟယ် သည် မထိန်းချုပ်နိုင်တော့ဘဲ ဆိုင်ထဲသို့ ဝင်ရောက်လာခဲ့၏။

ခြေသံကြားမှ လျူရှောင်ရူ သတိဝင်လာပြီး ဧည့်သည်ကို အမြန် နှုတ်ဆက်လိုက်သည်။

သို့သော် ဧည့်သည်က သူမ၏ ဖော်ရွေမှုကို မလိုအပ်ဘဲ တည့်တိုးပင် မေးလိုက်သည်။

“ဒီကလေးမလေး စားနေတာ ဘာလဲ... ကျွန်တော့်ကိုလည်း တစ်ပွဲပေးပါ...”

လျူရှောင်ရူက အလုပ်သမားပါဟု ပြောရန် ပြင်လိုက်သော်လည်း ပါးစပ်ဖျားတွင် စကားပြောင်းသွားပြီး ပြုံးလျက် ပြောလိုက်သည်။

“ဧည့်သည်လေး... ဒါက ကျွန်မတို့ဆိုင်ရဲ့ နာမည်ကြီး ဟင်းပွဲပါ... 'ကံကောင်းခြင်း ငါးပါး' လို့ ခေါ်ပါတယ်... ဒီကလေးစားတာက ပွဲသေးပါ... ဧည့်သည်က ပွဲကြီးယူမလား... ဒါမှမဟုတ် ဒီအတိုင်းပဲ ယူမလား...”

ချန်ဟယ်သည် ချမ်းသာသူ ဖြစ်သဖြင့် ပိုက်ဆံကို ဂရုမစိုက်ပေ။

“ပွဲကြီး တစ်ပွဲ ပေးပါ...”

နှပ်ဟင်း ငါးမျိုး ရောနှောထားသဖြင့် ဈေးနှုန်းသတ်မှတ်ရန် ခက်ခဲသည်။ လျူရှောင်ရူသည် မသမာသော ဈေးသည်မျိုး မဟုတ်သဖြင့် တစ်မျိုးစီကို သေချာ ချိန်တွယ်ပြီးမှ ဈေးတွက်လေသည်။

ချန်ဟယ်၏ မိသားစုသည် မျိုးရိုးစဉ်ဆက် စီးပွားရေး လုပ်ကိုင်လာသူများ ဖြစ်သည်။ သူသည်လည်း တစ်နှစ်သား အရွယ်ကတည်းက စာရင်းကိုင် ကျွမ်းကျင်နေသူပင်။ လျူရှောင်ရူ၏ လုပ်ရပ်ကို ကြည့်ပြီး စိတ်ထဲတွင် ကျေနပ်သွားကာ ရိုးသားသူဟု မှတ်ချက်ချလိုက်၏။

ချန်ဟယ်ပြီးနောက် ဖြတ်သွားဖြတ်လာ ဧည့်သည်အများအပြားသည် နျိုနျို၏ စားသောက်ပုံကို ကြည့်ပြီး ဝင်ရောက်လာကြသည်။ နျိုနျို စားလို့ မကုန်ခင်မှာပင် ကျန်ရှိနေသော နှပ်ဟင်းများ အကုန် ရောင်းထွက်သွားတော့သည်။

ပထမဆုံး ဖွင့်သောနေ့တွင်ပင် ရောင်းကောင်းသဖြင့် လျူရှောင်ရူ စိတ်လှုပ်ရှားစွာဖြင့် နျိုနျိုကို ပွေ့ဖက်လိုက်သည်။

“နျိုနျိုက တော်လိုက်တာ... အဒေါ် နျိုနျိုကို အချစ်ဆုံးပဲ...”

ထိုစကားကို ကြားသောအခါ နျိုနျို၏ မျက်လုံးများ အရောင်တောက်လာသည်။ သူမ ဘာကူညီလိုက်မိမှန်း မသိသော်လည်း အဒေါ်လျူကို မြင်ရသည်မှာ ပျော်စရာ ကောင်းနေသည်။

လျူရှောင်ရူသည် နျိုနျို၏ ပါးပြင်နုနုလေးကို သူမ၏ ပါးဖြင့် ပွတ်သပ်လိုက်သည်။

"သမီးလေးက နုနုနယ်နယ်လေး"၊ "သမီးလေးက မွှေးလိုက်တာ" ဟု တတွတ်တွတ် ပြောနေ၏။

ကလေးတွေကို လန့်ပြေးစေလောက်သည့် ထူးဆန်းသော အဒေါ်ကြီးတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

သို့သော် နျိုနျိုက လုံးဝ မကြောက်ပေ။ လျူရှောင်ရူက သူမကို တကယ်ချစ်မှန်း သိနေသောကြောင့် ဖြစ်မည်။ နျိုနျိုကလည်း ရံဖန်ရံခါ တုံ့ပြန်လိုက်သဖြင့် လျူရှောင်ရူ ပို၍ ပျော်ရွှင်နေလေသည်။

“အစ်မ... မနက်ဖြန် ချင်းရွှေရွာကို တကယ် ပြန်တော့မှာလား... နောက်ရက်နည်းနည်းလောက် နေပါဦးလား... အခုမှ အတူနေရတာကို... ညီမ တစ်ယောက်တည်း ဈေးရောင်းရမှာ ကြောက်တယ်...”

လျူရှောင်ရူက ကျန်းယွင်နန်၏ အင်္ကျီလက်စကို ဆွဲပြီး သနားစဖွယ် ပြောလိုက်သည်။

ကျန်းယွင်နန်က သူမ၏ လျို့ဝှက်ချက်ကို ချက်ချင်း ဖွင့်ချလိုက်၏။

“နင် ငါ့ကို မပြန်စေချင်တာ မဟုတ်ပါဘူး... နျိုနျိုကို ခွဲရမှာ ကြောက်နေတာပါ...”

လျူရှောင်ရူက ပြုံးလျက် ပြောလိုက်သည်။

“အစ်မကိုလည်း မခွဲနိုင်ပါဘူး... အစ်မနဲ့ နျိုနျို ညီမနဲ့အတူ နေခဲ့ရင် အကောင်းဆုံးပေါ့...”

ကျန်းယွင်နန် ခေါင်းခါလိုက်ပြီး ပြောလိုက်၏။

“ချင်းရွှေရွာကနေ ထွက်လာတာ ကြာပြီလေ... မပြန်ရင် မိဘတွေ စိတ်ပူနေလိမ့်မယ်... အိမ်မှာလည်း လုပ်စရာတွေ အများကြီး ရှိသေးတယ်...”

လျူရှောင်ရူ မျက်နှာငယ်သွားသော်လည်း အားတင်းပြီး မေးလိုက်သည်။

“အစ်မ... ဒီတစ်ခါ ပြန်သွားရင် ဘယ်တော့ ပြန်လာဦးမလဲ...”

“နင့်ခဲအိုက မြို့နယ်ထဲကို မကြာမကြာ လာရမှာဆိုတော့... ငါလည်း နင့်ကို စိတ်မချလို့ နှစ်မကုန်ခင် သေချာပေါက် လာခဲ့ပါ့မယ်...”

လျူရှောင်ရူက ချက်ချင်း ပြောလိုက်သည်။

“ဒါဆို နျိုနျိုကို ပါအောင် ခေါ်ခဲ့နော်... မမေ့နဲ့နော်...”

All Chapters