ဒယ်အိုးဝယ်ခြင်း
Vol. 8 Ch. 72
ထိုစကားကို ကြားသောအခါ ကျန်းယွင်နန်က "ငါ ထင်သားပဲ" ဆိုသော မျက်နှာထားဖြင့် သမီးဖြစ်သူ၏ ချောမွတ်နေသော နဖူးလေးကို ဖွဖွလေး ထောက်ကာ ပြောလိုက်၏။
“တွေ့လား... အဒေါ်လျူက သမီးကို သိတာ ဘယ်လောက်ကြာသေးလို့လဲ... သမီးအကြောင်းပဲ တွေးပေးနေတာ... ကြီးလာရင် အဒေါ်လျူကို ကျေးဇူးဆပ်ဖို့ မမေ့နဲ့နော်... ကြားလား...”
နျိုနျို ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး လျူရှောင်ရူ၏ လည်ပင်းကို ဖက်ကာ ချိုသာသော အသံလေးဖြင့် ပြောလိုက်သည်။
“မေမေ... သမီး အဒေါ်လျူကို ကျေးဇူးဆပ်မှာပါ... မေမေ့ကိုလည်း ကျေးဇူးဆပ်မှာ... သမီး ကြီးလာရင် ပိုက်ဆံအများကြီး ရှာပြီး မေမေနေဖို့ အိမ်အကြီးကြီး ဝယ်ပေးမယ်... ရွှေလက်ဝတ်ရတနာတွေ အများကြီး ဝယ်ပေးမယ်... မေမေနဲ့ အဒေါ်လျူ ဘာမှလုပ်စရာ မလိုဘူး... နေ့တိုင်း စံစားနေရုံပဲ...”
ထိုစကားကို ကြားသောအခါ ကျန်းယွင်နန် ရင်ထဲ နွေးထွေးသွားပြီး ချစ်စနိုးဖြင့် ပြောလိုက်သည်။
“ဘယ်သူ့ဆီက သင်ထားလဲ မသိဘူး... စကားတတ်လိုက်တာ...”
လျူရှောင်ရူက ဘေးမှ ပြုံးလျက် သက်ပြင်းချကာ ပြောလိုက်သည်။
“ကျွန်မသာ ယောက်ျားလေးဆိုရင် အစ်မကို လက်ထပ်ပြီး နျိုနျိုရဲ့ အဖေ လုပ်လိုက်မှာ... ဒါဆိုရင် ကျွန်မက ကမ္ဘာပေါ်မှာ အပျော်ရွှင်ရဆုံး ယောက်ျား ဖြစ်မှာပဲ...”
ကျန်းယွင်နန် ဘာမှမပြောရသေးခင် ဆိုင်အပြင်ဘက်မှ ရင်းနှီးသော အမျိုးသားအသံ တစ်ခု ထွက်ပေါ်လာ၏။
“မင်းမှာ အဲ့ဒီကံ မပါတော့ဘူး... ကမ္ဘာပေါ်မှာ ကံအကောင်းဆုံး ယောက်ျားနေရာကို ငါ ယူထားပြီးပြီ…”
ကုမင်တာ့သည် အထုပ်ကြီးအထုပ်ငယ်များကို သယ်ဆောင်လျက် ပြုံးရွှင်စွာ ဝင်လာလေသည်။
နျိုနျိုသည် ဖခင်ဖြစ်သူကို တစ်နေကုန် မတွေ့ရသဖြင့် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။ ခန္ဓာကိုယ်လေးက ကုမင်တာ့ထံ ပြေးသွားရန် ပြင်လိုက်သော်လည်း လျူရှောင်ရူက ဆွဲထားလိုက်သည်။
“နျိုနျိုက အဒေါ့်ကို ချစ်တယ်ဆို... ကျေးဇူးဆပ်မယ်ဆို... အဖေကို တွေ့တာနဲ့ အဒေါ့်ကို ပစ်ထားခဲ့တော့မလို့လား...”
လျူရှောင်ရူက မနာလိုချင်ယောင်ဆောင်ကာ ပြောလိုက်၏။
နျိုနျိုက လျူရှောင်ရူဘက်သို့ ပြန်လှည့်လာပြီး လက်သေးသေးလေးဖြင့် လျူရှောင်ရူ၏ ခေါင်းကို ဖွဖွလေး ပုတ်ပေးလိုက်သည်။ ကျန်းယွင်နန် ကလေးချော့သလို ပုံစံဖြင့် လျူရှောင်ရူကို အလေးအနက် ကြည့်ကာ ပြောလိုက်သည်။
“နျိုနျို အဒေါ်လျူကို တကယ် အရမ်းချစ်တာပါ... နျိုနျို မလိမ်ပါဘူး... ဒါပေမဲ့ နျိုနျို ချစ်တဲ့သူတွေ အများကြီး ရှိတယ်လေ... အဒေါ်လျူအပြင် ဖေဖေ မေမေ... အဘိုး အဘွား... အစ်ကိုကြီး ကိုကိုကြီးနဲ့ ကိုကိုလတ်တို့လည်း ပါတယ်...”
လျူရှောင်ရူသည် ကလေးမလေး၏ စိုက်ကြည့်မှုကို ခံရပြီးနောက် ကလေးပြောသမျှကို ယုံကြည်သွားပြီး သူမသည် နျိုနျိုအတွက် အရေးပါသော လူတစ်ယောက် ဖြစ်သည်ဟု ခံစားလိုက်ရသည်။
လျူရှောင်ရူ၏ ရင်ထဲမှ မနာလိုစိတ် အနည်းငယ်သည် ရုတ်တရက် ပျောက်ကွယ်သွား၏။
ဘေးနားမှ ကျန်းယွင်နန်နှင့် ကုမင်တာ့တို့သည်လည်း စိတ်ထဲတွင် ကြည်နူးသွားကြသည်။ နျိုနျို ငယ်သေးသော်လည်း ဘယ်သူက ကိုယ့်အပေါ် တကယ်ကောင်းလဲ ဆိုတာကို မှန်ကြည့်သလို ရှင်းလင်းစွာ သိမြင်နေသည်ဟု တွေးမိလိုက်ကြသည်။
နောက်တစ်နေ့ မနက်စောစော နှပ်ဟင်းဆိုင် ဖွင့်သောအခါ အပြင်တွင် လူသုံးလေးယောက် စောင့်နေကြသည်ကို တွေ့လိုက်ရ၏။
“ရှင်တို့ဆိုင်က နှပ်ဟင်းကို ဘယ်လိုလုပ်ထားလဲ မသိဘူး... စားပြီးရင် ထပ်စားချင်နေရော... အရင်တုန်းက မမြည်းဖူးခင်ကတည်းက ကျွန်မယောက်ျားက တစ်ညလုံး ပူဆာနေတာ... မနေ့က စားပြီးတော့လည်း ထပ်စားချင်နေတုန်းပဲ... အိမ်က ကလေးတွေကလည်း အရမ်းကြိုက်နေကြတယ်... သူများဦးသွားမှာစိုးလို့ မိုးမလင်းခင်ကတည်းက လာဝယ်ခိုင်းနေတာ...”
အမျိုးသမီးက ပြုံးလျက် ပြောလိုက်သည်။
သူမသည် မနေ့က ပထမဆုံး လာဝယ်သော ဧည့်သည်ဖြစ်ပြီး ဒီနေ့လည်း ပထမဆုံး ရောက်လာသူ ဖြစ်သည်။
ပုံမှန် ဖောက်သည်ကို တွေ့ရခြင်းလောက် ပျော်စရာကောင်းတာ မရှိဘူးဟု လျူရှောင်ရူ ခံစားလိုက်ရသည်။ သူမ၏ နှပ်ဟင်းလက်ရာကို ယုံကြည်မှု ရှိသော်လည်း ဧည့်သည်များ၏ အသိအမှတ်ပြုမှုက သူမကို ပို၍ ယုံကြည်မှု ရှိစေသည်။
“တို့ဖူးခြောက်နဲ့ ကြက်ကင်တစ်ကောင် ပေးပါ...”
အမျိုးသမီးသည် တစ်ခါတည်း အများကြီး ဝယ်ရသဖြင့် ပိုက်ဆံကုန်မည်ကို နှမြောနေသော်လည်း မွှေးပျံ့နေသော ငုံးဥပေါင်းများကို မြင်သောအခါ စိတ်လှုပ်ရှားသွားပြန်သည်။
“ငုံးဥပေါင်းက စားကောင်းလား မသိဘူး...”
အမျိုးသမီးက တိုးတိုးလေး ပြောလိုက်သည်။
လျူရှောင်ရူက သူမ လိုချင်သော တို့ဖူးခြောက်နှင့် ကြက်ကင်ကို ထည့်ပေးပြီးနောက် ဈေးတွက်ပြီး ငုံးဥနှစ်လုံး ထပ်ထည့်ပေးလိုက်သည်။
အမျိုးသမီးက မကျေမနပ် ဖြစ်သွားသည်။ အတင်းအကျပ် ရောင်းသည်ဟု ထင်သွားပြီး သူမ မဝယ်သေးဘူးဟု ပြောရန် ပြင်လိုက်၏။ သို့သော်
လျူရှောင်ရူက ပြုံးလျက် ပြောလိုက်သည်။
“မနက်ခင်း ဈေးဦးပေါက်မို့လို့ ဒီငုံးဥကို လက်ဆောင်ပေးတာပါ... ပိုက်ဆံမယူပါဘူး...”
အမျိုးသမီး ချက်ချင်း ပြုံးပျော်သွား၏။
နောက်မှ စောင့်နေသော ဧည့်သည်က မြင်လိုက်ပြီး မျက်လုံးများ အရောင်တောက်သွားကာ ပြောလိုက်သည်။
“ကျွန်တော်လည်း ငုံးဥ စားကောင်းမကောင်း သိချင်တယ်...”
လျူရှောင်ရူက အခွင့်ကောင်းယူချင်မှန်း သိသော်လည်း အမျိုးသမီး ဝယ်သွားသော ပမာဏကို ပြန်တွက်ကြည့်ပြီး ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ဧည့်သည်လေး... ငွေ ငါးပြားဖိုးအထက် ဝယ်ရင် ငုံးဥ နှစ်လုံး လက်ဆောင်ရပါမယ်...”
ဧည့်သည်က မူလက ဒီလောက်အများကြီး ဝယ်ရန် စိတ်ကူးမရှိသော်လည်း လက်ဆောင်ရမည် ဆိုသဖြင့် အံကြိတ်ကာ အများကြီး ဝယ်လိုက်လေသည်။
မနက်စောစော လာစောင့်သော ဧည့်သည်များသည် သာမန်ဟင်းချက်စရာများထက် ပိုဈေးကြီးသော နှပ်ဟင်းကို ဝယ်စားနိုင်သည် ဆိုကတည်းက ပိုက်ဆံမရှားကြောင်း သက်သေပြနေသည်။
နောက်မှ ရောက်လာသော ဧည့်သည်နှစ်ယောက်ကလည်း ငုံးဥလက်ဆောင် လိုချင်သဖြင့် အများကြီး ဝယ်သွားကြသည်။
နျိုနျို၏ စားပြသော အစီအစဉ် မပါဘဲ ရောင်းအားကျသွားမည်ဟု လျူရှောင်ရူ ထင်ခဲ့သော်လည်း မနေ့က ဧည့်သည် ထက်ဝက်ကျော်က ဒီနေ့ ပြန်လာဝယ်ကြလိမ့်မည်ဟု မထင်ထားခဲ့ပေ။
နေရာက ခေါင်သော်လည်း ပုံမှန် ဖောက်သည်များကို အားကိုးပြီး မနက်ခင်း တစ်ပိုင်းအတွင်း တစ်ဝက်ကျော် ရောင်းထွက်သွား၏။
နေ့လယ်ပိုင်းတွင် နောက်ထပ် ဖောက်သည်ကြီးတစ်ဦး ရောက်လာပြန်သည်။
ချန်ဟယ် ဆိုင်ထဲ ဝင်လာသည်နှင့် တန်းပြီး ပြောလိုက်သည်။
“ကျန်တဲ့ နှပ်ဟင်းတွေ အကုန်လုံး ကျွန်တော် ဝယ်မယ်...”
လျူရှောင်ရူ ဒီလူကို မှတ်မိသည်။ မနေ့ကလည်း အများကြီး ဝယ်သွားသူပင်။
“တကယ် အကုန်ယူမှာလား...”
လျူရှောင်ရူ မယုံနိုင်စွာ မေးလိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျန်နေသော နှပ်ဟင်းများက ငွေ ဆယ်တုံးဖိုးလောက် ရှိသည်။
ချန်ဟယ် ခေါင်းကို တွင်တွင်ညိတ်လိုက်သည်။ မနေ့က ဝယ်သွားပြီး တစ်လုပ် မြည်းကြည့်ရုံဖြင့် သူ အံ့သြသွားခဲ့ရသည်။
အသက် ၇၀ နီးပါးရှိသော သူ့အဘိုးသည် တစ်လုပ်လောက် စားရဖို့အတွက် သူ့အဖေနှင့် ရန်ဖြစ်လုနီးပါး ဖြစ်ခဲ့ရသည်။
ချန်ဟယ်သည် မနေ့က ယွမ်ပေါင်လမ်းသို့ အကြွေးတောင်းရန် လာရင်း မမျှော်လင့်ဘဲ ဒီလို အံ့အားသင့်စရာနှင့် ကြုံတွေ့ခဲ့ရခြင်းပင်။
လျူရှောင်ရူသည် အစပိုင်းတွင် စိတ်လှုပ်ရှားသွားသော်လည်း ရောင်းရန် သိပ်ဆန္ဒမရှိသဖြင့် ပြောလိုက်သည်။
“ဧည့်သည်လေး.. နှပ်ဟင်းက ဘယ်လောက် ကောင်းကောင်း ထမင်းအစားထိုး စားလို့မှ မရတာ...”
ချန်ဟယ်က ကမန်းကတန်း ပြောလိုက်သည်။
“ကျွန်တော့် မျိုးရိုးနာမည်က ချန်ပါ... နာမည်က ဟယ်လို့ ခေါ်ပါတယ်... နာမည်ပဲ ခေါ်ပါ...”
တစ်ဖက်လူက မိတ်ဆက်နေသဖြင့် လျူရှောင်ရူ ယဉ်ကျေးစွာ တုံ့ပြန်လိုက်ရသည်။
သို့သော် သူမက ဆက်လက် ငြင်းဆန်နေသည်။
“သူဌေးချန်... ကျန်တဲ့ နှပ်ဟင်းတွေ အကုန်လုံးကို ကျွန်မ မရောင်းပေးနိုင်ပါဘူး... ပထမအချက်က များလွန်းတယ်... မကုန်ရင် နှမြောစရာကြီး... ဒုတိယအချက်က နေ့လယ်တောင် မရောက်သေးဘူး... ညနေကျမှ လာဝယ်မယ့် ဧည့်သည်တွေ ဝယ်စရာမရှိရင် စိတ်မကောင်း ဖြစ်ကြလိမ့်မယ်...”
ချန်ဟယ်က ချမ်းသာသူပီပီ ပြန်ပြောလိုက်၏။
“ဆိုင်ရှင်အစ်မလျူ... ပိုက်ဆံက ပြဿနာ မဟုတ်ပါဘူး... မနေ့ကလို အရသာမျိုး ရမယ်ဆိုရင် ၁၀ ရာခိုင်နှုန်း ပိုပေးပါမယ်...”
“နှမြောစရာ ကိစ္စကိုတော့ မပူပါနဲ့... ကျွန်တော်က စားသောက်ဆိုင် ဖွင့်ထားတာပါ... ကျွန်တော့်ဆိုင်ကို လူလာအောင် ဆွဲဆောင်ဖို့ ဒီနှပ်ဟင်းတွေကို ဝယ်တာပါ...”
ထိုစကားကို ကြားသောအခါ လျူရှောင်ရူသည် စီးပွားရေး အကြီးကြီး ရောက်လာမှန်း သိလိုက်သည်။
သို့သော် သူမ ဆက်လက် ခေါင်းခါပြီး ပြောလိုက်၏။
“အခု ကျန်နေတာတွေ အများကြီးပါ... အလွန်ဆုံးမှ တစ်ဝက်ပဲ ရောင်းပေးနိုင်မယ်...”
လျူရှောင်ရူက ရေရှည် စီးပွားရေးအတွက် စဉ်းစားပြီး လုပ်နေခြင်း မဟုတ်ပေ။
နှစ်ရက်ဆက်တိုက် မနက်စောစော လာဝယ်သော အမျိုးသမီးကို သတိရသွားလို့ ဖြစ်သည်။
ထိုအမျိုးသမီးက နှပ်ဟင်းအကြောင်း ပြောလိုက်တိုင်း မျက်နှာပေါ်တွင် ပျော်ရွှင်မှုနှင့် ကျေနပ်မှုများ ပြည့်နှက်နေသည်ကို သူမ သတိရနေသည်။
ချန်ဟယ်သည် လျူရှောင်ရူ၏ အတွေးကို မသိသော်လည်း သူမကို လေးစားစွာ ကြည့်လိုက်မိ၏။
ရေတိုအတွက် ကြည့်လျှင် နှပ်ဟင်းအားလုံးကို တစ်ပြိုင်နက် ရောင်းလိုက်ခြင်းက အချိန်ကုန် လူပင်ပန်း သက်သာစေသော်လည်း ရေရှည်အတွက်မူ မကောင်းလှပေ။
ဒီဆိုင်က နှပ်ဟင်းလက်ရာက တကယ် ကောင်းမွန်သည်။ ရောင်းစရာ ရှိနေသ၍ ပုံမှန် ဖောက်သည်များ အဆက်မပြတ် လာနေမည်ဖြစ်ပြီး စီးပွားရေး မကောင်းမှာကို ပူစရာ မလိုပေ။
ချန်ဟယ်သည် လျူရှောင်ရူက ရိုးရိုးရှင်းရှင်း ပုံစံရှိသော်လည်း ငွေကြေးမြှူဆွယ်မှုကို မတုန်လှုပ်ဘဲ နေနိုင်သည်ကို တွေ့ရသဖြင့် သဘောကျသွားသည်။
သူ ထပ်မံ စည်းရုံးချင်သော်လည်း လျူရှောင်ရူက ပြတ်သားနေသဖြင့် မတတ်သာဘဲ ကျန်ရှိသော နှပ်ဟင်း တစ်ဝက်ကိုသာ မကျေမနပ်ဖြင့် ဝယ်ယူသွားရလေသည်။
စီးပွားရေး စခါစ ဖြစ်သဖြင့် လျူရှောင်ရူသည် နောက်ဖေးမီးဖိုချောင်ရှိ သံဒယ်အိုးကြီးဖြင့် တစ်နေ့လျှင် တစ်အိုးသာ ချက်ပြုတ်ပြီး ညမသိပ်ဘဲ နေ့ချင်းကုန်အောင် ရောင်းချလေ့ ရှိသည်။
“ဆိုင်ရှင်အစ်မလျူ... ဒီနေ့တော့ ထားလိုက်ပါတော့... မနက်ဖြန်ကျရင် ကျွန်တော့်အတွက် သီးသန့် နှပ်ဟင်း ဒယ်အိုးကြီးတစ်လုံးစာ ချက်ပေးပါ... စရန်ငွေ ကြိုပေးထားပါ့မယ်...”
လျူရှောင်ရူ သဘောမတူမှာ စိုးရိမ်သဖြင့် ချန်ဟယ်က စကားပြောင်းလိုက်သည်။
“ငွေအကုန်လုံး ကြိုပေးထားလို့လည်း ရပါတယ်... ကျွန်တော့်ကို နှပ်ဟင်းတစ်အိုး ပေးနိုင်ရင် ရပါတယ်... ဈေးခေါ်လိုက်ပါ... အခုချက်ချင်း ပိုက်ဆံပေးမယ်...”
လျူရှောင်ရူ အားနာသွားပြီး ပြောလိုက်သည်။
“နောက်ဖေးမှာ ဒယ်အိုးကြီး တစ်လုံးပဲ ရှိတာ... ကျွန်မ လက်ခံချင်ပေမဲ့ မတတ်နိုင်ဘူး...”
ချန်ဟယ်က မစဉ်းစားဘဲ ပြောလိုက်သည်။
“ဒယ်အိုး ဘယ်လောက်ကြီးလဲ... ကျွန်တော် ဝယ်ပေးမယ်... မီးဖို နောက်တစ်လုံး ထပ်လိုလား... ဒီနေ့ပဲ လူခေါ်ပြီး လာလုပ်ပေးခိုင်းလိုက်မယ်...”