← Chapters

ရွာပြန်ခြင်း

Vol. 8 Ch. 73

ရွာပြန်ခြင်း

Vol. 8 Ch. 73

မြို့နယ်မှ ရွာသို့ ပြန်သည့် ခရီးလမ်းသည် ရှည်လျားလှ၏။

ကုမင်တာ့သည် မြို့နယ်တွင် မြင်းလှည်းတစ်စီး ငှားရမ်းခဲ့၏။ အထူးသီးသန့် ငှားရမ်းထားသဖြင့် မြို့နယ်ထဲသို့ ဝင်စရာမလိုဘဲ ချင်းရွှေရွာသို့ တန်းပို့ပေးလေသည်။

ချင်းရွှေရွာသည် ဝေးလံခေါင်သီသော နေရာတွင် တည်ရှိသဖြင့် မြင်းလှည်းလာရောက်မှု ရှားပါးလှသည်။ ရွာထဲသို့ ဝင်သည်နှင့် ရွာထိပ်တွင် ကစားနေကြသော ကလေးများက မြင်းလှည်းကို မြင်သည်နှင့် အော်ဟစ်ကြတော့၏။

ကုမင်တာ့သည် လိုက်ကာကို မလိုက်ပြီး ကြည့်ရာ ကလေးအုပ်ထဲတွင် ကုမိသားစုမှ ကလေးအချို့ကို တွေ့လိုက်ရသည်။

ဒီလိုကိစ္စမျိုးတွင် ကုမင်တာ့သည် မျက်နှာပွင့်သော လူကြီးတစ်ဦးအဖြစ် နေလိုသဖြင့် အိမ်ကြီးနှင့် တတိယအိမ်မှ ကလေးများကို လှမ်းခေါ်လိုက်လေသည်။

မြင်းလှည်း ရပ်သွားသည်နှင့် ကုယွင်၊ ကုကျင်းနှင့် တာ့ယာ၊ ရှောင်ယာတို့သည် စိတ်လှုပ်ရှားစွာဖြင့် တက်လာကြ၏။

“ငါ မြင်းလှည်း စီးဖူးပြီဟေ့... နွားလှည်းထက် အများကြီး ငြိမ်တာပဲ...”

ကုကျင်းက မြင်းလှည်းပေါ်တွင် ထိုင်လျက် အောက်မှ သူငယ်ချင်းများကို လှမ်းအော်ပြောလိုက်သည်။

ကုမင်တာ့သည် ကြိုတင် ပြင်ဆင်ထားသော မုန့်များကို ထုတ်ယူပြီး ကလေးအရေအတွက်အလိုက် တစ်ယောက်တစ်ထုပ် ဝေပေးလိုက်၏။

ရှောင်ယာ့လက်ထဲ ရောက်သည်နှင့် သူမသည် မုန့်အားလုံးကို ပါးစပ်ထဲ အကုန်ထည့်ကာ အငမ်းမရ မျိုချလိုက်လေသည်။

ထိုအပြုအမူကို မြင်သောအခါ နျိုနျို အံ့သြသွားပြီး ပြောလိုက်သည်။

“ညီမလေး... အဲ့လောက် အများကြီး တစ်ခါတည်း စားရင် နင်နေဦးမယ်... နင်ရင် နေရခက်တယ်နော်...”

စကားဆုံးသည်နှင့် ရှောင်ယာသည် မျက်လုံးများ ပြူးလာပြီး လည်ပင်းတွင် တစ်ဆို့နေပုံရ၏။

ကျန်းယွင်နန်က ရေဘူးကို အမြန် ကမ်းပေးလိုက်သည်။ ရှောင်ယာ ရေ သောက်ပြီး မုန့်များ မျိုချလိုက်နိုင်မှ စိတ်အေးသွားရလေသည်။

“ကလေးရယ်... ဘာလို့ ဒီလောက် အစားစားတာ လောနေရတာလဲ... ဖြည်းဖြည်းစားပါ... ဒါတွေအကုန် သမီးဟာပါ... ဘယ်သူမှ မလုပါဘူး...”

ကျန်းယွင်နန်က ပြောပြီးနောက် ရှောင်ယာ၏ ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။

အတော်ကြာမှ ရှောင်ယာက တိုးတိုးလေး ပြောလိုက်၏။

“အမြန်မစားရင်... အိမ်ပြန်ရောက်တဲ့အခါ စားရမှာ မဟုတ်တော့ဘူး...”

ကျန်းယွင်နန်သည် ရှောင်ယာ၏ မိခင် လျူအာနီ၏ ပုံမှန်အကျင့်စရိုက်ကို တွေးမိလိုက်သည်။ ယောက်မမကောင်းကြောင်း ပြောရခက်သဖြင့် သူမ တိတ်ဆိတ်နေလိုက်တော့သည်။

နျိုနျိုက ရှေ့ထွက်လာပြီး ပြောလိုက်သည်။

“ဒါဆို အစ်မဆီမှာ အပ်ထားလိုက်... အစ်မ သိမ်းပေးထားမယ်... လုံးဝ ခိုးမစားဘူးလို့ ကတိပေးတယ်...”

ကလေးမလေး၏ စကားက ရိုးရှင်းသော်လည်း အခြားကလေးတစ်ယောက်က သူမကို ယုံကြည်လေ၏။

ကုရှောင်ယာက ပျော်ရွှင်စွာ မေးလိုက်သည်။

“တကယ်လား... အစ်မက တကယ် သိမ်းပေးမှာလား...”

နျိုနျို ခေါင်းကို တွင်တွင်ညိတ်ပြသည်။

ဘေးနားမှ အခြားကလေးများကလည်း ဝင်ပြောကြ၏။

“ငါရော သိမ်းပေးလို့ ရမလား... နောက်ကျရင် စားစရာရှိရင် ငါ့ဆီ လာအပ်ထား...”

ကြည်နူးစရာ မြင်ကွင်း ဖြစ်သော်လည်း ကုရှောင်ယာက သူတို့ကို သတိထားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“နင်တို့ကို မအပ်ချင်ပါဘူး... နင်တို့ကို ပေးလိုက်ရင် အလကား ဖြစ်ကုန်မှာ... ငါက နျိုနျိုနဲ့ အစ်ကိုယန်ကိုပဲ ယုံတယ်...”

ကုရှောင်ယာက ပြောလိုက်သည်။

ကုတာ့ယာ မကျေမနပ် ဖြစ်သွားပြီး မေးလိုက်၏။

“အစ်ကို့ကို မယုံတာ ထားလိုက်တော့... ငါ့ကိုကျတော့ ဘာလို့ မယုံတာလဲ... ငါတို့က အချစ်ဆုံးတွေလေ...”

ကုရှောင်ယာက တည့်တိုး ပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ကောက်ရတဲ့ သစ်အယ်သီးကို...”

ကုတာ့ယာ ပါးစပ်ပိတ်သွားသည်။

ကုရှောင်ယာသည် နျိုနျို၏ လက်ကိုဆွဲပြီး ကုတာ့ယာဘက်သို့ လှည့်ကာ ဂုဏ်ယူစွာ ပြောလိုက်လေသည်။

“နင်က ငါအပ်ထားတဲ့ သစ်အယ်သီးတွေကို ခိုးစားတယ်လေ... နောက်ဆို ငါ နင်နဲ့ အချစ်ဆုံး မလုပ်တော့ဘူး... နျိုနျိုနဲ့ပဲ အချစ်ဆုံး လုပ်တော့မယ်... ဘာလို့လဲဆိုတော့ သူက အကောင်းဆုံးပဲ... သူက ငါ့ကို သဲပုံ လုပ်ပေးတယ်... စားစရာရှိရင်လည်း ခွဲကျွေးတယ်...”

ကုမင်တာ့သည် နျိုနျိုကို အံ့သြစွာ ကြည့်လိုက်သည်။ ဒီတစ်ခါ စာမေးပွဲသွားဖြေတာ နှစ်လ သုံးလလောက် ကြာခဲ့၏။ ကလေးတွေက မေ့တတ်ကြသည်။ ရှောင်ယာတို့က အိမ်ရောက်တာ မကြာသေးတဲ့ နျိုနျိုကို မေ့သွားလောက်ပြီဟု သူ ထင်ခဲ့မိသည်။

သို့သော် ဒီလောက် ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး လုပွဲတောင် ဖြစ်နေကြလိမ့်မည်ဟု သူ ထင်မထားခဲ့ပေ။

ကုတာ့ယာသည် ညီမဝမ်းကွဲ ပြောတာကို ကြားသောအခါ နျိုနျို၏ ကျန်လက်တစ်ဖက်ကို ဆွဲပြီး ပြောလိုက်သည်။

“နျိုနျိုက နင်နဲ့မတည့်ရင် အကောင်းဆုံးပဲ... နျိုနျိုက ငါနဲ့ဆိုရင် အကောင်းဆုံးပဲ... နင်က ငါ့အချစ်ဆုံး ညီမ မဟုတ်တော့ဘူး... နျိုနျိုကမှ ငါ့အချစ်ဆုံး...”

မိန်းကလေးငယ်များ၏ စိတ်ခံစားချက်က မြန်ဆန်ပြီး စိတ်ဆိုးလွယ်ကြ၏။ နှမ်းစေ့လောက် ကိစ္စလေးကနေ ကြီးကြီးကျယ်ကျယ် ဖြစ်သွားတတ်ကြသည်။

“ငါနဲ့ အချစ်ဆုံး...”

“မဟုတ်ဘူး... သူက ငါ့ကို အချစ်ဆုံး...”

နှစ်ယောက်သား နျိုနျို၏ လက်တစ်ဖက်စီကို ဆွဲပြီး ရန်ဖြစ်လုနီးပါး ဖြစ်နေကြလေသည်။

ကျန်းယွင်နန်သည် နျိုနျို၏ မျက်နှာလေး နီရဲလာသည်ကို တွေ့သောအခါ အားမနာတတ်သော တူမနှစ်ယောက်ကို အမြန် တားလိုက်ရ၏။

“တော်ကြပါတော့... အကုန်လုံးကို ချစ်ပါတယ်... သမီးတို့အားလုံးက နျိုနျိုရဲ့ အချစ်ဆုံး အစ်မတွေပါ...”

လူကြီးတွေ ရှိနေသဖြင့် တာ့ယာနှင့် ရှောင်ယာတို့ ဆက်ပြီး အသံမထွက်ရဲကြတော့ပေ။

ကုရှောင်ယာက အလျှော့မပေးချင်သဖြင့် နျိုနျိုနား ကပ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

“နျိုနျို... နင် ငါနဲ့ပဲ အချစ်ဆုံး လုပ်ရမယ်နော်...”

ကုတာ့ယာက မြင်လိုက်ပြီး ချက်ချင်း မေးလိုက်၏။

“ဘာတွေ တိုးတိုးလေး ပြောနေတာလဲ...”

ကုရှောင်ယာ ပြန်မဖြေဘဲ မျက်နှာပြောင်ပြလိုက်သည်။

ကုတာ့ယာ ဒေါသထွက်ပြီး ထခုန်တော့မလို ဖြစ်သွား၏။

ကျန်းယွင်နန်က ချက်ချင်း လူစုခွဲလိုက်ပြီး ပြောလိုက်သည်။

“အိမ်ရောက်တော့မယ်... အိမ်ရောက်တော့မယ်...”

ကုမိသားစု အိမ်ဟောင်းသည် ရွာထိပ်နှင့် မဝေးသဖြင့် မြင်းလှည်းက ခြံဝင်းအပြင်ဘက်တွင် ရပ်လိုက်သည်။

အဖွားကုသည် မြင်းလှည်း ဘယ်ကရောက်လာမှန်းမသိ အံ့သြနေစဉ် နှစ်ဝက်လောက် ပျောက်နေသော ကုယွင်က မြင်းလှည်းပေါ်မှ ခုန်ဆင်းပြီး ပြုံးလျက် ပြောလိုက်သည်။

“အဘွား... ဒုတိယဦးလေး ပြန်ရောက်ပြီ... ပစ္စည်းတွေ အများကြီး ဝယ်လာတယ်...”

ထိုစကားကို ကြားသောအခါ အဖွားကု ဝမ်းသာလွန်းသဖြင့် မျက်လုံးများ မှေးကျသွားပြီး ပြောလိုက်သည်။

“အမယ်လေး... ငါ့သားလတ် ပြန်ရောက်ပြီ... မြင်းလှည်းနဲ့ ပြန်လာတာကိုး...”

ဘေးနားမှ တတိယချွေးမ လျူအာနီက ကျေးလက်ဒေသတွင် မမြင်ဖူးသော မြင်းလှည်းကို ကြည့်ပြီး မလိုတမာ ပြောလိုက်သည်။

“ဒုတိယအစ်ကိုက အခု ပညာရှိ ဖြစ်နေပြီဆိုတော့ ငါတို့လို တောသားတွေနဲ့ မတူတော့ဘူး... ဒီလောက် ခမ်းနားနေမှတော့ နောက်ကျရင် မိဘတွေကို ပိုက်ဆံဘယ်လောက် ပေးမလဲ မသိဘူး..."

ကုမင်တာ့သည် ဒီတစ်ခါ မြင်းလှည်းငှားလာခြင်းမှာ ကြွားဝါချင်လို့ မဟုတ်ဘဲ ကလေးတွေ ပင်ပန်းမှာစိုးလို့သာပင်။

ယောက်မ၏ ထူးဆန်းသော စကားများကို ကြားရသော်လည်း သူ ဘာမှမပြောရသေးခင် အဖွားကုက ပြန်ပြောလိုက်လေသည်။

“နင်က ဒီစကား ပြောထွက်သေးတယ်ပေါ့... အားလုံးက နင်တို့လင်မယားထက် ငါ့အပေါ် ပိုကောင်းကြတယ်...”

ကုမင်တာ့သည် မိခင်ဖြစ်သူ၏ သဘောထားနှင့် မျက်လုံးထဲမှ ဒေါသများကို ကြည့်ပြီး လန့်သွားသည်။ အရင်တုန်းက အမေက သည်ခယ်မကို မကြိုက်မှန်း သိသော်လည်း ဒီလောက်ထိ မုန်းတီးတာမျိုး မတွေ့ဖူးပေ။ ယခု အံကြိတ်ထားပြီး အချိန်မရွေး ဝင်ကိုက်ချင်နေသော ပုံစံမှာ အမုန်းတရား ကြီးမားပုံ ရသည်။

လျူအာနီသည် ထိုစကားကို ကြားသောအခါ အပြစ်ရှိသလို ခံစားလိုက်ရပြီး အကြောင်းပြချက် တစ်ခုခုရှာကာ အိမ်ထဲသို့ ဝင်ပုန်းနေလိုက်သည်။

အဖွားကုသည် အတော်ကြာအောင် ရပ်နေပြီးမှ အပြုံးကို မနည်း ပြန်ဆင်လိုက်ကာ ဒုတိယမိသားစုကို ကြည့်ပြီး ပြောလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်ရက်လောက်က မြို့ဝန်ရုံးက လူတစ်ယောက် စာလာပို့တယ်... သားက အစိုးရစာမေးပွဲမှာ ပထမရတယ်တဲ့... သားပြန်လာမယ်မှန်းသိလို့ အမေ အခန်းကို နေ့တိုင်း သန့်ရှင်းရေး လုပ်ထားတယ်... မြင်းလှည်း အကြာကြီး စီးလာရတာ ပင်ပန်းနေရောပေါ့... မြန်မြန် အနားယူကြ...”

“ဟုတ်ကဲ့ အမေ... အမေ ပြောတဲ့အတိုင်းပဲ လုပ်လိုက်မယ်...”

ကုမင်တာ့က ပြုံးလျက် ပြောလိုက်သည်။

သူက မြင်းလှည်းပေါ်မှ အရင် ဆင်းလိုက်ပြီး ကျန်းယွင်နန်ကို တွဲခေါ်ပေးလိုက်၏။ လူပျိုပေါက်အရွယ် ကလေးအချို့က အကူအညီ မလိုဘဲ ခုန်ဆင်းလိုက်ကြပြီး ဒုတိယအိမ်ခွဲမှ အထုပ်အပိုးများကို အိမ်ထဲသို့ ကူသယ်ပေးကြသည်။

ကျန်းယွင်နန်ကမူ နျိုနျိုကို ပွေ့ချီပြီး ချပေးလိုက်သည်။ မြေကြီးပေါ် ခြေချမိသည်နှင့် ကလေးမလေးသည် တောအုပ်ထဲသို့ ပျံဝင်သွားသော ငှက်ကလေးကဲ့သို့ အဖွားကုထံသို့ ပြေးဝင်သွားလေသည်။

“အဘွား... နျိုနျို အဘွားကို အရမ်းလွမ်းတာပဲ...”

နျိုနျိုက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။

နျိုနျိုသည် အဖွားကုကို တကယ် လွမ်းဆွတ်နေခဲ့၏။ အဖွားချန်က မြေးကို ဘယ်လို အလိုလိုက်လဲ ဆိုတာ မြင်တိုင်း သူမကို ချစ်သော အဖွားကုကို သတိရမိသည်။

အဖွားကု ၏ မျက်နှာအိုကြီးပေါ်တွင် စစ်မှန်သော အပြုံးများ ပေါ်လာပြီး လက်အိုကြီးများဖြင့် နျိုနျို၏ ပါးလေးကို အကြိမ်ကြိမ် ပွတ်သပ်ကာ သည်းသည်းလှုပ် ချစ်ပြနေလေသည်။

မြေးအဖွား နှစ်ယောက် အလွမ်းသယ်ပြီးသောအခါ အဖွားကုက သူခိုးတစ်ယောက်လို ဘယ်ကြည့်ညာကြည့် လုပ်လိုက်ပြီး ဘယ်သူမှ မမြင်ကြောင်း သေချာမှ ကလေးလက်သီးဆုပ်လောက်ရှိသော အနီရောင် တောသစ်သီးတစ်လုံးကို ထုတ်ကာ နျိုနျိုလက်ထဲ ထည့်ပေးလိုက်ပြီး တိုက်တွန်းလိုက်သည်။

“မြန်မြန် သိမ်းထား... အဘွားက သမီးကိုပဲ ပေးတာ... တခြားလူတွေ မမြင်စေနဲ့...”

All Chapters