← Chapters

အိမ်မှုကိစ္စ

Vol. 8 Ch. 74

အိမ်မှုကိစ္စ

Vol. 8 Ch. 74

ကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ထူးခြားသည်ဟု ခံစားရသည့် အချိန်က လူကြီးတွေ၏ အထူးတလည် မျက်နှာလိုက်ခံရသော အချိန်ကနေ စတင်တာ ဖြစ်လောက်သည်။

နျိုနျိုက အဘွား၏ လုပ်ရပ်ကြောင့် အနည်းငယ် အားနာသလို ခံစားခဲ့ရဖူးသည်။

သူမကျတော့ ရပြီး အစ်ကိုတွေ အစ်မတွေကျတော့ မရဘူး... ဒါ မမျှတဘူး မဟုတ်လား။

သို့သော် အဖွားကုက သူမကို အလွန် ထိရောက်သော ရှင်းပြချက် ပေးခဲ့သည်။

“အဘွားပစ္စည်း အဘွားသဘောလေ... ကြိုက်တဲ့သူကို ပေးမှာပေါ့... မျှတတယ် မမျှတဘူး ဆိုတာ မရှိပါဘူး...”

အဖွားကုက ဒီလိုပြောသော်လည်း သူမ၏ မျက်နှာလိုက်မှုကို ဖုံးကွယ်တတ်သေးသည်။ မျက်နှာလိုက်သည် ဆိုရာတွင်လည်း အရေးမပါသော အသေးအဖွဲ ကိစ္စလေးများတွင်သာ ဖြစ်ပြီး ကိစ္စကြီးများတွင် ကလေးများကို တန်းတူ ဆက်ဆံလေ့ ရှိ၏။

နျိုနျိုသည် အဘွားကို နောက်ဖေးခြံဝင်းသို့ ဆွဲခေါ်သွားပြီး ပြောလိုက်သည်။

“အဘိုးကိုလည်း လွမ်းတယ်...”

အဖွားကုက ချက်ချင်း ပြောလိုက်သည်။

“သမီးအဘိုးက အိမ်မှာ မရှိဘူး... ကြက်တွေအတွက် အစာသွားရှာနေတယ်...”

ထိုစကားကို ကြားသောအခါ နျိုနျို စိတ်ပျက်သွားသော်လည်း ချက်ချင်း ပြန်တက်ကြွလာပြီး မေးလိုက်သည်။

“မပြန်လာတာ ကြာပြီဆိုတော့... ကြက်ကလေးတွေ ကြီးကုန်ပြီလားဟင်...”

အဖွားကု ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ပြောလိုက်သည်။

“သမီးရဲ့ ကြက်ကလေးတွေ ကောင်းကောင်း ကြီးပြင်းနေပါတယ်... လာ... အဘွား လိုက်ပြမယ်"

ဒီကြက်အုပ်စုသည် နျိုနျို ဒီအိမ်သို့ စရောက်ခါစက အဘိုးကု ရှာလာပေးသော ရောဂါရနေသည့် ကြက်ပေါက်စလေးများ ဖြစ်သည်။ ပုံမှန်ဆိုလျှင် တစ်ကောင်မှ အသက်ရှင်မည် မဟုတ်သော်လည်း ယခုအခါ တစ်ကောင်ချင်းစီတိုင်း အလွန် ကျန်းမာသန်စွမ်းနေကြသည်။ တစ်ချိန်က ရောဂါရခဲ့သော ကြက်များဟုပင် မထင်ရပေ။

“ရှောင်ဟွာ... ငါ့ကို မှတ်မိသေးလား... ငါ နျိုနျိုလေ...”

နျိုနျိုက အမွှေးရောင် တောက်ပြောင်နေသော ကြက်မတစ်ကောင်ကို ပြောလိုက်သည်။

ကြက်မ ရှောင်ဟွာက တကယ် နားလည်သလိုပင်။ နောက်လှည့်ပြီး "ကတွတ်... ကတွတ်" ဟု အော်ကာ ထိုင်ချလိုက်သည်။ ပြန်ထလိုက်သောအခါ လတ်လတ်ဆတ်ဆတ် ကြက်ဥတစ်လုံး ကြမ်းပြင်ပေါ်တွင် ရောက်နေသည်ကို တွေ့လိုက်ရလေသည်။

အဖွားကုစိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဆောင်းတွင်းမို့လို့ အေးနေတာ... ကြက်တွေက ဥ သိပ်မဥကြဘူး... သမီး ပြန်ရောက်တာနဲ့ ဥ ဥပေးတယ်ဆိုတော့... သူ သမီးကို တကယ် ကြိုက်တာပဲ...”

ထိုစကားကို ကြားသောအခါ နျိုနျို၏ မျက်နှာလေး နီရဲသွားသည်။

ချွေးမကြီး ချန်ချွန်းဟွာသည် ဝက်စာတစ်ပုံးကို သယ်ဆောင်လာပြီး ကြက်ခြံဘေးရှိ ဝက်စာခွက်ထဲသို့ လောင်းထည့်လိုက်သည်။ သူမက ပြုံးလျက် ပြောလိုက်၏။

“အမေ... အဖေက တကယ် မွေးတတ်တယ်နော်... ရွာထဲက လူအများကြီးက ကျွန်မတို့အိမ်ကို အတုခိုးပြီး ရောဂါရတဲ့ ကြက်တွေကို မွေးကြည့်ကြတယ်... ဒါပေမဲ့ ဘယ်သူမှ အသက်မရှင်ကြဘူး...”

အဖွားကု သူမကို မျက်စောင်းထိုးပြီး ပြောလိုက်သည်။

“နင်က သူများကို လှောင်ရဲသေးတယ်... နင်ကိုယ်တိုင်ရော ဘာလို့ အဲ့ဒီအလုပ်မျိုး မလုပ်တာလဲ"

ချန်ချွန်းဟွာက အဖွားကုကို မျက်နှာချိုသွေးပြီး ပြောလိုက်သည်။

“အမေကလည်း... ဒုတိယမောင်လေးက စာမေးပွဲအောင်လာပြီလေ... ကျွန်မတို့ မိသားစု အခြေအနေက အရင်နဲ့ မတူတော့ဘူး... နှစ်သစ်ကူးကာလမှာ ပိုပြီး ပြည့်စုံလာပြီ... ဆွေမျိုးမိတ်ဆွေတွေဆီ သွားလည်ရင်လည်း မျက်နှာပွင့်ရမယ်... မဟုတ်ရင် သူများတွေက လှောင်ကြလိမ့်မယ်...”

အဖွားကုနှင့် ချန်ချွန်းဟွာတို့သည် ယောက္ခမနှင့် ချွေးမ တော်စပ်လာသည်မှာ ၁၀ နှစ်ကျော်ပြီ ဖြစ်သည်။ ချွေးမကြီး ဖင်လှန်လိုက်တာနဲ့ ဘာချေးပါမလဲ ဆိုတာ သိနေသည်။

စကားတွေသာ ကြီးကြီးကျယ်ကျယ် ပြောနေသော်လည်း တကယ်တမ်းကျတော့ သူမမျက်လုံးတွေက ကြက်တွေကို စိုက်ကြည့်နေတာပင်။

အဖွားကု မျက်နှာထား တင်းမာသွားပြီး ပြောလိုက်လေသည်။

“ဒီကြက်တွေကို လာပတ်သက်ဖို့ စိတ်ကူးမယဉ်နဲ့... ဒါ အဘိုးကြီးက နျိုနျိုအတွက် မွေးပေးထားတာ... အိမ်က ပြောင်းဖူးစေ့ တစ်စေ့... ဟင်းရွက် တစ်ရွက်တောင် မကျွေးထားဘူး... အစကနေ အဆုံးထိ နင်နဲ့ ဘာမှမဆိုင်ဘူး...”

ချန်ချွန်းဟွာ မြင်နေရသည်မှာ သက်ရှိကြက်များ မဟုတ်ဘဲ မွှေးပျံ့နေသော ကြက်သားတုံးများ ဖြစ်သည်။ အဘိုးကုက ရောဂါရနေသော ကြက်များကို ယခုလို ဖြစ်လာအောင် မွေးမြူထားသည်ကို သူမ စောင့်ကြည့်နေခဲ့သည်။

ဒီလောက် အကျိုးအမြတ်ကြီးကို သူမ ဘယ်လိုလုပ် လက်လွှတ်ခံနိုင်မှာလဲ။

“အမေ... အမေက ဒုတိယအိမ်ကို အရမ်း မျက်နှာလိုက်တာပဲ... အရင်တုန်းက ကျွန်မ တောင်ပေါ်က သယ်လာတဲ့ တောဝက်ကိုလည်း ဒုတိယမောင်လေး မျက်နှာရဖို့အတွက် ခွဲပေးလိုက်ရတယ်... ဒါ ကျွန်မတို့ အိမ်ကြီးအတွက် နစ်နာမှုပဲ... အခု အဖေမွေးထားတဲ့ ကြက်တွေကျတော့ နျိုနျို တစ်ယောက်တည်းပိုင် ဖြစ်သွားပြန်ပြီလား... ကျွန်မတို့ သားကြီးနဲ့ သားလတ်ကလည်း အမေ့ရဲ့ မြေးအရင်းတွေပါ... ဒီငွေဖြုန်းတဲ့ ကလေးမထက် ဘယ်လောက် ပိုသွေးနီးလဲဆိုတာ အမေ သိပါတယ်...”

ချန်ချွန်းဟွာ ပြောတာကို ကြားပြီး အဖွားကု ဒေါသထွက်လွန်းသဖြင့် သွေးတွေ ခေါင်းပေါ် ဆောင့်တက်သွားသလို ခံစားလိုက်ရသည်။ နှုတ်ခမ်းများ တုန်ယင်လာပြီး အိုမင်းသော ခန္ဓာကိုယ်က ယိုင်နဲ့လာ၏။

အဖွားကု ပုံစံမမှန်သည်ကို နျိုနျို အရင်ဆုံး သတိထားမိပြီး အော်ဟစ်ငိုယိုလိုက်သည်။

“အဘွား... အဘွား... ဘာဖြစ်တာလဲဟင်... နျိုနျိုကို မခြောက်ပါနဲ့... နျိုနျို ကြက်တွေ မလိုချင်တော့ပါဘူး... အဘွား နေကောင်းဖို့ပဲ လိုချင်တာပါ...”

ကလေးငယ်များ အော်ငိုလိုက်လျှင် မိဘများအတွက် အထူး သတိထားမိစေသည်။

အသံကြားသည်နှင့် ကုမင်တာ့နှင့် ကျန်းယွင်နန်တို့သည် နောက်ဖေးခြံဝင်းသို့ ပြေးထွက်လာကြပြီး ယိုင်လဲနေသော အဖွားကုကို ဘယ်ညာ ဝိုင်းတွဲလိုက်ကြသည်။

ကုမင်တာ့သည် အမြဲတမ်း သဘောကောင်းသူ ဖြစ်သော်လည်း မိခင်ဖြစ်သူ ဒီလိုဖြစ်သွားသည်ကို မြင်သောအခါ သည်းမခံနိုင်တော့ဘဲ ချန်ချွန်းဟွာကို မေးလိုက်သည်။

“မရီး... အမေ့ကို ဘာတွေ ပြောလိုက်လို့ ဒီလောက် ဒေါသထွက်သွားရတာလဲ...”

ချန်ချွန်းဟွာသည် ဘေးသို့ ကပ်သွားပြီး မျက်နှာပျက်နေသော်လည်း ငြင်းဆန်နေဆဲပင်။

“ငါ... ငါ...”

ကုမင်တာ့သည် သူမ မေးတာကို မဖြေဘဲ နေနေသည်ကို မြင်သောအခါ ကျန်းယွင်နန်ကို ကြည့်ကာ ပြောလိုက်သည်။

“ယွင်နန်... မြင်းလှည်းသမားကို သွားတားလိုက်... အမေ့ကို မြို့ထဲက ဆေးခန်း အရင် ပို့ရအောင်...”

မြင်းလှည်းပေါ်မှ ဆင်းပြီးနောက် သူတို့သည် မြင်းလှည်းသမားကို ချက်ချင်း ပြန်မလွှတ်ဘဲ ရေနွေးကြမ်းသောက်ရန် အိမ်ထဲသို့ ဖိတ်ခေါ်ထားခဲ့သည်။ ဒါက ကျေးလက်ဒေသ၏ ဧည့်ဝတ်ကျေပွန်မှု ဓလေ့တစ်ခုပင်။

မြင်းလှည်းသမားသည် ခေတ္တမျှ နေပြီး ယဉ်ကျေးမှုအရ စကားပြောဆိုကာ ပြန်ထွက်သွားခါစပင် ရှိသေး၏။

ကျန်းယွင်နန်သည် ယောက္ခမ၏ ကောင်းကွက်များကို အမြဲ တွေးတောလေ့ ရှိသူဖြစ်၍ ကြားသည်နှင့် အမြန် ပြေးထွက်သွားသည်။ ကံကောင်းစွာပင် မြင်းလှည်းသမားကို ရွာအဝင်တွင် မေးမြန်းစရာ ရှိ၍ တားထားသူ ရှိနေသည်။ ကုမိသားစုတွင် အရေးပေါ် ကိစ္စဖြစ်နေကြောင်း သိရသောအခါ မြင်းလှည်းသမားသည် စကားတစ်ခွန်းမှ မပြောဘဲ မြင်းလှည်းကို ပြန်လှည့်လာခဲ့လေသည်။

အဖွားကုကို မြို့ထဲသို့ ပို့ဆောင်လိုက်ချိန်တွင် ညနေစောင်းနေလေပြီ။

မြို့ထဲမှ သမားတော်အိုကြီးသည် ပြီးခဲ့တဲ့တစ်ခေါက်က သမားတော်ပင် ဖြစ်သည်။ သူက ကျန်းယွင်နန်ကို မှတ်မိနေသေးသည်။

အဖွားကု၏ သွေးခုန်နှုန်းကို စမ်းသပ်ပြီးနောက် ဆေးထိုးအပ်ဖြင့် ကုသပေးပြီး အချိန်အတော်ကြာ စဉ်းစားကာ ဆေးစာ ရေးပေးလိုက်သည်။

သမားတော်အိုကြီး၏ တည်ကြည်သော မျက်နှာကို ကြည့်ပြီး ကုမင်တာ့၏ ရင်ထဲတွင် ဆီပူနှင့် အကြော်ခံရသလို ခံစားနေရသည်။

“သမားတော်... ကျွန်တော့်အမေ ဘယ်လိုနေလဲ...”

သမားတော်အိုကြီး သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“တော်သေးတယ်... ခင်ဗျားတို့ အချိန်မီ ပို့လာလို့... နည်းနည်းလေး နောက်ကျသွားရင် အဘွားကြီး လေဖြတ်သွားနိုင်တယ်...”

ထိုစကားကို ကြားသောအခါ ကုမင်တာ့ မယုံနိုင်အောင် ဖြစ်သွားသည်။ မိခင်ဖြစ်သူ၏ ကျန်းမာရေးသည် အမြဲတမ်း ကောင်းမွန်ခဲ့သည်ကို သူ မှတ်မိသည်။ သူ စာမေးပွဲဖြေရန် အိမ်က ထွက်မလာခင်အထိ ကျန်းမာနေသေးသည်။

ဘာကြောင့် ရုတ်တရက်ကြီး ဒီအခြေအနေထိ ရောက်သွားရတာလဲ။

ကျန်းယွင်နန်သည် ကုမင်တာ့၏ လက်ကို ဖွဖွလေး ဆုပ်ကိုင်လိုက်သည်။ အရင်တုန်းက သူမကို ဂရုစိုက်ပြီး ထောက်ပံ့ပေးခဲ့သော ခင်ပွန်းသည် ယခုလို အားငယ်နေသည်ကို တွေ့ရခဲလှသည်။

“သမားတော်... အမေ့အတွက် အကောင်းဆုံး ဆေးတွေ ပေးပါ... ပိုက်ဆံကိစ္စ ကျွန်မတို့ ကြည့်ရှင်းပါ့မယ်... အမေ့ရောဂါ ပျောက်အောင် ကုပေးပါနော်...”

ကျန်းယွင်နန်က သမားတော်အိုကြီးကို အကြိမ်ကြိမ် တောင်းပန်လေသည်။

ကုမင်တာ့လည်း ခေါင်းညိတ်ပြီး တောင်းပန်နေသည်။

သမားတော်အိုကြီးသည် လင်မယားနှစ်ယောက်၏ ရိုးသားမှုကို တွေ့ရသဖြင့် စကားအနည်းငယ် ထပ်ပြောလိုက်၏။

“ခင်ဗျားတို့အမေက ဈေးကြီးတဲ့ ဆေးဝါးတွေ မလိုပါဘူး... သူက အသက်ကြီးပြီဆိုတော့ စိတ်မဆိုးသင့်ဘူး... ဒီကာလအတွင်း သူ စိတ်ဖိစီးမှုတွေ များနေပုံရတယ်... ခင်ဗျားတို့ သူ့ကို စိတ်လျော့ဖို့ ပြောပြရမယ်... စိတ်တိုင်းမကျတာတွေ ရှိရင်တောင် ကျန်းမာရေး ထိခိုက်အောင် မလုပ်သင့်ဘူး...”

ကုမင်တာ့သည် ဒီစကားကို နားထောင်ပြီး ဒီနေ့သည် အဖွားကု ပထမဆုံးအကြိမ် စိတ်ဆိုးခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။ သူသည် မျက်နှာဖြူဖပ်ဖြူရော ဖြစ်နေသော အဖွားကုကို လှည့်ကြည့်ပြီး မေးလိုက်သည်။

“အမေ... ကျွန်တော် အိမ်မှာမရှိတုန်း ဘာတွေ ဖြစ်ခဲ့တာလဲ... ဘယ်သူက အမေ့ကို စိတ်ဆိုးအောင် လုပ်တာလဲ”

ထိုစကားကို ကြားသောအခါ အဖွားကု၏ နှုတ်ခမ်းထောင့်တွင် ခါးသက်သော အပြုံးတစ်ခု ပေါ်လာသည်။

ကုမင်တာ့သည် မျက်လုံးများ ရောင်ရမ်းနေသော်လည်း အဖွားကုအနားတွင် စိုးရိမ်တကြီး ကပ်နေသော နျိုနျိုကို ကြည့်ကာ မေးလိုက်သည်။

“နျိုနျို... သမီးက လိမ္မာတဲ့ကလေးလေးပါ... ဖေဖေ့ကို ပြောပြ... စောစောက နောက်ဖေးခြံဝင်းထဲမှာ အဒေါ်ကြီး ဘာလုပ်လိုက်တာလဲ...”

All Chapters