← Chapters

မိသားစုကိစ္စ ပြောဆိုခြင်း

Vol. 8 Ch. 75

မိသားစုကိစ္စ ပြောဆိုခြင်း

Vol. 8 Ch. 75

အဖွားကု တစ်ခုခုကို သတိရသွားပုံရသည်။ လက်လှမ်းပြီး နျိုနျိုကို ဆွဲလိုက်ကာ ခေါင်းခါပြလိုက်သည်။

ကုမင်တာ့က သူမကို သဘောမတူသော မျက်လုံးများဖြင့် ကြည့်ကာ ပြောလိုက်၏။

“အမေ... ဘာဖြစ်လို့လဲ...ရှင်းရှင်းလင်းလင်းပြောလိုက်ပါတော့... အမေက ဒီလို ဖုံးဖိထားမယ်ဆိုရင် ကျွန်တော်က မရီးကိုပဲ အပြစ်မြင်မိတော့မှာ... ကျွန်တော် သူ့ကို တမင် ရန်ရှာပြီး အမေ့စကား နားမထောင်ဘဲ... အခုချက်ချင်း မြို့ဝန်ရုံးသွားပြီး တရားစွဲလိုက်တော့မယ်...”

ကုမင်တာ့သည် ကိစ္စကို ကြီးလေးအောင် တမင် လုပ်လိုက်သည်။ သူက ပြောရုံသက်သက် မဟုတ်ဘဲ နေရာမှ ထလိုက်ပြီး အပြင်တွင် စောင့်နေသော မြင်းလှည်းသမားကို မြို့နယ်သို့ မောင်းခိုင်းရန် ပြင်လိုက်သည်။

အဖွားကုစိုးရိမ်တကြီး ပြောလိုက်၏။

“သားလတ်... သားလတ်... မသွားပါနဲ့... အမေ ပြောပါ့မယ်...”

ထိုစကားကို ကြားသောအခါ ကုမင်တာ့ ရပ်တန့်လိုက်ပြီး အဖွားကုဘက်သို့ လှည့်ကြည့်လိုက်သည်။

အဖွားကု ထိုသို့ ပြောလိုက်သော်လည်း ညည်းတွားမိသေးသည်။

“သားက သားနဲ့မတူဘဲ အဖေကြီးနဲ့ တူနေပြီ...”

ကုမင်တာ့၏ မျက်နှာ ပျက်သွားလေသည်။

အဖွားကုက ချက်ချင်း ပြုံးလိုက်ပြီး ပြောလိုက်၏။

“အမေ ပြောချင်တာက... နင့်မရီးက သူတို့အိမ်က သားကြီး မင်္ဂလာဆောင်အတွက် စိတ်ပူနေတာပါ... အိမ်မှာ ပိုက်ဆံမလောက်မှာ ကြောက်လို့လေ... အဲ့ဒါနဲ့ အမေ စိတ်ပူပြီး မေ့လဲသွားတာပါ...”

ကုမင်တာ့ မျက်နှာထား တင်းမာသွားပြီး ပြောလိုက်သည်။

“အမေက သုံးနှစ်သားလေးကို လိမ်နေတာလား...”

သူက မိခင်ဖြစ်သူ ဘာတွေ တွေးနေလဲဆိုတာ ဘယ်သူ့ထက်မဆို နားလည်နေသည်။

“ဒီအဆင့်ထိ ရောက်နေတာတောင် အမေက ကိုယ့်ကိုယ်ကိုယ် အနာခံပြီး မရီးအတွက် ဖုံးကွယ်ပေးချင်နေတုန်းလား"

အဖွားကု လိုလားသည်မှာ ညီအစ်ကိုတွေ သင့်မြတ်ပြီး မိသားစု စုံလင်ဖို့ပင်။ ဘာပဲဖြစ်ဖြစ် အဖွားကုက အနစ်နာခံပြီး ပြဿနာ မဖြစ်စေချင်ပေ။ ယခု ကုမင်တာ့ စာမေးပွဲ အောင်လာပြီး မိသားစု အခြေအနေ ပြောင်းလဲလာချိန်တွင် သူမသည် ခွဲခွာရမှာကို ပို၍ မလိုလားပေ။

ကုမင်တာ့သည် အခင်းဖြစ်ပွားရာ နေရာတွင် ရှိနေသော အခြားတစ်ယောက်ကို ကြည့်လိုက်သည်။

“နျိုနျို... သမီး ပြော...”

နျိုနျိုသည် ဖေဖေနှင့် အဘွားကြားတွင် ညပ်နေသည်။ သူမ ပြောလိုက်သော စကားကြောင့် ဖေဖေနှင့် အဘွား ရန်ဖြစ်သွားမှာကို ကြောက်နေသည်။ ကလေးမလေးသည် ဒီလိုကိစ္စမျိုး မကြုံဖူးသဖြင့် အဘွားကို တုံ့ဆိုင်းစွာ လှမ်းကြည့်လိုက်လေသည်။

အဖွားကု က ကလေးကို မျက်လုံးဖြင့် အချက်ပြနေ၏။

ကုမင်တာ့သည် နျိုနျိုကို သူ့ဘေးသို့ ဆွဲယူလိုက်ပြီး လက်နှစ်ဖက်ဖြင့် ကလေး၏ ခေါင်းကို ကိုင်ကာ သူ့ကိုသာ ကြည့်စေပြီး ပြောလိုက်သည်။

“နျိုနျို... ဖေဖေ့ကို အမှန်အတိုင်း ပြော... ဘာဖြစ်ခဲ့တာလဲ...”

နျိုနျိုက အဖွားကုကို လှည့်ကြည့်ချင်သော်လည်း ကုမင်တာ့က သူမ၏ မျက်နှာလေးကို ကိုင်ထားသဖြင့် လှုပ်မရပေ။

“သမီး အခု အဘွားကို ကြည့်လို့မရဘူး... ဖေဖေ့ကိုပဲ အမှန်အတိုင်း ပြောရမယ်...”

ကုမင်တာ့က ပြောလိုက်သည်။

နျိုနျိုက လူကြီးလေးတစ်ယောက်လို သက်ပြင်းချလိုက်သည်။ သူမတွင် ရွေးချယ်စရာ မရှိတော့ပေ။

ကြက်ခြံဘေးတွင် ဖြစ်ပျက်ခဲ့သော အကြောင်းစုံကို နားထောင်ပြီးနောက် ကုမင်တာ့ မျက်မှောင်ကြုတ်လိုက်ပြီး ယင်ကောင်ကို ရိုက်သတ်ချင်စိတ် ပေါက်သွားလေသည်။

“အမေ... မရီးက ဒီလို ယုတ်မာတဲ့ စကားမျိုး ပြောတာတောင် အမေက ဖုံးကွယ်ပေးချင်နေတုန်းလား...”

ကုမင်တာ့ အလွန် မကျေမနပ် ဖြစ်သွားသည်။

အဖွားကုက ကုပ်လေးပုပြီး ပြောလိုက်၏။

“နင့်မရီးက ပါးစပ်သာ ဆိုးတာပါ... စိတ်ထားက တို့ဖူးလို နူးညံ့ပါတယ်... သူက အမြော်အမြင် မရှိလို့ပါ... တကယ်တော့ သူ့စိတ်ထဲမှာ နျိုနျိုကို ရှောင်ယာနဲ့ တန်းတူပဲ သဘောထားပါတယ်... ဘာမှ မခြားနားပါဘူး...”

အဖွားကု၏ စကားများက အမှန်တရားနှင့် မကွာလှပေ။ ဘာပဲဖြစ်ဖြစ် ချွေးမကြီး၏ မျက်လုံးထဲတွင် တာ့ယာ၏ သမီးမှလွဲ၍ အိမ်ထဲရှိ မိန်းကလေး အားလုံးက တန်းတူပင် ဖြစ်သည်။

ကုမင်တာ့သည် တစ်သက်လုံး ပင်ပန်းခံလာသော မိခင်ဖြစ်သူကို မရီးက အနိုင်ကျင့်နေသည်ကို လက်မခံနိုင်သလို၊ သူ့သမီးလေး အဆဲခံရသည်ကိုလည်း သည်းမခံနိုင်ပေ။ သူ့စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခု ချလိုက်လေပြီ။

အဖွားကု နေမကောင်းသဖြင့် အပြန်ခရီးတွင် မြင်းလှည်း ဆက်စီးခဲ့ရသည်။

မြင်းလှည်းပေါ်တွင် အဖွားကု၏ ချီးကျူးစကားများက အလကားရသလို ထွက်ပေါ်နေ၏။

“သားလတ်... ပြောရမယ်ဆိုရင် မြင်းလှည်းစီးရတာက နွားလှည်းထက် အများကြီး ငြိမ့်ညောင်းတာပဲ... ငါ့သားလတ်က အလားအလာ ရှိလို့သာ အမေ ဒီလို စည်းစိမ်မျိုး ခံစားရတာ... ငါ့ဘဝမှာ အပျော်ရွှင်ဆုံးက သားလို သားကောင်းတစ်ယောက် ရထားတာပဲ...”

ကုမင်တာ့က ဒီစကားများကို သာယာမနေဘဲ မေးလိုက်သည်။

“အမေ... သမားတော်ပြောပုံအရ အမေက လွန်ခဲ့တဲ့ နှစ်လလောက်ကတည်းက စိတ်ဖိစီးနေတာဆို... မရီးကလွဲရင် ဘယ်သူက အမေ့ကို စိတ်ဆိုးအောင် လုပ်သေးလဲ...”

အဖွားကုအသည်းအသန် ငြင်းဆန်လိုက်ပြန်သည်။

“မရှိပါဘူး... ဘယ်သူမှ ငါ့ကို စိတ်ဆိုးအောင် မလုပ်ပါဘူး... ငါက ပညာရှိရဲ့ အမေလေ... ဘယ်သူက ငါ့ကို ပြစ်မှားရဲမှာလဲ...”

ကုမင်တာ့သည် မိခင်ဖြစ်သူကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ သိသည်။ သူမ၏ မြှောက်ပင့်မှုများကို လက်မခံဘဲ တည့်တိုး ပြောလိုက်သည်။

“အမေ... အခု ဘာဖြစ်နေတာလဲ... ဘာလို့ စကားကို လှည့်ပတ် ပြောနေရတာလဲ...”

ထိုစကားကို ကြားသောအခါ အဖွားကု ရင်နာသွားပြီး လှည့်စားလို့ မရတော့မှန်း သိလိုက်သည်။ နောက်ဆုံးတွင် သူမ ရိုးသားသွားပြီး လေးနက်သော မျက်နှာဖြင့် ပြောလိုက်၏။

“မိသားစုကြီး တစ်ခုလုံး စုပြုံနေထိုင်ရင် ပဋိပက္ခတွေ ရှိတာပဲလေ... သားလတ်ရယ်... သား သိပ်ပြီး အလေးအနက် မထားပါနဲ့... အမေနဲ့ အဖေက အိမ်ထောင်ဦးစီးတွေလေ... စိတ်ဆိုးစရာ ရှိရင်တောင် ကိုယ့်ဘာသာ ဖြေရှင်းရမှာပေါ့...”

ကုမင်တာ့က ဒီစကားကို အခွင့်ကောင်းယူလိုက်သည်။

“အမေ... သစ်ပင်ကြီးရင် အကိုင်းအခက် များတယ်လေ... စုပြုံနေထိုင်ကြလို့ စိတ်မပျော်ရွှင်ကြဘူးဆိုရင်... မိသားစု ခွဲပြီးနေလိုက်တာက ပိုကောင်းပါတယ်...”

အဖွားကုသည် သူမ အကြောက်ဆုံး စကားလုံးနှစ်လုံးကို ကြားလိုက်ရသဖြင့် မျက်နှာပျက်သွားပြီး ပြောလိုက်သည်။

“သားက ပညာရှိ ဖြစ်တာနဲ့ အိမ်ခွဲနေချင်နေပြီလား... ပြင်ပလူတွေ သိသွားရင် သားက ကြီးပွားလာလို့ အစ်ကိုတွေကို ကန်ထုတ်ချင်နေတယ်လို့ ထင်ကြလိမ့်မယ်... သားလတ်... ဒီလိုလုပ်တာက သားအတွက် ဘာအကျိုးမှ ရှိမှာ မဟုတ်ဘူး...”

ကုမင်တာ့က သေချာ စဉ်းစားထားပြီးဖြစ်၍ အဖွားကုကို ရိုးသားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“အမေ... ကျွန်တော် ဒီနာမည်ဆိုးတွေကို မကြောက်ပါဘူး... သူများတွေ ဘာပြောပြော ဂရုမစိုက်ပါဘူး... ကျွန်တော် မျှော်လင့်တာက အမေ စိတ်ချမ်းသာဖို့ပါပဲ... အမေ ဒီလို အသေးအဖွဲ ကိစ္စတွေနဲ့ စိတ်မညစ်ရဘူး ဆိုရင်... တခြား ဘာကိစ္စထက်မဆို အရေးကြီးပါတယ်...”

သားဖြစ်သူ ပြောတာကို ကြားပြီး အဖွားကု စိတ်ပျော့သွားသော်လည်း ကုမင်တာ့သည် သားဖြစ်သလို ကျန်နှစ်ယောက်လည်း သားအရင်းတွေ ဖြစ်နေသည်။

သူမက သားတစ်ယောက်ရဲ့ ပိုက်ဆံကို ယူပြီး ကျန်သားနှစ်ယောက်ကို ထောက်ပံ့ပေးတာမျိုး မလုပ်ပါ။ ကုမင်တာ့ကို မိသားစု မခွဲစေချင်ရခြင်း အကြောင်းရင်းမှာ ကျန်သားနှစ်ယောက် အဆင်မပြေဖြစ်တဲ့အခါ မိသားစုထဲမှာ တစ်ဦးတည်းသော ဉာဏ်ကောင်းသူ ကုမင်တာ့က ဆွဲခေါ်သွားနိုင်ဖို့ မျှော်လင့်ခြင်းကြောင့်သာ။

သူမ၏ တောင်းဆိုမှုများ နိမ့်ကျလွန်းသဖြင့် အရင်တုန်းက သူမ အကြိမ်ကြိမ် အလှည့်စားခံခဲ့ရပြီး ကုမင်တာ့က ရယ်မောခဲ့ရသည်။

“မင်းတို့အားလုံးက အမေ့သားသမီးတွေပါ... အမေ မင်းတို့ကို မခွဲစေချင်ဘူး... အဲ့ဒီ ပိုင်ဆိုင်မှုလေးတွေအတွက်နဲ့ သွေးကွဲကုန်ကြမှာ... နောက်ကျရင် အိမ်မှုကိစ္စ အကြီးအသေး အကုန်လုံး သားပြောတာ နားထောင်ခိုင်းမယ်... အမေလည်း သားပြောတာ နားထောင်မယ်... သားလတ်ရယ်... မခွဲကြပါနဲ့နော်...”

အဖွားကုက တိုးတိုးလေး ပြောလိုက်သည်။

အဘွားအိုသည် သားလတ်ကို အိမ်ထောင်ဦးစီး နေရာ လွှဲပေးပြီး မိသားစုကို ဦးဆောင်စေချင်သော်လည်း သူမ၏ အကြံအစည်မှာ ဖြစ်လာနိုင်ဖွယ် မရှိပေ။

“အမေ... အစ်ကိုကြီးက သားအကြီးဆုံး ဖြစ်နေတာကို ထားလိုက်ဦး... သူ သိရင် ဘယ်လို တွေးမလဲ... သားငယ်တောင် မကျေနပ်နိုင်ဘူး... အမေက မျက်နှာလိုက်ပြီး ဒုတိယအိမ်ကို အခွင့်အရေး ပေးနေတယ်လို့ပဲ ထင်ကြမှာ...”

ကုမင်တာ့က ပြောလိုက်သည်။

အဘွားအိုသည် ထိုစကားကို ကြားသောအခါ စိတ်ဓာတ်ကျသွားပြီး စစ်ရှုံးသူတစ်ယောက်လို သက်ပြင်းချကာ မြင်းလှည်းပေါ်တွင် ထိုင်နေလေတော့သည်။

နျိုနျိုသည် အဘွားနှင့် ဖေဖေတို့၏ စကားဝိုင်းကို သေချာ နားမလည်သော်လည်း ဒီကိစ္စကြောင့် အဘွား စိတ်မကောင်း ဖြစ်နေသည်ကို သိလိုက်သည်။ သူမသည် အဘွားအို၏ ဘေးသို့ ညင်သာစွာ တိုးကပ်သွားပြီး ပိုက်ဆံအိတ်လေးထဲမှ သကြားလုံးတစ်လုံးကို ထုတ်လိုက်သည်။

“အဘွား... သကြားလုံး စားပါလား... မေမေ ပြောတယ်... အချိုစားရင် ပျော်ရွှင်ရတယ်တဲ့...”

နျိုနျိုက နူးညံ့စွာ ပြောလိုက်သည်။

သူမ အချစ်ဆုံး မြေးမလေး၏ နှစ်သိမ့်မှုကို ရလိုက်သဖြင့် အဖွားကု အားပြန်တက်လာပြီး နျိုနျို၏ ပခုံးကို ဖက်လိုက်သည်။

“နျိုနျို... သမီးအဖေက အိမ်ခွဲနေချင်နေတယ်... ဒါပေမဲ့ အဘွားက မခွဲချင်ဘူး...”

အဖွားကုက ဝမ်းနည်းပက်လက် ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ နျိုနျို ခေါင်းလေးစောင်းပြီး ပြောလိုက်သည်။

“အဘွားက ဖေဖေ လုပ်တာ မှားတယ်လို့ ထင်နေတာလား...”

အဖွားကု ရုတ်တရက် စကားဆွံ့အသွားလေသည်။

All Chapters