← Chapters

စိတ်ပျက်အားလျော့ခြင်း

Vol. 8 Ch. 77

စိတ်ပျက်အားလျော့ခြင်း

Vol. 8 Ch. 77

အစ်ကိုကြီးကုနှင့် ညီလေးကုတို့သည် ထိုစကားကို ကြားသောအခါ ကြောင်သွားကြသည်။ ကုမင်တာ့က ငွေအားလုံး ပေးပြီးသား ဖြစ်ပါလျက် အမေ ဘာလို့ မကျေနပ်သေးတာလဲ ဆိုတာကို သူတို့ နားမလည်နိုင်ပေ။

မည်သူမျှ ကိုယ်ပိုင်ငွေကို ထုတ်မပေးချင်ကြပေ... ပိုက်ဆံမရှိသော ညီလေးကုက အရင်ဆုံး ထွက်ပြီး ပြောလိုက်သည်။

“အမေ... ဒုတိယအစ်ကိုက မိသားစုကို အားမကိုးဘဲ စာမေးပွဲဖြေဖို့ ငွေရှာနိုင်တယ်လေ... သူက အခု ပညာရှိလည်း ဖြစ်နေပြီ... အမေ့အတွက် ဆေးဖိုးပေးရတာ သူ့အတွက် ဘာမှ မဟုတ်ပါဘူး... ဒုတိယအစ်ကို ကိုယ်တိုင်တောင် ဘာမှ မပြောတာ... အမေက ဘာလို့ လူဆိုး လုပ်ချင်နေရတာလဲ...”

ထိုစကားကို ကြားသောအခါ အဖွားကု မကျေမနပ် ဖြစ်သွားပြီး ပြောလိုက်၏။

“သားလတ်က တော်လို့ သူ့တစ်ယောက်တည်း ပေးရမှာလား... သူ ပညာရှိ ဖြစ်သွားတာကို မင်း မနာလို ဖြစ်နေတာလား... မင်း စာမေးပွဲ ဖြေချင်တုန်းက ဘာလို့ စာမကြိုးစားခဲ့လဲ... မင်းပြောပုံအရဆိုရင် ငါတို့အိမ်ရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းကို ခိုးသွားတဲ့ မင်းယောက်ဖတွေက မှန်တယ်ပေါ့လေ... သူတို့အိမ်က ငါတို့အိမ်ထက် ဆင်းရဲတာကိုး... ဟုတ်လား...”

လျူမိသားစုမှ ယောက်ဖများအကြောင်း ပြောလိုက်သောအခါ ညီလေးကု ချက်ချင်း ပါးစပ်ပိတ်သွားသည်။

ခင်ပွန်းသည်ကို ကူညီပြောပေးရန် ပြင်နေသော လျူအာနီလည်း ကြောက်လန့်သွားပြီး ဆက်မပြောရဲတော့ပေ။

ချွေးမကြီး ချန်ချွန်းဟွာသည် ယောက္ခမ ဒေါသထွက်နေသဖြင့် ရှေ့မထွက်ရဲပေ။ အခန်းထဲတွင် ပုန်းနေပြီး ပြတင်းပေါက်မှတစ်ဆင့် အခြေအနေကို ချောင်းကြည့်နေသည်။

လင်မယားနှစ်ယောက်စလုံး ရှိနေသော တတိယအိမ်ခွဲနှင့် ယှဉ်လျှင် ခြံဝင်းထဲတွင် ရှိနေသော အစ်ကိုကြီးကု၏ ပုံရိပ်မှာ အနည်းငယ် အားနည်းနေသယောင် ရှိသည်။

အစ်ကိုကြီးကုသည် သားအကြီးဆုံး ဖြစ်သဖြင့် မိသားစု၏ ကျောရိုး ဖြစ်သင့်သော်လည်း ကုမင်တာ့က အမြဲတမ်း ထူးချွန်နေသဖြင့် အစ်ကိုကြီးကုထက် ကုမင်တာ့က မိသားစု၏ အစ်ကိုကြီး ပုံစံ ပိုပေါက်နေသည်။

ယခုအချိန်တွင် သူက ဒေါသတကြီး ပြောလိုက်၏။

“အမေ... ကျွန်တော်တို့ အိမ်ကြီးမှာလည်း ကိုယ်ပိုင်ငွေ သိပ်မရှိပါဘူး... ကျွန်တော့်မှာ ကလေးသုံးယောက်တောင် ရှိသေးတာ...”

ဒီလိုရလဒ်မျိုး ထွက်လာမည်ကို သိထားသော်လည်း အဖွားကု စိတ်ပျက်သွားမိသည်။ သူမက သားနှစ်ယောက်ကို လက်ညှိုးထိုးပြီး မေးလိုက်သည်။

“ငါ့မျက်လုံးတွေ ကန်းနေလို့ နင်တို့လို သားဆိုးသားမိုက် နှစ်ကောင်ကို မွေးထားမိတာ... ဒီလိုမှန်းသိရင် မွေးကတည်းက ဆီးအိုးထဲ ထည့်ပြီး နှစ်သတ်ပစ်လိုက်ရမှာ...”

မိခင်ဖြစ်သူ၏ ဖိနှိပ်မှုကြောင့် သားနှစ်ယောက် ခေါင်းငုံ့ထားပြီး အကြာကြီး ပြန်မမော့ရဲကြပေ။

သို့သော် လျူအာနီသည် ချက်ပြုတ်နည်း ခိုးယူသည့် အမှားကြီး ကျူးလွန်ထားသော်လည်း မိသားစုက ခဏဆူပူပြီးရင် ပြီးသွားရောဟု ထင်နေသည်။ သူမက ညီလေးကုကို တိုးတိုးလေး ပြောလိုက်၏။

“သာမန်လူ ဘယ်သူက မြို့ထဲကို မြင်းလှည်းနဲ့ သွားမှာလဲ... ဆေးခန်းသွားရင်တောင် ဒီလောက် ဈေးကြီးတဲ့ ဆေးမျိုး မဖော်ရဲဘူး...”

အဖွားကု အသက်ကြီးသော်လည်း နားပါးသည်။ ထိုစကားကို ကြားသောအခါ လျူအာနီ၏ နှာခေါင်းကို လက်ညှိုးထိုးပြီး ဆဲဆိုလိုက်သည်။

“နင့်မိန်းမ ပြောတာကို နားထောင်ကြည့်စမ်း... ငါ စည်းစိမ်ခံချင်လွန်းလို့ မှားတာပေါ့... ဆေးသောက်ဖို့တောင် နှမြောနေတဲ့ ကောင်မက သူ့မိဘတွေကိုကျတော့ အရမ်း ရက်ရောနေတယ်...”

ညီလေးကုက လျူအာနီကို အမြန် ဆွဲထားပြီး ဆက်မပြောရန် တားလိုက်သည်။

အဖွားကု အကြာကြီး ဆဲဆိုနေသည်။ သားနှစ်ယောက်က ခေါင်းငုံ့ခံနေကြသော်လည်း ပိုက်ဆံကိစ္စကိုတော့ လုံးဝ အလျှော့မပေးကြပေ။ အမေ ဒေါသပြေသွားရင် ပြီးသွားမှာပဲဟု တွေးနေကြသည်။

အရင်တုန်းကလည်း သူတို့သည် မိဘများနှင့် ပဋိပက္ခ ဖြစ်တိုင်း ဒီနည်းလမ်းဖြင့် ဖြေရှင်းခဲ့ကြသည်။

သို့သော် သူတို့ မသိသည်မှာ လူတစ်ယောက်၏ စိတ်ပျက်အားလျော့မှုသည် ချက်ချင်း ပေါက်ကွဲထွက်လာခြင်း မဟုတ်ဘဲ တဖြည်းဖြည်း စုပုံလာခြင်း ဖြစ်သည်။ အဖွားကု ဆဲလေလေ သူမ၏ ရင်ထဲတွင် ပိုပြီး အေးစက်လာလေလေပင်။

သူမက သားနှစ်ယောက်ကို ပိုက်ဆံ အတင်းပေးခိုင်းရန် ရည်ရွယ်ချက် မရှိခဲ့ပေ။ ကုမင်တာ့ ကိုယ်တိုင်ကလည်း ဆေးဖိုးဝါးခနှင့် လမ်းစရိတ်ကို ဂရုမစိုက်ပေ။ သို့သော် သားနှစ်ယောက်က တစ်ပြားတစ်ချပ်မှ မပေးရန် ဆုံးဖြတ်ထားကြသည်။

သက်ကြီးရွယ်အိုများ စိတ်ပူတတ်သည်မှာ နှစ်ချက်ရှိသည်။ သားသမီးမြေးမြစ်များ၏ အနာဂတ်နှင့် မိမိတို့၏ အိုစာမင်းစာ ကိစ္စပင်။

ယခု အခြေအနေကို ကြည့်ပြီး အဖွားကုသည် သူမနှင့် အဘိုးကု၏ အိုစာမင်းစာအတွက် ဒီသားနှစ်ယောက်ကို လုံးဝ အားကိုး၍ မရတော့ကြောင်း ခံစားလိုက်ရသည်။

ဆဲဆိုရတာ များလွန်းသဖြင့် အဖွားကု ပျင်းလာသည်။ သူမ၏ အသံ တဖြည်းဖြည်း တိုးလာပြီး စကားလုံးများ နည်းပါးလာသည်။

သားနှစ်ယောက်က ဒီကိစ္စ ပြီးသွားပြီဟု ထင်လိုက်ကြသည်။ အစ်ကိုကြီးကုက အဖွားကုကို တွဲပြီး အိမ်ထဲသို့ ခေါ်သွားကာ ပြောလိုက်၏။

“အမေ... အမေ နေမကောင်းဘူးဆိုတော့ များများ အနားယူပါ...”

အဖွားကုသည် ဒီချော့မော့စကားလေး တစ်ခွန်းကြောင့် စိတ်မပြောင်းလဲခဲ့ပေ။

သူမသည် မူလက နှစ်သစ်ကူးပြီးမှ မိသားစု ခွဲရန် စိတ်ကူးထားခဲ့သည်။ ယခု သားနှစ်ယောက်၏ ပုံစံကို ကြည့်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

“စိတ်သဘောထားချင်း မတိုက်ဆိုင်တော့ရင်လည်း... အတင်း ပေါင်းသင်းနေစရာ မလိုတော့ပါဘူး...”

အစ်ကိုကြီးကု နားမလည်သဖြင့် မေးလိုက်သည်။

“အမေ... ဘာပြောလိုက်တာလဲ...”

အဖွားကု၏ မျက်လုံးများသည် အိမ်ထဲရှိ လူများကို တစ်ယောက်ချင်းစီ လိုက်ကြည့်ပြီးနောက် အစ်ကိုကြီးကုထံတွင် ရပ်တန့်သွားသည်။

“မျက်စိတစ်မှိတ်အတွင်းမှာပဲ... နင့်သားကြီးတောင် မိန်းမယူတော့မယ်...”

သူမက ညီလေးကုကို ကြည့်ပြီး သတိပေးလိုက်ပြန်သည်။

“နင့်မိန်းမက အပြင်လူ စိတ်ပေါက်နေတာ... နောက်ကျရင် သတိထား... အိမ်ထဲက ပစ္စည်းတွေ အကုန် သယ်မသွားစေနဲ့...”

လျူအာနီသည် ဘေးနားတွင် ရပ်နေဆဲ ဖြစ်သည်။ အဖွားကု၏ စွပ်စွဲမှုကို ခံလိုက်ရသဖြင့် ချက်ချင်း ခုန်ထပြီး ပြောလိုက်သည်။

“အမေ... ပြောစရာရှိရင် ယုတ္တိရှိရှိ ပြောပါ... ကျွန်မက ဒီအိမ်အတွက် နွားလို ကျွဲလို လုပ်ပေးခဲ့တာပါ... ကုသိုလ်မရရင်တောင် ပင်ပန်းရကျိုးတော့ နပ်ပါသေးတယ်...”

အဖွားကုစကားတစ်ခွန်းတည်း ပြောလိုက်သည်။

“ငါတို့အိမ်က တို့ဖူးတွေ ဘာလို့ ရောင်းမရတော့တာလဲ...”

အဘွားအိုသည် ဆက်လက် အပြစ်မတင်တော့ဘဲ သားနှစ်ယောက်ကို လှည့်ကြည့်ကာ ပြောလိုက်သည်။

“သားကြီး... မနက်ဖြန်မနက်ကျရင် ချန်မိသားစုကို သွားပြီး နင့်ယောက်ဖကို ဖိတ်ခဲ့... သားလတ်... မနက်ဖြန် ကျန်းမိသားစု ခေါင်းဆောင်ကို သွားဖိတ်... သားငယ်... မနက်ဖြန်မနက် လျူမိသားစုကို သွားခေါ်ခဲ့... မနက်ဖြန် နေ့လယ်ကျရင် အိမ်ခွဲကြမယ်...”

ထိုစကားကို ကြားသောအခါ အိမ်ထဲသို့ ဗုံးတစ်လုံး ပစ်ထည့်လိုက်သကဲ့သို့ ဖြစ်သွားသည်။

ပုံမှန်ဆိုလျှင် အိမ်ကြီးနှင့် တတိယအိမ်တို့ကို ဒုတိယအိမ်က အခွင့်အရေး ယူနေသည်ဟု ကွယ်ရာတွင် အမြဲ ပြောလေ့ရှိသည်။ မိမိတို့က လယ်ထဲတွင် ပင်ပန်းခံ လုပ်နေရချိန်၌ ဒုတိယအိမ်က သက်တောင့်သက်သာ နေနေရသည်ကို မကျေနပ်ကြပေ။

သို့သော် တကယ်တမ်းကျတော့ ဒုတိယအိမ်က အဖွားကုကို ငွေအများဆုံး ပေးထားသလို၊ အသားဟင်း စားရအောင်လည်း မကြာခဏ ဝယ်လာတတ်သဖြင့် သူတို့ကသာ ဒုတိယအိမ်ကို အမြတ်ထုတ်နေခြင်း ဖြစ်သည်ကို သူတို့ကိုယ်သူတို့ သိနေကြသည်။

အရင်က စာမေးပွဲ ကျနေသူသည် ယခု ပညာရှိ ဖြစ်လာပြီ။ နောင်တစ်ချိန်တွင် ကျူးရန်စာမေးပွဲ မအောင်လျှင်တောင် ပညာရှိအစ်ကိုတစ်ယောက် ရှိနေခြင်းက အားကိုးစရာ ဖြစ်သည်။ အကယ်၍ ကျူးရန် စာမေးပွဲသာ အောင်မြင်ခဲ့ပါက တစ်မိသားစုလုံး ကောင်းစားတော့မည်။

“အမေ... နေပါဦး... ဘာလို့ ရုတ်တရက်ကြီး မိသားစု ခွဲရမှာလဲ... ဒုတိယညီလေးက ပညာရှိ ဖြစ်တာနဲ့ မိသားစု ခွဲချင်နေပြီလား... ဒီသတင်းကို သူများတွေ ကြားရင် မကောင်းဘူးနော်...”

အစ်ကိုကြီးကုက မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

ညီလေးကုကလည်း ထောက်ခံပြီး ကုမင်တာ့ကို ဆွဲကာ ပြောလိုက်သည်။

“ဒုတိယအစ်ကို... တစ်ခုခု ပြောပါဦး... အမေက ဖျားပြီး စိတ်မမှန်တော့ဘူး... ရွာသားတွေ အလကား ပွဲကြည့်ကောင်းအောင် မလုပ်ပါနဲ့...”

ကုမင်တာ့က သူတို့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

“နောက်ဖေးခြံဝင်းကို သွားပြီး အဖေ့ကို သွားကြည့်လိုက်ဦးမယ်...”

သူသည် အိမ်ပြန်ရောက်ကတည်းက ဖခင်ဖြစ်သူနှင့် မတွေ့ရသေးပေ။ မိခင်ဖြစ်သူကို မြို့ထဲသို့ ဆေးခန်းပို့နေရသဖြင့် အလုပ်ရှုပ်နေခဲ့သည်။

အစ်ကိုကြီးကုနှင့် ညီလေးကုတို့သည် ကုမင်တာ့က ဆင်ခြေပေးပြီး ရှောင်ထွက်သွားသည်ကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။

ကုမင်တာ့ ဆုံးဖြတ်ချက် ချပြီးပြီဆိုတာ အဖွားကု သိနေသည်။ ဒီကိစ္စကို ပြန်ပြင်လို့ မရတော့ပေ။ သူမက သားဆိုးနှစ်ယောက်ကို တည့်တိုး ပြောလိုက်သည်။

“သစ်ပင်ကြီးရင် အကိုင်းအခက် များတယ်လေ... စောစောစီးစီး ရှင်းရှင်းလင်းလင်း ခွဲလိုက်တာ ပိုကောင်းတယ်... ငါ့ကို လာမဖျောင်းဖျကြနဲ့တော့... မနက်ဖြန် သေချာပေါက် ခွဲရမယ်...”

အိမ်ကြီးက မိသားစု ခွဲရမှာကို အကြောက်ဆုံး ဖြစ်သည်။ ကျေးလက် ဓလေ့ထုံးတမ်းအရ မိဘများသည် သားအကြီးဆုံးနှင့် နေရလေ့ ရှိသည်။ နေမကောင်း စဖြစ်လာသော အမေအိုကြီးနှင့် စိတ်မနှံ့သော အဖေအိုကြီး... ဒီဝန်ထုပ်ဝန်ပိုးကို ဘယ်သူက ခံနိုင်မှာလဲ။

“အမေ... အမေနဲ့ အဖေက ဘယ်သူနဲ့ လိုက်နေမှာလဲ...”

ညီလေးကုက သတိထားပြီး မေးလိုက်သည်။

ညီလေးကုသည် မိသားစု ခွဲရမှာကို နှမြောသော်လည်း အစ်ကိုကြီးကုလောက် စိတ်မပူပေ။ အဘယ်ကြောင့်ဆိုသော် သူက သားငယ် ဖြစ်သဖြင့် မိသားစု ခွဲလျှင်တောင် မိဘများက သူ့ဆီ လာနေမည် မဟုတ်သောကြောင့်ပင်။

အဖွားကုက တန်းပြီး မဖြေဘဲ ပြန်မေးလိုက်သည်။

“မင်းတို့ထဲက ဘယ်သူက ငါ့ကို လုပ်ကျွေးချင်လဲ...”

All Chapters