← Chapters

သူမ တကယ် ယုံသွားခြင်း

Vol. 8 Ch. 79

သူမ တကယ် ယုံသွားခြင်း

Vol. 8 Ch. 79

ကုမင်တာ့သည် နျိုနျိုပြောသည့်အတိုင်း အဖွားကုကို လှမ်းကြည့်လိုက်၏။

နျိုနျို ပြောသည်မှာ မှန်ကန်နေသည်။ စောစောက စိတ်ငြိမ်နေသော အဖွားကုသည် ယခုအခါ မျက်မှောင်ကြုတ်ထားရုံသာမက ဘေးတွင်ချထားသော ညာဘက်လက်ကို လက်သီးဆုပ်ထားပြီး ဒေါသကို မနည်း ထိန်းချုပ်နေရပုံ ပေါက်နေသည်။

ထိုအချိန်တွင် ကုမင်တာ့သည် မိသားစုခွဲရန် ဆုံးဖြတ်လိုက်ခြင်းမှာ မှန်ကန်ကြောင်း ပို၍ သေချာသွားသည်။ အိမ်ကြီးမှ လင်မယားက အသိဉာဏ် မရှိသလို၊ တတိယအိမ်မှ ယောက္ခမဘက်ကလည်း ရှုပ်ထွေးလှသည်။ ညီလေးကလည်း ပျော့ညံ့လွန်းသူပင်။ နောင်တစ်ချိန်တွင် မိခင်ဖြစ်သူကို ဒုက္ခဘယ်လောက် ပေးဦးမလဲ ဆိုတာ မသိနိုင်ပေ။

ကုမင်တာ့သည် မိဘများ၊ ဇနီးနှင့် သားသမီးများကို အချစ်ဆုံး ဖြစ်သည်။ ယခု လျူမိသားစုက အခွင့်အရေးယူပြီး သူ့မိခင်ကို စိတ်ဆိုးအောင် လာလုပ်နေသည်ကို သူ လုံးဝ သည်းခံနေမည် မဟုတ်ပေ။

မူလက သူသည် တို့ဖူးဆိုင်ကိစ္စကို ဗွေမယူဘဲ နေချင်သော်လည်း တစ်ဖက်လူက ခေါင်းပေါ် တက်နင်းလာမှတော့ ဆက်ပြီး သည်းခံနေစရာ အကြောင်းမရှိတော့ချေ။

“အဒေါ်လျူ... ခင်ဗျားတို့ မိသားစုက ဒီနေ့ ခမ်းနားလှချည်လား... တောင်းပန်ဖို့ လာတာဆိုရင်တောင် ဒီလောက် လူအများကြီး ခေါ်လာစရာ မလိုပါဘူး...”

ကုမင်တာ့က အဖွားကြီးလျူကို ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ အဖွားကြီးလျူ၏ မျက်လုံးများထဲတွင် သံသယများ ပြည့်နှက်သွားပြီး ပြောလိုက်သည်။

“ဘာတောင်းပန်တာလဲ... ပညာရှိမင်း... ရှင် ဘာပြောနေလဲ ကျွန်မ နားမလည်ပါဘူး...”

အဖွားကြီးလျူသားအများကြီး ခေါ်လာခြင်းမှာ သမီးဖြစ်သူအတွက် ပစ္စည်းများများ ရအောင် ကူတောင်းပေးရန်သာ။ သူမ အိမ်ရောက်ကတည်းက ပြဿနာရှာရန် ကြံစည်ထားပြီးပြီပင်။

ကုမိသားစုတွင် အိမ်ခွဲ သုံးခုရှိသည်။ အိမ်ကြီးက သားအကြီးဆုံး ဖြစ်ပြီး ချန်ချွန်းဟွာ၏ ဆွေမျိုးများက ရန်စရ ခက်ခဲသည်။ ထို့ကြောင့် အဖွားကြီးလျူသည် အိမ်ကြီးနှင့် ရန်မဖြစ်ချင်ပေ။ သူမ ပစ်မှတ်ထားသည်မှာ ဒုတိယအိမ်ပင်။ ကုမင်တာ့သည် ရွာထဲတွင် နာမည်ကြီးသူ ဖြစ်သည်။ သူမသာ မြေကြီးပေါ် လူးလှိမ့်ပြီး "ပညာရှိက ညီအစ်ကိုတွေဆီက အခွင့်အရေး ယူတယ်" ဟု အော်ဟစ်လိုက်လျှင် သမီးဖြစ်သူအတွက် ပစ္စည်းများများ ခွဲဝေပေးရမည်မှာ သေချာသည်။

သူမက အမေတစ်ယောက်အနေနဲ့ သမီးအတွက် တောင်းပေးတာ မဟုတ်လား...။

အဖွားကြီးလျူနှင့် ယခင်က ကျန်းကွမ်ကျုံးကို ငွေညှစ်ခဲ့သော လျူမိသားစုဝင်များသည် ဆွေမျိုးများ ဖြစ်ကြသည်။ သူတို့လည်း လျူမိသားစုဝင် အချင်းချင်း ဖြစ်ပြီး စာသင်သားကို အနိုင်ကျင့်ဖူးကြသည်။ အဖွားကြီးလျူက သူများတောင် လုပ်လို့ရရင် သူမ ဘာလို့ လုပ်လို့ မရရမှာလဲဟု တွေးထားလေသည်။

သို့သော် မျှော်လင့်မထားသော အချိန်တွင် ကုမင်တာ့က သူမကို ရုတ်တရက် ထိုးနှက်လိုက်သလို ဖြစ်သွား၏။

လူတိုင်းအပေါ် သဘောကောင်းလေ့ရှိသော ကုမင်တာ့သည် ရုတ်တရက် မဲ့ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

“အဒေါ်... ခင်ဗျားသမီးက ကျွန်တော့်အိမ်ရဲ့ တို့ဖူးလျှို့ဝှက်ချက်ပြုတ်နည်းကို ခိုးသွားတာလေ... တကယ်ပဲ ဒီအတိုင်း ပြီးသွားမယ် ထင်နေတာလား...”

အဖွားကြီးလျူ ချက်ချင်း ငြင်းဆန်လိုက်သည်။

“ဘာမှ မဟုတ်တာ... တို့ဖူးလုပ်တတ်တာ ရှင်တို့တစ်အိမ်တည်း ရှိတာမှ မဟုတ်တာ... မြို့ထဲက တို့ဖူးမယ်မယ်တောင် လုပ်တတ်သေးတာပဲ...”

ကုမင်တာ့က ချက်ချင်း မေးလိုက်သည်။

“ဒါဆို ခင်ဗျားတို့က မြို့ထဲကလူဆီက ခိုးလာတယ်ပေါ့...”

“ငါတို့က မြို့ထဲကလူဆီက ခိုးတာ မဟုတ်...”

အဖွားကြီးလျူ စကားမှားသွားမှန်း သိလိုက်ပြီး အမြန် ပြင်ပြောလိုက်သည်။

“ငါတို့မိသားစုက ဘယ်သူ့ လျှို့ဝှက်ချက်ပြုတ်နည်းကိုမှ မခိုးပါဘူး... ဒါ ငါတို့ဘာသာ စဉ်းစားမိတာပါ...”

မြို့ထဲက တို့ဖူးဆိုင်က ကျန်းကွမ်ကျုံးကို ငွေညှစ်ထားတာ မကြာသေးပေ။ သူတို့က ရန်စရ လွယ်ကူသူများ မဟုတ်သဖြင့် အဖွားကြီးလျူ ထည့်မပြောရဲပေ။

ကုမင်တာ့က ပြောလိုက်သည်။

“ခင်ဗျားတို့ဘာသာ စဉ်းစားမိတယ် ဟုတ်လား... ဘာလို့ တခြားလူတွေ မစဉ်းစားမိဘဲ ခင်ဗျားတို့ကျမှ စဉ်းစားမိရတာလဲ... ပြီးတော့ အရသာက ကျွန်တော့်အိမ်က တို့ဖူးနဲ့ တစ်ပုံစံတည်း တူနေတယ်... ဒါတောင် မခိုးဘူးလို့ ငြင်းချင်သေးတာလား... အစက ကျွန်တော့်အမေက ဆွေမျိုးတွေမို့လို့ သဘောထားကြီးပြီး ခွင့်လွှတ်ပေးဖို့ ပြောထားတာပါ... ခင်ဗျားတို့သာ ရိုးရိုးသားသား တောင်းပန်ရင် ဒီကိစ္စကို ကျော်သွားလို့ ရပါတယ်...”

“ဒါပေမဲ့ အခု ခင်ဗျားတို့ မိသားစုက နောင်တမရတဲ့အပြင် ခေါင်းမာနေမှတော့... ဒီနေ့ မိသားစု မခွဲသေးဘဲ နေလိုက်ကြစို့... အရင်ဆုံး မြို့ဝန်ရုံးကို သွားပြီး ဒီကိစ္စ ရှင်းကြရအောင်... ခင်ဗျားတို့ မိသားစုက ကျွန်တော့်အိမ်ရဲ့ လျှို့ဝှက်ချက်ပြုတ်နည်းကို ခိုးမခိုး မြို့ဝန်မင်းကို အဆုံးအဖြတ် ပေးခိုင်းလိုက်မယ်...”

ကုမင်တာ့သည် ပြောသည့်အတိုင်း လုပ်လေသည်။ နေရာမှ ထလိုက်ပြီး လျူမိသားစု၏ သားအကြီးဆုံး လျူတာ့ရှန်ကို ဆွဲကာ မြို့ဝန်ရုံးသို့ ခေါ်သွားရန် ပြင်လိုက်သည်။

“အမေ... အမေ... တစ်ခုခု လုပ်ပါဦး... သား မြို့ဝန်ရုံးကို မသွားချင်ဘူး...”

လျူတာ့ရှန် ငိုလုနီးပါး ဖြစ်နေသည်။ ပညာရှိတစ်ယောက် ဖြစ်သော ကုမင်တာ့က အားအင် ဘယ်လောက်ကြီးလဲ ဆိုတာ သူ နားမလည်နိုင်ပေ။ သူ ဘယ်လောက် ရုန်းရုန်း မလွတ်နိုင်ပေ။

"မြို့ဝန်ရုံးကို သွားမယ်" ဆိုသော စကားလုံးသည် သာမန် ပြည်သူများအတွက် အလွန် ကြောက်စရာ ကောင်းသည်။ ကျေးလက်ဒေသတွင် ပျံ့နှံ့နေသော ပုံပြင်များမှာ တရားမျှတသော အရာရှိများအကြောင်း မဟုတ်ဘဲ၊ မြို့ဝန်ရုံး ရောက်သွားလျှင် အရေခွံနွှာခံရသလို ခံရမည်၊ သို့မဟုတ် ကြိမ်ဒဏ်ပေးခံရမည်၊ သို့မဟုတ် စီးပွားပျက်သွားမည် ဆိုသော အကြောင်းများသာ။

အရေးကြီးဆုံး အချက်မှာ လျူတာ့ရှန် မြို့ထဲသွားစဉ်က ကုမင်တာ့သည် မြို့ဝန်ရုံးထဲမှ ထွက်လာပြီး ခေါင်းဆောင်အရာရှိနှင့် ရင်းရင်းနှီးနှီး စကားပြောနေသည်ကို မြင်ဖူးခြင်းပင်။

သာမန်လူများက မြို့ဝန်ရုံး ဘယ်နားမှာ ရှိမှန်းတောင် မသိကြပေ။ ကုမင်တာ့ကတော့ ကိုယ့်အိမ်ကိုယ် ဝင်ထွက်သလို ဝင်ထွက်နေသည်။

ဒီလိုလူမျိုးနဲ့ ဘယ်သူက အမှုသွားဆိုင်ရဲမှာလဲ။ အခုဆိုရင် ကုမင်တာ့က ပညာရှိလည်း ဖြစ်နေပြီ။ မြို့ဝန်မင်းက ဘယ်သူ့ဘက်က ပါမလဲ ဆိုတာ ပြောစရာပင် မလိုတော့ပေ။

အဖွားကြီးလျူလျူပြေးလာပြီး သားဖြစ်သူကို ဆွဲထားသော ကုမင်တာ့၏ လက်ကို ဆွဲခွာရန် ကြိုးစားရင်း အော်ဟစ်လိုက်သည်။

“ဒီလောက် ကိစ္စသေးသေးလေးနဲ့ မြို့ဝန်ရုံးကို သွားစရာလား... ရှင်က မြို့ဝန်ရုံး ဖွင့်ထားတာ မဟုတ်ဘူး... ငါ့သားကို မခြောက်နဲ့... ငါတို့ မကြောက်ဘူး...”

သူမ နားမလည်နိုင်ပေ။ သူလည်း ပညာရှိ၊ ကျန်းကွမ်ကျုံးလည်း စာသင်သားပဲ။ ကျန်းကွမ်ကျုံးကျတော့ ငတုံးလို ဖြစ်နေပြီး ကုမင်တာ့ကျမှ ဘာလို့ ဒီလောက် ဆက်ဆံရ ခက်နေရတာလဲ။

“ကိစ္စသေးသေးလေး ဟုတ်လား... ခင်ဗျားတို့က လျှို့ဝှက်ချက်ပြုတ်နည်းကိုပဲ ခိုးတယ် ထင်နေတာလား... ခင်ဗျားတို့က ကျွန်တော်တို့အိမ်ရဲ့ ငွေ သောင်းချီကို ခိုးသွားတာဗျ... ဒီလောက် ငွေအများကြီးဆိုရင် ခင်ဗျားတို့ တစ်မိသားစုလုံး ခေါင်းဖြတ်ခံရဖို့ လုံလောက်တယ်...”

ကုမင်တာ့က ပြတ်သားစွာ ပြောလိုက်သည်။

“ဘယ်ကလာ ငွေ သောင်းချီ ရှိရမှာလဲ... ပေါက်ကရတွေ မပြောနဲ့...”

အဖွားကြီးလျူ ပြန်အော်လိုက်သည်။

ကုမင်တာ့က ပြောလိုက်၏။

“ကျွန်တော် တွက်ပြမယ်... ခင်ဗျားတို့အိမ်က တို့ဖူးရောင်းလို့ တစ်ရက် ဘယ်လောက်ရလဲ မသိပေမဲ့... ကျွန်တော့်အစ်ကိုကြီးနဲ့ ညီလေးသာ တို့ဖူးရောင်းဖို့ ထွက်ရင် တစ်ရက်ကို အနည်းဆုံး ကြေးပြား ၁၀၀ရတယ်...”

“တစ်ရက်ကို ၁၀၀ ဆိုရင် တစ်လကို ငွေ ၃ တုံး... တစ်နှစ်ကို ၃၆ တုံး... ၁၀ နှစ်ဆိုရင် ၃၆၀ တုံး... ကျွန်တော့်အစ်ကိုတွေက အနည်းဆုံး နှစ် ၃၀ လောက် ရောင်းလို့ရတယ်... အဲ့ဒါဆိုရင် ငွေ ၁၀၀၀ ကျော်သွားပြီ...”

“သူတို့မှာ သားတွေ ရှိတယ်... သားတွေက ဆက်ခံပြီး နောက်ထပ် နှစ် ၃၀ ရောင်းရင် ငွေ ၂၀၀၀ ကျော် ထပ်ရမယ်... သားကနေ မြေး... မြေးကနေ မြစ်... မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းသွားရင် ဘယ်လောက် ဖြစ်မလဲ... ခင်ဗျားတို့ ခိုးသွားတဲ့ ချက်ပြုတ်နည်းက ငွေ ထောင်ချီ သောင်းချီ တန်တယ်... ဒါ ကျွန်တော်တို့ မိသားစု ရပ်တည်ဖို့ လုပ်ရမယ့် စီးပွားရေးပဲ...”

တစ်ရက်ကို ကြေးပြား ၁၀၀ ဆိုသည်မှာ ဈေးကွက် အလွန်ကောင်းမှသာ ရနိုင်သော ပမာဏ ဖြစ်သည်။ သို့သော် ယခုအချိန်တွင် မည်သူမျှ ကုမင်တာ့၏ တွက်ချက်မှုကို မထောက်ပြကြပေ။

အဖွားကြီးလျူသည် ကုမင်တာ့ကို ပါးစပ်အဟောင်းသားဖြင့် ကြည့်နေပြီး နှုတ်ခမ်းများ တုန်ယင်လာသည်။

ကုမင်တာ့သည် ဇာတ်လမ်းကို အဆုံးထိ ကပြလိုက်သည်။ အလွန် ဒေါသထွက်သော ပုံစံဖြင့် လျူတာ့ရှန်ကို ဆွဲပြီး အပြင်သို့ ထွက်ရန် ပြင်လိုက်သည်။

“တွက်ကြည့်လေ ဒေါသထွက်လေပဲ... ဒီနေ့ မြို့ဝန်ရုံးကို သွားပြီး မရှင်းရရင် ကျွန်တော် ကျေနပ်မှာ မဟုတ်ဘူး...”

“အမေ... အမေ... တစ်ခုခု လုပ်ပါဦး... သား မြို့ဝန်ရုံးကို မသွားချင်ဘူး... မြို့ဝန်ရုံးထဲမှာ သူ့လူတွေ ရှိတယ်... သားတို့ သေလိမ့်မယ်...”

လျူတာ့ရှန် ငိုယိုအော်ဟစ်ပြီး မိခင်ဖြစ်သူကို အခြေအနေ၏ ဆိုးရွားမှုကို သိစေရန် ပြောလိုက်သည်။

အဖွားကြီးလျူက လျူအာနီကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ လျူအာနီသည် ကုမင်တာ့၏ လုပ်ရပ်ကို ကြည့်ပြီး ဒေါသထွက်နေသည်။ သူမက ညီလေးကုကို ဆွဲလိုက်သည်။

“ရှင် ဘာလုပ်နေတာလဲ... ဒုတိယအစ်ကိုကို မြန်မြန် ဆွဲထားလေ... ကျွန်မ မိဘတွေကို မြို့ဝန်ရုံး အရောက်ခံလို့ မဖြစ်ဘူး...”

ညီလေးကု ခဏတာ တုံ့ဆိုင်းနေပြီး ကုမင်တာ့ကို ဝင်ဆွဲရန် ပြင်လိုက်သည်။

ထိုအချိန်တွင် ချန်ချွန်းဟွာ ဘေးမှ ရုတ်တရက် ထွက်လာပြီး ညီလေးကုနှင့် လျူအာနီတို့ကို ပါးရိုက်လိုက်လေသည်။

“ဘယ်သူက တားရဲတာလဲ...”

ချန်ချွန်းဟွာ၏ မျက်လုံးများမှ မီးများ တောက်မတတ်ဖြစ်နေပြီး ညီလေးကုနှင့် လျူအာနီတို့ကို အဖေသတ်ထားသည့်ရန်သူကဲ့သို့ ကြည့်နေသည်။

“အဲ့ဒါ ငါတို့အိမ်ရဲ့ ပိုက်ဆံတွေ... ငွေ သောင်းချီနော်... နင်တို့လို အသုံးမကျတဲ့ ကောင်တွေကြောင့် ဆုံးရှုံးသွားရတာ...”

ချန်ချွန်းဟွာသည် တွေးလေ ဒေါသထွက်လေ ဖြစ်ပြီး ညီလေးကု လင်မယားကို ထပ်မံ ရိုက်နှက်လိုက်ပြန်သည်။

ရှိနေသူအားလုံး ဒီအပြောင်းအလဲကြောင့် ကြောင်သွားကြသည်။ ညီလေးကုမှာလည်း အပြစ်မရှိဘဲ အရိုက်ခံလိုက်ရသည်။ လျူအာနီကသာ အခြေအနေကို နားမလည်ဘဲ မိုက်မဲသောကြောင့် အရိုက်ခံရခြင်းပင်။

ကုမင်တာ့၏ စကားများသည် ဦးနှောက်မရှိသော လျူမိသားစုကို ခြိမ်းခြောက်ရန် ဖြစ်သော်လည်း ပို၍ ဦးနှောက်မရှိသော ချန်ချွန်းဟွာက အရင် ယုံသွားခဲ့သည်။ သူမ၏ ဒေါသထွက်နေပုံမှာ ဟန်ဆောင်နေခြင်း မဟုတ်ပေ။

“အစ်ကိုကြီး... မြန်မြန် ကူညီပါဦး... လျူမိသားစု တစ်ခုလုံးကို မြို့ဝန်ရုံး ပို့ပစ်လိုက်...”

ချန်ချွန်းဟွာက ဦးလေးချန်ကိုပင် လူဖမ်းခိုင်းနေပြီ ဖြစ်သည်။

“ဘုန်း…”

အဖွားကြီးလျူ ဒူးထောက်ချလိုက်သံ ထွက်ပေါ်လာသည်။

“တူမောင်ရေ... အဒေါ် မှားသွားပါတယ်... အဒေါ်က အသက်ကြီးပြီး စိတ်မမှန်တော့လို့ပါ... ဒီတစ်ခါတော့ ခွင့်လွှတ်ပေးပါ...”

အဖွားကြီးလျူ ငိုယို တောင်းပန်လေတော့သည်။

All Chapters