ရှုပ်ထွေးမှုများကို ဖြေရှင်းခြင်း
Vol. 9 Ch. 83
တတ်နိုင်ပါက မည်သူမျှ ကိုယ့်ချစ်ခင်ရသူတွေ၏ ရုပ်ဆိုးအကျည်းတန်သည့် ပုံစံကို မမြင်ချင်ကြပေ။
ကုမင်တာ့သည် ပင်ပန်းနွမ်းနယ်စွာဖြင့် မျက်လုံးလွှဲလိုက်ပြီး ခေါင်းငုံ့လိုက်ရာ မျက်လုံးဝိုင်းကြီးများဖြင့် ယောက်မနှစ်ယောက် ရန်ဖြစ်နေသည်ကို အံ့သြတကြီး ကြည့်နေသော နျိုနျိုကို တွေ့လိုက်ရလေ၏။
“ဒီမှာ ကိုယ်တို့ကိစ္စ မရှိတော့ပါဘူး... အပြင်ထွက်ရအောင်...”
ကုမင်တာ့က ကျန်းယွင်နန်ကို တိုးတိုးလေး ပြောလိုက်သည်။
ကျန်းယွင်နန် ခေါင်းညိတ်လိုက်ပြီး လက်ဝှေ့ယမ်းကာ ကလေးများကို ဧည့်ခန်းမဆောင်မှ ခေါ်ထုတ်ပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။
ကျန်းယွင်နန်က ဟင်းချက်စရာများကို ကျွမ်းကျင်စွာ ပြင်ဆင်နေသည်။ ကုမင်တာ့ကမူ မီးဖိုဝတွင် ထိုင်ပြီး မီးမွှေးနေ၏။ သမီးလေး မျက်မှောင်ကြုတ်နေသည်ကို တွေ့သဖြင့် စိတ်ရှုပ်ထွေးနေပုံရကြောင်း ရိပ်မိလိုက်ပြီး ဘေးသို့ ဆွဲခေါ်လိုက်သည်။
“ဘယ်သူက သမီးလိမ္မာလေးကို စိတ်မပျော်အောင် လုပ်လိုက်တာလဲ...”
ကုမင်တာ့က နွေးထွေးစွာ မေးလိုက်သည်။
နျိုနျို ခဏတာ တုံ့ဆိုင်းနေပြီးမှ မေးလိုက်၏။
“ဖေဖေ... အဒေါ်ကြီးနဲ့ အဒေါ်လေးက မိသားစု မဟုတ်ဘူးလား... ဘာလို့ ရန်ဖြစ်နေကြတာလဲ... ရန်သတ်နေကြသလိုပဲ...”
ကလေးတွေရဲ့ ကမ္ဘာမှာ မိသားစုဝင်ဆိုတာ ကျန်းယွင်နန်နဲ့ လျူရှောင်ရူတို့လို အချင်းချင်း ကူညီရိုင်းပင်းရမယ်လို့ နားလည်ထားကြ၏။
ကုမင်တာ့သည် မိသားစု ပိုင်ဆိုင်မှုကို စွန့်လွှတ်လိုက်လျှင် ဒီတစ်ကြိမ် ငြိမ်းချမ်းသွားမည်ဟု ထင်ခဲ့သော်လည်း ဒီအခြေအနေထိ ဖြစ်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကလေးတွေ စိတ်ဒဏ်ရာ ရသွားမလား ဆိုတာ သူ မသိနိုင်ပေ။
“မိသားစု ခွဲလိုက်တယ်ဆိုတာ နောက်ပိုင်း မိသားစု မဟုတ်တော့ဘူးလို့ ပြောတာပါ... သူတို့ ရန်ဖြစ်နေတာက သူတို့ခင်ပွန်းနဲ့ ကလေးတွေအတွက် ပိုရအောင်လို့လေ... ဒါမှ နောက်ကျရင် သူတို့မိသားစုတွေ နေရထိုင်ရ သက်သာမှာ...”
ကုမင်တာ့က ရှင်းပြလိုက်သည်။
နျိုနျိုက ဆက်ပြော၏။
“ဒါပေမဲ့ သမီးမြင်တာတော့ သူတို့က အရမ်း ကြမ်းတမ်းပြီး ကြောက်စရာ ကောင်းတယ်...”
ဟင်းရွက်များကို ကိုင်တွယ်နေသော ကျန်းယွင်နန်က ထိုစကားကို ကြားသောအခါ မေးလိုက်သည်။
“သူတို့ ရန်ဖြစ်တာက ကြောက်စရာ ကောင်းတယ်ပေါ့... ဒါဆို မေမေ သူများတွေနဲ့ ရန်ဖြစ်တုန်းကရော ကြောက်စရာ ကောင်းတယ်လို့ ထင်လား...”
နျိုနျို ချက်ချင်း စိတ်လောသွားပြီး ပြောလိုက်သည်။
“မေမေက ကြောက်စရာမကောင်းပါဘူး... မေမေ ဘာလုပ်လုပ် ကမ္ဘာပေါ်မှာ အကောင်းဆုံးနဲ့ အလှဆုံးပဲ... နျိုနျို မေမေ့ကို အချစ်ဆုံး...”
ကျန်းယွင်နန်က သမီးဖြစ်သူကို မျက်စောင်းထိုးလိုက်သည်။
နျိုနျိုက သူမ မယုံမှာစိုးသဖြင့် ထပ်ပြောလိုက်ပြန်သည်။
“နျိုနျို အကုန် သိပါတယ်... မေမေ သူများနဲ့ ရန်ဖြစ်တာက မိသားစုကို ကာကွယ်ပေးချင်လို့လေ... မေမေက အရမ်း တော်တာ...”
နျိုနျို ပြောပြီးနောက် မျက်နှာလေးက ရှက်ရွံသွားဟန်ဖြင့် ပြောလိုက်သည်။
“ဖေဖေ... ဖေဖေ ပြောတာ သမီး နားလည်ပါပြီ... အဒေါ်ကြီးနဲ့ အဒေါ်လေးက ရန်ဖြစ်နေတုန်း ကြောက်စရာကောင်းပြီး ရုပ်ဆိုးတယ်လို့ ထင်ရပေမဲ့... တကယ်တော့ သူတို့က အရမ်း ရဲရင့်ကြတာပဲ...”
ကုမင်တာ့သည် လက်လှမ်းလိုက်ပြီး ကလေးမလေး၏ နူးညံ့သော ဆံပင်များကို ပွတ်သပ်ပေးလိုက်သည်။
“လူတိုင်းမှာ ကိုယ့်အခက်အခဲနဲ့ကိုယ် ရှိကြတာပါပဲ...”
သူသည် အမေအိုကြီးကို စိတ်ဆိုးအောင် လုပ်သော မရီးနှင့် တတိယချွေးမတို့ကို မုန်းတီးသော်လည်း သူတို့ကို ဘာမှ မလုပ်ခဲ့ပေ။ မိဘများကို ပြဿနာကြားထဲမှ ခေါ်ထုတ်သွားရန်သာ တွေးတောခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့မှာလည်း သူတို့ အခက်အခဲနှင့်သူတို့ ရှိနေသောကြောင့်ပင်။
လူဆိုတာ အလွန် ရှုပ်ထွေးသော သတ္တဝါများ ဖြစ်ကြသည်။ ကုမင်တာ့သည် အစ်ကိုကြီးနှင့် ညီလေးတို့ မိဘများကို စိတ်ဆိုးအောင် လုပ်နေတာတောင် ဝင်မတားဘဲ နေနေကြသည်ကို စိတ်ထဲတွင် ပြစ်တင်ရှုတ်ချမိသည်။ သို့သော် သူ ဆယ်နှစ်သားအရွယ်တုန်းက အစ်ကိုကြီးသည် သူ့ကို ထမင်းလာပို့ရန် ဆယ်မိုင်ကျော် လမ်းလျှောက်ခဲ့ရသည်ကို သူ မှတ်မိနေသည်။ ညီလေးသည်လည်း ကောင်းတာတစ်ခုခု ရတိုင်း သူ့အတွက် ချန်ထားပေးတတ်သည်ကို သူ မှတ်မိနေ၏။
သူ့အစ်ကိုကြီးသည်လည်း တစ်ချိန်က ကုယန်ကဲ့သို့ တာဝန်သိသော အစ်ကိုကြီး ဖြစ်ခဲ့ဖူးသလို သူ့ညီလေးသည်လည်း တစ်ချိန်က ကုကျောက်ကဲ့သို့ လိမ္မာသော ညီလေး ဖြစ်ခဲ့ဖူးသည်။
နျိုနျို ခေါင်းညိတ်ပြလိုက်သည်။ ခဏကြာတော့ ရုတ်တရက် မေးလိုက်ပြန်၏။
“ဖေဖေ... ဖေဖေကရော ဘာလို့ အဲ့ဒါတွေ မယူတာလဲ...”
ကလေးမလေး၏ မေးခွန်းသည် အပြစ်တင်ခြင်း မဟုတ်ဘဲ ရိုးသားစွာ နားမလည်နိုင်ခြင်းပင်။ ကုမင်တာ့ အရင်က အကြောင်းပြချက် ပြောပြခဲ့သော်လည်း ထိုစကားလုံး ရှည်ရှည်ကြီးများသည် နျိုနျိုအတွက် ဝါးတားတား ဖြစ်နေဆဲသာ။
“ဘာလို့လဲဆိုတော့ ဖေဖေက အိမ်ကနေ အများကြီး ရခဲ့ပြီးပြီလေ... ပြီးတော့ ဖေဖေက ပိုက်ဆံမရှားပါဘူး... သမီးဦးလေးတွေက ပင်ပန်းခံ လုပ်နေရတာဆိုတော့ ပေးလို့ရရင် ပေးလိုက်တာပါ... ပြီးတော့ ဖေဖေက တခြားအရာတွေ အများကြီး ရလိုက်ပါတယ်...”
ကုမင်တာ့က ထိုသို့ ပြောလိုက်သည်။
သံယောဇဉ်နှင့် အကျိုးစီးပွားသည် ရောထွေးနေသည်။ ကုမင်တာ့အတွက် ပိုက်ဆံမရှားပေ။ သူ့တွင် ကိုယ်ပိုင် ငွေရှာနည်းလည်း ရှိသည်။ ထို့ကြောင့် ညီအစ်ကို သံယောဇဉ်ကို ထိန်းသိမ်းရန် စွန့်လွှတ်လိုက်ခြင်းပင်။
“ဘာရလိုက်တာလဲဟင်...”
ကလေးမလေး နားမလည်ပေ။ သူမသည် ဖခင်ဖြစ်သူကို ခေါင်းအစ ခြေအဆုံး ကြည့်လိုက်သည်။ ပန်းပွင့်များ ထွက်လာသည်ကို မတွေ့ရသလို၊ ပစ္စည်းပိုလာတာလည်း မတွေ့ရပေ။
ကုမင်တာ့သည် သမီးဖြစ်သူ၏ ချစ်စရာကောင်းသော ပုံစံကြောင့် ရယ်မောလိုက်ပြီး စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။
“ဖေဖေက နာမည်ကောင်း ရလိုက်တာပါ... အဲ့ဒါကို ပိုက်ဆံ ဘယ်လောက်ပေးပေး ဝယ်လို့မရဘူး...”
နျိုနျို ခေါင်းငုံ့ပြီး ခဏတာ စဉ်းစားလိုက်သည်။ ထို့နောက် အံကြိတ်ပြီး ပြောလိုက်၏။
“နာမည်ကောင်း ဆိုတာ ဘာလဲ မသိပေမဲ့... ဖေဖေက အရေးကြီးတယ်လို့ ထင်ရင် ကောင်းတဲ့အရာ ဖြစ်မှာပါ... သမီး အဘိုးကို သွားပြောလိုက်မယ်... သမီး ကြက်ပေါင် မစားတော့ပါဘူး... အဲ့ဒီကြက် ခြောက်ကောင်ကို အဒေါ်ကြီးနဲ့ အဒေါ်လေး လိုချင်ရင် ယူသွားပါစေ...”
ကလေးမလေးသည် နှမြောတသသော မျက်နှာဖြင့် ပြောလိုက်သည်။ ဒီဆုံးဖြတ်ချက်က သူမအတွက် အလွန် ခက်ခဲပုံ ရသည်။
ကုမင်တာ့ စိတ်ပျော့သွားပြီး ပြောလိုက်သည်။
“သမီးလေး... မပေးချင်ရင် မပေးနဲ့လေ... ထားလိုက်ပါ... သမီးက ငယ်ပါသေးတယ်... ကလေးဆိုတာ ကိုယ်ကြိုက်သလို နေလို့ရတယ်...”
နျိုနျိုသည် လူကြီးများက သူမကို "သမီးလေး၊ကလေးလေး" ဟု ခေါ်သည်ကို ကြိုက်နှစ်သက်သည်။ ထိုသို့ ခေါ်လျှင် သူမသည် သူတို့၏ ရင်နှစ်သည်းချာ ဖြစ်ပြီး အလွန် အရေးပါသော လူတစ်ယောက် ဖြစ်သည်ဟု ခံစားရသောကြောင့်ပင်။
“နျိုနျို တကယ် နှမြောတယ်... ဒါပေမဲ့ နျိုနျိုလည်း 'နာမည်ကောင်း' လိုချင်တယ်... ပြီးတော့ သူတို့ကို ရန်မဖြစ်စေချင်ဘူး...”
နျိုနျိုက မျက်နှာလေး မော့ပြီး ပြောလိုက်သည်။
ကုမင်တာ့ ဘာပြန်ပြောရမှန်း မသိ ဖြစ်သွားလေသည်။
အဖွားကု ရုတ်တရက် ဝင်လာပြီး မျက်နှာထား တင်းမာစွာဖြင့် ပြောလိုက်၏။
“သူတို့ကို ပေးလို့မရဘူး... ဘာမဆို လိုချင်နေကြတာ... ကောင်းကင်ပေါ် တက်မနေကြဘူးလား...”
သူမ၏ နောက်တွင် ချန်ချွန်းဟွာနှင့် လျူအာနီတို့ ပါလာကြသည်။ နှစ်ယောက်သား ငုံးကလေးများလို ခေါင်းငုံ့ပြီး ဝင်လာကြသည်။ မိသားစု ခွဲဝေမှု ပြီးဆုံးသွားပြီ ဖြစ်ကြောင်း ထင်ရှားနေသည်။
“ယွင်နန်... သမီးလည်း တစ်နေကုန် ပင်ပန်းနေပြီ... ကလေးတွေကို ခေါ်ပြီး ခဏ နားလိုက်ဦး... သူတို့နှစ်ယောက်ကို ချက်ခိုင်းလိုက်... သားလတ်... သားဦးလေးက သားကို ရှာနေတယ်...”
အဖွားကုက ပြောလိုက်ရာ
ကုမင်တာ့ ထွက်သွားလိုက်သည်။
ကျန်းယွင်နန်သည် မိဘများကို ပြုစုစောင့်ရှောက်ရေးနှင့် ကန်တော့ကြေး ကိစ္စများကို မမေးတော့ဘဲ နျိုနျိုကို ခေါ်ပြီး ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် အဖွားကုက နျိုနျို၏ လက်ကို ဆွဲပြီး နောက်ဖေးခြံဝင်းသို့ ခေါ်သွားလေသည်။
“ဒုတိယယောက်မလေး... ရေအိုးထဲမှာ ရေမရှိတော့ဘူး... ရွာထိပ်ကို သွားပြီး ရေတစ်ခေါက်လောက် သွားခပ်ပေးပါလား...”
ချန်ချွန်းဟွာက ရုတ်တရက် ပြောလိုက်သည်။
ကျန်းယွင်နန်သည် မရီးဖြစ်သူ၏ အကျင့်ကို သိသည်။ သူမ ထမင်းချက်ရမည့် အလှည့်ရောက်တိုင်း သူများကို ခိုင်းစားဖို့ အကြောင်းပြချက် ပေါင်းစုံ ရှာတတ်သည်။ အရင်တုန်းက ခိုင်းစားခံရသူမှာ ကုတာ့ယာဖြစ်သည်။
ဒီနေ့ သူမကို လာခိုင်းတာက မိသားစု ခွဲဝေရာမှာ အသာစီး ရထားလို့ ဒုတိယအိမ်ကို အနိုင်ကျင့်လို့ ရတယ်လို့ ထင်နေပုံ ရသည်။
ကျန်းယွင်နန် ရယ်ချင်သွားသည်။ စိတ်ထဲတွင် "ဒီမိန်းမက အမှတ်မရှိပါလား... အခွင့်အရေး နည်းနည်းရတာနဲ့ မြောက်ကြွမြောက်ကြွ ဖြစ်လာပြီ" ဟု တွေးလိုက်သည်။
ကျန်းယွင်နန်သည် အရင်တုန်းကလည်း အခွင့်အရေး မပေးခဲ့သလို၊ အခုလည်း ပေးမည် မဟုတ်ပေ။ သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
“ဒါဆို အစ်ကိုကြီးကို သွားခေါ်လိုက်မယ်...”
ချန်ချွန်းဟွာ စိတ်လောသွားသည်။
သူမယောက်ျားက ဧည့်ခန်းမဆောင်မှာ ဧည့်သည်တွေကို ဧည့်ခံနေရတာလေ။ ပုံမှန်အချိန်ဆိုရင် ထားလိုက်တော့... အခုက အပြင်လူတွေ ရှိနေတာ... ဘယ်လိုလုပ် ရေသွားခပ်ခိုင်းလို့ ဖြစ်မှာလဲ။ ဒါဆို သူ့ယောက်ျား သိက္ခာကျကုန်မှာပေါ့။
“ဒုတိယယောက်မလေး... နေပါဦး...”
ချန်ချွန်းဟွာက အမြန် တားလိုက်သည်။
ကျန်းယွင်နန် ရပ်လိုက်ပြီး ပြုံးလျက် ကြည့်လိုက်၏။
ချန်ချွန်းဟွာက ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
“ငါ အကြည့်မှားသွားတာ... ရေအိုးထဲမှာ ရေရှိပါသေးတယ်... သွားခပ်စရာ မလိုတော့ပါဘူး...”
ကျန်းယွင်နန် ထွက်သွားသည်နှင့် ချန်ချွန်းဟွာက တံတွေးထွေးလိုက်ပြီး ပြောလိုက်သည်။
“မိဘအိမ်ရဲ့ ထောက်ပံ့မှုမရှိတဲ့ မိန်းမက ဘဝင်မြင့်နေလိုက်တာ... ဒုတိယမောင်လေး ကြီးပွားလာရင် သူ့ကို အရင်ဆုံး ကန်ထုတ်မှာ...”
ထိုစကားကို ကြားသောအခါ လျူအာနီ ခေါင်းကို တွင်တွင်ညိတ်ပြီး ပြောလိုက်သည်။
“ဟုတ်တယ်... ငါတို့ မိန်းမသားတွေအတွက် အရေးအကြီးဆုံးက မိဘမောင်ဖွားအစ်ကိုတွေရဲ့ ထောက်ပံ့မှု ရှိဖို့ပဲ...”
ချန်ချွန်းဟွာသည် သူမ၏ အဖြေကို ကြားသောအခါ မျက်လုံးလှန်ကြည့်လိုက်သည်။ နှစ်ယောက်သား တစ်ညနေလုံး ရန်ဖြစ်ထားကြတာ ချက်ချင်း ပြန်တည့်သွားဖို့ မဖြစ်နိုင်ပေ။ သူမ ချက်ချင်း ပြန်ပက်လိုက်သည်။
“နင်က မိဘအိမ်ကို နေ့တိုင်းလိုလို ထောက်ပံ့နေတာလေ... နင်သာ မထောက်ပံ့ရင် သူတို့က ဘယ်ကနေ အလကားရတဲ့ ပိုက်ဆံ လာကောက်လို့ ရမှာလဲ...”
နှစ်ယောက်သား ရန်ဖြစ်နေကြပြန်ပြီ။ နောက်ဖေးခြံဝင်းတွင် ရှိနေသော အဖွားကုသည် မီးဖိုချောင်ထဲမှ ဆူညံသံများကို ကြားသောအခါ လှမ်းအော်လိုက်သည်။
“ထမင်းဟင်း ကောင်းကောင်း မချက်ရင် ညစာ မစားကြနဲ့တော့...”
ချန်ချွန်းဟွာနှင့် လျူအာနီတို့၏ မောင်များသည် ထမင်းစားရန် စောင့်နေကြဆဲပင်။ ဘယ်လောက်ပဲ ဒေါသထွက်ထွက် ယာယီ ရပ်တန့်လိုက်ရလေသည်။
ယခုအချိန်တွင် နောက်ဖေးခြံဝင်း၌ ခုနလေးတင် အားကောင်းမောင်းသန် ဖြစ်နေသော အဘွားဖြစ်သူ နောက်လှည့်လိုက်ချိန်တွင် မျက်နှာတစ်ခုလုံး မျက်ရည်များဖြင့် စိုရွှဲနေသည်ကို နျိုနျို တွေ့လိုက်ရတော့သည်။