ရှုပ်ထွေးမှု
Vol. 9 Ch. 85
ကျန်းကွမ်ကျုံးသည် ကလေးကို ပွေ့ချီပြီး သွားရတာ အဆင်မပြေလှပေ။
နျိုနျိုသည် ငါးနှစ်သာ ရှိသေးပြီး လေးလံခြင်း မရှိပေ။ ပုံမှန်အားဖြင့် ကျန်းယွင်နန်နှင့် ကုမင်တာ့တို့အတွက် ကလေးချီရသည်မှာ အလွန် လွယ်ကူသည်။
သို့သော် ကျန်းကွမ်ကျုံးသည် ပြင်းထန်သော အအေးမိရောဂါ ခံစားခဲ့ရပြီး မယားငယ်၏ ခင်ပွန်းသည် လက်ချက်ဖြင့် ရိုက်နှက်ခံထားရသည်။ ယခုအခါ သူသည် ရုပ်ပိုင်းဆိုင်ရာ အားနည်းနေရုံသာမက ခန္ဓာကိုယ်ပေါ်တွင် မကျက်သေးသော ဒဏ်ရာများလည်း ရှိနေသည်။
မူလက ပေါ့ပါးသော ကလေးမလေးသည် ယခု သူ့လက်ထဲတွင် တောင်တစ်လုံးကဲ့သို့ လေးလံနေပြီး သူ စီစဉ်ထားသော လမ်းကြောင်းအတိုင်း သွားရန် ခက်ခဲနေသည်။
သူ အကြိမ်ကြိမ် လျှောက်ဖူးသော လမ်းသည် ရုတ်တရက် အန္တရာယ်များ ပြည့်နှက်လာသည်။ တစ်ခါတစ်ရံ ကျင်းထဲ ခြေချော်ကျမလို ဖြစ်လိုက်၊ တစ်ခါတစ်ရံ မြက်ခင်းထဲ ခလုတ်တိုက်မလို ဖြစ်လိုက်၊ ကျောက်တုံးချွန်နှင့် ခေါင်းဆောင့်မိမလို ဖြစ်လိုက်ဖြင့် ဒုက္ခရောက်နေသည်။
ရည်မှန်းထားသော နေရာသို့ မနည်း ရောက်ရှိလာသောအခါ ကျန်းကွမ်ကျုံးသည် အသက်တစ်ဝက်လောက် ပျောက်သွားသလို ခံစားလိုက်ရသည်။
သူ ရွေးချယ်ထားသော နေရာသည် ဝေးလံခေါင်သီပြီး တိတ်ဆိတ်ကာ လူသူအရောက်အပေါက် နည်းပါးသည်။
“နျိုနျို... ဒါ အဖေလေ... အဖေ့ကို မှတ်မိသေးလား...”
ကျန်းကွမ်ကျုံးက ကြင်နာချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
သို့သော် သူ ရလိုက်သည်မှာ နျိုနျို၏ သတိထားနေသော မျက်လုံးများသာ ဖြစ်သည်။
ကလေးမလေးသည် သတိထားပြီး နောက်ဆုတ်လိုက်သည်။
ကျန်းကွမ်ကျုံးက သူမ၏ ပခုံးကို ဖမ်းလိုက်ပြီး မလှုပ်ရှားစေရန် ဖိအားပေးကာ ပြောလိုက်သည်။
“မင်းကို အဖေက တောထဲက ကောက်လာတာလေ... မေ့သွားပြီလား...”
နျိုနျိုသည် အတိတ်က သူမ အကြောက်ဆုံး လူနှင့် ရင်ဆိုင်နေရသဖြင့် ငိုချင်လာသော်လည်း စိတ်ကို အတင်း တည်ငြိမ်အောင် ထိန်းပြီး အော်ပြောလိုက်သည်။
“ဦးလေး...”
ကျန်းကွမ်ကျုံး၏ မျက်နှာထား ချက်ချင်း ပြောင်းလဲသွားသည်။
“ငါက နင့်ဦးလေး မဟုတ်ဘူး... ငါက နင့်အဖေ... နင့်အဖေကွ...”
ကလေးမလေး တကယ် ကြောက်လန့်သွားပြီး မျက်နှာတစ်ခုလုံး နီရဲလာသည်။
ဒီအခြေအနေကို ကြည့်ပြီး ကျန်းကွမ်ကျုံး အသက်ပြင်းပြင်း ရှူသွင်းလိုက်ကာ ပြောလိုက်သည်။
“သူတို့ နင့်ကို ပေါက်ကရတွေ ပြောထားတာ ဖြစ်မယ်... သူတို့က နင့်ကို ငွေ ငါးတုံး ပေးပြီး ဝယ်ထားပေမဲ့... ငါက နင့်အဖေပဲ... နင်က ငါ့သမီးပဲ... နင်က ငါ့သမီးကွ...”
နျိုနျိုသည် ကျန်းကွမ်ကျုံးကို အလွန် ကြောက်နေသေးသော်လည်း ထိုစကားကို ကြားသောအခါ ရင်ထဲတွင် သတ္တိများ ပြည့်ဝလာပြီး ချက်ချင်း ပြန်ပြောလိုက်သည်။
“သမီးက ဦးလေးသမီး မဟုတ်ဘူး... သမီးက ကုမင်တာ့နဲ့ ကျန်းယွင်နန်ရဲ့ သမီး...”
ကျန်းကွမ်ကျုံး ဒေါသထွက်လာပြီး မျက်လုံးများမှ မီးများ ထွက်လာသည်။
“ကျေးဇူးကန်းတဲ့ကောင်မ... ငါသာ မရှိရင် နင် သေတာ ကြာပြီ... ငါ့ကျေးဇူးကို ငွေ ငါးတုံးနဲ့ ပြေလည်သွားမယ် ထင်နေလား... အိပ်မက် မက်နေလိုက်... နင်က ငါ့သမီးပဲ... နင် ငါ့ကို ကောင်းစားအောင် လုပ်ပေးရမယ်... ငါ ပညာရှိ ဖြစ်အောင် နင် ကူညီရမယ်...”
ဒီကာလအတွင်း ကျန်းကွမ်ကျုံး အတော် ဒုက္ခရောက်ခဲ့သည်။ ဆက်တိုက် ကြုံတွေ့ရသော ထိုးနှက်ချက်များကြောင့် သူ စိတ်ဖောက်ပြန်နေလေပြီ။
သူ ဘယ်လို ပြန်တက်လာရမလဲ စဉ်းစားနေစဉ် ရွာထဲမှ အမျိုးသမီးများ အတင်းပြောနေသည်ကို ကြားလိုက်ရသည်။
ကျန်းကွမ်ကျုံးနှင့် ကုမင်တာ့တို့၏ လက်ရှိ အခြေအနေကို နှိုင်းယှဉ်ကြည့်ပြီးနောက် "နျိုနျိုက အိမ်ကို ကောင်းစားစေတယ်" ဆိုသော အယူအဆကို သူ ပို၍ ယုံကြည်လာသည်။
ဒီစကားကို သူ ကြားဖူးတာ ပထမဆုံးအကြိမ် မဟုတ်ပေ။ ပုံမှန်အချိန်တွင် သူ ဂရုမစိုက်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ထိုအချိန်က သူ့တွင် ငွေရှိ၊ အချိန်ရှိပြီး ဘဝက သက်တောင့်သက်သာ ရှိခဲ့သည်။
ယခု အကြိမ်ကြိမ် ငွေညှစ်ခံရပြီးနောက် ကျန်းကွမ်ကျုံး မွဲတေသွားသောအခါ အတိတ်ကို ပြန်ကောက်ကြည့်ပြီး "အိမ်ကို ကောင်းစားစေတယ်" ဆိုသော စကားကို တကယ် ယုံကြည်လာသည်။
ဘာပဲဖြစ်ဖြစ် သူ့ဘဝ ဆိုးရွားလာတာက သမီးဖြစ်သူကို ရောင်းစားလိုက်တဲ့ အချိန်က စတာပဲလေ။
ဘယ်က ကြားလာမှန်း မသိတဲ့ စကားတစ်ခွန်းကပြောတာတော့ ဒီလို ကံကောင်းစေတဲ့ လူမျိုးကို ကောင်းကောင်း ဆက်ဆံရမယ်... မဟုတ်ရင် စည်းစိမ်ဥစ္စာတွေ ပျောက်ဆုံးပြီး ဘေးအန္တရာယ် ကျရောက်တတ်တယ်တဲ့။
ကျန်းကွမ်ကျုံးသည် သူ့ကိုယ့်စွမ်းကိုယ်စဖြင့် ယခင်ဘဝကို ပြန်မရနိုင်မှန်း သိသဖြင့် မသမာသော နည်းလမ်းကို သုံးပြီး သမီးဖြစ်သူကို ကုမိသားစုထံမှ ပြန်ခေါ်ရန် ကြံစည်လေသည်။
နျိုနျိုသည် သူ့ရူးသွပ်မှုကြောင့် ကြောက်လန့်ပြီး ငိုနေပြီ ဖြစ်သည်။
သူမ ခေါင်းကို တွင်တွင်ခါပြီး ပြောလိုက်သည်။
“သမီးက ဦးလေးသမီး မဟုတ်ဘူး... မဟုတ်ဘူး...”
ထိုစကားကို ကြားသောအခါ ကျန်းကွမ်ကျုံး ဒေါသထွက်လာပြီး နျိုနျို၏ မျက်နှာကို ပါးမရိုက်မိအောင် မနည်း ထိန်းချုပ်ထားရသည်။
“ကျေးဇူးကန်းတဲ့ကောင်မ... ငါ နင့်ကို ၅ နှစ်တောင် ကျွေးမွေးခဲ့တာ... ကုမင်တာ့နဲ့ ကျန်းယွင်နန်က နင့်ကို ကျွေးထားတာ ဘယ်လောက်ကြာသေးလို့လဲ...”
နျိုနျိုသည် ထိုစကားကို ကြားသောအခါ အလွန် ကြောက်ရွံ့နေသော်လည်း ကျန်းကွမ်ကျုံး၏ သမီး မဖြစ်ချင်ပေ။ သူမ မျက်လုံးကို မှိတ်လိုက်ပြီး စိတ်ထဲတွင် တိတ်တဆိတ် ဆုတောင်းလိုက်သည်။
“သမီး ဆုတောင်းပါတယ်...”
နျိုနျို ဆုတောင်းလို့ မပြီးခင်မှာပင် နားနားတွင် လေတိုးသံ ကြားလိုက်ရပြီး ကျောက်ခဲသေးသေးလေး တစ်လုံး ကျန်းကွမ်ကျုံးကို ထိမှန်သွားသည်။
“ငါ့ညီမကို လွှတ်လိုက်... လူဆိုးကြီး...”
ကုကျောက်သည် အမြောက်ဆံလေး တစ်ခုလို ပြေးဝင်လာပြီး ကျန်းကွမ်ကျုံးကို ဝင်တိုက်လိုက်သည်။
ဒီတိုက်ခိုက်မှုက ကျန်းကွမ်ကျုံးအတွက် အန္တရာယ် မရှိသင့်သော်လည်း ယခု သူက အားနည်းနေသဖြင့် ဒေါသထွက်နေသော ဝက်ပုတ်လေး၏ တိုက်ခိုက်မှုကြောင့် မြေကြီးပေါ် လဲကျသွားလေသည်။
နျိုနျိုသည် အခွင့်ကောင်းယူပြီး ဘေးသို့ ရှောင်လိုက်သည်။ ကုတာ့ယာက အခွင့်ကောင်းယူပြီး ညာလက်ထဲမှ သဲများကို ကျန်းကွမ်ကျုံး၏ မျက်လုံးထဲ ပက်ထည့်လိုက်၏။
ပြီးနောက် ကုတာ့ယာက ဘယ်လက်ဖြင့် ကုကျောက်ကို ဆွဲထူလိုက်သည်။
“ပြေးကြ...”
ကုတာ့ယာက နောက်မှ ပိတ်ပြီး မောင်နှမများကို ကာကွယ်ကာ တစ်ဟုန်ထိုး ပြေးထွက်သွားကြသည်။ ကိုယ့်ခြံဝင်းထဲ ရောက်သည်အထိ မရပ်မနား ပြေးကြသည်။
ကျန်းယွင်နန်သည် ကလေးသုံးယောက်ကို အံ့သြစွာ ကြည့်လိုက်သည်။ နျိုနျို၏ မျက်လုံးများ ရောင်ရမ်းနေပြီး ဆံပင်များ ရှုပ်ပွနေသည်ကို တွေ့လိုက်ရသောအခါ သူမ၏ မျက်နှာ အရောင် ပြောင်းသွားသည်။
“မေမေ... ကျန်းဦးလေးက နျိုနျိုကို ဖမ်းသွားတာ...”
ကုကျောက်က ဖြစ်ပျက်ခဲ့သည်များကို အထစ်ထစ်အငေါ့ငေါ့ ပြောပြလိုက်သည်။
ကျန်းယွင်နန်က နျိုနျိုကို အမြန်ဆွဲယူပြီး ခေါင်းအစ ခြေအဆုံး သေချာ စစ်ဆေးလိုက်ဧ။ ကလေးမလေး ကြောက်လန့်သွားရုံမှလွဲ၍ ဒဏ်ရာမရကြောင်း သေချာမှ သက်ပြင်းချနိုင်တော့သည်။
နျိုနျိုသည် မိခင်ဖြစ်သူ၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး ကြောက်ရွံ့နေသော မျက်နှာလေးဖြင့် ငိုကြွေးနေသည်။ မျက်ရည်များက ပုတီးစေ့ ပြတ်ကျသလို စီးကျနေ၏။
ကုကျောက်နှင့် ကုတာ့ယာတို့သည် ကလေးများ ဖြစ်ကြသော်လည်း ကျန်းယွင်နန်၏ မာတင်းနေသော မျက်နှာထားကို ကြည့်ပြီး ကြောက်လန့်သွားကြသည်။ သူမ၏ မျက်လုံးများထဲတွင် မုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသကဲ့သို့ပင်။
ကျန်းယွင်နန်သည် အပြုံးအတု တစ်ခု ဖန်တီးလိုက်ပြီး တာ့ယာနှင့် ကုကျောက်ကို မှာကြားလိုက်သည်။
“ခြံထဲမှာပဲ ကစားကြနော်... အပြင်မထွက်နဲ့... နောက်ကျရင် ကျန်းဦးလေးနဲ့ တွေ့ရင် ဝေးဝေးက ရှောင်...”
ကလေးနှစ်ယောက် ခေါင်းညိတ်သည်ကို မြင်မှ ကျန်းယွင်နန်သည် နျိုနျိုကို ပွေ့ချီပြီး အိမ်ထဲသို့ ဝင်သွားသည်။
အိမ်ထဲတွင် စာဖတ်နေသော ကုမင်တာ့သည် ဇနီးနှင့် သမီး၏ ပုံစံကို မြင်သောအခါ လန့်သွား၏။
ကျန်းယွင်နန်က ကလေး လန့်သွားမှာစိုးသဖြင့် နူးညံ့စွာ မေးလိုက်သည်။
“နျိုနျို... ပြောပါဦး... ကျန်းဦးလေးက သမီးကို ဖမ်းပြီး ဘာလုပ်ချင်တာလဲ...”
ထိုစကားကို ကြားသောအခါ ကုမင်တာ့၏ မျက်လုံးများထဲတွင် ကြောက်စရာကောင်းသော ဒေါသများ ထွက်ပေါ်လာသည်။
နျိုနျိုက တိုးတိုးလေး ပြောလိုက်သည်။
“သူက သူ့ကို အဖေလို့ ခေါ်ခိုင်းတယ်... သမီးကို သူ့သမီးအဖြစ် ဆက်နေခိုင်းတယ်... သမီးကို ကျေးဇူးကန်းတဲ့သူတဲ့... မေမေ... သမီး မေမေတို့ကို မခွဲချင်ဘူး... သမီး မေမေ့သမီးပဲ လုပ်ချင်တယ်...”
ကလေးမလေး ငိုနေသည်ကို ကြည့်ပြီး လင်မယားနှစ်ယောက် ရင်နာသွားကြသည်။
ကျန်းယွင်နန်က သမီးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး ကျောပြင်ကို ဖွဖွလေး ပုတ်ပေးလိုက်သည်။
“နျိုနျို မကြောက်နဲ့... ဘယ်သူမှ သမီးကို ဖေဖေမေမေတို့ဆီကနေ လုမသွားနိုင်ဘူး... သမီးက ဖေဖေမေမေရဲ့ သမီးပါ... ဘယ်သူမှ လုလို့မရဘူး...”
လင်မယားနှစ်ယောက် အကြာကြီး ချော့မြှူပြီးမှ ကလေးမလေး မျက်ရည်များဖြင့် အိပ်ပျော်သွားလေသည်။
“မနက်ဖြန် ကိုယ် မြို့ထဲ သွားမယ်...”
ကုမင်တာ့က တိုးတိုးလေး ပြောလိုက်သည်။
ကျန်းယွင်နန် တစ်ခုခုကို သဘောပေါက်လိုက်ပြီး မေးလိုက်၏။
“ဘာသွားလုပ်မလို့လဲ...”
“နျိုနျိုက နှင်းမုန့် ကြိုက်တယ်လေ... မြို့ထဲက မုန့်ဆိုင်မှာပဲ ရှိတာ...”
ကျန်းယွင်နန်သည် အိပ်နေရင်း ကြောက်လန့်၍ မျက်မှောင်ကြုတ်နေသော သမီးဖြစ်သူကို ငုံ့ကြည့်လိုက်သည်။ ခင်ပွန်းသည်က သမီး ပျော်အောင် မုန့်သွားဝယ်မည်ဟုသာ ထင်လိုက်သည်။
သို့သော် ကုမင်တာ့ ခဏတာ တိတ်ဆိတ်နေပြီးနောက် အေးစက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
“အရင်တုန်းက ကိုယ် တွေးတာ ရိုးရှင်းလွန်းခဲ့တယ်...”