← Chapters

ဘေးတီးပေးခြင်း

Vol. 9 Ch. 86

ဘေးတီးပေးခြင်း

Vol. 9 Ch. 86

ကုမင်တာ့သည် ဖူချိန်မြို့တွင် ရှိစဉ်က ဆိုင်ရှင်ကျန့်မှတစ်ဆင့် ရှောင်စိုင်ဆီကနေ ကျန်းကွမ်ကျုံး၏ လျှို့ဝှက်ချက်များကို နှိုက်ထုတ်ခဲ့သည်။

ကျန်းကွမ်ကျုံးတွင် အမည်းစက်များစွာ ရှိသော်လည်း အများစုမှာ သက်သေမရှိသဖြင့် ပြဿနာရှာရန် ခက်ခဲသည်။

သူ့တွင် အကြီးမားဆုံး အမှုမှာ တူအရင်းကို ရောင်းစားခြင်း မဟုတ်ဘဲ ကလေးများ၏ စာမေးပွဲတွင် မသမာမှု ပြုလုပ်ခဲ့ခြင်ပင်။

ပညာသင်စာမေးပွဲကို ယခုမြို့နယ်တွင် ကျင်းပခဲ့ပြီး မြို့ဝန်မင်းကိုယ်တိုင် ဦးစီးခဲ့သည်။ စာမေးပွဲတွင် မသမာမှု ရှိခဲ့သဖြင့် ကျန်းကွမ်ကျုံး တစ်ယောက်တည်း မဟုတ်ဘဲ မြို့ဝန်ရုံးမှ လူအများအပြား ပါဝင်ပတ်သက်နေသည်။

ဒီကိစ္စကို တကယ် ဖွင့်ချလိုက်လျှင် ကွမ်အန်းမြို့နယ်မှ လူထက်ဝက်လောက် ပါသွားနိုင်သည်။

ထို့အပြင် ဒါက လွန်ခဲ့တဲ့ လေးနှစ်က ဖြစ်ခဲ့တာ ဖြစ်ပြီး ယခင် မြို့ဝန်မင်း လက်ထက်က စာမေးပွဲ ဖြစ်သည်။

ယခင် မြို့ဝန်မင်းက ရာထူးတိုးသွားပြီ ဖြစ်သည်။ မမျှော်လင့်တာတွေ မဖြစ်လာရင် လက်ရှိ မြို့ဝန်မင်းက ယခင် အရာရှိများကို အပြစ်ရှာမည် မဟုတ်ပေ။

ကုမင်တာ့ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ တို့ဖူးမယ်မယ်၏ ခင်ပွန်းသည်က ကျန်းကွမ်ကျုံးကို သင်ခန်းစာ ပေးနိုင်လိမ့်မည်ဟု ထင်ခဲ့သော်လည်း ဒီလူက အရေထူလွန်းနေသည်။

သူသည် အစိုးရစာမေးပွဲ မသမာမှု ကိစ္စကို မဖော်ထုတ်ချင်ခဲ့သော်လည်း ယခု အခြေအနေအရ မလုပ်လို့ မဖြစ်တော့ပေ။ ကျန်းကွမ်ကျုံးအပေါ် ထားရှိသော ရွံရှာမှုများသည် အထွတ်အထိပ်သို့ ရောက်ရှိနေပြီး မျိုးပြုတ်အောင် လုပ်ပစ်ချင်သည့် အဆင့်ထိ ရောက်နေပြီ ဖြစ်သည်။

“ယောက်ျား... အန္တရာယ် ရှိမလားဟင်...”

ကျန်းယွင်နန်က တိုးတိုးလေး မေးလိုက်သည်။

သူမသည် မောင်ဖြစ်သူ ကျန်းကွမ်ကျုံးအပေါ် သံယောဇဉ် မရှိသော်လည်း ခင်ပွန်းသည် ဒုက္ခရောက်မှာကို ပို၍ ကြောက်ရွံ့နေမိသည်။

ကုမင်တာ့သည် ဇနီးသည်၏ လက်ကို ကိုင်လိုက်ပြီး နူးညံ့စွာ ပြောလိုက်၏။

“မပူပါနဲ့... ကိုယ့်မှာ အစီအစဉ် ရှိပါတယ်... တကယ်လို့ မအောင်မြင်ရင် ကိုယ်တို့ မြို့ထဲကို အမြန်ဆုံး ပြောင်းကြမယ်... နျိုနျိုကို ကျန်းကွမ်ကျုံး ရှာမတွေ့တဲ့ နေရာမှာ ဝှက်ထားလိုက်မယ်...”

သူက စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ပေ။ မြို့ထဲသို့ အရင်သွားပြီး အခြေအနေကို စောင့်ကြည့်ရန်စီစဉ်ထားသည်။

ကုမင်တာ့သည် ပေါက်ပြားတစ်ချောင်း ယူပြီး နောက်ဖေးခြံဝင်း သစ်ပင်အောက်တွင် မြှုပ်ထားသော အရက်အိုးတစ်လုံးကို တူးဖော်လိုက်သည်။

နောက်တစ်နေ့ မနက်စောစော မိုးမလင်းခင်မှာပင် ကုမင်တာ့သည် မြို့ထဲသို့ ထွက်ခွာသွားလေသည်။

ကျန်ရှိနေသော ကုမိသားစုဝင်များက ကုမင်တာ့ နှစ်သစ်ကူး ပစ္စည်းဝယ်ရန် မြို့ထဲသွားသည်ဟု ယုံကြည်နေကြသည်။ ကျန်းကွမ်ကျုံးကိစ္စကို လုံးဝ မတွေးမိကြပေ။

“ဒုတိယအိမ်က တကယ် ကြီးပွားနေတာပဲ... မြို့နယ်ထဲက ပစ္စည်းတွေ မကောင်းလို့ မြို့ထဲထိ သွားဝယ်ရတယ်တဲ့...”

ချန်ချွန်းဟွာက မနာလိုစွာ ပြောလိုက်သည်။

လျူအာနီက ကြားသောအခါ ပြန်ပြောလိုက်၏။

“မြို့ထဲက ပစ္စည်းတွေက ပိုကောင်းမှာပေါ့... ဒါပေမဲ့ ဒီနှစ် ဝယ်လာတဲ့အထဲမှာ ငါတို့ဝေစု ပါပါ့မလား မသိဘူး...”

မိသားစု မခွဲခင်ကဆိုရင် သူတို့ဝေစု ပါမယ်ဆိုတာ သေချာနေသော်လည်း အခုတော့ မသေချာတော့ပေ။

ချန်ချွန်းဟွာက လက်ထဲမှ အလုပ်ကို ချလိုက်ပြီး ပြောလိုက်သည်။

“တာ့ယာ ဘယ်သွားပြီး ရူးနေလဲ သွားကြည့်လိုက်ဦးမယ်...”

သူမက အကြောင်းပြချက် ပေးပြီး အခန်းထဲ ဝင်သွားကာ အစ်ကိုကြီးကုကို ဆွဲပြီး တိုးတိုးတိုးတိုး ပြောနေလေသည်။

လျူအာနီလည်း အိမ်ပြန်သွားသည်။ အပြင်တွင် ဆော့ကစားပြီး ပြန်လာသော ကုရှောင်ယာနှင့် ကုရှောင်ပေါင်တို့ကို တွေ့လိုက်ရ၏။

ကုရှောင်ပေါင်က အမေဖြစ်သူကို တွေ့သည်နှင့် ငိုမဲ့မဲ့ ဖြစ်သွားပြီး အော်ဟစ်လိုက်သည်။

“အမေ... အစ်မက ရှောင်ထိုတို့နဲ့ ဆော့ပြီး သားကို မခေါ်ဘူး...”

လျူအာနီသည် သားယောကျ်ားလေးကို ဦးစားပေးသည့် အကျင့် ရှိသဖြင့် သမီးဖြစ်သူ၏ ရှင်းပြချက်ကို နားမထောင်ဘဲ အပြစ်တင်လိုက်သည်။

“နင်က အစ်မ ဖြစ်ပြီးတော့ ဘယ်လို လုပ်လိုက်တာလဲ... လျှောက်သွားနေတာလား... မောင်လေးကို ကြည့်နေတာလား... ဆော့ပြီဆိုတာနဲ့ အရိုင်းစိတ် ဝင်လာရော...”

ကုရှောင်ယာသည် ထိုစကားများကို ကြားရတာ ငြီးငွေ့နေပြီဖြစ်၍ မျက်လုံးလှန်ကြည့်လိုက်သည်။

လျူအာနီက သမီးကို အလိုမလိုက်ဘဲ ခန္ဓာကိုယ်ကို ရိုက်နှက်ကာ ဆဲဆိုလိုက်သည်။

“ကောင်မစုတ်... စည်းကမ်း နားမလည်ဘူး... မိန်းကလေးနဲ့တောင် မတူဘူး... အစ်မဆိုတာ မောင်လေးကို ဂရုစိုက်ရတယ်... နောင်ကျရင် နင် အိမ်ထောင်ကျရင် နင့်မောင်က နင့်ကို ထောက်ပံ့ပေးမှာ...”

ကုရှောင်ယာက ဟန်ဆောင်ပြီး ပြန်ဖြေလိုက်သည်။

“သိပါတယ်...”

လျူအာနီက ဘယ်ညာ ကြည့်လိုက်ပြီး အသံနှိမ့်ကာ ပြောလိုက်သည်။

“ပြီးခဲ့တဲ့တစ်ခေါက်က ဒုတိယဦးလေး ပေးတဲ့ မုန့်တွေကို နင် တစ်ယောက်တည်း စားလိုက်တယ်မလား... နင့်မောင်လေး စားရတာ မဟုတ်ဘူး... ဒီတစ်ခါ သူ တစ်ခုခု ပေးရင် အရင် ယူလာခဲ့... ငါ့ကို ပေး... ကြားလား...”

မောင်ဖြစ်သူက ထိုစကားကို ကြားသောအခါ လက်သီးကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

“အစ်မက လူဆိုး... ဒုတိယဦးလေးက ကပ်စေးနည်းတယ်... အစ်မကိုပဲ ပေးပြီး သားကို မပေးဘူး...”

ကုရှောင်ယာက မောင်ဖြစ်သူ၏ လက်သီးကို ဖမ်းချုပ်လိုက်ပြီး ပြောလိုက်သည်။

“ရှောင်ပေါင်... နင်က ဘာလို့ အဲ့လောက် တုံးရတာလဲ... ဒုတိယဦးလေးက ရက်ရောပါတယ်... သူ မုန့်ပေးတုန်းက နင် အိပ်နေတာလေ... အမေက နင့်ဝေစုကို ဦးလေး အိမ်ကို တိတ်တိတ်လေး ပို့လိုက်တာ... နင် မုန်းရမှာက ကလေးမုန့်တောင် လုစားတဲ့ ဦးလေးကို...”

ကုရှောင်ပေါင် ဒီအကြောင်း ကြားဖူးတာ ပထမဆုံးအကြိမ်ပင်။ သုံးနှစ်သား ကလေးတစ်ယောက်အတွက် အစားအသောက်က ကောင်းကင်ထက်ပင် ကြီးမားသည်။

သူ့မျက်လုံးထဲတွင် မျက်ရည်များ ပြည့်လာပြီး လျူအာနီကို စွပ်စွဲသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။

“အမေ... သားမုန့်... မုန့် ပြန်ပေး... သား စားချင်တယ်...”

လျူအာနီ ခေါင်းကိုက်သွားသည်။ သားဖြစ်သူ အမုန်းခံရမှာ မလိုလားသဖြင့် ချက်ချင်း ပြောလိုက်သည်။

“ဒုတိယဦးလေးပေးတဲ့ မုန့်ကို နင့်အစ်မ တစ်ယောက်တည်း စားလိုက်တာပါ... နင့်အစ်မက နင့်ပါးစပ်ထဲက အစာကို လုစားနေကျလေ... နင်က ငါ့ကို ယုံမှာလား... သူ့ကို ယုံမှာလား...”

ကုရှောင်ပေါင်သည် မိခင်ဖြစ်သူကို ယုံကြည်သဖြင့် အနားကပ်သွားသည်။ ယခုအချိန်တွင် သူ ဝေခွဲမရ ဖြစ်နေသည်။

ကုရှောင်ယာက ဘေးမှ ပြောလိုက်သည်။

“အမေ နင့်ကို လိမ်တာ နည်းလို့လား... ဘာလို့ သူ့စကား နားထောင်နေရတာလဲ...”

လျူအာနီသည် သမီးဖြစ်သူကို ရန်သူလို ကြည့်လိုက်သည်။ သမီးဖြစ်သူ ဘာလို့ မလိမ္မာရတာလဲ၊ ဘာလို့ အရာရာ သူမကို ဆန့်ကျင်နေရတာလဲ ဆိုတာ နားမလည်နိုင်ပေ။

လျူအာနီသည် အဖွားကြီးလျူ၏ ဦးနှောက်ဆေးခြင်းကို ခံထားရသဖြင့် မိဘအိမ်ကို ကူညီတာ မှားတယ်လို့ မထင်ပေ။ သူမအမြင်တွင် သူမ၌ ကောင်းတာရှိလျှင် ပြန်ပို့ပေးရမည်။ မောင်လေးတွေကမှ သူမကို ကာကွယ်ပေးနိုင်မှာ ဖြစ်သည်။

“အမေက ဦးလေးရဲ့ သားကို နင့်ထက် ပိုချစ်တယ်...”

ကုရှောင်ယာက မောင်ဖြစ်သူကို ပြောလိုက်သည်။

လျူအာနီ သည်းမခံနိုင်တော့ဘဲ သူမကို ပါးရိုက်လိုက်ပြီး ဆဲဆိုလိုက်၏။

“ကောင်မစုတ်... ဒီလောက် အသက်အရွယ်နဲ့ စောက်ကျင့်ယုတ်နေပြီ... ဘယ်သူ သင်ပေးထားတာလဲ...”

ကုရှောင်ယာ အရိုက်ခံလိုက်ရသဖြင့် စူးရှစွာ အော်ဟစ်လိုက်သည်။

“အဘွားရေ... အဘွား...”

သူမ အရိုက်ခံရတာ ပထမဆုံးအကြိမ် မဟုတ်ပေ။ သူမအရွယ်တွင် တွေးတောနိုင်စွမ်းရှိနေပြီဖြစ်လေရာ ဒီလိုကိစ္စ ကြုံလာတိုင်း ကျောထောက်နောက်ခံကို ရှာလေ့ ရှိသည်။

လျူအာနီ ဒီတစ်ခါ မကြောက်တော့ပေ။

“နင် အဘွားကို သွားတိုင်လည်း အလကားပဲ... ငါတို့ မိသားစု ခွဲလိုက်ပြီ... သူ အများကြီး ဝင်မပါနိုင်တော့ဘူး...”

ကုရှောင်ယာ မယုံဘဲ နောက်ဖေးခြံဝင်းသို့ အမြန် ပြေးသွားသည်။

ကလေးမလေး အသံက စူးရှသဖြင့် အော်ဟစ်လိုက်သည်နှင့် တစ်မိသားစုလုံး အာရုံစိုက်လာကြသည်။

“ကောင်မစုတ်... ဒီနေ့ နင် လည်ချောင်းကွဲအောင် အော်လည်း... ငါ နင့်ကို ဆုံးမမှာပဲ...”

လျူအာနီက နောက်မှ လိုက်အော်နေသည်။

အဖွားကုက မြေးမလေးကို နောက်ကျောတွင် ဝှက်ထားပြီး တည်ငြိမ်သော မျက်နှာဖြင့် မေးလိုက်သည်။

“ဘာပြဿနာ ရှာပြန်ပြီလဲ...”

“အဘွား... ပြီးခဲ့တဲ့တစ်ခေါက် ဒုတိယဦးလေး ပြန်လာတုန်းက သမီးတို့ကို မုန့်တစ်ထုပ်စီ ပေးတယ်လေ... အမေက မောင်လေးရဲ့ ဝေစုကို ဦးလေးဆီ ပို့လိုက်တယ်... ပြီးတော့ မောင်လေးကို ဒုတိယဦးလေးက မပေးဘူးလို့ လိမ်ပြောတယ်... မောင်လေးက ဝမ်းနည်းပြီး ဒုတိယဦးလေး ကပ်စေးနည်းတယ်လို့ အိမ်မှာ လျှောက်ပြောနေတယ်...”

ကုရှောင်ယာက လူအများရှေ့တွင် ဖွင့်ချလိုက်သည်။

လျူအာနီ တားချိန်မရလိုက်ပေ။ အနောက်မှ အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။

“တတိယယောက်မလေး... ငါတို့ ဒုတိယအိမ်က လက်ဆောင်ပေးတာ အမှားပါသွားပြီ ထင်တယ်...”

ကျန်းယွင်နန်၏ မျက်နှာထား အလွန် ဆိုးရွားနေသည်။

လျူအာနီ အထစ်ထစ်အငေါ့ငေါ့ ရှင်းပြ၏။

“မဟုတ်ပါဘူး... ဒုတိယမရီး... နားလည်မှုလွဲနေတာပါ...”

ဘေးနားမှ ချန်ချွန်းဟွာကတော့ ပန်းပွင့်လေးလို ပြုံးနေသည်။ ကုမင်တာ့က ဒီတစ်ခါ နှစ်သစ်ကူးလက်ဆောင် ယူလာမလာ မသေချာသော်လည်း လျူအာနီ၏ အပြုအမူကြောင့် ယူလာရင်တောင် တတိယအိမ်ကို ပေးမည် မဟုတ်ဟု သူမ ထင်နေသည်။

ချန်ချွန်းဟွာသည် သူမအတွက် အခွင့်အရေး ရောက်လာပြီဟု ခံစားလိုက်ရသည်။ အကျိုးအမြတ် ပိုရနိုင်ရန်အတွက် မျက်နှာပြောင်တိုက်ပြီး ပြောလိုက်သည်။

“ဒုတိယယောက်မလေး... တချို့လူတွေက ကျေးဇူးမသိတတ်ကြဘူး... ဘယ်လောက်ပဲ ပေးပေး ကွယ်ရာမှာ မကောင်းပြောကြတာ... ငါကတော့ မတူဘူး... ကျေးဇူးတရားကို ရင်ထဲမှာ မှတ်ထားတယ်...”

ကုမင်တာ့သည် နေ့ဝက်အတွင်းမှာပင် အိမ်၌ ပရမ်းပတာ ဖြစ်နေသည်ကို မသိပေ။ သူသည် ကြိုတင် ပြင်ဆင်ထားသော နှစ်သစ်ကူးလက်ဆောင်နှင့် ဆောင်းပါးများကို ယူဆောင်ပြီး မြို့ဝန်မင်း ဝူထံသို့ သွားရောက် လည်ပတ်လေသည်။

All Chapters