ကျင့်ကြံခြင်း နှစ် (၅၀၀)စာ ပြည့်သွားခြင်းနှင့် သက်တမ်း တိုးလာခြင်း
Vol. 10 Ch. 96
“ တပည့် ချင်းချင်းက စီနီယာတွေရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ တပည့်က သောင်းပြောင်းပညာရပ်ဌာနမှာပဲ နေပြီး ဆရာ့လက်အောက်မှာပဲ ကျင့်ကြံချင်ပါတယ် “
ချင်းချင်းသည် ရောက်ရှိလာကြသည့် ဌာနမှူးများကို ယဉ်ကျေးစွာ ပြောလိုက်သည်။ သူမသည် ဖိတ်ခေါ်မှုများကို တိုက်ရိုက်ပင် ငြင်းပယ်လိုက်သည်။
ဌာနမှူးများသည် အနည်းငယ် စိတ်ပျက်သွားကြသော်လည်း သူမကို အတင်းအကျပ် ဖိအားမပေးခဲ့ကြချေ။
ကျောင်းအုပ်ကြီးသည် ချူဖုန်းကို ကြည့်လိုက်၏။ “ ရှောင်ဖုန်း... မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... ငါတို့ ဝမ်တောက်ကျောင်းတော်အတွက် နောက်ထပ် ပါရမီရှင် တစ်ယောက်ကို ပျိုးထောင်ပေးနိုင်ခဲ့ပြန်ပြီ...သောင်းပြောင်းပညာရပ်ဌာနရဲ့ အမွေအနှစ်က မင်းလက်ထဲမှာ တောက်ပနေပြီပဲ”
ချူဖုန်းက အပြုံးဖြင့် ပြန်ပြောသည်။ “ ကျောင်းအုပ်ကြီးက မြှောက်နေပါပြီ.. ကျွန်တော်က ရှေးက လူတွေရဲ့ အသိပညာကို အသုံးပြုခဲ့ရုံ သက်သက်ပါ “
‘ ပါရမီရှင် တစ်သိုက်ကို သောင်းပြောင်းပညာရပ်ဌာနရဲ့ အမွေအနှစ်တွေ သုံးပြီး ငါ ပျိုးထောင်ပေးထားတယ်လို့ လူတိုင်းက ထင်နေကြမှတော့လည်း ဒီအတိုင်းပဲ ထားလိုက်တာပေါ့...နောက်ပိုင်း သူတို့လည်း စောင့်ကြည့်ခံရမဲ့ပြဿနာတွေကနေ ဝေးသွားတာပေါ့ ’
“ ငါ ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘူး... ပြန်တော့မယ် “ ကျောင်းအုပ်ကြီးက ပြောပြီး လှည့်ထွက်သွားသည်။
“ ဂရုစိုက်သွားပါ ကျောင်းအုပ်ကြီး “ ချူဖုန်းက သူ၏ ကျောပြင်ကို အနည်းငယ် ဦးညွှတ်ရင်း ပြန်ပြောလိုက်၏။
ကျန်နေသော ဌာနမှူးများကလည်း ချူဖုန်းကို နှုတ်ဆက်သွားကြပြီး အလျှိုလျှို ပျံသန်းထွက်ခွာသွားကြသည်။
အကြီးအကဲပင်း တစ်ယောက်သာ ဘာလုပ်ရမှန်းမသိသည့် ပုံစံဖြင့် ကျန်ရစ်ခဲ့၏။ အခြားသူများကို တစ်ချက် လှမ်းကြည့်ပြီးနောက် သူမသည် ချူဖုန်း၏ ကိုယ်ပိုင် ခြံဝင်းထဲသို့ တိတ်ဆိတ်စွာ ပြန်သွားသည်။
ကောင်းကင် အထက်တွင်...
ဌာနမှူးများသည် သောင်းပြောင်းပညာရပ်ဌာနမှ ထွက်ခွာလာရင်း သူတို့အချင်းချင်း စတင် ဆွေးနွေးလိုက်ကြသည်။
“ ဟိုကောင်စုတ်လေး ချူဖုန်းက ဒီလောက် ကံကောင်းလိမ့်မယ်လို့ မထင်ထားထားဘူး..လူအိုကြီးမုန်ယွင်က သူ့ကို အတင်းအကျပ် လက်ခံချင်နေတာ အံ့ဩစရာ မဟုတ်တော့ဘူး... ငါ သူ့ကို အထင်သေးမိတာ သေချာသွားပြီ “ မိုးကြိုးမီးတောက်ဘုရင်က သက်ပြင်းချကာ ပြောလိုက်၏။
ဓားဘုရင်က သရော်သည့်ဟန်ဖြင့် ဝင်ပြောသည်။ “ မိုးကြိုးမီးတောက် အိုကြီး... မင်းက သောင်းပြောင်းပညာရပ်ဌာနရဲ့ မဟာဆရာသခင် အမွေအနှစ်ကို မျက်စိကျနေတာလို့တော့ မပြောနဲ့နော် “
“ ဟမ့် “
မိုးကြိုးမီးတောက်ဘုရင်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။ “ ဓားဘုရင်အိုကြီး... မင်းက ငါ့ကို စော်ကားရဲတယ်ပေါ့... ဒီနေ့ ကောင်းကင်မိုးကြိုးနဲ့ မြေကမ္ဘာမီးတောက်ရဲ့ ဒေါသကို မင်းကို မြည်းစမ်းခိုင်းမယ်...ငါတို့ရဲ့ မန္တာန်ပညာဌာနမှာလည်း မဟာဆရာသခင် အမွေအနှစ် ရှိတယ်ဆိုတာ မင်းကို ပြပေးမယ် “
“ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။ လေဟာနယ်ထဲမှာ ရှင်းကြတာပေါ့ “
ဓားဘုရင်ကျန်းဝူသည် ဒေါသများကို ပေါက်ကွဲစရာ နေရာမရှိဘဲ အချိန်ကြာမြင့်စွာ မျိုသိပ်ထားခဲ့ရသည် ဖြစ်၏။ ယခု တစ်စုံတစ်ယောက်က တိုက်ခိုက်ရန် ကမ်းလှမ်းလာသောအခါ သူသည် စိတ်အားထက်သန်သွားတော့သည်။
“ သွားကြတာပေါ့ “
မိုးကြိုးမီးတောက်ဘုရင်သည် ကောင်းကင်သို့ ဦးစွာ ပျံတက်သွားပြီး ဓားဘုရင်က သူ၏ နောက်မှ အနီးကပ် လိုက်ပါသွားသည်။
ဆေးဘုရင်ရွှမ်ဟော့သည် ထိုနှစ်ဦး ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် အခြားသူများဘက်သို့ လှည့်လိုက်၏။
“ ကြည့်ရတာ ခင်ဗျားတို့ထဲက တစ်ယောက်မှ သောင်းပြောင်းပညာရပ်ဌာနရဲ့ မဟာဆရာသခင် အမွေအနှစ်ကို စိတ်မဝင်စားကြဘူး ထင်တယ် “
“ ဟက် “
ဓားဘုရင်ရှောင်ယောင်က နှာခေါင်းရှုံ့လိုက်သည်။
“ ကျုပ်ရဲ့ ကောင်းကင်စိတ်ဝိညာဉ်ဌာန အမွေအနှစ်က သောင်းပြောင်းပညာရပ်ဌာနထက် နိမ့်ကျတယ်လို့ ခင်ဗျား ထင်နေတာလား “
ဆေးဘုရင်ရွှမ်ဟော့က တဟးဟား ရယ်မောလိုက်၏။ “ကျုပ်က ဒီတိုင်း မေးကြည့်တာ... ဘာပဲဖြစ်ဖြစ် တချို့လူတွေက သောင်းပြောင်းပညာရပ်ဌာနကို အကြီးအကဲတွေကို ပို့ထားတာပဲလေ... မျက်စိမကျဘူးလို့ ပြောရင်တောင် ကျုပ်ကတော့ မယုံပေါင် “
“ ဟမ့် “
ဓားဘုရင်ရှောင်ယောင်သည် မျက်လုံးများကို မှေးကျဉ်းပြီး သရော်လိုက်သည်။ “ အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့... အဲဒီအမွေအနှစ်ကို စိတ်ဝင်စားခဲ့ရင်တောင် ကျုပ်က အရှက်ရစရာ နည်းလမ်းမျိုးတွေကို သုံးမှာ မဟုတ်ဘူး”
သူ ထိုသို့ ပြောလိုက်သည်နှင့် အခြားသူများကလည်း ထောက်ခံလိုက်ကြသည်။
“ သေချာတာပေါ့ ကျုပ်တို့မှာလည်း ဂုဏ်သိက္ခာဆိုတာ ရှိသေးတယ်ကွ “
“ သောင်းပြောင်းပညာရပ်ဌာနရဲ့ အမွေအနှစ်က ကျုပ်ရဲ့ သားရဲထိန်းကျောင်းခြင်းဌာနထက် ပိုအားကောင်းတယ်လို့ မယုံဘူး “
“…”
၎င်းကို မြင်သောအခါ ဆေးဘုရင်ရွှမ်ဟော့က ခါးသီးစွာ ပြုံးလိုက်၏။ “ ကျုပ်က မေးကြည့်ရုံ သက်သက်ပါ... အဲဒီလောက်ကြီး စိတ်လှုပ်ရှားနေစရာ မလိုပါဘူး “
“ အနည်းဆုံးတော့ ခင်ဗျားနေရာ ခင်ဗျား သိသေးတာပေါ့ “
ထိုသို့ပြောပြီးနောက် ဓားဘုရင်ရှောင်ယောင်က သူ၏ အင်္ကျီလက်ကို ခါယမ်းကာ ထွက်ခွာသွားသည်။ အခြားသူများလည်း မှုန်ကုပ်နေသော မျက်နှာများဖြင့် နောက်မှ လိုက်သွားကြ၏။
ဆေးဘုရင်ရွှမ်ဟော့သည် ဘာပြောရမှန်းမသိဘဲ ထိုနေရာတွင် ရပ်နေသည်။ ‘ သောင်းပြောင်းပညာရပ်ဌာနကို ဖျက်သိမ်းဖို့ ခင်ဗျားတို့ အားလုံး တောင်းဆိုနေခဲ့ကြတုန်းက ဒီလို လေသံမျိုး မဟုတ်ပါဘူး ’
‘ ထားလိုက်ပါတော့... ထားလိုက်ပါတော့...ကျုပ်ရဲ့ အဖိုးတန် မြေးလေး သောင်းပြောင်းပညာရပ်ဌာနမှာ စွမ်းအားကြီးတဲ့သူ တစ်ယောက် ဖြစ်လာနိုင်ဖို့အတွက် ခင်ဗျားတို့ရဲ့ သဘောထားတွေကို စမ်းသပ်ကြည့်တယ်လို့ပဲ သဘောထားလိုက်မယ် ’
ဌာနမှူးများ ထွက်ခွာသွားပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ချူဖုန်း တစ်ယောက် လုံးဝ သတိမထားမိခဲ့ချေ။
သူက လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး တပည့် သုံးယောက်ကို ခေါ်ဆောင်ကာ ယနေ့ည အောင်ပွဲခံဖို့အတွက် စားသောက်ပွဲကို ပြင်ဆင်လိုက်သည်။
ဝမ်တောက်ကျောင်းတော်အတွင်း၌ တပည့်များသည် ဌာနမှူးများထံမှ သတင်းကို စောင့်မျှော်နေကြ၏။
သောင်းပြောင်းပညာရပ်ဌာနတွင် ဖြစ်ပျက်ခဲ့သည့်အရာများကို သူတို့လည်း သိချင်နေကြသည်။
မကြာမီမှာပင် ချင်းချင်းသည် သူမ၏ နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထခဲ့ပြီး သောင်းပြောင်းပညာရပ်ဌာနမှူး ချူဖုန်းသည် မဟာဆရာသခင်၏ အမွေအနှစ်ကို ဆက်ခံထားသည်ဟူသော သတင်းက တပည့်များကြားတွင် ပျံ့နှံ့သွားတော့သည်။
“ မဖြစ်နိုင်တာ...ဌာနမှူးချူက ဆယ်ဘဝဆယ်စာလောက် ကုသိုလ်တွေ စုထားတာလား... သောင်းပြောင်းပညာရပ်ဌာနရဲ့ မဟာဆရာသခင် အမွေအနှစ်တောင် သူ့လက်ထဲ ရောက်သွားရတယ်လို့ “
“သောင်းပြောင်းပညာရပ်ဌာနကနေ ပါရမီရှင်တွေ ဒီလောက် အများကြီး ထွက်ပေါ်လာတာ အံ့ဩစရာ မဟုတ်တော့ဘူး...ငါတို့လည်း အတွင်းစည်းကို ဝင်တဲ့အခါ သောင်းပြောင်းပညာရပ်ဌာနကို ဝင်ဖို့ စဉ်စားလို့ရပြီထင်တယ်”
“ သေချာ ပြန်စဉ်းစားတာ ပိုကောင်းမယ်... သောင်းပြောင်းပညာရပ်ဌာနမှာက ဌာနမှူးချူ တစ်ယောင်ပဲရှိတာလေ.... ငါတို့တွေ အများကြီး သွားလိုက်ရင် ဘယ်သူက ငါတို့ကို လမ်းညွှန်ပေးမှာလဲ “
“အဲဒါလည်း ဟုတ်သားပဲ.... နေရာသစ်ကို သွားတာက သုညကနေ ပြန်စရတာနဲ့ အတူတူပဲ...သားရဲထိန်းကျောင်းခြင်းဌာနမှာပဲ ဆက်နေတာ ပိုကောင်းတယ်”
“…”
ချင်းချင်း၏ အဆင့်တက်မှုသတင်းသည် ရှောင်ချန်း ပထမဆုံး ပေါ်ထွက်လာစဉ်ကလောက် မပြင်းထန်ခဲ့ပေ။
အကြောင်းရင်းမှာ ရှောင်ချန်း၏ ဇာတ်လမ်းက ပိုပြီး ဒဏ္ဍာရီဆန်နေသောကြောင့် ဖြစ်၏။ လူတိုင်းသည် ပထမတစ်ကြိမ် တုန်လှုပ်ထားပြီးသား ဖြစ်သဖြင့် ဒုတိယအကြိမ်တွင် ယခင်ကလောက် မပြင်းထန်တော့ပေ။
အဓိက အကြောင်းရင်းမှာ ပြိုင်ပွဲကြီး စတင်တော့မည် ဖြစ်ပြီး လူတိုင်းက ကျင့်ကြံရာတွင် အလုပ်ရှုပ်နေကြသောကြောင့်ပင်။
ပုံမှန်အားဖြင့် အေးအေးဆေးဆေး ရှိတတ်သော သောင်းပြောင်းပညာရပ်ဌာနတွင်ပင် ယခုအခါ လူတိုင်းက ဝီရိယရှိရှိ လေ့ကျင့်နေကြလေပြီ။
ဤလာမည့် ပြိုင်ပွဲသည် လူတိုင်းအတွက် အရေးကြီးလှပေသည်။
ထိုအရာများနှင့် ယှဉ်လျှင် ချူဖုန်း၏ ဘဝက သိပ်မပြောင်းလဲသွားခဲ့ပေ။ သူသည် ပုံမှန် လုပ်ရိုးလုပ်စဉ်ကိုသာ ဆက်လက် လုပ်ဆောင်နေခဲ့၏။
မနက်ခင်း အိပ်ရာမဝင်မီလေး၌ ရင်းနှီးနေသော စက်သံတစ်သံက သူ၏ စိတ်ထဲတွင် မြည်ဟည်းလာသည်။
[ဒင်... ဒုတိယ တပည့်သည် အဆင့်ငယ် တစ်ဆင့်တက်သွားပါတယ်။ လက်ခံသူကို နှစ်နှစ်ဆယ်စာ ကျင့်ကြံခြင်းကို ချီးမြှင့်ပါတယ်]
‘ ဒီလောက်တောင် မြန်တာလား ’
ချူဖုန်းက မမျှော်လင့်ထားခဲ့ချေ။ ချင်းချင်း စစ်မှန်ကံကြမ္မာအဆင့်သို့ အဆင့်တက်သွားခဲ့သည်မှာ တစ်လသာ ရှိသေးပြီး ယခုအခါ တာ့ချန်သည်လည်း အဆင့်တက်သွားခဲ့၏။
အဆင့်ငယ်လေး တစ်ခု တက်ခြင်းသာ ဖြစ်သော်ငြား ၎င်းက ချူဖုန်းအတွက် အံ့အားသင့်စရာတစ်ခု ဖြစ်နေဆဲပင်။
[ဒင်... လက်ခံသူကို ဂုဏ်ပြုပါတယ်။ ကျင့်ကြံခြင်းနှစ်(၅၀၀) သို့ ရောက်ရှိသွားပါပြီ။ သင်၏ သက်တမ်း တိုးလာခဲ့ပါတယ်။ ကျေးဇူးပြု၍ ပြောင်းလဲသွားသည့် အခြေအနေကို စစ်ဆေးပါ]
ထိုစကားကြောင့် ချူဖုန်း၏ မျက်လုံးများက တောက်ပသွားသည်။ ‘ ဒီစနစ်က တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး ပျင်းလာတာပဲ ’
သို့တိုင်အောင် သူ စနစ်၏မျက်နှာပြင်ကို မစစ်ဆေးခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်၏။
ထိုအတွေးဖြင့် ချူဖုန်းက ၎င်းကို ဖွင့်ကြည့်လိုက်သည်။
[ဇာတ်ကောင် အရည်အချင်းပြဇယား]
အမည် - ချူဖုန်း
ကျင့်ကြံမှု - နှစ် (၅၀၀)
သက်တမ်း - ၂၅ / ၅၀၀
အထူးခန္ဓာ-
ကောင်းကင်ပြိုလဲခန္ဓာ (ပြီးပြည့်စုံခြင်းအဆင့်)
အာဏာရှင်နတ်ဘုရားခန္ဓာ (ပြီးပြည့်စုံခြင်းအဆင့်)
လေဟာနယ်ခန္ဓာ (ပြီးပြည့်စုံခြင်းအဆင့်)
နည်းစနစ်များ -
ဓားတစ်သောင်းတို့အပြန် (ပြီးပြည့်စုံခြင်း အဆင့်)
ဓားတာအို အမှန်တရား ( ၃ / ၁၀၀ )
ဖရိုဖရဲခန္ဓာကျမ်း (ပြီးပြည့်စုံခြင်းအဆင့်)
ပြိုင်ဘက်ကင်းလက်သီးဆန္ဒ (ပြီးပြည့်စုံခြင်းအဆင့်)
ကမ္ဘာပျက်မျက်ဝန်း (ပြီးပြည််စုံခြင်းအဆင့်)
အနုပညာရပ်များ -
ဇီသာ (ပြီးပြည့်စုံခြင်းအဆင့်)
စစ်တုရင် (ပြီးပြည့်စုံခြင်း အဆင့်)
လက်ရေးလှ (ပြီးပြည့်စုံခြင်း အဆင့်)
ပန်းချီ (ပြီးပြည့်စုံခြင်း အဆင့်)
လက်ဖက်ရည် တည်ခင်းခြင်း(ပြီးပြည့်စုံခြင်းအဆင့်)
အကဲဖြတ်ချက် - တိုက်ခိုက်လိုစိတ် အနည်းငယ် ရှိသော်လည်း သိပ်မများပါ။
.
“ သက်တမ်း ကန့်သတ်ချက်က နှစ် (၅၀၀) အထိ တိုးလာတာပဲ...အရမ်း ကောင်းတယ် “
သက်တမ်း တိုးလာသည်ကို မြင်သောအခါ ချူဖုန်း၏ နှုတ်ခမ်းသည် အပြုံးတစ်ခုအဖြစ် ကွေးညွတ်သွားသော်လည်း အကဲဖြတ်ချက်ကို တွေ့လိုက်ရချိန်တွင် သူ၏ စိတ်အခြေအနေက မကောင်းတော့ပေ။
‘ တိုက်ခိုက်လိုစိတ် အနည်းငယ် ရှိသော်လည်း သိပ်မများဘူး ဟုတ်လား ’
‘ ငါ့မှာ နှစ် (၅၀၀) စာ ကျင့်ကြံမှု ရှိနေပြီ... ဓားတာအို အမှန်တရားကိုတောင် နားလည်နေပြီလေ ’
သူ စနစ်ကို ဆင့်ခေါ်ပြီး ယခုလို အကဲဖြတ်တတ်ဖို့ မည်သူက သင်ပေးထားသနည်းဟု မေးချင်သွား၏။
သို့သော် သေချာ စဉ်းစားပြီးနောက် စနစ်တစ်ခုနှင့် ငြင်းခုန်နေခြင်းက အဓိပ္ပာယ် မရှိကြောင်း သဘောပေါက်လိုက်သည်။
ထို အပို သက်တမ်းများကို မြင်တွေ့ပြီးနောက် ချူဖုန်းက အိပ်ချင်စိတ် မရှိတော့ပေ။
သူ၏ စိတ်အခြေအနေ ကောင်းနေသဖြင့် တပည့်များ၏ ကျင့်ကြံမှုကို သွားရောက် စစ်ဆေးကြည့်လျှင် ကောင်းမည်ဟု တွေးလိုက်သည်။
ချူဖုန်းသည် သူ၏ ကိုယ်ပိုင် ခြံဝင်းမှ ထွက်ပြီး တောင်နောက်ဘက်သို့ သွားလိုက်ရာ ထိုနေရာတွင် တာ့ချန် ရှိမနေဘဲ ချင်းချင်းနှင့် ဖက်တီးလေးတို့သာ ရှိနေသည်ကို တွေ့လိုက်ရ၏။
သူတို့နှစ်ဦးစလုံး လေ့ကျင့်မှုတွင် အာရုံစိုက်နေကြသည်ကို မြင်သောအခါ အနှောင့်အယှက် မပေးတော့ဘဲ တာ့ချန်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။ ထိုကောင်လေးက အဆင့်နိမ့်နည်းစနစ် ဘယ်လောက်များများကို သင်ယူထားပြီးပြီလဲ ဆိုတာ သိချင်လာသည်။
ထိုအတွေးဖြင့် သောင်းပြောင်းပညာရပ်ဌာန၏ တောင်ထိပ်များ၌ တာ့ချန်ကို လိုက်ရှာတော့၏။
မကြာမီမှာပင် ဓားဝှေ့ယမ်းလိုက်သော အသံတစ်သံက ချူဖုန်း၏ နားထဲသို့ ရုတ်တရက် ရောက်ရှိလာသည်။