← Chapters

ဌာနမှူးချူဆီ သွားပြီး ကိုယ်တိုင် တောင်းပန်လိုက်

Vol. 10 Ch. 97

ဌာနမှူးချူဆီ သွားပြီး ကိုယ်တိုင် တောင်းပန်လိုက်

Vol. 10 Ch. 97

‘ ရှောင်ချန်းက တံခါးပိတ်ကျင့်ကြံနေတာ မဟုတ်ဘူးလား ’

‘ ဒါဆို ဘာလို့ ဓားဝှေ့ယမ်းနေတဲ့ အသံကို ကြားနေရတာလဲ ’

‘ တခြားဌာနက တပည့်တစ်ယောက်ယောက်များ သောင်းပြောင်းပညာရပ်ဌာနမှာ တိတ််တိတ်လေး လာလေ့ကျင့်နေပြီး ပြိုင်ပွဲကျရင် လူတိုင်းကို အံ့အားသင့်သွားအောင် လုပ်ဖို့ ကြံစည်နေတာများလား ’

ချူဖုန်း၏ စိတ်ထဲတွင် မေးခွန်းများစွာ ပေါ်ပေါက်လာပြီးနောက် အသံလာရာဘက်သို့ လျှောက်သွားလိုက်သည်။

သူ သစ်တောကို ဖြတ်သန်းပြီးနောက် မနက်ခင်း၏ မှိန်ဖျဖျ အလင်းရောင်အောက်ဝယ် ဓားရှည်တစ်လက်ဖြင့် ကျက်သရေရှိစွာ လှုပ်ရှားနေသည့် အဖြူရောင် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

ချူဖုန်းက ထိုသူ၏ မျက်နှာ သို့မဟုတ် လေ့ကျင့်နေသော ဓားသိုင်းကို ရှင်းလင်းစွာ မမြင်ရသေးမီမှာပင် ဓားသမားသည် ရုတ်တရက် ရပ်တန့်သွားပြီး အေးစက်စွာ အော်ဟစ်ပြီး လှည့်ကြည့်လာသည်။

“ ဘယ်သူလဲ “

“ အကြီးအကဲပင်း “

ချူဖုန်းသည် ထိုသူ၏ မျက်နှာကို မြင်လိုက်သည်နှင့် အလိုလို ရေရွတ်လိုက်မိ၏။

အကြီးအကဲပင်းသည် ထိုသူမှာ ချူဖုန်းဖြစ်ကြောင်း သိလိုက်ရသောအခါ သူမ၏ ပတ်ဝန်းကျင်ရှိ အေးစက်မှုများ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး ပါးပြင်က နီးမြန်းသွားတော့သည်။

သူမ တိတ်တဆိတ် ဓားသိုင်း လေ့လာသင်ယူနေစဉ် ချူဖုန်းနှင့် ထိပ်တိုက်တိုးမိမည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကြီးအကဲပင်းသည် ခဏကြာ အေးခဲသွားပြီး သူမ၏ မျက်လုံးများက အထိတ်တလန့်ဖြင့် ဟိုဟိုဒီဒီ ပြေးလွှားနေ၏။ သူမက သူ့ကို အော်ဟစ်ချင်သော်လည်း စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့နေပြီး ထွက်မလာတော့ချေ။

ချူဖုန်းသည် ထိုသူမှာ အကြီးအကဲပင်း ဖြစ်နေသည်ကို မြင်သောအခါ သိပ်ပြီး ထွေထွေထူးထူး တွေးမနေတော့ပေ။ သူက ပြုံးပြီး ပြောလိုက်သည်။ “အကြီးအကဲပင်း ဒီမှာ လေ့ကျင့်နေတာကိုး...တခြားဌာနက တပည့်တစ်ယောက်လို့ ကျွန်တော် ထင်သွားတာ...ဆက်လေ့ကျင့်ပါဗျာ...ကျွန်တော်ကတော့ ကျွန်တော့်တပည့်ကို သွားရှာလိုက်ဦးမယ် “

“ အင်း “

အကြီးအကဲပင်းသည် အပြစ်ရှိသလို ခံစားရသဖြင့် တိုးညင်းစွာ ပြန်ဖြေလိုက်ပြီး ထွက်ခွာသွားသော ချူဖုန်း၏ ကျောပြင်ကို ကြည့်နေလိုက်သည်။ သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးသွား၏။ ‘ သူ အကုန်လုံးကို မြင်သွားတာလား ’

‘ သူသာ မြင်သွားခဲ့ရင် ဘာလို့ ငါ့ကို တိုက်ရိုက် ထုတ်မပြောတာလဲ ’

‘ ဒါမှမဟုတ်... တခြား ရည်ရွယ်ချက် တစ်ခုခုများ ရှိနေလို့လား ’

သူမ၏ ခေါင်းထဲသို့ အတွေးပေါင်းများစွာ လှည့်ပတ် ဝင်ရောက်လာသည်။

အကြီးအကဲပင်းသည် သူမ၏ စိတ် ဂနာမငြိမ် ဖြစ်လာသည်ကို ခံစားလိုက်ရပြီး ကျင့်ကြံခြင်းအပေါ် ဆက်လက် အာရုံမစိုက်နိုင်တော့ပေ။

‘ ထားလိုက်ပါတော့... ဒီအကြောင်း တွေးနေလို့လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး...ဒီနေ့ တပည့်တွေကို သင်ပေးရဦးမယ်...ပြန်သွားပြီး ငါ့စိတ်အခြေအနေကို ချိန်ညှိတာ ပိုကောင်းမယ် ’

သစ်တောထဲမှ ထွက်လာပြီးနောက် ချူဖုန်းသည် ချောင်ရို့ချန်ကို ဆက်ရှာလိုက်သည်။

မကြာမီမှာပင် စာကြည့်တိုက် အပြင်ဘက်တွင် လက်သီးသိုင်း လေ့ကျင့်နေသည်ကို တွေ့လိုက်ရသည်။

“ တာ့ချန် “

“ ဆရာ “

ချောင်ရို့ချန်သည် ချူဖုန်း၏ အသံကို ကြားသည်နှင့် သူ၏ လေ့ကျင့်မှုကို ရပ်တန့်လိုက်ပြီး လှည့်ကာ ဦးညွှတ်လိုက်သည်။

“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ “

ချူဖုန်းက သူ့ကို အကဲခတ် လိုက်၏။ ဤကောင်လေး၏ အရှိန်အဝါက အနည်းငယ် မတည်မငြိမ် ဖြစ်နေဆဲပင်။ မကြာသေးခင်ကမှ အဆင့်တက်ထားခြင်းဖြစ်ကြောင်း ထင်ရှားပေသည်။

“ မင်း ကောင်းကောင်း လုပ်နိုင်တာပဲ... နည်းစနစ်နည်းနည်းပဲ ကျင့်ကြံပြီး အဆင့်ငယ် တစ်ဆင့်ကို တက်သွားတယ်”

ချောင်ရို့ချန်က ရယ်မောလိုက်သည်။ “ ဆရာ... ကျွန်တော် အဆင့်တက်လိုက်လို့ ဖြစ်လာတဲ့ ထူးခြားဖြစ်စဉ်က ဆရာ့ အနားယူတာကို အနှောင့်အယှက် ဖြစ်သွားစေလို့လား “

“ … “

ချူဖုန်းက သူ့ကို ‌ပြောစရာစကားမဲ့သွားသည့်ဟန်ဖြင့် ကြည့်လိုက်၏။ “ မင်း အတွေးလွန်နေပြီ..ငါက တပည့်တိုင်းရဲ့ ကျင့်ကြံမှုကို စစ်ဆေးဖို့ ထလာတာ....မင်း အဆင့်တက်တာနဲ့ တိုက်ဆိုင်သွားတာ “

“ ဪ “

ချောင်ရို့ချန်သည် ကသိကအောက်ဖြင့် ခေါင်းကုတ်လိုက်ပြီး ပြုံးဖြီးဖြီး လုပ်လိုက်သည်။ “ ဆရာ... ကျွန်တော် နည်းစနစ် ကိုးခုကို ပြီးပြည့်စုံတဲ့ အဆင့်ထိ ကျင့်ကြံပြီးပါပြီ.... လက်သီးဆန္ဒ အမျိုးအစား တချို့ကိုတောင် နားလည်သဘောပေါက်ထားပြီ “

“ မဆိုးဘူး..မင်း ငါ့ကို စိတ်မပျက်စေခဲ့ဘူး... လေ့ကျင့်မှုနဲ့ ပတ်သက်ပြီး မေးစရာများ ရှိသေးလား”

ချူဖုန်းက ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ မရှိပါဘူး “

ချောင်ရို့ချန်က ခေါင်းခါလိုက်၏။

“ ကောင်းပြီလေ၊ ငါ မင်းလေ့ကျင့်နေတာကို အနှောင့်အယှက် မပေးတော့ဘူး “

ချူဖုန်းက လှည့်၍ ထွက်သွားသည်။ ချောင်ရို့ချန်လည်း သူ၏ လက်သီးသိုင်းများကို ဆက်လက် လေ့ကျင့်နေလိုက်၏။

နာရီဝက် ကြာပြီးနောက် နေမင်းကြီး ထွက်ပေါ်လာလေပြီ။

အကြီးအကဲပင်းသည် သူမ၏ ဓားပျံကို စီးကာ ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ ချင်းရွှယ်(ကြည်လင်နှင်း)တောင်ထိပ်သို့ ပြန်လာခဲ့သည်။

တစ်မနက်လုံး အကြီးအကဲပင်းသည် သိသိသာသာ အာရုံလွင့် နေသည်။ တပည့်များက သူတို့၏ ကျင့်ကြံခြင်းနှင့် ပတ်သက်၍ မေးခွန်းများ မေးသည့်အခါ သူမက ချက်ချင်း မတုံ့ပြန်နိုင်ခဲ့ပင်။

မွန်းတည့်ချိန်၌။

ကြိုးကြာဖြူတစ်ကောင်က ချင်းရွှယ်(ကြည်လင်နှင်း)တောင်ထိပ်ပေါ်သို့ ဆင်းသက်လာပြီး ပြောသည်။ “အကြီးအကဲပင်း... ဌာနမှူးက သူ့ရဲ့ ကိုယ်ပိုင် ခြံဝင်းထဲကို လာခဲ့ဖို့ ပြောပါတယ်”

အကြီးအကဲပင်းက မတ်တပ်ထပြီး ပြန်ဖြေလိုက်၏ “ နားလည်ပါပြီ... တပည့်တွေနဲ့ ခဏလောက် စကားပြောပြီးရင် လာခဲ့ပါ့မယ် “

သူမ သဘောတူသည်ကို မြင်သောအခါ ကြိုးကြာငှက်သည် တောင်ပံများကို ခတ်ကာ ပျံသန်းထွက်ခွာသွားသည်။

အမွှေးတိုင် တစ်တိုင်စာ အချိန်ကုန်လွန်ပြီးနောက်...

အကြီးအကဲပင်းသည် ဌာနမှူး၏ ခြံဝင်းသို့ ရောက်ရှိလာ၏။ သူမအပြင် ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ အကြီးအကဲများလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိနေကြသည်။

“ ဌာနမှူး ရောက်လာပါပြီ “

ကြေညာသံနှင့်အတူ ဓားဘုရင်ရှောင်ယောင် သည် တောက်ပစွာ ပြုံးလျက် အဖြူရောင် ဝတ်ရုံများဖြင့် သူတို့ရှေ့တွင် ပေါ်လာသည်။

“ ဌာနမှူးကို အရိုအသေ ပေးပါတယ် “

အကြီးအကဲများက သူ့ထံသို့ တညီတညွတ်တည်း ဦးညွှတ်လိုက်ကြ၏။

“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့... ထိုင်ကြ”

ဓားဘုရင်ရှောင်ယောင်သည် လက်တစ်ချက် တောက်လိုက်ရာ သူတို့ရှေ့တွင် အခင်းများ ပေါ်လာသည်။

လူတိုင်း ထိုင်ပြီးသွားသောအခါ ဓားဘုရင်ရှောင်ယောင်က စတင် ပြောသည်။” ဒီနေ့ ခင်ဗျားတို့ အားလုံးကို ခေါ်လိုက်တဲ့ အကြောင်းရင်းက ပြိုင်ပွဲကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ပဲ... “

နာရီဝက် ကြာပြီးနောက် အစည်းအဝေး ပြီးဆုံးသွားလေသည်။

သူက ထိုနေရာရှိ လူတိုင်းကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး ပြောလိုက်၏။ “ အကြီးအကဲပင်းကလွဲပြီး ကျန်တဲ့ လူတွေ သွားလို့ရပြီ “

“ ဟုတ်ကဲ့ပါ “

အကြီးအကဲများက တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ဓားဘုရင်ရှောင်ယောင်သည် လက်ဖက်ရည် တစ်ငုံ သောက်လိုက်ပြီး အေးဆေးစွာ ပြောသည်။

“အကြီးအကဲပင်း... ဒီနေ့ ဘာလို့ နေခိုင်းခဲ့လဲဆိုတာ သိလား “

အကြီးအကဲပင်းက လေးစားစွာ ပြန်ဖြေလိုက်၏ “ သောင်းပြောင်းပညာရပ်ဌာနမှာ အချိန်ကုန်နေတော့ တပည့်တွေကို လမ်းညွှန်ပေးတဲ့ နေရာမှာ သက်ရောက်မှု ရှိသွားမှာကို ဌာနမှူး စိုးရိမ်နေလို့လား “

ဤပြိုင်ပွဲတွင် ဝမ်တောက်ကျောင်းတော်၏ ရွေးချယ်ခံ သူတော်စင်ကလေးများကို ရွေးချယ်မည့် အမွေခံ ပြိုင်ပွဲ လည်း ပါဝင်ပါသည်။

သူတော်စင်ကလေး တစ်ဦးချင်းစီသည် အဓိကတပည့်များ ဖြစ်ကြ၏။ ဌာနတစ်ခုတွင် သူတော်စင်ကလေး ပို၍များလေ ဌာနက ပို၍ဂုဏ်သတင်း ကြီးမားလေ ဖြစ်လေသည်။

ကောင်းကင်စိတ်ဝိညာဉ်ဌာန ပင်လျှင် ဤပြိုင်ပွဲကို အလေးအနက် ထားရမည် ဖြစ်သည်။

“ သေချာပေါက် မဟုတ်ဘူး “

ဓားဘုရင်ရှောင်ယောင်သည် သူ၏ လက်ဖက်ရည်ခွက်ကို ချလိုက်သည်။ “ အကြီးအကဲပင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆို တစ်လကို သုံးကြိမ် မပြောနဲ့... တစ်ကြိမ်လောက် သင်ပေးရင်တောင် တပည့်တွေအတွက် အကျိုးကျေးဇူး အကြီးကြီးရတယ်...”

“ ကျုပ် အကြီးအကဲကို နေခိုင်းခဲ့ရတဲ့ အကြောင်းရင်းက အကြီးအကဲရဲ့ စိတ်တွေက ကဖရိုဖရဲ ဖြစ်နေတာကို သတိထားမိလိုက်လို့ပဲ... အရင်ကနဲ့ လုံးဝကို မတူတော့ဘူး “

၎င်းကို ကြားလိုက်ရသောအခါ အကြီးအကဲပင်းက အေးခဲသွားသည်။ သူမက မသိစိတ်ဖြင့် မေးလိုက်မိ၏။ “ ဌာနမှူး..အဲဒီလောက် သိသာနေလို့လား “

ဓားဘုရင်ရှောင်ယောင်က ပြုံးလိုက်သည်။ “ သာမန်လူတွေ သတိမထားမိနိုင်ပေမဲ့ ကျုပ်က သူတော်စင်တစ်ပိုင်း အဆင့်ကို တက်နိုင်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တဲ့သူလေ...တစ်ချက်ကြည့်လိုက်ရုံနဲ့ သိနိုင်တယ် “

“ ပြီးတော့ အကြီးအကဲမှာ ရေခဲဝိညာဉ် မြင့်မြတ်ခန္ဓာ ရှိတော့ ရေခဲနတ်ဘုရား ကျမ်းကို ကျင့်ကြံတယ်...ကျမ်းစာအရဆို ဘယ်သူကမှ၊ ဘယ်အရာကမှ အကြီးအကဲရဲ့ စိတ်အခြေအနေကို တုန်လှုပ်အောင် မလုပ်နိုင်သင့်ဘူး “

“ ကြည့်ရတာ ရှောင်ချန်းနဲ့ ချင်ရို့တို့ရဲ့ တိုက်ပွဲက အကြီးအကဲရဲ့ တာအိုနှလုံးသားကို ရိုက်ချိုးပစ်လိုက်ပုံပဲ “

“ အဲဒီတိုက်ပွဲက အကြီးအကဲကို နည်းနည်းလောက် နှိမ့်ချသွားစေလိမ့်မယ်လို့ အစက ထင်ထားတာ... အကြီးအကဲက အမြဲတမ်း မာနကြီးလွန်းတယ်... အဲဒါက အားသာချက် တစ်ခု ဟုတ်ပေမဲ့ အားနည်းချက် တစ်ခုလည်း ဖြစ်နေတယ်လေ “

“ ဒါပေမဲ့ အခုတော့... ကျုပ်ကို စိတ်ပျက်စေတယ်..”

“ ဌာနမှူး... ကျွန်မ မှားသွားပါတယ် “

အကြီးအကဲပင်းသည် ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့ထားလိုက်သည်။

“ ဘာအမှား လုပ်ခဲ့လို့လဲ “

ဓားဘုရင်ရှောင်ယောင်၏ လေသံက ပေါ့ပေါ့ပါးပါး ရှိနေဆဲဖြစ်ပြီး အပြစ်တင်သည့်ဟန် လုံးဝ မပါပေ။ သူက လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်လိုက်၏။

အကြီးအကဲပင်း၏ မျက်နှာတွင် အပြစ်ရှိသလို ခံစားချက်များဖြင့် ပြည့်‌နေသည်။ “ကျွန်မ ဌာနမှူးချူဆီကနေ တိတ်တဆိတ် သင်ယူဖို့ မကြိုးစားခဲ့သင့်ပါဘူး “

အဟွတ်... အဟွတ်...

ဓားဘုရင်ရှောင်ယောင်က လက်ဖက်ရည် သီးလုနီးပါး ဖြစ်သွားသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် သူက ဆူလိုက်သည်။ “ အကြီးအကဲ...ခင်ဗျားက ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ အကြီးအကဲ တစ်ယောက်လေ... ဘယ်လိုလုပ် ဒီလိုမျိုး လုပ်ရတာလဲ... တကယ်လို့ ဌာနမှူးချူရဲ့ ဓားသိုင်းတွေကို သင်ချင်ရင်တောင် သူ့ကို ပွင့်ပွင့်လင်းလင်းနဲ့ ဂုဏ်သိက္ခာရှိရှိ တောင်းဆိုခဲ့သင့်တာပေါ့... ဒီလိုရှက်ဖို့ကောင်းတာတွေမလုပ်သင့်ဘူး... ခေါင်းထဲ ဘာတွေများစဉ်းစားနေလို့ ခိုးသင်ရတာလဲ”

အကြီးအကဲပင်းသည် ခေါင်းကိုသာ ငုံ့ထားပြီး ဌာနမှူး၏ မျက်လုံးများကို မကြည့်ရဲပေ။ သူပြောသည်မှာ မှန်ပါသည်။ သူမသည် အမြဲတမ်း မာနကြီးခဲ့သော်လည်း ချူဖုန်းသည် သူမအား ရှုံးနိမ့်ခြင်းကို ပထမဆုံး မြည်းစမ်းစေခဲ့သည့် အမျိုးသား ဖြစ်နေခဲ့၏။

ထို့ကြောင့်ပင် သူမက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းမဲ့သွားပြီး ဤကဲ့သို့ စည်းလွတ်ဘောင်လွတ် ကိစ္စမျိုးကို လုပ်ခဲ့မိခြင်း ဖြစ်သည်။

ဓားဘုရင်ရှောင်ယောင်က အေးစက်စွာ ပြောလိုက်သည် “ ဌာနမှူးချူဆီ သွားပြီး ကိုယ်တိုင် တောင်းပန်လိုက်...ပြီးတော့ သူ့ဆီက ခွင့်လွှတ်မှု တောင်းခံပါ... တကယ်လို့ သူက ခွင့်လွှတ်ဖို့ ငြင်းရင် ကျောင်းအုပ်ကြီးဆီ သွားပြီး အပြစ်ပေးဖို့ တောင်းဆိုလိုက်တော့ “

“ ဟုတ်ကဲ့ပါ “

အကြီးအကဲပင်းက ပြန်ဖြေပြီးနောက် မတ်တပ်ရပ်ကာ ထွက်ခွာသွားတော့သည်။

သူမ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဓားဘုရင်ရှောင်ယောင် သည် ရုတ်တရက် ထူးဆန်းသော ပင်ပန်းနွမ်းနယ်မှုကို ခံစားလိုက်ရတော့သည်။

All Chapters