ရိုးရိုးသားသား ခြေထောက်ဆေးပေးခြင်း
Vol. 10 Ch. 98
ညလေညင်းသည် မြေပြင်အထက်တွင် ညင်သာစွာ တိုက်ခတ်သွားသည်။
သောင်းပြောင်းပညာရပ်ဌာန အတွင်း၌ ချူဖုန်း၏ အခန်းမှာ လင်းထိန်နေဆဲပင်။
သူသည် လက်ထဲတွင် စာအုပ်ကို ကိုင်ထားပြီး အလွန် စိတ်ဝင်တစား ဖတ်ရှုနေသည်။
ဒေါက်... ဒေါက်... ဒေါက်...
ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာရာ ချူဖုန်းက လန့်သွားပြီး စာအုပ်ကို ခေါင်းအုံးအောက်သို့ အလိုအလျောက် ထိုးထည့်လိုက်မိသည်။
သူက အလျင်အမြန် ကိုယ်ကို မတ်လိုက်ပြီး မေးလိုက်၏။ “ ဘယ်သူလဲ “
အပြင်ဘက်မှ အေးစက်၍ ကြည်လင်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ ဌာနမှူးချူ... ကျွန်မပင်းယန်ပါ “
ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ ချူဖုန်း၏ စိတ်ထဲတွင် မာနကြီးပြီး ခပ်တည်တည်နေတတ်သော ပုံရိပ်တစ်ခု ပေါ်လာ၏။
သူက သိပ်ပြီး စဉ်းစားမနေတော့ဘဲ ပြောလိုက်သည်။ “ ဪ... အကြီးအကဲပင်းကိုး...ညကြီးမိုးချုပ် ဘာကိစ္စ ရှိလို့လဲဗျ... အရေးမကြီးဘူးဆိုရင် မနက်ဖြန်မှ ပြောကြတာပေါ့ “
အပြင်ဘက်တွင် အကြီးအကဲပင်းက ရပ်တန့်သွား၏။
‘ဒီလို ကိစ္စမျိုးကို... နေ့ခင်းကြောင်တောင်ကြီး သွားပြောလို့ တစ်ယောက်ယောက် ကြားသွားခဲ့ရင် မျက်နှာ ပျက်ရမှာ’
“ တကယ်ကို အရေးကြီးတဲ့ ကိစ္စပါ...ပြီးတော့ အဲဒါက ကျွန်မတို့ နှစ်ယောက်နဲ့ တိုက်ရိုက် သက်ဆိုင်နေတယ် “
ချူဖုန်း၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများ ပြည့်နှက်သွားသည်။ ‘ ငါ သူနဲ့ ဘယ်တုန်းက အဲဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ပတ်သက်သွားခဲ့လို့လဲ ’
သူ၏ စိတ်ထဲတွင် သံသယများ ရှိနေဆဲ ဖြစ်သော်လည်း တံခါးကိုဂျက်ကို ဖွင့်ပေးလိုက်၏။
“ အကြီးအကဲပင်း... တံခါးက ဂျက်မချထားဘူး...ဝင်လာခဲ့ပါ “
ကျွီ...
တံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်ပြီးနောက် အကြီးအကဲပင်းက ဖြည်းညှင်းစွာ ဝင်ရောက်လာသည်။
သူမ၏ လူအများနှင့် ဝေးဝေးနေတတ်သည့် အေးစက်ပြီး မာနကြီးသော အမူအရာနှင့် မတူဘဲ ယခုညတွင် အကြီးအကဲပင်းသည် အနည်းငယ် ဂနာမငြိမ် ဖြစ်နေကြောင်း ချူဖုန်း တွေ့လိုက်ရ၏။
“ အဆင်ပြေရဲ့လား “
ထိုစကားများက ချူဖုန်း၏ နှုတ်မှ အလိုအလျောက် ထွက်ကျသွားသည်။
တိတ်ဆိတ်သွား၏။ အချိန်အတန်ကြာ တိတ်ဆိတ်သွား၏။
အကြီးအကဲပင်းက သူမဘာသာ တွေးလိုက်မိသည်။ ‘ ငါ အဲဒီလောက်တောင် သိသာနေလို့လား ’
သူမက လှည့်ပြီး တံခါးကို ပိတ်လိုက်ကာ ခေါင်းယမ်းလိုက်၏။ “ ကျွန်မ အဆင်ပြေပါတယ် “
အနောက်က တံခါး ပိတ်သွားသည်ကို မြင်သောအခါ ချူဖုန်းသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။
‘ သူ ငါ့ကို တကယ်ပဲ ပြဿနာ ရှာချင်နေတာလား ’
သို့သိတိုင် သူသည် တည်ငြိမ်သော လေသံကို ထိန်းသိမ်းထားလိုက်၏။ “ ကျေးဇူးပြုပြီး ထိုင်ပါဦး အကြီးအကဲပင်း “
“ ကျေးဇူးတင်ပါတယ် ဌာနမှူးချူ “
အကြီးအကဲပင်းသည် စားပွဲဘေးရှိ ကုလားထိုင် တစ်လုံးတွင် ထိုင်လိုက်သည်။ သူမ၏ လက်များကို ထားစရာနေရာမရှိသည့်အတွက် ဝတ်ရုံ၏ အစွန်းကို ဆုပ်ကိုင်ထားမိ၏။
ချူဖုန်းသည် ဤ အချက်လေးကို သတိထားမိလိုက်သော်လည်း ထုတ်မပြောရန်သာ ရွေးချယ်လိုက်သည်။
သူက တည်ငြိမ်စွာ လျှောက်သွားပြီး သူမအတွက် လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးကာ ထိုင်ပြီးနောက် မေးလိုက်သည်။
“ ကဲ... အကြီးအကဲပင်း၊ ဒီည ခင်ဗျား ဘာလို့ ဒီကို ရောက်လာတာလဲ ဆိုတာ ကျွန်တော့်ကို ပြောပြလို့ ရမလား “
သူ၏ စကားကြောင့် အကြီးအကဲပင်းက မတ်တပ်ရပ်လိုက်ပြီး ဦးညွှတ်လိုက်သည်။
“ဌာနမှူးချူ... ကျွန်မ ဒီနေ့ တောင်းပန်ဖို့ လာခဲ့တာပါ”
“ တောင်းပန်ဖို့လား “
ထိုစကားကြောင့် ချူဖုန်းသည် အလွန် တုန်လှုပ်သွားပြီး သူမ၏ နဖူးကို လှမ်းစမ်းကြည့်ချင်သည့်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရ၏။ သူမ ခန္ဓာကိုယ်အလုခံထားရသလား စစ်ဆေးရန်အတွက် ကမ္ဘာပျက်မျက်ဝန်း ကိုပင် အသက်သွင်းလိုက်သည်။
“ ဟုတ်ပါတယ် “
အကြီးအကဲပင်းသည် သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းလိုက်ပြီး ထိုက်ချီဓားသိုင်းကို မည်သို့ လေ့လာသင်ယူရန် ကြိုးစားခဲ့ကြောင်းကို ရှင်းပြလိုက်သည်။
“ အာ... ဒါက... “
ဤသည်မှာ ချူဖုန်း တစ်ခါမျှ မတွေးကြည့်ဖူးခဲ့သော အရာပင် ဖြစ်၏။
‘ အရင်တုန်းက လူတွေက ပညာခိုးဖို့ နံရံတွေကို အပေါက်ဖောက်ခဲ့ကြတယ်...ဒီဘဝမှာတော့ ခြေထောက်ဆေးပေးတာကနေတစ်ဆင့် ဓားသိုင်းကို ခိုးယူဖို့ ကြိုးစားနေတာလား ’
‘ နေပါဦး... သူက ငါ့ကို ခြေဆေးရေတောင် မယူလာပေးရသေးဘူးလေ... ငါက အခိုးခံလိုက်ရတာပဲ ’
‘ ဒီလောက် လွယ်လွယ်နဲ့တော့ ခွင့်မလွှတ်ပေးနိုင်ဘူး’
“ ကိစ္စက ဒီလိုပါရှင်...ဌာနမှူးချူ အပြစ်ပေးပါ “
ထိုသို့ ပြောပြီးနောက် အကြီးအကဲပင်း၏ အမူအရာက ပြောင်းလဲသွား၏။ ယခင်လို မငြိမ်မသက်ဖြစ် မနေတော့ဘဲ မာနကြီးပြီး အေးစက်သော အကြီးအကဲပင်း အဖြစ်သို့ ပြန်လည် ရောက်ရှိသွားသည်။
ချူဖုန်းက မတ်တပ်ရပ်လိုက်ပြီး မျက်နှာထားကို တင်းမာစွာ ထားလိုက်၏။ “ အကြီးအကဲပင်း... ခင်ဗျားက အပြစ်ပေးခံရဖို့ ဆန္ဒရှိရဲ့လား “
“ ရှိပါတယ် “
သူမ၏ လေသံက အေးစက်နေသော်လည်း ခိုင်မာပြီး ပြတ်သားနေလေသည်။
“ ဒါဆိုရင် ခင်ဗျားရဲ့ အရင်ကတိကို တည်လိုက်ပါ။ ကတိတစ်ခုကိုတောင် မတည်နိုင်တဲ့သူက အပြစ်ပေးတာကို တကယ် လက်ခံနိုင်လိမ့်မယ်လို့ မယုံဘူး “
ချူဖုန်းက သူမ၏ မျက်လုံးများကို ကြည့်ကာ စကားလုံးတိုင်းကို လေးနက်စွာ ပြောလိုက်သည်။
“ ကောင်းပါပြီ... ဌာနမှူးချူ ခဏလောက် စောင့်ပေးဖို့ တောင်းဆိုပါတယ် “
ပြန်ဖြေပြီးနောက် အကြီးအကဲပင်းက လှည့်၍ ထွက်ခွာသွား၏။
ချူဖုန်း ထွက်ခွာသွားသော သူမ၏ ကျောပြင်ကို ကြည့်ရင်း ဘာမှ ဆက်မတွေးတော့ပေ။
‘ လာလာ မလာလာ... ဘာပဲဖြစ်ဖြစ် အမှားလုပ်ခဲ့တဲ့သူက ငါမှ မဟုတ်တာ ’
မကြာမီမှာပင် အကြီးအကဲပင်းသည် ရေနွေးငွေ့များ ထောင်းထောင်းထနေသော ရေဇလုံ တစ်လုံးကို သယ်ဆောင်ကာ ပြန်ရောက်လာသည်။
သူမက ၎င်းကို ကြမ်းပြင်ပေါ်တွင် ချထားပြီး ပြောလိုက်သည်။
“ ဌာနမှူးချူ... ကျေးဇူးပြုပြီး “
ချူဖုန်းက သူမ၏ မျက်နှာထားကို ကြည့်လိုက်၏။ ထူးဆန်းသည်ဟု ခံစားရသော်လည်း ထိုင်ချလိုက်ပြီး ခြေထောက်ကို ရေစိမ်လိုက်သည်။
‘အင်း... သက်တောင့်သက်သာ ရှိတယ်’
သူ၏ မျက်နှာပေါ်တွင် ကျေနပ်သွားသော အမူအရာတစ်ခု ပေါ်လာ၏။
ခဏအကြာ၌ ရေအေးသွားပြီး ချူဖုန်းက မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ရာ သူ၏ဘေးတွင် အကြီးအကဲပင်းက မျက်လုံးမှိတ်ကာ တရားထိုင်နေသည်ကို တွေ့လိုက်ရသည်။
“ ရပါပြီ အကြီးအကဲပင်း.... ခင်ဗျား ပြန်ပြီး အနားယူလို့ ရပါပြီ “
အကြီးအကဲပင်းက စကားများများစားစား မပြောပေ။ သူမက ရေဇလုံကို ကောက်ကိုင်လိုက်ပြီး တိတ်ဆိတ်စွာ ထွက်ခွာသွား၏။
ဒီတစ်ညတည်းနှင့်တော့ ဌာနမှူးချူက သူမကို ခွင့်လွှတ်ပေးမည် မဟုတ်ကြောင်း သိထားသည်။
ချူဖုန်းက သူမထွက်သွားသည်ကို ကြည့်ပြီးနောက် တံခါးကို ပိတ်လိုက်ကာ စာဆက်ဖတ်ရန် သူ၏ ကုတင်ဆီသို့ ပြန်သွားတော့သည်။
မျက်စိတစ်မှိတ်အတွင်း လဝက်မျှ အချိန်ကုန်လွန်သွားခဲ့သည်။
ညတိုင်း အကြီးအကဲပင်းသည် ချူဖုန်း၏ တံခါးကို အချိန်မှန် ခေါက်လေ့ရှိပြီး သူ၏ ခြေထောက်ဆေးရန်အတွက် ရေနွေးဇလုံ တစ်လုံးကို ယူဆောင်လာပေးတတ်၏။
ချူဖုန်းကလည်း ဘယ်တော့မှ မငြင်းဆန်ခဲ့ပေ။ သူတို့နှစ်ဦးကြားတွင် စကားတစ်ခွန်းမျှပင် မပြောပေ။
အချိန်အတန်ကြာပြီးနောက် ချူဖုန်းသည် သူ့ဘာသာ သူ တွေးလိုက်သည်။
‘ ဒါကို ရိုးရိုးသား ခြေထောက်ဆေးပေးခြင်းလို့ ခေါ်တာနေမှာပေါ့ ’
‘ ငါ့ရဲ့ အရင်ဘဝတုန်းကဆိုရင် ခြေထောက်အနှိပ်ဆိုင်က ကောင်မလေးတွေတောင် အလုပ်လုပ်ရင်းနဲ့ စကားပြောကြသေးတယ် ’
‘ သူကို ဘယ်တော့ ခွင့်လွှတ်ပေးမလဲ ဆိုတာကတော့... သူကိုယ်တိုင် စပြောလာမဲ့ အချိန်အထိ စောင့်ကြည့်မယ် ’
မွန်းတည့်ချိန်၌။
ချူဖုန်းနှင့် ချင်းချင်းတို့သည် မီးဖိုချောင်ထဲတွင် ချက်ပြုတ်ရင်း အလုပ်ရှုပ်နေကြ၏။
ဝမ်ပေါင်လဲ့သည် တာအိုတည်ဆောက်ခြင်းအဆင့်သို့ တက်ရန်အတွက် လွန်ခဲ့သည့် နှစ်ရက်ကတည်းက တံခါးပိတ်ကျင့်ကြံသွားသည်။
[ဒင်... လက်ခံသူ၏ အငယ်ဆုံးတပည့် ဝမ်ပေါင်လဲ့သည် တာအိုတည်ဆောက်ခြင်းအဆင့်သို့ တက်သွားပါပြီ။ လက်ခံသူကို ကျင့်ကြံခြင်းငါးနှစ်စာ၊ ယင်ယန်ထိုက်ချီ လက်ဝါး ( ပြီးပြည့်စုံခြင်းအဆင့်)၊ အရိုးရွှေ့ပြောင်းခြင်း နတ်ဘုရားလက် (ပြီးပြည့်စုံခြင်း) အဆင့်ကို ချီးမြှင့်ပါတယ်]
ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ ချူဖုန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။
“ ဆရာ... သတင်းကောင်းရှိလို့လား “ ချင်းချင်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ပြီး အကြီးအကဲပင်း၏ အခန်းဘက်သို့ လှမ်းကြည့်လိုက်သည်။
ချူဖုန်းက ပြုံးလျက် ပြန်ဖြေလိုက်၏။ “ မင်းရဲ့ ဂျူနီယာမောင်လေးက အခုလေးတင် တာအိုတည်ဆောက်ခြင်းအဆင့်ကို တက်သွားပြီလေ “
ချင်းချင်း၏ မျက်လုံးများက တောက်ပသည်။ “ ဒါဆိုရင် သူ့အတွက် အောင်ပွဲခံဖို့ ဟင်းတစ်ခွက် ပိုချက်လိုက်ရမလား “
ချူဖုန်းက ပြောသည်။ “ ဟင်းတစ်ခွက်တည်းနဲ့တော့ မလုံလောက်ဘူး...ဒီည သူ့အတွက် စားသောက်ပွဲ တစ်ခု ကျင်းပပေးရအောင်... အဲဒီ ဖက်တီးလေးကို ငါတို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ နွေးထွေးမှုကို ခံစားခွင့် ပေးလိုက်တာပေါ့ “
“ ဟုတ်ကဲ့ပါ ဆရာ “
ချင်းချင်းသည် အားမာန်တက်ကြွစွာဖြင့် ဟင်းစချက်တော့သည်။
မကြာမီမှာပင် ဝမ်ပေါင်လဲ့သည် မီးဖိုချောင်ထဲသို့ ခုန်ပေါက်ကာ ဝင်ရောက်လာ၏။
“ ဆရာ... စီနီယာအစ်မ... ကျွန်တော် တာအိုတည်ဆောက်ခြင်းအဆင့်ကို တက်သွားပြီ “
“ မဆိုးဘူးပဲ... မင်းက အဝဆုံးပဲ” ချူဖုန်းက ပြောလိုက်ပြီး သူ့ကို လက်မ ထောင်ပြလိုက်သည်။
ဝမ်ပေါင်လဲ့၏ အပြုံးက အေးခဲသွား၏။ “ ဆရာ... ကျွန်တော့်ကို တစ်ခါလောက်တောင် သေချာလေး မချီးကျူးပေးနိုင်ဘူးလား “
ဖူး...
ချင်းချင်းက တခစ်ခစ် ရယ်မောလိုက်လေသည်။ “ ဆရာက နင့်ကို နောက်နေတာပါ... စောစောကတင် ဆရာက နင် အဆင့်တက်သွားလို့ ဒီည နင့်အတွက် စားသောက်ပွဲ ကျင်းပပေးမယ်လို့ ပြောနေတာ “
ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားစွာဖြင့် ခုန်ပေါက်လိုက်၏။
“ ကျေးဇူးတင်ပါတယ် ဆရာ... ဆရာက အကောင်းဆုံး ဆိုတာကို ကျွန်တော် သိပြီးသားပါ “
ချူဖုန်းက ပြတ်ပြတ်သားသား ပြောလိုက်သည်။ “ ခုန်တာ ရပ်လိုက်တော့....မင်း ထပ်ခုန်နေရင် ငါ့မီးဖိုချောင် တစ်ခုလုံး ပြိုကျတော့မယ် “
ဝမ်ပေါင်လဲ့ “ ... “
ထိုညနေခင်းတွင် စီစဉ်ထားသည့်အတိုင်း စားသောက်ပွဲကျင်းပလိုက်သည်။
တံခါးပိတ်ကျင့်ကြံနေသည့် ရှောင်ချန်းမှလွဲ၍ သောင်းပြောင်းပညာရပ်ဌာနမှ လူတိုင်း တက်ရောက်လာကြ၏။
ခြံဝင်း တစ်ခုလုံးတွင် အရသာရှိသော အစားအစာများ၏ ရနံ့ဖြင့် ပြည့်နှက်နေသည်။
အရောင်အသွေးစုံလင်ပြီး မွှေးကြိုင်လှသော ဟင်းလျာများကို မြင်လိုက်ရသောအခါ ချောင်ရို့ချန်နှင့် အခြားသူများမှာ သွားရည်ကျလုနီးပါး ဖြစ်သွားကြသည်။
အခန်းထဲတွင် ရှိနေသေးသော အကြီးအကဲပင်းသည် ထိုရနံ့ကြောင့် သူမ၏ လက်ချောင်းများ တုန်ယင်သွား၏။
‘ ချူဖုန်းရဲ့ ဟင်းချက်စွမ်းရည်က... တော်တော်လေးကို တိုးတက်လာပုံရတယ် ’
‘ ဒီနေ့ သူ ဘာဟင်းတွေ ချက်ထားလဲ မသိဘူး ’
သူမ ကြည့်ချင်စိတ်ဖြင့် မျက်လုံးများကို အလိုလို ဖွင့်လိုက်စဉ်မှာပင် ခြံဝင်းထဲမှ ချူဖုန်း၏ ရင်းနှီးနေသော အသံ ထွက်ပေါ်လာလေတော့သည်...
“ အကြီးအကဲပင်း... မြန်မြန် လာခဲ့ပါ... ကျွန်တော်တို့ အားလုံး ခင်ဗျားကို စောင့်နေကြတယ် “