ကျွန်တော် ပိုသန်မာလာတယ်... ပြီးတော့ ပိုဆာလောင်လာတယ်
Vol. 10 Ch. 99
တိတ်ဆိတ်သွားသည်။
ချောင်ရို့ချန်တို့သည် စားပွဲဝိုင်းတွင် ထိုင်နေရင်း တိတ်ဆိတ်သွားကြပြီး ချူဖုန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်ကြ၏။
‘ ဆရာ... ဆရာ ပြောင်းလဲသွားပြီ.... အရင်က ဒီလိုမဟုတ်ပါဘူး ’
ထိုစဉ် အခန်းထဲမှ အကြီးအကဲပင်း၏ အသံ ထွက်ပေါ်လာသည်။ “ ကောင်းပြီ... အခုပဲ ထွက်လာခဲ့မယ်”
သူတို့သုံးဦး၏ အမူအရာများသည် ပြောင်းလဲသွားပြီး တံခါးဝဆီသို့ အကြည့်များ ရွှေ့သွားကြသည်။
‘ အဝေးကနေပဲ ငေးကြည့်ရတဲ့ အေးစက်စက်အလှလေး အကြီးအကဲပင်းတောင် ပြောင်းလဲသွားပြီလား ’
သူတို့၏ တုံ့ပြန်မှုများက ချူဖုန်း၏မျက်လုံးများမှ မလွတ်သွားပေ။ သူကပြောလိုက်သည်။ “ မင်းတို့အားလုံး ဘာလို့ ရုတ်တရက် တိတ်သွားကြတာလဲ “
ချောင်ရို့ချန်က ပြုံးဖြီးဖြီး လုပ်လိုက်ပြီး သူ့ကို လက်မထောင်ပြလိုက်သည်။ “ ဆရာ... ဆရာက အမြဲတမ်း အံ့ဩစရာ ကောင်းနေတုန်းပါပဲ “
ဒုတ်။
ချူဖုန်းက စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် ချောင်ရို့ချန်၏ နဖူးကို တူဖြင့် လှမ်းခေါက်လိုက်သည်။
“ မင်းက ပဟေဠိတွေ ဝှက်ပြီး ပြောတဲ့နေရာမှာ တစ်နေ့ထက်တစ်နေ့ ပိုပို တော်လာတယ် “
“ ဟီးဟီး “
ချောင်ရို့ချန်က ရယ်မောလိုက်ပြီး ချူဖုန်းကို ယောက်ျားအချင်းချင်းသာ နားလည်နိုင်မည့် အကြည့်မျိုးဖြင့် ကြည့်လိုက်၏။
ချူဖုန်းက ထပ်ပြီး ရှင်းပြမနေတော့ပေ။ ရှင်းပြလျှင် ပြဿနာ ပိုရှုပ်သွားဖို့သာ ရှိသည်။ တိတ်ဆိတ်နေခြင်းက အကောင်းဆုံး အဖြေပင်။
ကျွီ။
တံခါးက ပွင့်သွားပြီး အကြီးအကဲပင်းက သူတို့ရှေ့တွင် ပေါ်လာသည်။ သူမသည် ပုံမှန်နှင့် သိပ်ကွာခြားပုံ မရပေ။ ဟင်းအနံ့များက သူ၏စားချင်စိတ်ကို နှိုးဆွပေးသော်လည်း သူမသည် သီးခြားဆန်သည့် အမူအရာကို ထိန်းသိမ်းထားဆဲ ဖြစ်၏။
သူမ ရောက်လာခြင်းကြောင့် လူတိုင်းက အနည်းငယ် အနေခက်သွားကြလေသည်။
သူမ၏ သဘာဝအတိုင်း တိတ်ဆိတ်နေတတ်သည့် စရိုက်ကြောင့် စားပွဲဝိုင်းရှိ လေထုက အေးစက်သွား၏။
သို့သော် ချူဖုန်းသည် အခြေအနေများကို တက်ကြွလာအောင်လုပ်သည့် နေရာ၌ ကျွမ်းကျင်သူ ဖြစ်သည်။ သူက ခွက်ကို ပထမဆုံး မြှောက်လိုက်၏။
“ လာ... လာကြ။ ဖက်တီးလေးက တာအိုတည်ဆောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သွားပြီ...သူ့ကို ဂုဏ်ပြုပေးဖို့ခွက်ချင်းတိုက်ကြရအောင် “
သူ၏ စကားကြောင့် လူတိုင်းက ခွက်များကို အတူတကွ မြှောက်လိုက်ကြသည်။
“ ချီးယားစ် “
ချူဖုန်းက ခွက်ကို မော့သောက်လိုက်ပြီးနောက် သူ၏ တူကို ကောက်ကိုင်လိုက်၏။
ချောင်ရို့ချန်နှင့် အခြားသူများသည် အကြီးအကဲပင်း၏ တည်ရှိနေမှုကို အသားမကျသေးသော်လည်း ဟင်းလျာများကို မြည်းစမ်းလိုက်သည့် အခိုက်အတန့်တွင် သူတို့၏ မျက်နှာပေါ်၌ နှစ်သက်သည့်ဟန်ပန်များ ပေါ်လာတော့သည်။
အကြီးအကဲပင်း တစ်ယောက်တည်းသာ မစားသေးပေ။ သူမသည် လူများဖြင့် အတူတကွ စားသောက်ရသည်ကို အသားမကျချေ။
ဤကဲ့သို့သော အခြေအနေမျိုးတွင် စားသောက်ခဲ့သည်မှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက ဖြစ်လေသည်။
“ ဆရာ... ကျွန်တော် မေးချင်တဲ့ မေးခွန်းတစ်ခု ရှိတယ် “ ချောင်ရို့ချန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။
“ မေးလေ “ ချူဖုန်းက အရက် နောက်တစ်ငုံ သောက်ရင်း ပြန်ဖြေလိုက်သည်။
“ လူကြီးတွေက အမြဲတမ်း အငယ်ဆုံးတွေကိုပဲ မျက်နှာသာ ပေးတတ်ကြတာလား “ ချောင်ရို့ချန်၏ မျက်နှာပေါ်တွင် စိတ်ပျက်မှု အရိပ်အယောင်လေး တစ်ခု ပါဝင်နေလျက် မေးလိုက်၏။
ချူဖုန်းက သူ၏ ခွက်ကို ချထားလိုက်သည်။ “ မင်းက ဘာလို့ အဲဒီလို မေးရတာလဲ..ငါ မင်းအပေါ် ဆက်ဆံတာ မကောင်းလို့လား...ဒါမှမဟုတ် မင်း ရှောင်ချန်းနဲ့ နောက်တစ်ပွဲလောက် တိုက်ချင်နေပြန်ပြီလား “
“ ဒီနေ့ ဆရာ ချက်ထားတဲ့ ဟင်းတွေက အရင်တုန်းက ကျွန်တော့်ကို နှစ်သိမ့်ပေးဖို့ ချက်ပေးခဲ့တဲ့ ဟင်းတွေထက် အများကြီး ပိုအရသာရှိနေလို့ပါ “
စကားပြောနေစဉ် ချောင်ရို့ချန်သည် သားရဲပေါင်ကြီး တစ်ခုကို ကောက်ကိုင်လိုက်ပြီး တွန့်ဆုတ်မနေဘဲ တစ်ကိုက်တည်းနှင့် ကိုက်ပစ်သည်။
ချူဖုန်းပင် ထိုလှုပ်ရှားမှုကြောင့် ခေတ္တမျှ မှင်တက်သွားရ၏။
အနီးနားတွင် ထိုင်နေသော ဝမ်ပေါင်လဲ့သည် ချောင်ရို့ချန်ကို အားကျကြည်ညိုစွာ ကြည့်လိုက်သည်။ ‘ စီနီယာအစ်ကိုက တကယ့်ကို ဒီနာမည်နဲ့ ထိုက်တန်တာပဲ...သူ လူတွေကို မြှောက်ပင့်တဲ့ ပုံစံကတောင် အရမ်း ထူးခြားတယ်...ငါ ဒါကို သင်ယူရမယ် ’
ချင်းချင်းကတော့ ဤအရာကို အသားကျနေပြီ ဖြစ်၏။ အကယ်၍ ဒုတိယ စီနီယာအစ်ကိုသာ တစ်နေ့ကို အနည်းဆုံး တစ်ခါလောက် ဤသို့ မလုပ်ဘူးဆိုလျှင် တစ်ခုခု မှားယွင်းနေပြီလားဟုပင် သူမ စိုးရိမ်မိမည်သာ ဖြစ်သည်။
မည်သူမျှ သူမကို အာရုံစိုက်မနေကြောင်း မြင်သောအခါ အကြီးအကဲပင်းသည် ကျက်သရေရှိစွာဖြင့် အသားတစ်တုံးကို ကောက်ယူပြီး မြည်းစမ်းကြည့်လိုက်၏။
‘ ဟင်း ဒီစိတ်ဝိညာဉ်သားရဲက စစ်မှန်ကံကြမ္မာအဆင့်မှာပဲ ရှိတာကို....ဘာလို့ ဒီလောက်တောင် အရသာ ရှိနေရတာလဲ’
ဌာနမှူးချူ၏ ဟင်းချက်လက်ရာသည် ဝမ်တောက်မြို့မှ နာမည်ကြီး စားဖိုမှူးများထက်ပင် ပို၍ ကောင်းမွန်နေလေသည်။
‘ သူက တကယ်ကို လျှို့ဝှက်ချက်တွေနဲ့ ပြည့်နေတာပဲ ’
စားပွဲဝိုင်းရှိ လေထုက နွေးထွေးလာသည်နှင့်အမျှ ချူဖုန်းသည် စကားများများစားစား ဆက်မပြောတော့ပေ။
တစ်နာရီ ကြာပြီးနောက် လူတိုင်းက ဗိုက်ဝသွားကြပြီး အနည်းငယ် ဗိုက်အင့်သွားကြသည်။
အကြီးအကဲပင်းပင်လျှင် ရှားရှားပါးပါး ကျေနပ်သည့် အမူအရာတစ်ခုကို ပြလာ၏။ သူမသည် ပတ်ဝန်းကျင်က သူများကို အကဲခတ်ကြည့်လိုက်ပြီး မည်သူမျှ ကြည့်မနေကြောင်း မြင်သောအခါ မျက်နှာ ပြန်တည်လိုက်သည်။
“ ဖက်တီးလေး တာအိုတည်ဆောက်ခြင်းအဆင့်ကို တက်ပြီးတော့ ဘယ်လို ခံစားရလဲ “ ချူဖုန်းက မေးလိုက်သည်။
ရွှမ်ထျန်းတိုက်ကြီးတွင် တာအိုတည်ဆောက်ခြင်းအဆင့်သို့ ခြေချပြီးနောက်မှသာ ကျင့်ကြံခြင်းလမ်းစဉ်ကို အမှန်တကယ် စတင်နိုင်ခြင်း ဖြစ်၏။
ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် ဆိုသည်မှာ ကောင်းကင်နှင့် မြေကြီးမှ စိတ်ဝိညာဉ်စွမ်းအင်များကို ပို၍ စုပ်ယူနိုင်ရန်အတွက် ခန္ဓာကိုယ်ကို သန့်စင်ရန်နှင့် အလားအလာများကို နိုးထစေရန် အသားပေးထားခြင်း ဖြစ်သည်။
အချို့သော ကျင့်ကြံသူများသည် ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် အတွင်းတွင် အမွေခံ ခန္ဓာကိုယ် သို့မဟုတ် မွေးရာပါ ခန္ဓာကိုယ် ကိုပင် နိုးထနိုင်ကြသည်။
အကယ်၍ သူတို့သည် တာအိုတည်ဆောက်ခြင်းအဆင့်သို့ ရောက်သည့်တိုင်အောင် မနိုးထနိုင်ပါက ၎င်းသည် ထိုသူတို့၏ ပါရမီနှင့် အရိုးရင်းမြစ်များ ချို့တဲ့နေကြောင်း ဆိုလို၏။
ထိုကဲ့သို့သော တပည့်မျိုးသည် ထူးခြားသော ပါရမီ တစ်ခုခု မရှိ၍ ပုံမှန်အားဖြင့် ဝမ်တောက်ကျောင်းတော်မှ လက်ခံလေ့ မရှိပေ။
ဝမ်ပေါင်လဲ့တွင် ပုန်းကွယ်နေသော သွေးမျိုးဆက် တစ်ခု ရှိနေကြောင်း ချူဖုန်း သိထားသော်လည်း သူ၏ ယခင် ကျင့်ကြံခြင်း နည်းလမ်းများက ၎င်းကို မနိုးထစေနိုင်ခဲ့ချေ။
ယခုအခါ ဤအဆင့်တက်မှုက ၎င်းသွေးမျိုးဆက်ကို နှိုးဆွပေးနိုင်ခဲ့ခြင်း ရှိမရှိ ဆိုသည်ကို သူ အတည်ပြုချင်ရုံ သက်သက်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ခေါင်းစောင်းကာ စဉ်းစားလိုက်ပြီးနောက် လေးနက်သည့် အမူအရာဖြင့် ပြန်ဖြေလိုက်၏။ “ ဆရာ... ကျွန်တော် အခု ပိုသန်မာလာတယ်လို့ ခံစားရတယ်... ပြီးတော့ ပိုဆာလောင်လာတယ် “
အကြီးအကဲပင်း “ ... “
သူမသည် ချူဖုန်းက ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် တပည့်တစ်ယောက်ကို လက်ခံထားသည်ဆိုကတည်းက ထိုကောင်လေးတွင် ပါရမီ တစ်ခုခု ရှိရမည်ဟု ယူဆထားသည်။ သို့တိုင်အောင် ၎င်းက သူ ပထမဆုံး ပြောလိုက်သော စကားပင်လော။
ချောင်ရို့ချန်နှင့် ချင်းချင်းတို့လည်း ပြောစရာစကားမဲ့သွား၏။ သူတို့ နှစ်ဦးစလုံး၏ စိတ်ထဲတွင် တူညီသော အတွေးတစ်ခု ပေါ်လာ၏။
‘ ဂျူနီယာညီလေးရဲ့ အပြုအမူတွေအရ သူက ဝိတ်ပေါကြီးလည်း မဟုတ်တာကို...ဒီလောက် ရယ်စရာကောင်းတဲ့ စကားကို ရုပ်တည်ကြီးနဲ့ သူ ဘယ်လိုလုပ် ပြောထွက်ရတာလဲ ’
ချူဖုန်းက ပြန်မဖြေပေ။ ယင်းအစား သူ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး ကမ္ဘာပျက်မျက်ဝန်း ကို အသက်သွင်းလိုက်သည်။ သူက စူးစိုက်ကြည့်လိုက်သောအခါ သာမန်ဟု ထင်ရသော ဤဖက်တီးလေး၏ ခန္ဓာကိုယ်ထဲတွင် ပုန်းကွယ်နေသည့် ကြမ်းကြုတ်သားရဲကြီး တစ်ကောင် ရှိနေကြောင်း မြင်တွေ့လိုက်ရ၏။
၎င်းက သူ တစ်ခါမှ မမြင်ဖူးခဲ့သော သားရဲပင်။
“ မင်းက ငါ့ဆီကနေ မင်းရဲ့ ပါရမီကို ဖုံးကွယ်ထားဖို့ ကြိုးစားနေတုန်းလား...မင်းရဲ့ သွေးမျိုးဆက်က နိုးထလာပြီဆိုတာ မြင်နေရတယ် “
“ … “
ဝမ်ပေါင်လဲ့သည် နားမလည်နိုင်ဖြစ်သွားသည်။ ‘ ကျွန်တော်ကိုယ်တိုင်တောင် အဲဒါကို မသိတာ... ဆရာက ဘယ်လိုလုပ် သိနေရတာလဲ ’
‘ နေပါဦး... ဆရာက သွေးမျိုးဆက် နိုးထလာပြီလို့ ပြောမှတော့ တကယ်ပဲ ဖြစ်ရမယ်... ငါ ဉာဏ်နည်းလွန်းလို့ ကိုယ့်ကိုယ်ကိုယ် သတိမထားမိတာ ဖြစ်ရမယ် ’
ထိုသို့ တွေးလိုက်မိသဖြင့် သူ၏ မျက်နှာပေါ်ရှိ ဇဝေဇဝါ ဖြစ်မှုများမှာ ချက်ချင်း ပျောက်ကွယ်သွား၏။ သူက စိတ်လှုပ်ရှားစွာဖြင့်မေးလိုက်သည်။ “ ဆရာ... ကျွန်တော့်ကို သေချာ အသေးစိတ် ရှင်းပြပေးလို့ ရမလား “
‘ဒီကောင်လေးက သူ ဘယ်လို သွေးမျိုးဆက်မျိုးကို နိုးထစေခဲ့လဲ ဆိုတာ တကယ် မသိတာပဲ’
ချူဖုန်းသည် နဖူးကို ပွတ်သပ်လိုက်မိ၏။ ဤတပည့်သည် ကိုင်တွယ်ရ ခက်ခဲပါသည်။
အကြီးအကဲပင်းသည် သူမနှင့် မတူစွာ စကားစလာသည်။ “ ဌာနမှူးချူတောင်မှ တူလေးဝမ် နိုးထလာတဲ့ သွေးမျိုးဆက်ကို မမှတ်မိတာများလား”
ချူဖုန်းသည် ခေါင်းအသာညိတ်လိုက်၏။ “ ဟုတ်တယ်... ကျုပ်တို့ အဲဒါကို စမ်းသပ်ကြည့်ဖို့ လိုလိမ့်မယ် “
စကားပြောရင်း သူ၏ သိုလှောင်အိတ်ထဲမှ တိုကင်ပြား တစ်ခုကို ထုတ်ယူကာ ချောင်ရို့ချန်ထံသို့ ပစ်ပေးလိုက်သည်။
“ တာ့ချန်... ဒီတိုကင်ပြားကို ယူသွားပြီး သိုလှောင်ရုံဆီကနေ သွေးမျိုးဆက်စစ်ဆေးတဲ့ ကျောက်တုံးကို သွားယူခဲ့ “
“ ကောင်းပါပြီဗျ “
ချောင်ရို့ချန်သည် တိုကင်ပြားကို ကောက်ကိုင်ပြီး မတ်တပ်ရပ်ကာ ထွက်ခွာတော့မည့် ဆဲဆဲတွင် ရပ်တန့်သွား၏။
“ ဆရာ... ကျွန်တော်တို့ သောင်းပြောင်းပညာရပ်ဌာနရဲ့ သိုလှောင်ရုံက ဘယ်မှာ ရှိတာလဲဟင် “
ထိုအခါ လူတိုင်းက ချူဖုန်းကို လှည့်လိုက်ကြသည်။
ချူဖုန်းက ခပ်တည်တည် မျက်နှာထားဖြင့် ပြန်ဖြေသည်။” စာကြည့်တိုက်ရဲ့ ဘေးကပ်လျက် တောင်ပေါ်မှာ...ပေါင်းပင်တွေ အများဆုံး ရှိတဲ့ တစ်ခုလေ။ အဲဒီတောင်က ငါတို့ရဲ့ သိုလှောင်ရုံပဲ “
“ ခဏလောက် စောင့်ပေးပါ ဆရာ၊ ကျွန်တော် အခုပဲ ပြန်လာခဲ့ပါ့မယ် “ ချောင်ရို့ချန်က ခေါင်းကုတ်ရင်း ပြန်ပြောလိုက်ပြီး စိတ်ထဲတွင် တွေးလိုက်၏။
‘ဆရာ... ကျွန်တော် အဲဒီအဓိပ္ပာယ်နဲ့ မေးချင်တာ မဟုတ်ဘူး... ကျွန်တော် သောင်းပြောင်းပညာရပ်ဌာနမှာ ရောက်နေတာ နှစ်ချီနေပြီ... ကျွန်တော်တို့ဆီမှာ သိုလှောင်ရုံ ရှိမှန်းကို မသိခဲ့ဘူး ’
ခဏအကြာတွင်...
ချောင်ရို့ချန်သည် ဇလုံတစ်လုံးအရွယ်အစားခန့် ရှိသည့် အလင်းဖောက်ကျောက်တုံးတစ်တုံးကို ကိုင်ဆောင်လျက် ကောင်းကင်မှ ဆင်းသက်လာသည်။
“ ဆရာ... သွေးမျိုးဆက်စစ်ဆေးတဲ့ ကျောက်တုံး ယူလာပါတယ်”
ချူဖုန်းက သူ၏ အကြည့်ကို ဝမ်ပေါင်လဲ့ထံသို့ ပြောင်းလိုက်သည်။ “ ဖက်တီးလေး.. မင်းရဲ့ လက်ချောင်းထိပ်ကို ဖောက်ပြီး ကျောက်တုံးပေါ်တင်လိုက် “
“ ဟုတ်ကဲ့ပါ ဆရာ “
ဝမ်ပေါင်လဲ့သည် စိတ်လှုပ်ရှားစွာဖြင့် မတ်တပ်ရပ်လိုက်သည်။ ချူဖုန်း၏ ညွှန်ကြားချက်အတိုင်း သူ၏ လက်ညှိုးကို ကိုက်ဖောက်လိုက်ပြီး သွေးမျိုးဆက်စစ်ဆေးသည့် ကျောက်တုံးပေါ်သို့ သူ၏ လက်ကို တင်လိုက်၏။
လူတိုင်းသည် ကျောက်တုံးကို ကြည့်လိုက်ကြ၏။
ဝမ်ပေါင်လဲ့၏ သွေးများ ကျောက်တုံးထဲသို့ စိမ့်ဝင်သွားသည်နှင့် တစ်ပြိုင်နက် မူလက ကြည်လင်နေသော သွေးမျိုးဆက်စစ်ဆေးသည့် ကျောက်တုံးသည် ရုတ်တရက် တောက်ပသော အလင်းရောင် တစ်ခုကို ထုတ်လွှတ်လိုက်တော့၏။
ထိုအလင်းတန်းများက စုစည်းသွားပြီး ကျောက်တုံးအတွင်း၌ ကြမ်းကြုတ်သားရဲကြီး တစ်ကောင်၏ ပုံရိပ်ပေါ်လာသည်။