ဖက်တီးလေး... မင်း ကြီးပျင်းလာပြီပဲ
Vol. 10 Ch. 100
“ ထောင်ထျဲ ခန္ဓာကိုယ်... ဒါက မဟာတာအိုခန္ဓာသုံးခုထဲက တစ်ခုပဲ “
အကြီးအကဲပင်း၏ လေသံတွင် စိတ်လှုပ်ရှားမှု အရိပ်အယောင်တချို့ ပါဝင်နေသည်။ သူမသည် အဖြစ်အပျက်များစွာ မြင်တွေ့ခဲ့ဖူးသော်လည်း နှစ်တစ်ထောင်မှ တစ်ကြိမ်သာ ပေါ်ထွက်တတ်သော ဤကဲ့သို့ ရှားပါးသည့် ခန္ဓာကိုယ်မျိုးကို မြင်လိုက်ရခြင်းက သူမ၏ နှလုံးသားကို လှုပ်ခတ်သွားစေသည်။
“ ဂျူနီယာညီလေး ဒီလောက် အများကြီး စားနိုင်တာ အံ့ဩစရာ မဟုတ်တော့ဘူး...သူက ထောင်ထျဲ ခန္ဓာကိုယ်ကို နိုးထလာတာကိုး... ဘယ်လောက်တောင် အားကျဖို့ ကောင်းလိုက်လဲ “
ချောင်ရို့ချန်၏ မျက်လုံးများထဲတွင် မနာလိုမှုများဖြင့် ပြည့်နှက်သွားသည်။
ထိုနှစ်ဦး၏ ချီးကျူးမှုကို ခံရပြီးနောက် ဝမ်ပေါင်လဲ့သည် ပြုံးဖြီးဖြီးဖြင့် ခေါင်းကုတ်လိုက်၏။ “ ကျေးဇူးတင်ပါတယ် အကြီးအကဲပင်းနဲ့ ဒုတိယ စီနီယာအစ်ကို... ကျွန်တော်က တကယ်တော့ စီနီယာတို့ ပြောသလောက်ကြီး အံ့ဩဖို့မကောင်းပါဘူး “
အကြီးအကဲပင်းသည် သူမ၏ အကြည့်ကို ချူဖုန်းထံ ပြောင်းလိုက်သည်။ သူက တည်ငြိမ်နေဆဲဖြစ်သည်ကို မြင်သောအခါ သူမက မချီးကျူးဘဲ မနေနိုင်တော့ပေ။ “ ဌာနမှူးချူက တကယ်ကို အမြင်ရှိတာပဲ... လူအုပ်ကြီးထဲကနေ ဒီလို အလားအလာရှိတဲ့ မျိုးစေ့ကောင်းလေးကို ရှာတွေ့နိုင်တယ်”
ချူဖုန်းသည် ခေါင်းယမ်းလိုက်၏။ “ အဲဒီလို မဟုတ်ဘူး... ဖက်တီးလေးက တခြားဌာနတွေ စစ်ဆေးပြီးလို့ ပယ်ချခံရပြီးမှ ကျွန်တော့်ဆီ ရောက်လာတာ “
“ … “
အကြီးအကဲပင်း၏ ခေါင်းထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်သွား၏။
‘အဲဒီ ငြင်းလိုက်တဲ့သူတွေက ကန်းနေကြတာလား’
ထောင်ထျဲ ခန္ဓာကိုယ်သည် အသက်ရှည်ခန္ဓာနှင့် ဖရိုဖရဲခန္ဓာတို့နှင့်တန်းတူ မဟာတာအိုခန္ဓာ သုံးခုထဲမှ တစ်ခု ဖြစ်ပေသည်။ အကယ်၍ ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံနိုင်ပါက ၎င်းသည် အင်မော်တယ်ခန္ဓာကိုယ်နှင့် ခြားနားမည် မဟုတ်ချေ။
မဟာတာအိုခန္ဓာကိုယ် သုံးခုထဲမှ မည်သည့်အရာကိုမဆို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျင့်ကြံရန် အလွန် ခက်ခဲလှသော်လည်း ၎င်းကို ပိုင်ဆိုင်ထားပြီး ငယ်ငယ်ရွယ်ရွယ်နှင့် သေဆုံးမသွားသည့် မည်သည့် ကျင့်ကြံသူမဆို သူတော်စင် တစ်ပါး ဖြစ်လာရန်သေချာနေပြီ ဖြစ်သည်။
‘အဲဒီလူတွေက အကောင်းကြိုက်လွန်တာလား... ဒါမှမဟုတ် သူတို့ မျက်လုံးတွေကိုပဲ စစ်ဆေးဖို့ လိုနေတာလား’
သူမ စိတ်ရှုပ်ထွေးနေသည်ကို မြင်သောအခါ ဖက်တီးလေးက ဝမ်တောက်တိုကင်ပြားကို ကိုင်ဆောင်လျက် သူ၏ တပည့်အဖြစ် လက်ခံရန် မည်သို့ လာရောက် တောင်းဆိုခဲ့ကြောင်းကို ချူဖုန်းက ပြန်လည် ပြောပြလိုက်သည်။
ထိုအကြောင်းကို ကြားပြီးနောက် အကြီးအကဲပင်းကသက်ပြင်းချလိုက်၏။ “ ဌာနမှူးချူ... ရှင့်ရဲ့ ကံကြမ္မာက တကယ်ကို အားကျဖို့ ကောင်းပါတယ်... ပင်းယန်က လေးစားသွားပါပြီ “
ချူဖုန်းက ရယ်မောလိုက်သည်။ “ ကျွန်တော်က ပြုံးရတာ ကြိုက်လို့ နေမှာပေါ့ “
“ အို “
အကြီးအကဲပင်းသည် ချူဖုန်းကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်ပြီး သူမ၏ မျက်လုံးများထဲတွင် သိလိုစိတ်များ ပြည့်နှက်နေသည်။
ချူဖုန်းက ရှင်းပြလိုက်၏။ “ ဘာပဲဖြစ်ဖြစ် ခဏခဏ ပြုံးတတ်တဲ့ ကောင်လေးတွေက ကံကောင်းတတ်ကြတယ်လေ “
အကြီးအကဲပင်း “ ... “
အကြီးအကဲပင်းကို နောက်ပြောင်ပြီးနောက် ချူဖုန်းသည် သူ၏ အာရုံကို ဝမ်ပေါင်လဲ့ထံသို့ ပြန်လှည့်လိုက်လေသည်။
“ ဖက်တီးလေး “
“ တပည့် ရှိပါတယ် “
ဝမ်ပေါင်လဲ့သည်စိတ်လှုပ်ရှားစွာဖြင့် ရှေ့သို့ ထွက်လာခဲ့၏။ သူက အခြားသူများ သူ့ဆရာ့ကို အားကျရသည့် အကြောင်းရင်းတစ်ခု ဖြစ်လာလိမ့်မည်ဟုအိပ်မက်တောင် မမက်ဖူးခဲ့ပေ။
သူ့စိတ်ထဲတွင် တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။
‘ ငါ ကြိုးကြိုးစားစား လေ့ကျင့်ပြီး ပထမ စီနီယာအစ်ကိုလို လူတစ်ယောက် ဖြစ်လာအောင် လုပ်မယ် ’
‘ အဲဒီအချိန်ကျရင် ငါ သောင်းပြောင်းပညာရပ်ဌာနကို ဂုဏ်ဆောင်ပေးလို့ရပြီ.... ဝမ်မိသားစုဆီကိုလည်း ပေါ်ပေါ်ထင်ထင် ပြန်သွားပြီး... ငါ့ရဲ့ မျိုးရိုးနာမည်ကို ပြန်ယူမယ် ’
ချူဖုန်းက ဖြည်းညှင်းစွာ ပြောလိုက်သည်။ “ ဖက်တီးလေး... မင်းက ကြီးပြင်းလာပြီ...ကိုယ့်ဘာသာ ရပ်တည်နိုင်ဖို့ သင်ယူရမယ်... အခုကစပြီး ကျောင်းတော်က ထောက်ပံ့ပေးတာကလွဲရင် ကျန်တဲ့ မင်းရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို မင်းဘာသာ ရှာရလိမ့်မယ် “
ဝမ်ပေါင်လဲ့သည် ခေါင်းညိတ်လိုက်၏။ “ စိတ်ချပါ ဆရာ... ကျင့်ကြံခြင်းဆိုတာ ကြိုးပမ်းအားထုတ်ရမယ် ဆိုတာကို ကျွန်တော် နားလည်ပါတယ်... ကျွန်တော် လုံလောက်တဲ့ အရင်းအမြစ်တွေ ရဖို့ ကျွန်တော့်ရဲ့ အချက်အပြုတ်စွမ်းရည်ကို အားကိုးပါ့မယ် “
“ အဲဒါလေး တစ်ခုတည်းနဲ့တော့ မလုံလောက်ဘူး “
ချူဖုန်းသည် ခဏရပ်လိုက်ပြီးနောက် ဆက်ပြောသည်။ “ တကယ်လို့ မင်းက ကျင့်ကြံခြင်းလမ်းစဉ်ကို လျှောက်လှမ်းချင်တယ်ဆိုရင် ဟင်းချက်ကောင်းဖို့ထက် အရေးကြီးတဲ့ တခြားဟာတွေ လိုအပ်လာလိမ့်မယ်...တိုက်ခိုက်ရေး အတွေ့အကြုံက အရေးကြီးဆုံးပဲ “
“ မင်းရဲ့ စီနီယာအစ်ကိုတွေနဲ့ အစ်မတွေ အားလုံးက သွေးထွက်သံယို တိုက်ပွဲတွေ အများကြီးကို ဖြတ်သန်းခဲ့ကြပြီးပြီ “
“ အခု မင်း တာအိုတည်ဆောက်ခြင်းအဆင့်ကို ရောက်လာပြီဆိုတော့ ဂိုဏ်းအပြင်ဘက်မှာ လေ့ကျင့်ဖို့ အချိန်တန်ပြီ “
ဝမ်ပေါင်လဲ့သည် လေ့ကျင့်ရေး ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ မကြောက်ရွံ့သည့်အပြင် စိတ်လှုပ်ရှားသွား၏။ “ ဆရာ...ပါဝင်ပစ္စည်းတွေ အများကြီး ရှိတဲ့ နေရာကို သိလားဟင်”
“ ယန်မန်ရွံ့နွံတောက မင်းရဲ့ လိုအပ်ချက်အားလုံးကို ဖြည့်ဆည်းပေးနိုင်တယ်... ဒါပေမဲ့ လေ့ကျင့်ရေး မထွက်ခင်မှာ မင်း အရင်ဆုံး ဓားနည်းစနစ် တစ်ခုကို ကျွမ်းကျင်ဖို့ လိုတယ် “
ချူဖုန်းသည် အလေးအနက်ပြောသည်။
ဝမ်ပေါင်လဲ့က ခေါင်းကို ကုတ်ကာ တီးတိုး ရေရွတ်လိုက်၏။ “ ဒါပေမဲ့ ဆရာ... ဆရာ ပေးထားတဲ့ အမွေအနှစ်ထဲက ဓားနည်းစနစ်တွေက... အကုန်လုံး အရမ်း နက်နဲလွန်းတယ်....ကျွန်တော် အဲဒါတွေကို အခုချက်ချင်း နားလည်ဖို့ မဖြစ်နိုင်သေးဘူး “
ချူဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။ “ ထိုက်ချီကို အဲဒီလောက် အချိန်ကြာကြီး လေ့ကျင့်ခဲ့ပြီးတာတောင် ဘာမှ မတိုးတက်လာသေးဘူးလား “
ဝမ်ပေါင်လဲ့သည် ကသိကအောက်ဖြင့် ခေါင်းကုတ်လိုက်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။
အကြီးအကဲပင်းက စပ်စုစွာ ကြည့်နေ၏။ မည်သို့ပင်ဆိုစေ ထိုက်ချီလက်သီးသိုင်းနှင့် ထိုက်ချီဓားသိုင်း ဆိုသည်မှာ စကားတစ်လုံးတည်းသာ ကွာခြားသော်လည်း နှစ်ခုစလုံးသည် အရင်းအမြစ် တစ်ခုတည်းမှ ဆင်းသက်လာပြီး သဘောတရားက အတူတူပင်။
ချူဖုန်းက ဆက်ပြောသည်။ “ ရှေးလူကြီးတွေပြောတဲ့အတိုင်းပဲ...မဟာတာအို ဆိုတာ အရိုးရှင်းဆုံးပဲတဲ့.... ဘယ်လိုနည်းစနစ်ပဲဖြစ်ဖြစ် ဘယ်လောက်ပဲ ရှုပ်ထွေးနေပါစေ အခြေခံကနေပဲ စတင်ရတာပဲ.... အပေါ်ယံကြည့်ရင် ရှုပ်ထွေးနေပုံ ရနိုင်ပေမဲ့ အနှစ်သာရကတော့ အမြဲတမ်း ရိုးရှင်းပြီး နားလည်လွယ်တဲ့ သဘောတရားတွေနဲ့ပဲ ဖွဲ့စည်းထားတယ်”
“ပန်းထိုးပုံရိပ်ယောင်ဝင်ပေါက်ဓားကျမ်းကို ဥပမာအနေနဲ့ ပြောပြမယ် “
“ အဲဒီနည်းစနစ်ကို ဖန်တီးခဲ့သူက စက္ကူညှပ်တဲ့ ပညာရပ်ကို လေ့လာပြီး တီထွင်ခဲ့တာကွ... ဓားကို တိတိကျကျထိန်းချုပ်နိုင်ဖို့ကတော့ လက်ရေးလှမှာ သုံးတဲ့ ရေးနည်းတွေကနေတစ်ဆင့် သူ့ရဲ့ အနှစ်သာရကို ယူသုံးခဲ့တာ “
“ ရိုးရိုးရှင်းရှင်း ပြောရရင် ဒီဓားနည်းစနစ်ရဲ့ အနှစ်သာရက ငါတို့ရဲ့ ချက်ပြုတ်ခြင်းပညာထဲက ကျီလို့ ခေါ်တဲ့ လှီးဖျက်ခြင်းနဲ့ အတူတူပဲ... လှီးဖျက်ခြင်းဒါမှမဟုတ် ပုံဖော်ခြင်းလို့ အဓိပ္ပာယ်ရတယ် “
“ပန်းထိုးပုံရိပ်ယောင်ဝင်ပေါက်ဓားကျမ်းမှာ ဖော်ပြထားတဲ့အတိုင်း ဂျုံပျော့လုံးအပေါ်မှာ စာလုံးတွေကို ပုံဖော်နိုင်သွားရင် ဓားကျမ်းကို မင်း နားလည်သွားလိမ့်မယ် “
ဤရှင်းပြချက်ကို ကြားပြီးနောက် လူတိုင်း၏ မျက်နှာပေါ်တွင် ရုတ်တရက် သဘောပေါက်သွားဟန်ပင်။
အကြီးအကဲပင်းသည် သူမ၏ လက်သီးများကို အနည်းငယ် ဆုပ်ပြီး ပြောသည်။ “ ဌာနမှူးချူရဲ့ စကားတွေကို ကြားရတာ ဆယ်နှစ်စာ ကျင့်ကြံရတာနဲ့ တန်တယ် “
“ အကြီးအကဲပင်းက မြှောက်နေပါပြီ....ဒါတွေက ဘယ်သူမဆို နားလည်နိုင်တယ်... လူတွေကကြိုးစားဖို့ကိုပဲ စိတ်မဝင်စားကြတာပါ “
ထို့နောက် ချူဖုန်းသည် သူ၏ အကြည့်ကို ဝမ်ပေါင်လဲ့ထံသို့ ပြောင်းလိုက်သည်။
“ ဖက်တီးလေး... မင်း ဘာတွေ နားလည်လိုက်လဲ ဆိုတာ ငါ့ကို ပြောပြဦး “
ဝမ်ပေါင်လဲ့က ပြန်ဖြေလိုက်၏။ “ ဆရာ ပြောချင်တာက ကျွန်တော် အခြေခံကို ခိုင်ခံ့အောင် တည်ဆောက်ရမယ်... လှီးဖြတ်ခြင်း၊ တုံးတစ်ခြင်း၊ ခုတ်ထစ်ခြင်း၊ ခွဲခြမ်းခြင်း၊ ထုချေခြင်း ဒါမှမဟုတ် ပုံဖော်ခြင်း ဆိုတဲ့ ဓားနည်းစနစ်တွေထဲက တစ်ခုခုကို ကျွမ်းကျင်သွားတာနဲ့ ပိုပြီး အဆင့်မြင့်တဲ့ ဓားနည်းစနစ်တွေကို သင်လို့ရပါပြီ”
ချူဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ “ဟုတ်တယ်..အဲဒီအထဲက တစ်ခုခုကို ပြီးပြည့်စုံတဲ့အထိ လေ့ကျင့်ပြီးသွားတာနဲ့ တောင်အောက်ဆင်းလို့ရပြီ”
“ ဆရာ့ရဲ့ အဆုံးအမကို မှတ်သားထားပါ့မယ် “ ဝမ်ပေါင်လဲ့က ခေါင်းကို ဖြည်းညှင်းစွာ မော့လျက် ပြောလိုက်၏။ သူ၏ မျက်လုံးများက တဖြည်းဖြည်း ခိုင်မာပြတ်သားလာသည်။
ချူဖုန်းသည် လက်ဝှေ့ယမ်းပြလိုက်၏။ “ ကောင်းပြီ အားလုံးပဲ သွားနားကြတော့ “
“ ဟုတ်ကဲ့ပါ “
လူတိုင်းက ပြန်ဖြေလိုက်ကြပြီး လူစုခွဲသွားကြသည်။
ချူဖုန်းလည်း သူ၏ အခန်းသို့ ပြန်သွား၏။ အကြီးအကဲပင်းသည် သူ၏ ကျောပြင်ကို ကြည့်ရင်း သူမဘာသာ တွေးလိုက်မိသည်။
‘ စောစောက ငါသာ နည်းနည်းလေး ပိုရဲတင်းရင် ထိုက်ချီဓားသိုင်းနဲ့ ပတ်သက်ပြီး ဌာနမှူးချူဆီကနေ လမ်းညွှန်မှု တောင်းလို့ ရမှာပဲ... ’
နောက်တစ်နေ့တွင်
ဝမ်ပေါင်လဲ့သည် သူ၏ ထိုက်ချီလက်သီးသိုင်းကို လေ့ကျင့်ရန် ပုံမှန်အတိုင်း စောစောထလာသည်။ ထို့နောက် မီးဖိုချောင်သို့ သွားလိုက်၏။ ဟင်းချက်စရာ ပါဝင်ပစ္စည်းပုံကြီးကို စိုက်ကြည့်ရင်း စတင် စဉ်းစားလိုက်သည်။
‘ ငါ ဘယ် ဓားနည်းစနစ်ကနေ စသင့်လဲ’
နောက်ဆုံးတွင် သူက ပုံဖော်ခြင်းကို ရွေးချယ်လိုက်သည်။ သူသည် အလှဆင်လှီးဖြတ်ရခြင်းကို နှစ်သက်ပြီး ထိုအရာတွင် အခြေခံအားဖြင့် ကျွမ်းကျင်ပြီးသားပင်။
သို့သော် အစားအစာများပေါ်တွင် လေ့ကျင့်ခြင်းက အလွန် နှမြောစရာ ကောင်းပေသည်။ လောလောဆယ်တွင် သစ်သားကို အသုံးပြုခြင်းက ပိုကောင်းပေလိမ့်မည်။
သူက ထင်းပုံဆီသို့ လျှောက်သွားပြီး သစ်သားချောင်း တစ်ချောင်းကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ကာ ပုဆိန် တစ်လက်ဖြင့် စတင် လေ့ကျင့်တော့သည်။ မကြာမီမှာပင် ဝမ်ပေါင်လဲ့သည် လုံးဝ ဈာန်ဝင်သွားတော့၏။
ဂွီ။ဂွီ။
တစ်နာရီပင် မပြည့်သေးမီ ဝမ်ပေါင်လဲ့သည် ဆာလောင်မှုကို ခံစားလိုက်ရသည်။
သူက ခဏရပ်ပြီး တီးတိုး ရေရွတ်လိုက်၏။ “ ငါက ဘာလို့ အရင်ကထက်တောင် ပိုမြန်မြန် ဗိုက်ဆာလာတယ်လို့ ခံစားနေရတာလဲ... ကံကောင်းလို့ မနေ့က ဖက်ထုပ်တွေ အများကြီး လုပ်ထားမိတယ်...အရင်ဆုံး နည်းနည်းလောက် စားလိုက်ဦးမယ် “
ဖက်ထုပ် အများအပြားကို အငမ်းမရ စားသောက်ပြီးနောက် ဝမ်ပေါင်လဲ့သည် လန်းဆန်းသွားသည်ဟု ခံစားလိုက်ရပြီး ပုံဖော်ခြင်းကို ဆက်လုပ်ဆောင်သည်။
သူ ဗိုက်ပြည့်သွားသည့် အခိုက် အခြေအနေ တစ်ခုလုံး ပြောင်းလဲသွားကြောင်း သတိထားမိလိုက်၏။ သူ၏ လက်များသည် ယခင်ကထက် ပိုမို သွက်လက်လာသည်ဟု ခံစားရသည်။
တစ်ချိန်က ကိုင်တွယ်ရခက်သော ပုဆိန်သည် ယခုအခါ သူ၏ လက်ထဲတွင် မီးဖိုချောင်သုံး ဓားတစ်လက်နှင့် မခြားနားတော့ဘဲ ဓားသွားအပေါ် သူ၏ ထိန်းချုပ်နိုင်မှုက ပိုမို သိမ်မွေ့လာသည်။
‘ ဒါက ကျင့်ကြံခြင်းရတဲ့ ခံစားချက်ပဲကိုး... မဆိုးပါဘူး...ငါ ဝမ်ပေါင်လဲ့တော့ ကျင့်ကြံခြင်းကို သဘောကျသွားပြီဟေ့ ’
ဝမ်ပေါင်လဲ့သည် ကျင့်ကြံခြင်း၏ ပျော်ရွှင်မှုကို တွေ့ပြီးကတည်းက ယခင်ကထက်ပင် ပို၍ ဝီရိယရှိလာခဲ့သည်။ သို့သော် တစ်ချိန်တည်းမှာပင် သောင်းပြောင်းပညာရပ်ဌာန၏ ရိက္ခာများက လျင်မြန်စွာ လျော့ကျလာတော့၏။
တစ်လစာ ခံမည့် အစားအစာများသည် ခုနစ်ရက်အတွင်းမှာပင် ကုန်လုနီးပါး ဖြစ်သွားခဲ့သည်။
ချူဖုန်းသည် ပြောင်ရှင်းလုနီးပါး ဖြစ်နေသော မီးဖိုချောင်ကို စိုက်ကြည့်ရင်း သဘောပေါက်လိုက်သည်။သူ ထောင်ထျဲ ခန္ဓာပိုင်ရှင် တစ်ယောက်၏ စားနှုန်းကို အထင်သေးခဲ့မိ၏။
သူက တီးတိုး ရေရွတ်လိုက်၏။ “ ထောင်ထျဲ တစ်ယောက်ကို မွေးရတာ မလွယ်ပါလား..ဒီအတိုင်းသာ ဆက်သွားနေရင် သူ ဓားနည်းစနစ်ကို မကျွမ်းကျင်ခင်မှာပဲ ငါ့ပိုက်ဆံအိတ်ကို ပြောင်သွားအောင် လုပ်တော့မယ်... အရင်ဆုံး ရိက္ခာပြန်ဖြည့်ထားတာ ပိုကောင်းမယ် “
ထို့နောက် ချူဖုန်းသည် အသံကို မြှင့်ကာ အော်ခေါ်လိုက်သည်။ “ တာ့ချန်... ငါနဲ့ လိုက်ခဲ့၊ ငါတို့ အမဲလိုက်ထွက်ကြမယ် “