← Chapters

ချူဖုန်း... အခု ဘယ်အချိန်ရှိပြီလဲ ဆိုတာ သိလား မအိပ်သေးဘူးလား

Vol. 10 Ch. 94

ချူဖုန်း... အခု ဘယ်အချိန်ရှိပြီလဲ ဆိုတာ သိလား မအိပ်သေးဘူးလား

Vol. 10 Ch. 94

ဘေးအခန်း အတွင်း၌

အကြီးအကဲပင်းသည် ယခင်က တစ်ခါမျှ မခံစားဖူးသော အရှက်ရမှုကို ခံစားလိုက်ရ၏။ သူမသည် သောင်းပြောင်းပညာရပ်ဌာနမှ လူများ၏ ကျင့်ကြံမှုကို တိတ်တဆိတ် စောင့်ကြည့်ရန်အတွက် ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ကမန်းကတန်း ပြန်ပြေးလာခဲ့ခြင်း ဖြစ်သည်။

သို့သော် ရှောင်ချန်း တံခါးပိတ်ကျင့်ကြံတော့မည်ဟု ကြားလိုက်ရသည့် အခိုက်တွင် လုံးဝ မှင်တက်သွားတော့၏။

‘ ဒီအကြီးအကဲက ထိုက်ချီဓားသိုင်းရဲ့ အနှစ်သာရကိုတောင် မသင်ယူရသေးဘူး...အခု နင်က တံခါးပိတ် ကျင့်ကြံတော့မယ် ဟုတ်လား... ငါက နင့်ရဲ့ ထိုက်ချီဓားသိုင်းကို ဘယ်ကနေ သွားပြီး ခိုးသင်...အဲလေမဟုတ်ဘူး... ဘယ်ကနေ သွားသင်ရတော့မှာလဲ ’

သူမက အထိတ်တလန့် ဖြင့် မတော်တဆ အသံထွက်သွား၏။ ကံဆိုးစွာဖြင့် အပြင်ဘက်ရှိ လူများက ကြားသွားခဲ့သည်။

‘ စောစောက ငါဘာလုပ်နေလဲ ဆိုတာကို သူတို့ သိသွားကြပြီလား မသိဘူး ’

‘ သူတို့သာ သိသွားခဲ့ရင်တော့ အရှက်ဗြန်းဗြန်းကွဲပြီ’

‘ ထားလိုက်ပါတော့... ချူဖုန်း ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မလဲ ဆိုတာ အရင် ကြည့်ရတာပေါ့ ’

သူမက နားစွင့်လိုက်ပြီး အပြင်ဘက်မှ လှုပ်ရှားသံများကို အာရုံစိုက်ကာ နားထောင်နေလိုက်သည်။

ခြံဝင်း အတွင်း၌။

ချူဖုန်းက စိတ်အနှောင့်အယှက် ဖြစ်သွားသည်။ “တာ့ချန်... မင်းရဲ့ ပုံစံအတိုင်း နေစမ်းပါ...မင်းက အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ သခင်လေး ဖြစ်ရမှာ... ပဟေဠိတွေ ဝှက်နေရမဲ့သူ မဟုတ်ဘူး.. ရှင်းရှင်းလင်းလင်း မပြောတတ်ဘူးလား “

ချောင်ရို့ချန်က ဘာမှမတတ်နိုင်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်။ “ ဆရာ... ကျွန်တော်က အလိုလိုက်ခံထားရလို့ ပျက်စီးနေတဲ့ သခင်လေးဆိုပေမဲ့ ဦးနှောက်မရှိတာတော့ မဟုတ်ဘူးလေ... ဆရာက လုပ်ခဲ့တဲ့ လောင်းကြေးကို မေ့သွားပြီလို့တော့ မပြောနဲ့နော် “

ချူဖုန်း၏ မျက်နှာထားသည် စဉ်းစားဟန်သို့ ပြောင်းလဲသွား၏။ မကြာမီ ပုံရိပ်တစ်ခုက သူ၏ စိတ်ထဲတွင် လက်ခနဲ ပေါ်လာလေသည်။

“ မင်းသာ မပြောရင် ငါ တကယ် မေ့နေတော့မှာ... ငါ တစ်ယောက်တည်း နေလာတာ အရမ်း ကြာနေပြီဆိုတော့ ခြံဝင်းထဲမှာ လူပိုတစ်ယောက် ရှိနေတာကိုတောင် သတိမထားမိလိုက်ဘူး “

တိတ်ဆိတ်သွားသည်။

တပည့်များ၏ မျက်နှာပေါ်တွင် တူညီသည့် မျက်နှာအမူအရာတစ်ခု ပေါ်လာကြသည်။

‘ကျွန်တော်တို့ ဘာပြန်ပြောရမှန်းတောင်း မသိတော့ဘူး’

ချောင်ရို့ချန်ဆိုလျှင် သူ့ဆရာကို တိတ်တဆိတ် လက်မပင် ထောင်ပြလိုက်သေးသည်။

တစ်စုံတစ်ယောက်ကို စော်ကားရန် အကောင်းဆုံးနည်းလမ်းမှာ ရိုက်နှက်ခြင်း သို့မဟုတ် ကျိန်ဆဲခြင်း မဟုတ်ဘဲ လုံးဝ လျစ်လျူရှုထားခြင်းသာ ဖြစ်ကြောင်း သူ မကြာခဏ ကြားဖူးသည်။

ယခု တစ်လအတွင်းမှာပင် သူတို့၏ ဆရာသည် တစ်စုံတစ်ယောက်ကို လျစ်လျူရှုထားခြင်း ဆိုသည်မှာ မည်သို့ဖြစ်ကြောင်း လက်တွေ့ ပြလာ၏။

ချူဖုန်းက တပည့်များကို အခက်တွေ့အောင် လုပ်မည် မဟုတ်ပေ။ သူက ပြုံးလိုက်ပြီး အကြီးအကဲပင်း၏ အခန်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “အကြီးအကဲပင်း... တောင်းပန်ပါတယ်...ခင်ဗျား ဒီမှာ ရှိနေတာကို ကျွန်တော် လုံးဝ မေ့သွားတယ်...ခင်ဗျားအဆင်ပြေမယ်ဆိုရင် အတူတူ လာသောက်ပါလား “

“ဟမ့်”

အတွင်းမှ ပြန်လာသည့် တုံ့ပြန်မှုမှာ အေးစက်သည့် နှာခေါင်းရှုံ့သံပင်။

စောစောက အကြီးအကဲပင်းသည် လုံးဝ ထိတ်လန့်နေခဲ့သော်လည်း ယခုအခါ သူမ၏မျက်နှာသည် ဒေါသတကြောင့် လောင်မြိုက်နေပြီ ဖြစ်၏။ သူမ၏ မျက်နှာသည် နီမြန်းလာပြီး အံကို တင်းတင်း ကြိတ်ထားလိုက်သည်။ အခန်းတွင်း၌ နှင်းခဲလွှာအပါးလေး တစ်ခု စတင် ဖြစ်ပေါ်လာသည်။

အရှက်ခွဲခြင်းပင်။ ချူဖုန်းက သူမကို တမင်သက်သက် အရှက်ခွဲနေသည်မှာ ထင်ရှားပေသည်။

ဝမ်တောက်ကျောင်းတော် တစ်ခုလုံးတွင် ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ အကြီးအကဲတစ်ဦးကို လျစ်လျူရှုရဲမည့်သူ ရှိမည်ဟု သူမ လုံးဝ မယုံကြည်ပေ။

“ ဌာနမှူးချူရဲ့ ကြင်နာတဲ့ ကမ်းလှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်မက သာမန်အစားအစာတွေကို မစားတော့ပါဘူး “

“ ဒါဆိုလည်း ကောင်းပါပြီလေ “

သဘာဝကျကျပင် ချူဖုန်း၌ သူမကို သွားရောက်ဖားယားရန် ရည်ရွယ်ချက် မရှိပေ။ သူက မာနကြီးသော အကြီးအကဲပင်းကို သူမနေရာ သူမသိအောင် လုပ်ချင်ရုံ သက်သက်သာ ဖြစ်သည်။

သို့ရာတွင် ပြန်ရောက်ရောက်ချင်း ကိုင်တွယ်စရာ ကိစ္စများစွာ ရှိနေသဖြင့် အမှန်တကယ် မေ့လျော့သွားခဲ့၏။

‘ လူပျိုကြီးဘဝနဲ့ အရမ်းကြာအောင် နေလာရရင် ဒီလိုပဲ ဖြစ်တတ်တာပဲ... အဲဒါကို အသားကျနေပါပြီလေ ’

သူက တူကို ပြန်ကောက်ကိုင်လိုက်သည်။ “ ဆက်စားကြမယ်”

“ ဟုတ်ကဲ့ပါ “

လူတိုင်းက တညီတညွတ်တည်း တုံ့ပြန်လိုက်ကြပြီး ခြံဝင်းလေးသည် တစ်ဖန် ပြန်လည် သက်ဝင်လှုပ်ရှားလာတော့သည်။

လူသားတို့၏ ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့သည် တစ်ထပ်တည်း မကျတတ်ချေ။

သူမ၏ ဒေါသများ ပြေပျောက်သွားပြီးနောက် အကြီးအကဲပင်းသည် သောင်းပြောင်းပညာရပ်ဌာနထံမှ ထိုက်ချီဓားသိုင်းကို မည်သို့ ရယူရမည်နည်း ဆိုသည်ကို စတင် စဉ်းစားတော့၏။

အတွင်းစည်း ပြိုင်ပွဲ စတင်ရန်တစ်နှစ်ပင် မလိုတော့ချေ။

အကယ်၍ ရှောင်ချန်း၏ တံခါးပိတ် ကျင့်ကြံခြင်း ပြီးဆုံးမည့်အချိန်ကို စောင့်နေမည်ဆိုပါက သူမ ထိုက်ချီဓားသိုင်း၏ အနှစ်သာရကို နားလည်သဘောပေါက်၍ တပည့်များကို သင်ပေးနိုင်သော်ငြား သူတို့သည် ပြိုင်ပွဲအမီ ကျွမ်းကျင်နိုင်ကြတော့မည် မဟုတ်ပေ။

‘ ငါက ဟိုကောင်စုတ်လေး ချူဖုန်းဆီကနေ လမ်းညွှန်မှု တကယ် သွားတောင်းရတော့မှာလား ’

‘ ဘယ်တော့မှ မဖြစ်နိုင်ဘူး..ဒီအကြီးအကဲက အဲ ကောင်ကို ဘယ်တော့မှ အလျှော့ပေးမှာ မဟုတ်ဘူး ’

နေပါဦး။

ရုတ်တရက် အကြီးအကဲပင်း၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

‘ထိုက်ချီဓားသိုင်းက လေထဲကနေ ထွက်လာနိုင်စရာ အကြောင်းမရှိဘူး... သောင်းပြောင်းပညာရပ်ဌာနရဲ့ စာကြည့်တိုက်ထဲက တစ်နေရာရာမှာ သေချာပေါက် မှတ်တမ်းတင်ထားမှာပဲ’

‘ဒီည ဟိုကောင် ချူဖုန်း အိပ်ပျော်သွားတာနဲ့ စာကြည့်တိုက်ကို သွားပြီး သိုင်းကျမ်းကို ရှာကြည့်ရမယ်’

သူမ၏ ဉာဏ်ရည်နှင့် ပါရမီတို့အရ သိုင်းကျမ်းကို မြင်လိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။ သူမသည် တစ်လအတွင်း ထိုက်ချီဓားဆန္ဒကို သေချာပေါက် နားလည်နိုင်ပေသည်။

စားသောက်က်ပွဲငယ်လေး ပြီးဆုံးသွားပြီးနောက်...

တပည့်များသည် သူတို့၏ ကိုယ်ပိုင် အဆောင်များသို့ ပြန်၍ အနားယူကြသည်။

ချူဖုန်းသည် အကြီးအကဲပင်း နေသည့် ဘေးအခန်းကို တစ်ချက် လှမ်းကြည့်လိုက်၏။ သူ တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင် အခန်းသို့ ပြန်၍ စာဖတ်ရန်သာ ရွေးချယ်လိုက်သည်။

ညဉ့်နက်လာလေပြီ။

အကြီးအကဲပင်းသည် ချူဖုန်း၏ အခန်းကို စူးစမ်းရန် သူမ၏ နတ်ဘုရားအာရုံကို သတိကြီးစွာဖြင့် အသုံးပြုလိုက်၏။ မီးရောင် ငြိမ်းသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက်မှသာ သူမ စတင် လှုပ်ရှားမည်။

အကယ်၍ မိသွားလျှင် လုံးဝ အရှက်ကွဲသွားပေလိမ့်မည်။

အချိန်များက စက္ကန့်နှင့်အမျှ ကုန်ဆုံးလာသည်။

ဤညတွင် ချူဖုန်းသည် အလွန် ချိုလွန်းသည့် အချစ်ဝတ္ထု တစ်အုပ်ကို ကောက်ကိုင်မိသွားပြီး ထိုအထဲတွင် နစ်မြောသွားကာ အချိန်ကုန်သွားသည်ကို ပင် လုံးဝ သတိမထားမိတော့ချေ။

ဘေးအခန်းတွင်မူ။

ချူဖုန်း၏ အခန်းတွင်းမှ မီးရောင် ငြိမ်းမသွားသည်ကို မြင်ရသောအခါ အကြီးအကဲပင်းသည် တဖြည်းဖြည်း စိုးရိမ်ပူပန်လာ၏။

‘ ချူဖုန်းက... ဘာလို့ မအိပ်သေးတာလဲ.... အခု ဘယ်အချိန်ရှိပြီလဲ ဆိုတာ မသိဘူးလား ’

မိုးလင်းခါနီး၌ ချူဖုန်းသည် နောက်ဆုံးတွင် အနည်းငယ် ပင်ပန်းလာသည်ဟု ခံစားလိုက်ရသည်။ သူက လက်တစ်ချက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းပြီး ဖယောင်းတိုင်မီးကို ငြိမ်းသတ်လိုက်ကာ အေးချမ်းစွာ အိပ်စက်သွားသည်။

‘ နောက်ဆုံးတော့ အိပ်သွားပြီပဲ ’

အကြီးအကဲပင်းသည် စိတ်အနှောင့်အယှက် ဖြစ်နေသော်လည်း သူမ၏ မူလ အစီအစဉ်အတိုင်း လုပ်ဆောင်ရန် စာကြည့်တိုက်ဆီသို့ ထွက်ခွာလာခဲ့သည်။

သောင်းပြောင်းပညာရပ်ဌာန၏ စာကြည့်တိုက်မှာ သီးခြား တောင်ထိပ်တစ်ခုပေါ်တွင် တည်ရှိကာ စေတီပုံစံ အဆောက်အဦးဖြစ်၏။

အကြီးအကဲပင်းသည် ဌာန၏ တည်ဆောက်ပုံကို မရင်းနှီးပေ။ အပြင်ထွက်ပြီးနောက် စာကြည့်တိုက်ကို ရှာဖွေရန် သူမ၏ နတ်ဘုရားအာရုံကို ချက်ချင်း အသုံးပြုလိုက်သည်။

မကြာမီ သူမ၏ နတ်ဘုရားအာရုံက စာကြည့်တိုက်ဆိုသည့် စာလုံးများကို တွေ့သွား၏။

သူမ တွန့်ဆုတ်မနေဘဲ ထိုနေရာသို့ လေထဲမှ ပျံသန်းသွားလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း စာကြည့်တိုက်ရှိရာ တောင်ပေါ်သို့ ရောက်ရှိသွား၏။

သို့သော် သူမ ဆင်းသက်လိုက်သည်နှင့် တပြိုင်နက် တုန်လှုပ်သွားသည်။ စာကြည့်တိုက် အရှေ့တွင် ခန္ဓာကိုယ်တောင့်တင်းသည့် လူငယ်လေးတစ်ဦးက ကျင့်ကြံနေသည်။

‘ ကောင်စုတ်လေးက ဒီကို ဘယ်အချိန်တည်းက ရောက်နေတာလဲ ’

ချောင်ရို့ချန်သည်လည်း အကြီးအကဲပင်းကို မြင်လိုက်ရသောအခါ အလားတူပင် မှင်တက်သွားသည်။ အကြီးအကဲပင်းသည် သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်ကတည်းက လူလုံးထွက်ပြလေ့ မရှိပေ။ သူတို့၏ ပထမဆုံး အကြိမ် ဆုံတွေ့မှုက အဘယ်ကြောင့် ဤနေရာ၌ ဖြစ်နေရသနည်း။

သူက လုပ်နေသည့် အရာကို ရပ်လိုက်ပြီး လေးစားစွာ နှုတ်ဆက်လိုက်သည်။ “ တပည့် ချောင်ရို့ချန်က အကြီးအကဲပင်းကို ဂါရဝပြုပါတယ် “

“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ “

အကြီးအကဲပင်းသည် သံသယဝင်သွားသော်လည်း မေးလိုက်သည်။” နင် ဘာလို့ ဒီကို ရောက်နေတာလဲ “

‘ အဲဒါက ကျွန်တော် ခင်ဗျားကို မေးရမှာ မဟုတ်ဘူးလား ’

ချောင်ရို့ချန်၏ စိတ်ထဲတွင် ကြောင်အသွားသော်လည်း သူက ပြန်ဖြေလိုက်သည်။ “ ဒီတပည့်က အခြေခံ သိုင်းပညာ တချို့ကို လေ့ကျင့်နေတာပါ။ အပြင်မှာ အသံတွေက နည်းနည်း ဆူလာလို့ ပိုတိတ်ဆိတ်တဲ့ နေရာကို ရှာရင်း ဒီကို ရောက်လာတာပါ.... သတိမထားမိဘဲနဲ့ ဒီကို ရောက်လာမိတာ...အကြီးအကဲက လေကောင်းလေသန့် ထွက်ရှူတာလား “

“ … “

အကြီးအကဲပင်းသည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားလေသည်။ ယခုညတွင် ကံကြမ္မာကပင် သူမကို မျက်နှာသာမပေးချေ။

“ ဟုတ်တယ်...သောင်းပြောင်းပညာရပ်ဌာနမှာ ဘယ်လို အရင်းအမြစ်တွေ ရှိလဲ ဆိုတာ သိချင်လာလို့... ဒါနဲ့ ငါ့ကို ပြောပါဦး... နင်က ဝမ်တောက်ကျောင်းတော်ရဲ့ အတွင်းစည်း တပည့်တစ်ယောက် ဖြစ်နေပြီလေ... ဘာလို့ ဒီလို အခြေခံ နည်းစနစ်တွေကို လေ့ကျင့်နေရတာလဲ “

“ ဟဲဟဲ “

ချောင်ရို့ချန်သည် ကသိကအောက် ရယ်မောလိုက်သည်။ “ ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းက တော်တော်လေး နိမ့်တယ်လေ...အဲဒါကြောင့် ဆရာက ပိုလေ့ကျင့်ပြီး အခြေခံကို ပိုင်အောင် ကြိုးစားကြည့်ဖို့ ပြောထားလို့ပါ “

“ ဆရာ့စကားနဲ့ ပြောရရင် လက်သီးသိုင်းတစ်ကွက်ကို အကြိမ်တစ်ရာ လေ့ကျင့်ရင် အဓိပ္ပာယ်ကို သူ့အလိုလို နားလည်သွားလိမ့်မယ်တဲ့”

“ အဓိပ္ပာယ် ရှိသားပဲ “

အကြီးအကဲပင်းက တီးတိုး ရေရွတ်လိုက်၏။ သူမသည် အရေးကြီးသော အရာတစ်ခုကို ဆုပ်ကိုင်မိလိုက်သလို ခံစားရသော်လည်း ၎င်းက ဘာလဲဆိုတာကို သေချာ မမှတ်မိနိုင်ပေ။

‘ သောက်ကျိုးနည်း... ဒီကောင်လေးက ချူဖုန်း ပြောသလိုပဲ အမြဲတမ်း ပဟေဠိတွေ ဝှက်ပြီး ပြောနေတာပဲ... ရှင်းရှင်းလင်းလင်း မပြောတတ်ဘူးလား ’

“ နင် ဆက်လေ့ကျင့်တော့...ငါ တခြားနေရာတွေ သွားကြည့်လိုက်ဦးမယ် “

“ ဂရုစိုက်သွားပါ အကြီးအကဲ “

အကြီးအကဲပင်း ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ချောင်ရို့ချန်သည် သူ၏ သိုင်းပညာကို ဆက်လက် လေ့ကျင့်နေလိုက်ပြီး စောစောက ဆုံတွေ့ခဲ့မှုအပေါ် ထပ်မံ တွေးတောမနေတော့ချေ။

All Chapters