← Chapters

မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး

Vol. 10 Ch. 93

မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး

Vol. 10 Ch. 93

ကျင့်ကြံခြင်းအမှု၌ အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားတတ်ရာ တစ်လဆိုသည်မှာလည်း လျင်မြန်စွာ ကုန်ဆုံးသွားတော့၏။

[ဒင်... လက်ခံသူ၏ တပည့်ကြီးသည် စစ်မှန်ကံကြမ္မာနဝမအဆင့်သို့ တက်သွားသည့်အတွက် ဂုဏ်ပြုပါတယ်...လက်ခံသူ ကို ကျင့်ကြံခြင်း နှစ်နှစ်ဆယ်စာ ချီးမြှင့်ပါတယ်]

နံနက်စောစောတွင် စနစ်၏ အသိပေးချက်က ချူဖုန်းကို အိပ်မက်ထဲမှ ဆွဲထုတ်လိုက်သည်။ သူက အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ပြီး အပြင်ဘက်သို့ လှမ်းကြည့်လိုက်၏။ နေမင်းက စတင်မြင့်တက်လာပြီဖြစ်သည်။

ချူဖုန်းသည် မူလက အနေအထား ပြောင်းပြီး ပြန်အိပ်ချင်ခဲ့သော်လည်း အကြိမ်ကြိမ် ပြင်အိပ်နေသည့်တိုင် အိပ်မပျော်နိုင်တော့ပေ။

ထို့ကြောင့် မီးဖိုချောင်သို့ တန်းတန်းမတ်မတ် သွားပြီး ရှောင်ချန်းအတွက် အရသာရှိတာတစ်ခုခု ချက်ပြုတ်ပေးရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ချန်းသည် စစ်မှန်ကံကြမ္မာ နဝမအဆင့်သို့ ရောက်နေပြီဖြစ်ရာ ကောင်းကင်ဇာစ်မြစ်အဆင့်သို့ ရောက်ရန် သိပ်မလိုတော့ပေ။

ထိုကောင်လေး၏ ပါရမီအရ သုံးလအတွင်း သေချာပေါက် အဆင့်တက်နိုင်ပေလိမ့်မည်။ ဤကောင်လေး အဆင့်တက်လျှင် မည်သည့်ထူးခြားဖြစ်စဉ်များ ဖြစ်ပေါ်စေမည်ကိုပင် ချူဖုန်းက သိချင်လာသည်။

ချူဖုန်းက ပို၍ တွေးလေ ပို၍ ပျော်ရွှင်လာရ၏။ သူ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

သို့သော် ခြံဝင်း၏ အခြားတစ်ဖက်တွင် အကြီးအကဲပင်းသည် အတော်လေး စိတ်မကြည်မသာ ဖြစ်နေသည်။ သူမသည် ရှောင်ချန်း၏ ကျင့်ကြံမှုကို တစ်လလုံး စောင့်ကြည့်နေခဲ့ပြီး ထိုက်ချီဓားဆန္ဒကို နားလည်သဘောပေါက်တော့မည့် အချိန်လေးတွင် ထိုကောင်လေးက ရုတ်တရက် တံခါးပိတ်ကျင့်ကြံသွားခဲ့သည်။

စိတ်ပျက်စရာများကို ဘေးဖယ်ထားလိုက်လျှင် အကြီးအကဲပင်းသည် သူမ၏ တပည့်များကို လမ်းညွှန်ပေးရမည့် တာဝန်ကိုမူ မမေ့ခဲ့ပေ။

သူမသည် သောင်းပြောင်းပညာရပ်ဌာနမှ တိတ်ဆိတ်စွာ ထွက်ခွာလာပြီး ကောင်းကင်စိတ်ဝိညာဉ်ဌာနဘက်သို့ ပျံသန်းသွားလိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ကောင်းကင်စိတ်ဝိညာဉ်ဌာနသို့ ပြန်လည် ရောက်ရှိသွား၏။

ချင်းရွှယ်(ကြည်လင်နှင်း)တောင်ထိပ်တွင်...

အကြီးအကဲပင်း၏ တပည့်မများမှာ စိုးရိမ်ပူပန်နေကြ၏။

သူတို့၏ ဆရာက လစဉ် ပြန်လာပြီး လမ်းညွှန်ပေးမည်ဟု ပြောခဲ့သော်လည်း အမှန်တကယ် ကတိတည်မတည်ကို မည်သူမျှ သေချာ မသိနိုင်ကြပေ။

ဓားဘုရင်ရှောင်ယောင်ပင်လျှင် အကြီးအကဲပင်း ပြန်လာမလာ သိနိုင်ရန် သူ၏ နတ်ဘုရားအာရုံကို ချင်းရွှယ်(ကြည်လင်နှင်း)တောင်ထိပ်၌ ပထမဆုံးအကြိမ်အဖြစ် ချန်ထားခဲ့လေသည်။

တောင်ထိပ်ပေါ်သို့ ရင်းနှီးနေသော ပုံရိပ်တစ်ခု ဆင်းသက်လာသည်ကို မြင်မှသာ နောက်ဆုံးတွင် စိတ်သက်သာရာရစွာ သက်ပြင်းရှည်ကြီး ချလိုက်တော့၏။

‘ ထင်တဲ့အတိုင်းပဲ ဟိုကောင်စုတ်လေး ချူဖုန်းက အကြီးအကဲပင်းကို အခက်တွေ့အောင် မလုပ်ဘူး...ဒါပေမဲ့ ကောင်းကင်စိတ်ဝိညာဉ်ဌာနရဲ့ ဌာနမှူး တစ်ယောက်အနေနဲ့ ငါ ဂရုစိုက်ပေးဖို့ လိုသေးတယ်... မဟုတ်ရင် တခြားသူတွေက စွန့်ပစ်ခံထားရတယ်လို့ ခံစားသွားရလိမ့်မယ် ’

‘ တပည့်တွေက စိတ်ဓာတ်တွေ ကျသွားပြီဆိုရင် ဌာနကို ဦးဆောင်ရတာ ပြဿနာ ဖြစ်လာလိမ့်မယ် ’

“ ဆရာ့ကို ဂါရဝပြုပါတယ် “

ချင်းရွှယ်(ကြည်လင်နှင်း)တောင်ထိပ်ရှိ တပည့်များသည် အကြီးအကဲပင်း ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ဦးညွှတ်လိုက်ကြသည်။

သူတို့အားလုံးသည် သောင်းပြောင်းပညာရပ်ဌာန၌ ဘယ်လိုနေရသနည်းဟု မေးချင်နေကြသဖြင့် သူမကို မျက်လုံးထောင့်မှ ကြည့်ကာ အကဲခတ်နေကြ၏။

သို့သော် အကြီးအကဲပင်းသည် အမြဲတမ်း တသီးတခြားဆန်ပြီး ချဉ်းကပ်ရန် ခက်ခဲသူ ဖြစ်ရာ မည်သူမျှ မမေးရဲကြပေ။

အကြီးအကဲပင်းသည် သူတို့၏ အတွေးများကို ဂရုမစိုက်ဘဲ ပုံမှန်အတိုင်း လမ်းညွှန်ပေးလိုက်သည်။

သူမ ထူးခြားသွားပုံ မပြသည်ကို မြင်သောအခါ လူတိုင်းက တိတ်တဆိတ် သက်ပြင်းချလိုက်မိကြ၏။

နာရီအနည်းငယ် ကုန်ဆုံးသွားသည်။

သူမ၏ လမ်းညွှန်မှုများ အဆုံးသတ်ပြီးနောက် အကြီးအကဲပင်း၏ ပထမဆုံး အတွေးမှာ သောင်းပြောင်းပညာရပ်ဌာနသို့ ချက်ချင်း ပြန်ရန် ဖြစ်သည်။

သို့သော် သူမ၏ တပည့်များ လေ့ကျင့်မှုတွင် အလွန် အာရုံစိုက်နေကြသည်ကို မြင်သောအခါ ဆက်နေရန် ရွေးချယ်လိုက်၏။

မည်သို့ပင်ဆိုစေ သူမ သောင်းပြောင်းပညာရပ်ဌာနတွင် ရှိလားမရှိဘူးလား ဆိုတာကို မည်သူမျှ မသိနိုင်ပေ။ ထို့ကြောင့် သူမ၏ တပည့်များကို စောင့်ကြည့်ပေးလိုက်ခြင်းက ပိုကောင်းပေလိမ့်မည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုက ကောင်းကင်မှ ရုတ်တရက် ဆင်းသက်လာသည်။

မည်သူဖြစ်ကြောင်း မြင်လိုက်သည်နှင့် အကြီးအကဲပင်းက ချက်ချင်း မတ်တပ်ရပ်ပြီး အနည်းငယ် ဦးညွှတ်လိုက်၏။ “ ပင်းယန်က ဌာနမှူးကို ဂါရဝပြုပါတယ် “

ဓားဘုရင်ရှောင်ယောင်က ပြုံးလိုက်သည်။ “အကြီးအကဲပင်း... ယဉ်ကျေးနေစရာ မလိုဘူး... ကျုပ်နဲ့ ခဏလောက် စကားပြောဖို့ အချိန်ရမလား...”

သူ၏ရည်ရွယ်ချက်ကို ခန့်မှန်းနေစရာ မလိုပေ။အကြီးအကဲပင်းက သိပြီးသား ဖြစ်၏။ “ ဌာနမှူး... ကျေးဇူးပြုပြီး ကျွန်မနောက် လိုက်ခဲ့ပါ “

သူတို့နှစ်ဦးသား စာကြည့်ခန်းထဲသို့ ဝင်သွားကြသည်။

အကြီးအကဲပင်းက လက်ဖက်ရည်တည်ခင်းပြီး ဓားဘုရင်ရှောင်ယောင်အတွက် တစ်ခွက် ငှဲ့ပေးလိုက်၏။

လက်ဖက်ရည် တစ်ခွက် သောက်ပြီးနောက်...

ဓားဘုရင်ရှောင်ယောင်က စကားစလိုက်သည်။ “အကြီးအကဲပင်း... ဒီရက်ပိုင်း သောင်းပြောင်းပညာရပ်ဌာနမှာ နေရတာ အဆင်ပြေရဲ့လား “

အကြီးအကဲပင်းက ခေါင်းယမ်းလိုက်၏။ “ ဌာနမှူးကို တင်ပြရရင် သောင်းပြောင်းပညာရပ်ဌာနက ကျွန်မရဲ့ ဘဝက ကောင်းကင်စိတ်ဝိညာဉ်ဌာနမှာ နေရတာနဲ့သိပ်မကွာပါဘူး... ဒါပေမဲ့ ထူးခြားတာ ပြောရမယ်ဆိုရင်တော့ လျှို့ဝှက်ချက် တစ်ခုကို တွေ့ထားတယ်...”

“ အို “

ဓားဘုရင်ရှောင်ယောင်က ပြုံးလိုက်သည်။ “အကြီးအကဲပင်းက ဘယ်လို လျှို့ဝှက်ချက်များ ရှာတွေ့လို့လဲ “

ကောင်းကင်စိတ်ဝိညာဉ်ဌာန၏ ဌာနမှူး တစ်ယောက်အနေဖြင့် သူသည် သောင်းပြောင်းပညာရပ်ဌာန၏ အမွေအနှစ်ကို အမြဲတမ်း အထင်သေးခဲ့သည်။ သူက မေးကြည့်ရုံ သက်သက်သာ ဖြစ်၏။

အကြီးအကဲပင်းက ပြောသည်။ “ အဲဒီ ဌာနမှူး ချူဆိုတဲ့သူက သောင်းပြောင်းပညာရပ်ဌာနက မဟာဆရာသခင် အမွေအနှစ်ကို ဆက်ခံထားပုံရတယ် “

ထိုစကားများကြောင့် ဓားဘုရင်ရှောင်ယောင်၏ မျက်နှာထားက အနည်းငယ် ပြောင်းလဲသွား၏။

“ မဖြစ်နိုင်ဘူး... လုံးဝ မဖြစ်နိုင်ဘူး...သောင်းပြောင်းပညာရပ်ဌာနရဲ့ မဟာဆရာသခင်အမွေအနှစ် ဆိုတာက အခြေအမြစ်မရှိတဲ့ ဒဏ္ဍာရီတစ်ခု သက်သက်ပဲ “

တစ်နည်းအားဖြင့် ဆိုရလျှင် သောင်းပြောင်းပညာရပ်ဌာနတွင်သာ မဟာဆရာသခင်အမွေအနှစ် တကယ် ရှိခဲ့မည်ဆိုပါက ယခုလို အခြေအနေမျိုးအထိ ကျဆင်းသွားမည် မဟုတ်ချေ။

ဓားဘုရင်ရှောင်ယောင်က သူမ၏ စကားများကို ငြင်းပယ်လိုက်သည်ကို ကြားသောအခါ အကြီးအကဲပင်းက ဆက်လက် မငြင်းခုန်တော့ပေ။

သူမလည်း ဤခန့်မှန်းချက်က ဘယ်လောက်တောင် ထိတ်လန့်စရာ ကောင်းသလဲ ဆိုတာကို ကောင်းကောင်း သိပါသည်။ မဟာဆရာသခင်ဆိုသည်မှာ သူတော်စင်များကို ပျိုးထောင်ပေးနိုင်စွမ်းရှိသော ဆရာကို ရည်ညွှန်းခြင်း ဖြစ်၏။

ဝမ်တောက်ကျောင်းတော်အတွင်း၌ ပြင်ပရေးရာဌာနမှလွဲ၍ အခြား ဌာနတိုင်းတွင် မဟာဆရာသခင်အမွေအနှစ်များ ရှိကြသည်။ သို့သော် အမွေအနှစ် ရှိခြင်းက တစ်ပိုင်း သူတော်စင်များကို အမှန်တကယ် မွေးထုတ်ပေးနိုင်သလား ဆိုသည်က တစ်ပိုင်းဖြစ်သည်။

မည်သို့ပင်ဆိုစေ ဝမ်တောက်ကျောင်းတော်၏မှတ်တမ်းတွင် သူတော်စင်သုံးပါးသာ ရှိသည်။

ထိုသူတော်စင် သုံးပါးစလုံးမှာ ကောင်းကင်စိတ်ဝိညာဉ်ဌာနမှ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့်ပင် ကောင်းကင်စိတ်ဝိညာဉ်ဌာနက ဝမ်တောက်ကျောင်းတော်၏ ထိပ်ဆုံးတွင် ရပ်တည်နေနိုင်ခြင်း ဖြစ်ပေသည်။

ဓားဘုရင်ရှောင်ယောင်သည် သူ၏ တုံ့ပြန်မှု အနည်းငယ် လွန်ကဲသွားသည်ကို သဘောပေါက်သွားပုံ ရသည်။ သူက ရယ်မောပြီး ပြောလိုက်၏။ “ဒါနဲ့... အကြီးအကဲပင်း သောင်းပြောင်းပညာရပ်ဌာနမှာ ဘယ်လောက်ကြာကြာ နေဖို့ ရည်ရွယ်ထားလဲ “

အကြီးအကဲပင်းက ပြန်ဖြေသည်။ “နောက်ထပ် ဆယ့်တစ်လ ဆက်နေပါမယ်...ပြိုင်ပွဲမစခင်တော့ သေချာပေါက် ပြန်လာခဲ့ပါ့မယ် “

“ ကောင်းပြီလေ “

ဓားဘုရင်ရှောင်ယောင်က ခေါင်းအသာ ညိတ်လိုက်သည်။ “ ဒီတစ်‌ခေါက်ပြိုင်ပွဲမှာ အပြင်စည်း၊ အတွင်းစည်းနဲ့ အဓိကတပည့်တွေ အားလုံး တစ်ပြိုင်တည်း ပါလိမ့်မယ်... ပြီးတော့ အဲဒါက လျှို့ဝှက်နယ်မြေ စမ်းသပ်မှုအတွက် ဝင်ခွင့်ပါ ဆုံးဖြတ်ပေးမှာ... ပေါ့ဆလို့တော့မရဘူး “

“နားလည်ပါပြီ” အကြီးအကဲပင်းက လေးစားစွာ ပြန်ဖြေလိုက်၏။

သူမ စိတ်ထဲတွင် တွေးလိုက်သည်။

‘ ငါ ထိုက်ချီဓားဆန္ဒကို နားလည်သွားတာနဲ့ ငါ့တပည့်တွေကို နောက်ထပ် အဆင့်တစ်ခုဆီ သေချာပေါက် မြှင့်တင်ပေးနိုင်မှာ...အချိန်တန်ရင် လူတိုင်းကို အံ့သြသွားအောင် လုပ်ပြမယ် ’

“ အကြီးအကဲပင်းက ဘာလုပ်ရမလဲ ဆိုတာ နားလည်နေပြီဆိုတော့ ကျုပ် ထပ်မပြောတော့ပါဘူး “

ဓားဘုရင်ရှောင်ယောင်က ပြောရင်းဆိုရင်း မတ်တပ်ရပ်လိုက်သည်။

အကြီးအကဲပင်းက ပြောလိုက်သည်။ “ဌာနမှူး... ကျွန်မ လိုက်ပို့ပါရစေ”

“ မလိုဘူး “

ထိုသို့ပြောပြီးနောက် ဓားဘုရင်ရှောင်ယောင်က ကောင်းကင်ယံသို့ ပျံသန်းထွက်ခွာသွားသည်။

အကြီးအကဲပင်းက သူ၏ ကျောပြင် ပျောက်ကွယ်သွားသည်ကို ကြည့်ပြီးနောက် ကောင်းကင်ကို တစ်ချက် မော့ကြည့်လိုက်၏။ သူမလည်း သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရန် အချိန်တန်ပြီ။

သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရောက်သောအခါ လေထုက အထူးတလည် သက်ဝင်လှုပ်ရှားနေသည်။

ချူဖုန်းသည် သူ၏ တပည့်များနှင့်အတူ ကျောက်စားပွဲတွင် ထိုင်ကာ ရှောင်ချန်း စစ်မှန်ကံကြမ္မာနဝမအဆင့် သို့ တက်နိုင်ခဲ့ခြင်းကို ဂုဏ်ပြုနေကြ၏။

အရက် သုံးခွက်လောက် သောက်ပြီးနောက်...

ချူဖုန်းက မေးလိုက်သည်။ “ ရှောင်ချန်း... မင်း အခု စစ်မှန်ကံကြမ္မာ နဝမအဆင့် ကို တက်သွားပြီဆိုတော့ တောင်အောက်ဆင်းပြီး လေ့ကျင့်ဖို့ စီစဉ်ထားလား... ဒါမှမဟုတ် ဌာနမှာပဲ ဆက်နေပြီး ကျင့်ကြံမှာလား “

ရှောင်ချန်းက လေးစားစွာ ပြန်ဖြေသည်။

“ဆရာ... အရင်က ကျွန်တော် လေ့ကျင့်ရေးဆင်းတုန်းက နှစ်တစ်ထောင် စိတ်ဝိညာဉ်ဆေးပင် တစ်ပင် ရခဲ့ပါတယ်... အဲဒီ‌ဆေးပင်က ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းကို ကောင်းကင်ဇာစ်မြစ်တစ်ဝက််အဆင့် အထိ တိုက်ရိုက် တက်ဖို့ ကူညီပေးနိုင်ပါတယ် “

“ ကျွန်တော့်ရဲ့ ဓားဆန္ဒကလည်း ပြီးပြည့်စုံသွားပြီဆို‌တော့ ကောင်းကင်ဇာစ်မြစ်အဆင့်ကို တက်ဖို့ နှစ်လလောက် တံခါးပိတ် ကျင့်ကြံဖို့ စီစဉ်ထားပါတယ် “

ထိုစကားများ သူ၏ နှုတ်မှ ထွက်ပေါ်လာသည့် အခိုက်တွင် လူအုပ်ကြီးက တိတ်ဆိတ်သွား၏။

ချောင်ရို့ချန်က ပြောလိုက်သည်။ “ စီနီယာအစ်ကို... ကျွန်တော် မနာလိုဖြစ်ရတာ ပင်ပန်းလာပြီဗျာ”

ချင်းချင်းကလည်း ပြောသည်။ “ စီနီယာအစ်ကို... အစ်ကိုက တကယ့်ကို ကံတရားရဲ့ မျက်နှာသာပေးခံရတဲ့ ကလေးပဲ “

“ … “

ဝမ်ပေါင်လဲ့၏ ခေါင်းထဲတွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ ‘ စီနီယာအစ်ကိုနဲ့ စီနီယာအစ်မက ပြောစရာရှိတာ အကုန် ပြောသွားပြီပဲ.. ငါက ဘာပြောရတော့မှာလဲ ’

စက္ကန့်အနည်းငယ်ခန့် တွန့်ဆုတ်နေပြီးနောက် သူသည် ရှောင်ချန်းကို ကိုးကွယ်တော့မည့်အလား ကြည့်ကာ ပြောလိုက်သည်။ “ စီနီယာအစ်ကို... အစ်ကိုက အရမ်း မိုက်တာပဲ “

ချူဖုန်းက အရက်တစ်ငုံ သောက်လိုက်ပြီး ပြုံးလိုက်၏။ “ မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ စီစဉ်ထားတဲ့အတိုင်း လုပ်ပါ “

ရှောင်ချန်းက ခေါင်းညိတ်လိုက်သည်။ “ ကျွန်တော့်ကို ထောက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ “

သူတို့ စကားပြောနေစဉ် ဘေးအခန်းမှ ဝုန်းခနဲ အသံကျယ်ကြီး ထွက်ပေါ်လာပြီး လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်၏။

သူတို့အားလုံး အခန်းဘက်သို့ လှည့်ကြည့်လိုက်ကြပြီးနောက် အလိုအလျောက်ပင် ချူဖုန်းကို ပြန်ကြည့်လိုက်ကြသည်။

ချောင်ရို့ချန်က သတိထားကာ မေးလိုက်လေသည်။ “ဆရာ... ဒီလို ပျော်စရာကောင်းတဲ့ နေ့မျိုးမှာ တစ်ခုခုများ မေ့နေလားလို့ “

All Chapters