← Chapters

ငါ့လုပ်ရပ်ကို အခြားသူတွေဆီ ရှင်းပြနေစရာ လိုလို့လား

Vol. 10 Ch. 92

ငါ့လုပ်ရပ်ကို အခြားသူတွေဆီ ရှင်းပြနေစရာ လိုလို့လား

Vol. 10 Ch. 92

မိုးသောက်ချိန်၌။

အကြီးအကဲပင်းသည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းရန် သူမ၏ နတ်ဘုရားအာရုံကို အသုံးပြုလိုက်၏။

သူမ သောင်းပြောင်းပညာရပ်ဌာနသို့ ရောက်နေသည်မှာ နှစ်ရက်ခွဲ ရှိပြီ ဖြစ်၏။

ချူဖုန်း၏ ထိုက်ချီဓားသိုင်းကို မြင်ပြီးကတည်းက ထိုအကြောင်းကိုသာ တွေးနေမိပြီး ဓားသိုင်းကို တတ်မြောက်ချင်နေခဲ့သည်။

‘ ဟိုကောင်စုတ်လေး ချူဖုန်းက ဒီမနက် ထပြီး သူ့တပည့်တွေကို ထိုက်ချီဓားသိုင်း ထပ်သင်ပေးမလား မသိဘူး ’

သူမသည် ချူဖုန်း၏ အခြေအနေကို စူးစမ်းရန် နတ်ဘုရားအာရုံကို အသုံးပြုလိုက်သည်။

သူ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည်ကို တွေ့လိုက်ရသဖြင့် သူမ ဇဝေဇဝါ ဖြစ်သွားမိ၏။

‘ မနေ့က ဒီအချိန်ဆို ထပြီး တပည့်တွေကို သင်ပေးနေပြီ မဟုတ်ဘူးလား’

‘ဒီနေ့က ဘာလို့ ဒီလောက်တောင် အိပ်မောကျနေရတာလဲ’

‘ထားလိုက်ပါတော့ အခြားသူတွေ ဘာလုပ်နေလဲ အရင် ကြည့်ရတာပေါ့ ’

အကြီးအကဲပင်းက သူမ၏ နတ်ဘုရားအာရုံကို တောင်နောက်ဘက်သို့ ဖြန့်ကျက်လိုက်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သောင်းပြောင်းပညာရပ်ဌာနမှ တပည့်အားလုံးသည် ထိုနေရာတွင် စုဝေးပြီး ကျင့်ကြံနေကြသည်ကို တွေ့လိုက်ရ၏။

ဖက်တီးလေးက ထိုက်ချီလက်သီးသိုင်း ကစားနေပြီး ရှောင်ချန်းက ဓားသိုင်းများ လေ့ကျင့်နေသည်။

‘ နေပါဦး... ဒီကောင်လေးက ထိုက်ချီဓားသိုင်းရဲ့ ဓားဆန္ဒကို တစ်ရက်တည်းနဲ့ ဘယ်လိုလုပ် နားလည်သွားတာလဲ...အစောပိုင်းအဆင့်ဆိုရင်တောင်မှ ရှောင်ချန်းက ဓားပါရမီရှင်ပဲပြောပြော ဘာပဲပြောပြော တစ်ရက်တည်းနဲ့ နားလည်တာက ကြောက်စရာကောင်းနေပြီ’

‘ ငါ မကြိုးစားလို့ မဟုတ်သလို ချင်ရို့က ပေါ့ဆနေလို့လည်း မဟုတ်ဘူး... ဒီကောင်လေး ရှောင်ချန်းရဲ့ပါရမီက ကြောက်စရာကောင်းနေလို့ပဲ’

‘ ဓားသိုင်းတစ်ခုကို အကြိမ်နည်းနည်းလောက် ကြည့်ရုံနဲ့ ဘယ်သူက အဲဒီဓားသိုင်းရဲ့ အနှစ်သာရကို နားလည်သဘောပေါက်မှာလဲ ’

‘ နှမြောစရာပဲ... ရှောင်ချန်းက ဓားဆန္ဒရဲ့ အစပိုင်းကို မရောက်တရောက်လေးပဲ ရှိသေးတယ်...ချူဖုန်းသင်ပြပေးသလို ကြည့်ရုံနဲ့တင် လျှို့ဝှက်ချက်တွေကို နားလည်နိုင်တာနဲ့တော့ ဘယ်လိုမှ မယှဉ်နိုင်ဘူး ’

‘ နေပါဦး... ငါက ဘာလို့ ဒီလိုမျိုးတွေ တွေးနေရတာလဲ ’

‘ သူက သာမန်လူတစ်ယောက်လေ..ဒါပေမဲ့ ချူဖုန်းက သောင်းပြောင်းပညာရပ်ဌာနရဲ့ အစစ်အမှန်အမွေအနှစ်တွေကို ရထားပြီများလား... မဟာဆရာသခင်တစ်ယောက် ဖြစ်နေပြီလား မသိဘူး ‘

အကြီးအကဲပင်းသည် ဝမ်တောက်ကျောင်းတော်တွင် ရှိနေခဲ့သည်မှာ ရာစုနှစ် တစ်ခုနီးပါး ရှိခဲ့သည်။ သူမ စရောက်လာတုန်းက သောင်းပြောင်းပညာရပ်ဌာနနှင့် ပတ်သက်သည့် အံ့ဖွယ် ပုံပြင်များစွာကို ကြားခဲ့ဖူး၏။

ပန်းချီကားတစ်ချပ်က တပည့်တစ်ဦးကို တာအိုအား နားလည်သဘောပေါက်သွားစေခြင်း သို့မဟုတ် စစ်တုရင် တစ်ပွဲတည်းဖြင့် ရုတ်တရက် ဉာဏ်အလင်း ပွင့်သွားခြင်း ကဲ့သို့သော ပုံပြင်များကို ကြားဖူးသည်။

သို့သော် လွန်ခဲ့သော ရာစုနှစ်အနည်းငယ်အတွင်း သို့မဟုတ် နှစ်တစ်ထောင်နီးပါး ကာလအတွင်းမှာပင် သောင်းပြောင်းပညာရပ်ဌာနမှ မဟာဆရာသခင် တစ်ပါး သို့မဟုတ် သူတော်စင် တစ်ပါးပင် မပေါ်ထွက်ခဲ့ချေ။

ထို့ကြောင့်ပင် ဝမ်တောက်ကျောင်းတော်မှ အထက်လူကြီးများသည် ဌာန၏ အမွေအနှစ်တွင် တစ်ခုခု မှားယွင်းနေပြီဟု စတင် သံသယ ဝင်လာခဲ့ကြခြင်း ဖြစ်၏။

အခြား ဌာနများနှင့် မတူဘဲ သောင်းပြောင်းပညာရပ်ဌာန၏ သင်ကြားမှုများသည် စွယ်စုံ ဖြစ်သည်။ ဂီတနှင့် စစ်တုရင်မှသည် ပန်းချီနှင့် လက်ရေးလှအထိ အရာအားလုံး ပါဝင်ပေသည်။

ထို့အပြင် တပည့်တစ်ဦးချင်းစီသည် လုံးဝ ထူးခြားသည့် နည်းလမ်းများဖြင့် ကျင့်ကြံကြ၏။

ဤအကြောင်းရင်းများကြောင့် ဌာန၏ အကြီးအကဲများသည် ရာစုနှစ်တစ်ခုကြာအောင် မထင်မရှား ရှိနေတတ်ပြီး နောက်ပိုင်းမှ ရုတ်တရက် နာမည်ကျော်ကြားလာလေ့ ရှိကြသည်။

(T/Nသင်ရတာများလို့ သူများတွေလို ထူးချွန်တာ မမြန်ဘူးလို့ ပြောချင်တာတာပါ)

‘ ချူဖုန်းက အဲဒီလိုလူတွေထဲက တစ်ယောက် ဖြစ်နေမလား ’

အကြီးအကဲပင်းက ဤထူးဆန်းသော အတွေးများကို အတင်းဖိနှိပ်လိုက်ပြီး သောင်းပြောင်းပညာရပ်ဌာနရှိ တပည့်တစ်ဦးချင်းစီ၏ ကျင့်ကြံမှုကို ဆက်လက် လေ့လာလိုက်သည်။

အခြားသူများနှင့်မတူဘဲ ထူးခြားနေသည့် သူတစ်ဦးကို သူမ အလျင်အမြန် သတိထားမိလိုက်၏။

သူ့နာမည်ကို မှတ်မိပါသည်။ ချောင်ရို့ချန်ပင်။ ချောင်မိသားစုမှ နာမည်ဆိုးဖြင့် ကျော်ကြားသည့် အသုံးမကျသည့် ကောင်လေးပင်။

သောင်းပြောင်းပညာရပ်ဌာနသို့ ဝင်ရောက်ပြီးနောက် သူသည် ပါရမီရှင် ခန္ဓာကိုယ်ကျင့်ကြံသူ တစ်ဦး ဖြစ်လာခဲ့သည်။

ယခုအချိန်ထိ ဝမ်တောက်ကျောင်းတော်၏ သူ့အပေါ် အကဲဖြတ်ချက်တွင် စကားလုံး တစ်လုံးတည်းသာ ပါဝင်သည်။ လျှို့ဝှက်ဆန်းကြယ်ခြင်းပင်။

တစ်ချိန်တည်းမှာပင် သူ၏ အလားအလာသည် ဓားပါရမီရှင် ရှောင်ချန်းနှင့် တန်းတူဖြစ်သည်ဟု ဆိုကြ၏။

သို့သော် ယခုအခါ အနာဂတ်တွင် သူတော်စင် တစ်ပါးဖြစ်နိုင်သည့် ပါရမီရှင် တပည့်သည် အလွန် အဆင့်နိမ့်သည့် သိုင်းနည်းစနစ် တစ်ခုကို လေ့ကျင့်နေသည်။

ဘယ်လောက်တောင် အဆင့်နိမ့်သည်လဲဆိုလျှင် အကြီးအကဲပင်းတောင်မှ ၎င်း၏ နာမည်ကို မသိပေ။

ထို့အပြင် ယင်းက အကြီးအကဲပင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် တတ်မြောက်နိုင်မည့် သိုင်းကွက်မျိုး ဖြစ်နေသည်။

‘ ချောင်ရို့ချန်က ဘာလုပ်နေတာလဲ ’

အကြီးအကဲပင်းသည် လုံးဝ ကြောင်အသွားရ၏။ ဤကဲ့သို့သော နည်းစနစ်မျိုးကို ကျင့်ကြံနေခြင်းသည် အချိန်ဖြုန်းခြင်း သက်သက်ပင်။

‘ဒီလက်သီးနည်းစနစ်ကို ပြီးပြည့်စုံခြင်းအဆင့်ထိ ကျွမ်းကျင်သွားရင်တောင် ဘာထူးမှာမလို့လဲ’

အကယ်၍သာ သူမ၏ တပည့်က ယခုလိုလုပ်နေမည် ဆိုလျှင် ပြင်းပြင်းထန်ထန် ဆူပူကြိမ်းမောင်းနေလောက်ပြီ ဖြစ်လေသည်။

‘ လောလောဆယ်တော့ စောင့်ကြည့်ဦးမယ် ’

အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားပြီး နေ့လယ်စာစားချိန်သို့ နီးကပ်လာပြီ ဖြစ်၏။

စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်ရှိသည့် အကြီးအကဲပင်းသည် အစာစားရန် မလိုအပ်ပေ။ အစာခံဆေးလုံး တစ်လုံးက သူမကို သုံးလကြာ အာဟာရပေးနိုင်သည်။

သို့သော် ခြံဝင်းထဲမှ ပျံ့လွင့်လာသော ရနံ့က သူမကို အပြင်ထွက်ပြီး မြည်းစမ်းကြည့်ချင်စိတ်များ ဖြစ်ပေါ်လာစေသည်။

အထူးသဖြင့် ထိုဖက်တီးလေးက အထူး ချက်ပြုတ်နည်းများကို အသုံးပြုပြီး ပြင်ဆင်ထားသည့် အစားအစာများ ဖြစ်သောကြောင့် ထူးကဲသည့် အရသာ ရှိမည်မှာ သေချာသည်။

ကျွီ။

ချူဖုန်းက တံခါးဖွင့်ပြီး အပြင်ထွက်လာသည်။ ခြံဝင်းထဲရှိ မွှေးပျံ့သည့် ဟင်းရနံ့ကို ရှူရှိုက်ရင်း သူက ပြုံးကာ ပြောလိုက်သည်။ “ ဖက်တီးလေး... မင်းရဲ့ လက်ရာက တကယ်ကို တိုးတက်လာတာပဲ”

ဝမ်ပေါင်လဲ့က ပြုံးဖြီးဖြီး လုပ်လိုက်၏။ “ အကုန်လုံးက ဆရာ့ရဲ့ လမ်းညွှန်မှုကြောင့်ပါ... ကျွန်တော် တာအိုတည်ဆောက်ခြင်းအဆင့်ကို ရောက်သွားရင် အကောင်းဆုံးဟင်းလျာတွေကို ချက်ပြုတ်နိုင်တော့မှာပါ”

ချူဖုန်းသည် ဝမ်ပေါင်လဲ့၏ ပခုံးကို ကျေနပ်စွာ ပုတ်လိုက်သည်။ “ ကောင်းတယ်... မင်းက တကယ်ကို ဝမ်မိသားစုရဲ့ သမက်ပဲ “

“ … “

ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင် နားမလည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။

‘ဆရာက ဘာလို့ သူက သမက်တစ်ယောက် ဆိုတာကို ခဏခဏ သတိပေးနေရတာလဲ’

ချူဖုန်းသည် အခြားသူများထံ အာရုံပြောင်းလိုက်သည်။ “ ဒီနေ့ မင်းတို့ ကျင့်ကြံတဲ့အခါ ပြဿနာ တစ်ခုခု ရှိသေးလား “

“ မရှိပါဘူးဆရာ”

“ ပြဿနာ မရှိပါဘူးဆရာ “

ရှောင်ချန်းနှင့် ချင်းချင်းက ပြန်ဖြေလိုက်ကြသည်။

ချောင်ရို့ချန်က ပြုံးပြီး ပြောလိုက်သည်။” ဆရာ... ကျွန်တော် ဟုန်လက်သီး မှာ အသေးစားအောင်မြင်မူ အဆင့်ကို ရောက်နေပါပြီ “

၎င်းကို ကြားလိုက်ရသောအခါ ချူဖုန်း၏ မျက်နှာသည် အတွေးနက်သွားသည့်ဟန်ပင်။

“ သုံးရက်အတွင်း အပြည့်အဝ ကျွမ်းကျင်ပိုင်နိုင်အောင်ကြိုးစား... ပြီးတော့ ခုနစ်ရက်အတွင်းမှာ လက်သီးဆန္ဒကိုပါ နားလည်အောင် လုပ်... တကယ်လို့ မင်း အဲဒါကို လုပ်နိုင်ရင် မင်းရဲ့ နားလည်နိုင်စွမ်းက အနည်းဆုံးတော့ သာမန်ထက် သာတယ်ဆိုတာ သက်သေပြနေတာပဲ...မလုပ်နိုင်ဘူးဆိုရင်တော့ မင်းရဲ့ နားလည်နိုင်စွမ်းက စံသတ်မှတ်ချက်အောက် ရောက်နေတယ်ဆိုတာ ပြနေတာပဲ... နည်းစနစ် တစ်ရာဆိုရင်တောင် မင်းအတွက် လုံလောက်မှာ မဟုတ်ဘူး “

ချောင်ရို့ချန်၏ မျက်နှာသည် ချက်ချင်းကို ခါးသီးသွားသည်။ “ ဆရာ... ကျွန်တော်က အနည်းဆုံးတော့ နတ်ဘုရား ခန္ဓာကိုယ်ကို နိုးထထားတာလေ... ကျွန်တော့်ရဲ့ နားလည်နိုင်စွမ်းက အဲဒီလောက်ကြီးတော့ မဆိုးလောက်ပါဘူး “

ချူဖုန်းက ရယ်မောလိုက်၏။ “ ငါက မင်းကို ဘဝင်မြင့်မသွားအောင် သတိပေးရုံပါ... ဘာပဲဖြစ်ဖြစ် မင်းက ကောင်းကင်တာအိုရဲ့ ကံကြမ္မာသားတော်ဖြစ်တဲ့ မင်းရဲ့ စီနီယာအစ်ကိုလိုမှ မဟုတ်တာ “

“ မင်းလို နောက်ခံမျိုး ရှိတဲ့သူက နာမည်ကြီးဝတ္ထုတွေထဲမှာဆိုရင် အခန်း သုံးခန်းတောင် မပါလိုက်ဘဲ သေသွားမဲ့ အရံဇာတ်‌ကောင်အဆင့်ပဲ ရှိမှာ “

ဖွီး။

ချင်းချင်းက ထိုစကားကို ကြားတော့ အသံထွက်အောင် ရယ်လိုက်မိသည်။

ရှောင်ချန်းနှင့် ဝမ်ပေါင်လဲ့တို့လည်း ချောင်ရို့ချန်ကို ကြည့်ရင်း ရယ်မောလိုက်ကြသည်။

“ ဆရာ... အဲဒီလိုကြီး ပြောတော့ ဒီတပည့်လေးက ရင်နာရပါတယ် “

ချောင်ရို့ချန်က သနားစရာ မျက်နှာထားဖြင့် ချူဖုန်းကို ကြည့်လိုက်၏။

“ဟန်ဆောင်မနေနဲ့... မှတ်ထား... ကျင့်ကြံနေတဲ့အချိန်မှာ စိတ်မလောရဘူး...လက်သီးနည်းစနစ်ထဲက လှုပ်ရှားမှုတိုင်းကို သေချာ ခံစားပြီး အဲဒီနောက်ကွယ်မှာ ပုန်းကွယ်နေတဲ့ ဆန္ဒကို နားလည်အောင် ကြိုးစား”

ချူဖုန်း၏ မျက်နှာထားသည် တင်းမာသွားပြီး လေသံက လေးနက်သွားတော့သည်။

“ ဒီတပည့်က ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေရပါဘူး “

ချောင်ရို့ချန်သည် လေးနက်စွာ ပြန်ဖြေလိုက်၏။

“ ကောင်းပြီ စားကြစို့ “

ချူဖုန်းက လက်ဝှေ့ယမ်းပြပြီး အရင် ထိုင်ချလိုက်သည်။

တပည့်အားလုံးသည် ကျောက်စားပွဲဝိုင်းတွင် စုဝေးထိုင်ကြပြီး အတူတကွ ပျော်ရွှင်စွာ စားသောက်နေကြ၏။နာမည်ကျော် အကြီးအကဲပင်းတစ်ယောက် သောင်းပြောင်းပညာရပ်ဌာနတွင် ရှိနေသေးသည်ကို မေ့သွားကြသည့်အလားပင်။

အကြီးအကဲပင်းသည် ချူဖုန်းပြောခဲ့သည့် စကားများကို ကြားပြီးနောက် ပြတင်းပေါက်အပြင်ဘက် ကောင်းကင်ကို စဉ်းစားဆင်ခြင်ဟန်ဖြင့် ငေးကြည့်နေမိသည်။

‘ ဒီကောင်လေး အခု ဘာတွေ ကြံစည်နေပြန်တာလဲ ’

ဝမ်တောက်ကျောင်းတော်တွင်။

ချောင်ရို့တိသည် စိတ်ဝိညာဉ်ကျောက်တုံး ငါးတုံးအောက် တန်ဖိုးရှိသော ကျင့်ကြံခြင်း နည်းစနစ် အခုနှစ်ဆယ်ကို စုဆောင်းရန် တစ်ရက်သာ အချိန်ယူခဲ့ရသည်။

ဤလုပ်ရပ်က ကျောင်းတော်အတွင်း ပျံ့နှံ့နေသော ကောလာဟလများကို အတည်ပြုပေးလိုက်သည်။ တောင်အောက်မှ ပြန်လာသော တပည့်အချို့ကလည်း ပေါက်ကွဲစေနိုင်လောက်သော သတင်းတစ်ခုကို ယူဆောင်လာကြ၏။

စီနီယာအစ်ကို ချောင်ရို့ချန်က အခြေခံနည်းစနစ် (၈၁) ခုကို ဝယ်ယူဖို့အတွက် စိတ်ဝိညာဉ်ကျောက်တုံးလေးတုံးကို အသုံးပြုခဲ့သည်ဟူ၍ပင်။

၎င်းကို ကြားလိုက်ရသောအခါ ကျောင်းသားအများစု၏ ပထမဆုံး တုံ့ပြန်မှုမှာ အတူတူပင် ဖြစ်သည်။

‘ စီနီယာအစ်ကိုချောင်က ဘာတွေများ လုပ်ဖို့ ကြိုးစားနေတာလဲ’

အတွင်းစည်း ပြိုင်ပွဲစတင်ရန် အချိန်တစ်နှစ်ခန့်သာ ကျန်တော့သည်။ သူက သေချာ လေ့ကျင့်ရမည့်အစား အာရုံစိုက်ခံရဖို့အတွက် ဤကဲ့သို့ကိစ္စရပ်များကိုသာ ပြုလုပ်နေသည်။

‘သူနဲ့ ပြိုင်မဲ့သူတွေ အားလုံး သူ့ကို အထင်သေးသွားအောင် သူ လုပ်ချင်နေတာများလား’

သို့သော် ထိုကဲ့သို့သော ဗျူဟာမျိုးက သူ့အတွက် လှောင်ပြောင်ခံရမှုများသာ ယူဆောင်လာပေလိမ့်မည်။

ချောင်ရို့ချန်ကတော့ အခြားဌာနမှ တပည့်များ၏ မျက်လုံးထဲတွင် လူထူးဆန်း တစ်ယောက် ဖြစ်နေပြီ ဆိုသည်ကို သတိမထားမိသေးပေ။

ချောင်ရို့တိ ပို့ပေးသော ကျောက်စိမ်းပြား အခုနှစ်ဆယ်ကို သူ၏ နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် ခပ်ဖွဖွပြုံးလိုက်၏။

“ ညီလေးတိ... မင်း အလုပ်လုပ်တာ ကောင်းတယ်။ တစ်ယောက်ယောက်က မင်းကို ရိုက်ရင် ငါ့ဆီ တန်းလာခဲ့ “

ချောင်ရို့တိ၏ ပါးစပ်က အလိုအလျောက် တွန့်ကွေးသွားသည်။ ‘ ငါ့အတွက် ကောင်းတဲ့ဟာလေး တစ်ခုမှ မတွေးပေးနိုင်ဘူးလား... ငါ အရိုက်ခံရဖို့ကိုပဲ စောင့်နေတာပေါ့လေ... ဟုတ်လား ’

သို့တိုင် သူက ထိုအတွေးများကို ဖိနှိပ်ထားလိုက်သည်။

“ အစ်ကိုချန်... ဘာလို့ အသုံးမဝင်တဲ့ နည်းစနစ်တွေ ဒီလောက် အများကြီး ဝယ်နေရတာလဲ...လူတိုင်းက အစ်ကို့ကို ရယ်နေကြတယ် “

သိုင်းကျမ်းများ စတင် ဝယ်ယူကတည်းက ဤကဲ့သို့ ဖြစ်လာမည်ကို ချောင်ရို့ချန်က ကြိုတင် ခန့်မှန်းထားပြီး ဖြစ်ရာ အပြုံးဖြင့် ပြန်ပြောလိုက်သည်။

“ ညီလေးတိ... ငါ့ဘဝမှာ လုပ်တဲ့ အရာတိုင်းကို အခြားသူတွေဆီ ဘာလို့ ရှင်းပြနေစရာ လိုမှာလဲ... အတွင်းစည်း ပြိုင်ပွဲကျရင် ငါ ဘယ်လောက်တောင် တောက်ပမလဲ ဆိုတာကိုသာ စောင့်ကြည့်နေလိုက်စမ်းပါ “

ထိုစကားများကြောင့် ချောင်ရို့တိ၏ မျက်လုံးများက တောက်ပသွားပြီး ရယ်မောလိုက်၏။ “ အစ်ကိုချန်... အစ်ကိုက ငယ်ငယ်ကတည်းက ယုံလို့ရတယ်... အစ်ကို ဒီလောက်တောင် ယုံကြည်မှု ရှိနေမှတော့ ကျွန်တော် အဘိုးဆီကို အေးအေးဆေးဆေး သတင်း သွားပို့လို့ ရပါပြီ “

“ ဒုက္ခခံပေးလို့ ကျေးဇူးပဲ “

ချောင်ရို့ချန်သည် သူ့ပခုံးကို ပုတ်လိုက်သည်။ ဆေးပညာဌာနနှင့် ပတ်သက်လာလျှင် အဘိုး၏ အမြင်မှ ဘာတစ်ခုမှ လွတ်ကင်းနိုင်မည် မဟုတ်ကြောင်းကို သူ ကောင်းကောင်း သိထားပေသည်။

အထူးသဖြင့် ချောင်ရို့တိက အဆင့်နိမ့်သိုင်းကျမ်းများကို ဤမျှ ပေါ်ပေါ်ထင်ထင် လိုက်ဝယ်နေသည့်အချိန်တွင်ပင်။ သူ့ကွယ်ရာ၌ လှောင်ရယ်နေမည့်သူများ အများကြီး ရှိနေမည်မှာ သေချာပါသည်။

‘ဟမ်...အတွင်းစည်းပြိုင်ပွဲစတာနဲ့ ပထမနေရာယူပြီး လူတိုင်းကို အံ့ဩသွားအောင် လုပ်ရမယ်...ဟီးဟီး လှောင်နေတဲ့သူတွေရဲ့မျက်နှာတွေကို ဖြတ်ရိုက်ရမယ်’

သူ၏စီနီယာအစ်ကိုသည်တော့ သေချာပေါက် ကောင်းကင်ဇာစ်မြစ်အဆင့်ကိုတက်ပြီး အဓိကတပည့်ပြိုင်ပွဲ၌ ပါဝင်လိမ့်မည်။ အတွင်းစည်း၌ စီနီယာအစ်ကိုမရှိလျှင် မည်သူမျှ သူ၏ပြိုင်ဘက်မဖြစ်နိုင်တော့ပေ။

All Chapters