← Chapters

ရွှေရောင်လမ်းပြအလင်းတန်း

Vol. 21 Ch. 201

ရွှေရောင်လမ်းပြအလင်းတန်း

Vol. 21 Ch. 201

နှလုံးသားမျိုးနွယ်စုမှလူများမှာ လွယ်လွယ်ကူကူဖြတ်သန်းခဲ့ရသည်မဟုတ်။ ပထမဦးစွာ သူတို့သည် အခြားနယ်မြေများ၏ တိုက်ခိုက်ခြင်းကိုခံခဲ့ရပြီး အမြဲတမ်းစိုးရိမ်ထိတ်လန့်စွာနေထိုင်ခဲ့ရသည်။

ထို့နောက် ရေမျိုးနွယ်စုနှင့်ပူးပေါင်းခဲ့သော်လည်း နေ့စဉ်နှင့်အမျှ အတင်းအဖျင်းပြောဆိုမှုများနှင့် ဝေဖန်မှုများကို သည်းခံခဲ့ရ၏။ နောက်ဆုံးတွင် ထောင်ချောက်တစ်ခုထဲသို့ ခြေစုံပစ်ဝင်မိပြီး တစ်မျိုးနွယ်လုံးသုတ်သင်ခံရလုနီးပါးဖြစ်ခဲ့ရသည်။ ဤခရီးစဉ်မှာ နားထောင်ရသူအဖို့ ရင်နာစရာဖြစ်ပြီး မြင်တွေ့ရသူအဖို့ မျက်ရည်ကျစရာပင်။

လိပ်နက်ဘုရင်၊ မိုချန်နှင့် အခြားသူများနှင့် ပြန်လည်ဆုံတွေ့ပြီးနောက် လိပ်ကြီး၏ကျောပေါ်ရှိ ကောင်းမွန်သော ဝိုင်များ၊ စားသောက်ဖွယ်ရာများ၊ စားပွဲများ၊ ရုပ်သေးအကအဖွဲ့နှင့် အခြားဖျော်ဖြေရေးအစီအစဉ်များကိုမြင်လိုက်ရသောအခါ ချင်းစော့၏မျက်လုံးများ ပြူးကျယ်သွားရတော့သည်။

အစ်ကိုကြီးချန်ပင်လျှင် ရှားရှားပါးပါး အားနာစိတ် ဖြစ်ပေါ်လာ၏။ သူကတော့ လမ်းတစ်လျှောက်လုံး သီချင်းဆို၊ ကခုန်၊ မာကျောက်ကစားပြီး အိပ်စက်ကာ အမှတ်များစုဆောင်းရင်း အစေခံမနှစ်ယောက်ကိုပါရရှိခဲ့သည်။ သူတို့နှင့်ယှဉ်လျှင် ကွာခြားချက်က အလွန်ကြီးမားလွန်း၏။

"ဒါနဲ့ ဂိုဏ်းချုပ်ကျန်း... ကျွန်မတို့ ရုတ်တရက် ဒီကိုရောက်လာတာ ရှင့်ကြောင့်လား"

ကျန်းချန်က တွေဝေခြင်းမရှိဘဲ ခေါင်းငြိမ့်ပြလိုက်သည်။

"အတိအကျပဲ"

"ငါဒီက ဒေသခံ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နဲ့ မတော်တဆမိတ်ဆွေဖြစ်သွားလို့ မင်းတို့ထောင်ချောက်မိပြီး ဒုက္ခရောက်နေတာကိုသိခဲ့ရတာ"

သူက လက်သီးကိုတင်းတင်းဆုပ်ကာ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"ငါငြိမ်နေလို့မရဘူးလေ"

"နှလုံးသားမျိုးနွယ်စုဝင်တွေက ငါ့ရဲ့သူငယ်ချင်းကောင်းတွေပဲ။ သူငယ်ချင်းတွေ ဒုက္ခရောက်နေတာကို ငါဘယ်လိုလုပ် လျစ်လျူရှုထားနိုင်မှာလဲ။ အဲဒါကြောင့် ငါအများကြီးဖျောင်းဖျပြီး အရင်းအနှီးအမြောက်အမြားပေးလိုက်ရလို့ အဲဒီပုဂ္ဂိုလ်ကြီးက မင်းတို့ရဲ့အကျပ်အတည်းကို ဖြေရှင်းပေးခဲ့တာ"

နှလုံးသားမျိုးနွယ်စု၏ နှစ်သက်မှုကိုရယူခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးရမည်ကို မသိသော်လည်း၊ ဤကဲ့သို့ ကျေးဇူးရောင်းသည့်စစ်ဆင်ရေးမျိုးမှာ အစ်ကိုကြီးချန်အတွက် ဗီဇအရကျွမ်းကျင်နေပြီးသားပင်။ သူ၏လုပ်ဆောင်ချက်များကို အမွမ်းတင်ပြောဆိုလေ့ရှိသည်။

မည်သို့ဆိုစေ ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရက ထွက်ပြေးသွားပြီဖြစ်ရာ သူကြိုက်သလိုဇာတ်လမ်းဆင်နိုင်သည်။ ထို့အပြင် သူသာ အနှစ်သာရကိုမကယ်ခဲ့လျှင် ချင်းစော့တို့ လွတ်မြောက်လာနိုင်မည်မဟုတ်သည်မှာလည်း အမှန်ပင်။

သူတို့အတွက် ကျန်းချန်က ဤမျှကြိုးစားအားထုတ်ပေးခဲ့သည်ကို သိရသောအခါ ချင်းစော့နှင့် အခြားသူများမှာ ချက်ချင်းပင်မျက်ရည်ဝဲကာ စိတ်လှုပ်ရှားသွားကြ၏။

"ဂိုဏ်းချုပ်ကျန်း... ကျွန်မတို့ရှင့်ကို ဘယ်လိုကျေးဇူးဆပ်ရမလဲ"

"ရှင်ကျွန်မတို့ကို နောက်တစ်ကြိမ်ကယ်ခဲ့ပြန်ပြီ။ ရှင်ဟာ ကျွန်မတို့နှလုံးသားမျိုးနွယ်စုကို အသက်ပြန်သွင်းပေးတဲ့သူပါပဲ"

တော်ပြီ တော်ပြီ၊ မင်းတို့က နှစ်ပေါင်းနှစ်သန်းလောက် ငါ့ထက်အသက်ကြီးနေတာကို။

"မဟာမိတ်တွေအနေနဲ့ ဒါက ငါလုပ်သင့်တဲ့ အသေးအမွှားကိစ္စလေးပါ"

စိတ်အေးသွားရသော နှလုံးသားမျိုးနွယ်စုဝင်များသည် ဖိအားအားလုံး လွတ်ကင်းသွားသလို ခံစားလိုက်ရ၏။ ဂိုဏ်းချုပ်ကျန်းနှင့် ပြန်ဆုံပြီးနောက်တွင် ဘာကိုမှကြောက်စရာမလိုတော့ဟု သူတို့ အလိုလိုခံစားနေမိသည်။

မိုချန်က အနားသို့ချဉ်းကပ်ကာ မေးမြန်းသည်။

"ဂိုဏ်းချုပ်... အင်မော်တယ်လောကဝင်ပေါက်နဲ့ပတ်သက်ပြီး သတင်းတစ်ခုခုရှိပါသလား"

သူပြောလိုက်သည်နှင့် လူတိုင်းကနားစွင့်လိုက်ကြသည်။

"စိတ်မပူပါနဲ့၊ ဟင်းလင်းပြင်အင်မော်တယ်နယ်မြေက မကြာခင်ပျောက်ကွယ်သွားတော့မှာပါ။ အင်မော်တယ်လောက တက်လှမ်းတဲ့စည်းမျဉ်းတွေ ပုံမှန်ပြန်ဖြစ်သွားရင် မင်းတို့ပြန်ပြီးတက်လှမ်းနိုင်ပါလိမ့်မယ်"

"တကယ်လား"

"ဒါကတော့ တကယ့်ကိုကောင်းတာပဲ"

ယခင်က မျှော်လင့်ထားသလို အင်မော်တယ်လောကထဲသို့ ခိုးမဝင်နိုင်တော့သော်လည်း လူတိုင်းက ဝမ်းသာအားရအော်ဟစ်နေကြသည်။ အနည်းဆုံးတော့ စစ်မှန်သော မျှော်လင့်ချက်ရှိလာပြီ မဟုတ်ပါလား။

သို့သော် သူတို့အောင်ပွဲခံနေစဉ်မှာပင် အဆုံးမရှိသောမွဲပြာရောင်ကောင်းကင်ယံကြီးမှာ ရုတ်တရက် လင်းထိန်သွား၏။ ရွှေရောင်အလင်းတန်းကြီးများ တဖြည်းဖြည်းတောက်ပလာပြီး ဟင်းလင်းပြင်အင်မော်တယ်နယ်မြေတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေသည်။

"ဒါဘာလဲ"

ကျန်းချန်လည်း သိချင်စိတ်ဖြစ်သွားသည်။ သူက ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရကို ခေါ်မေးရန်ပြင်လိုက်စဉ်မှာပင် ထိုရွှေရောင်အလင်းတန်းဆီမှ ထူးဆန်းသောဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ရ၏။

သူတင်မကဘဲ ဟင်းလင်းပြင်ရှိလူအားလုံး ခံစားလိုက်ရခြင်းဖြစ်သည်။ ထိုရွှေရောင်အလင်းတန်းမှထွက်ပေါ်လာသောဆွဲဆောင်မှုမှာ သူတို့ကို အခြားကမ္ဘာတစ်ခုသို့ ခေါ်ဆောင်နေသကဲ့သို့ပင်။

"ငါ့ဂိုဏ်းကရှေးဟောင်းကျမ်းစာတစ်အုပ်ထဲမှာ ဒီမြင်ကွင်းကိုတွေ့ဖူးတယ်"

"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဂိုဏ်းတည်ထောင်သူ ဘေးဒုက္ခကိုကျော်ဖြတ်ပြီးတဲ့အခါ ကောင်းကင်ကနေ ရွှေရောင်အလင်းတန်းတွေဆင်းသက်လာပြီး သူ့ကိုအင်မော်တယ်လောကဆီ လမ်းပြခေါ်ဆောင်သွားခဲ့တာ"

"ဒါ... ဒါက လမ်းပြရွှေရောင်အလင်းတန်းများလား"

"ဒါပေမဲ့ ငါတို့က ဘေးဒုက္ခကိုမှမကျော်ဖြတ်ရသေးတာ"

"ဟုတ်တယ်... ငါဆို သူတော်စင်အဆင့်အထွက်အထိပ်ကိုတောင် မရောက်သေးဘူး၊ လမ်းပြရွှေရောင်အလင်းတန်းက ဘယ်လိုလုပ်ပေါ်လာတာလဲ"

"အခု စည်းမျဉ်းတွေက ရှုပ်ထွေးနေတာပဲ၊ ဘေးဒုက္ခမကျော်ဘဲ တိုက်ရိုက်အင်မော်တယ်ဖြစ်သွားဖို့က ဘယ်ဖြစ်နိုင်မှာလဲ"

"ဒီအခွင့်အရေးကို ငါတို့အလွတ်မခံနိုင်ဘူး"

တစ်စုံတစ်ယောက်က ရွှေရောင်အလင်းတန်းတစ်ခုအတွင်းသို့ တိုက်ရိုက်တိုးဝင်လိုက်သည်။ ထို့နောက် ထိုလူမှာ ကောင်းကင်ယံသို့ လွင့်မြောတက်သွားပြီး မကြာမီမှာပင် ဟင်းလင်းပြင်မှ ပျောက်ကွယ်သွားတော့သည်။

"သူ အင်မော်တယ်ဖြစ်သွားတာလား"

"မဖြစ်နိုင်တာ... ဒီလောက်လွယ်လွယ်လေးလား"

မရေမတွက်နိုင်သောလူများမှာ ရူးသွပ်သွားကြပြီး လမ်းပြရွှေရောင်အလင်းတန်းများဆီသို့ အပြေးအလွှား သွားကြတော့သည်။

ထို့နောက် လူများစွာမှာ တစ်ဦးပြီးတစ်ဦး ပျောက်ကွယ်သွား၏။ ကျန်းချန်တို့အဖွဲ့လည်း ချွင်းချက်မဟုတ်ပေ။ ချင်းစော့တို့နှင့် လိပ်နက်ဘုရင်မှာလည်း ၎င်းမှာ လမ်းပြရွှေရောင်အလင်းတန်းဖြစ်ကြောင်း လျင်မြန်စွာအသိအမှတ်ပြုလိုက်ကြသည်။

"ဂိုဏ်းချုပ်ကျန်း ဒါ... ကျွန်မတို့တက်သွားကြမလား"

လူတိုင်းက သွားချင်စိတ်ပြင်းပြနေကြသော်လည်း ကျန်းချန်၏အမိန့်ကိုသာ စောင့်နေကြသည်။

"ဒါဆို သွားကြတာပေါ့"

ဤကဲ့သို့သော အခွင့်အရေးကို ငြင်းပယ်စရာအကြောင်းမရှိ။ သူ၏စည်းမျဉ်း ၉၉၂ ခုကို အခြေခံအဆင့်ရောက်အောင်ကျင့်ရန် မည်မျှကြာမည်နည်း။ ယခု အင်မော်တယ်လောကသို့ တိုက်ရိုက်သွားနိုင်ပြီဖြစ်ရာ သူလည်းဝမ်းသာနေမိသည်။

နှင်းယုန်ဘုရင်မနှင့် ကြက်ဘုရင်မတို့အပါအဝင် လူတိုင်းသည် ရွှေရောင်အလင်းတန်းအတွင်းသို့ လှမ်းဝင်လိုက်ကြ၏။

ထို့နောက် မပြင်းထန်သောဆွဲဆောင်မှုတစ်ခုကို ခံစားလိုက်ရပြီး ဖြည်းဖြည်းချင်း ပျံတက်သွားကြရာ အမြင့်သို့ရောက်လေလေ သူတို့ခေါင်းပေါ်တွင် ကမ္ဘာသစ်တစ်ခုပေါ်လာလေလေပင်။

ထိုကမ္ဘာ၏ပြာလွင်သောကောင်းကင်၊ ဖြူလွသောတိမ်တိုက်များ၊ စိမ်းလန်းသောတောင်တန်းများနှင့် ကြည်လင်သောရေပြင်များကို မြင်တွေ့နေရပြီဖြစ်သည်။ ဖုန်ထူပြီး ကျောက်ခဲများလွင့်စင်နေသော ဟင်းလင်းပြင်နှင့်ယှဉ်လျှင် ၎င်းမှာသုခဘုံတစ်ခုပင်။

"အဲဒါအင်မော်တယ်လောကလား"

"ဖြစ်ရမယ်"

"မြန်မြန်ဝင်ရအောင်"

မည်သူမျှမတွန့်ဆုတ်တော့ဘဲ ထိုသုခဘုံသို့ တက်ကြွစွာပျံသန်းသွားကြသည်။

ထိုနေရာသို့ဝင်ရောက်ပြီး မြေပြင်ပေါ်ခြေချလိုက်သောအခါ မကြုံစဖူးသောအေးချမ်းမှုကိုခံစားရ၏။ လတ်ဆတ်သောလေပြေက တိုက်ခတ်သွားပြီး လူတိုင်းကိုလန်းဆန်းပျော်ရွှင်စေသည်။

"အား။ နောက်ဆုံးတော့ အင်မော်တယ်လောကကိုရောက်ပြီ"

"ဒါက ဒဏ္ဍာရီလာ အင်မော်တယ်အနှစ်သာရချီလား"

ပတ်ဝန်းကျင်ရှိအရှိန်အဝါမှာ အောက်လောကထက် အဆပေါင်းများစွာပိုမြင့်မား၏။ နှလုံးသားမျိုးနွယ်စုဝင်များစွာမှာ မြေပြင်သို့ရောက်သည်နှင့် တင်ပျဉ်ခွေထိုင်ကာ အင်မော်တယ်အရှိန်အဝါ၏ လှုံ့ဆော်မှုကြောင့် အဆင့်တက်ရန်ပြင်ဆင်ကြတော့သည်။

ကျန်းချန်လည်း ခြွင်းချက်မဟုတ်ပေ။ သူသည် ရွှမ်ကျီရုပ်ပုံထဲမှ တပည့်အားလုံးကို ထုတ်လိုက်သည်။

"ဟမ်... ဒါ ဘယ်နေရာလဲ"

"ဟင်းလင်းပြင်မဟုတ်တော့ဘူးလား"

"ဂိုဏ်းချုပ်... ကျွန်မတို့ အင်မော်တယ်လောကထဲ ရောက်သွားပြီလား"

ကျန်းချန် သူတို့ကိုဖြေရန်အချိန်မရှိ။ လူတိုင်းထွက်လာသည်နှင့် စနစ်ကသူ့ကို အမှတ်များ အသည်းအသန် ပေးနေတော့သည်။

အပြင်မှာတစ်နှစ်ကြာခဲ့သော်လည်း ရွှမ်ကျီရုပ်ပုံထဲတွင် နှစ်ပေါင်း ၈,၁၀၀ ကျော် ကုန်ဆုံးသွားခဲ့လေပြီ။ ကျီလင်ဟန်နှင့် လင်နင်တို့မှာ သူတော်စင်အဆင့် ၉ သို့ ရောက်ရှိနေကြ၏။ လော့ယွမ်၊ ဝေမြောင်နှင့် အခြားသူများမှာလည်း သူတော်စင်အဆင့် ၁ နှင့် ၂ သို့ ရောက်ရှိသွားကြပြီဖြစ်သည်။ စတုတ္ထမျိုးဆက်တပည့်များအားလုံး တာအိုနန်းတော်အဆင့်သို့ ရောက်ရှိသွားကြလေပြီ။

အစ်ကိုကြီးချန် စာရင်းတွက်ကြည့်လိုက်သောအခါ ဤတစ်ကြိမ်တွင် အမှတ် ၁၇.၂ ဘီလီယံ တိုးလာသည်ကို တွေ့လိုက်ရသည်။ သူ၏ မူလ ၇.၅ ဘီလီယံနှင့် ပေါင်းလိုက်လျှင် ယခုအခါ အမှတ်များမှာ ၂၄.၇ ဘီလီယံ အထိရှိလေပြီ။

All Chapters