စည်းမျဉ်းအပိုင်းအစများ
Vol. 21 Ch. 203
ဤအချက်က ကျန်းချန်ကို သိချင်စိတ်ဖြစ်သွားစေသည်။
"သမီးလေး... ဒီမှာ ဝိညာဉ်သွေးကြောတွေ ဒါမှမဟုတ် အင်မော်တယ်သွေးကြောတွေ တစ်ခုမှရှာမတွေ့ဘူးလား"
ဒီနေရာမှာ အင်မော်တယ်အနှစ်သာရချီတွေရှိနေပြီး အခြေအနေတွေက အရင်ဖေးရှန်ဂိုဏ်းထက် အများကြီးပိုကောင်းနေသည်မဟုတ်ပါလား။
"မရှိဘူး... မရှိဘူး"
အဝါလေးက ဆူပုတ်ကာ မကျေမနပ်ပြောလိုက်သည်။ သူတို့အပြင်မထွက်ခင်က အစ်ကိုကြီးချန်သည် သူမအတွက် ပိုကောင်းသောဝိညာဉ်သွေးကြောတစ်ခုရှာပေးမည်ဟု ကတိပေးခဲ့သည့်အတွက် အနည်းငယ် အနေရခက်စရာဖြစ်သွား၏။
ဒီနေရာက အရမ်းဝေးလံခေါင်သီလွန်းလို့ အင်မော်တယ်လောကရဲ့ လူသူမနီးတဲ့တောရိုင်းမြေလို့ပဲ သတ်မှတ်လို့ရတာလား...
အဲဒါကြောင့် အင်မော်တယ်သွေးကြောတွေ လုံးဝမရှိတာလား...
မိုချန် အရင်ကပြောခဲ့ဖူးသည့်အတိုင်း အင်မော်တယ်လောက၏အရင်းအမြစ်များကို အင်အားကြီးဂိုဏ်းများကသိမ်းပိုက်ထားပြီးဖြစ်ရာ အင်မော်တယ်သွေးကြောများသည်လည်း ချွင်းချက်ဖြစ်လိမ့်မည်မဟုတ်။
သူသည် မေးစေ့ကိုပွတ်ရင်း အောက်လောကမှာလုပ်ခဲ့သလိုမျိုး ထပ်လုပ်ရမလားဟု တွေးတောနေမိသည်။ ဥပမာ- အင်မော်တယ်လောက ဂိုဏ်းတစ်ခုခုကို အရင်သုတ်သင်ပြီး သူတို့ရဲ့ အင်မော်တယ်သွေးကြောကို လုယူလိုက်တာမျိုးပေါ့။
သို့သော် ရန်ငြိုးမရှိဘဲလုပ်ရန်မှာ မသင့်တော်သလိုခံစားရသည်။ အဓိကအကြောင်းရင်းမှာ အင်မော်တယ်များ မည်မျှအစွမ်းထက်သည်ကို သူသေချာမသိသေးပေ။
ဖေးရှန်ဂိုဏ်းနှင့် နှလုံးသားမျိုးနွယ်စုပေါင်းလျှင် လူအင်အားများပြားသည်ဟုထင်ရသော်လည်း သူတို့တွင် အင်မော်တယ်တစ်ယောက်မှမပါချေ။ တစ်ဖက်က အင်မော်တယ်အုပ်စုကြီးက လက်တစ်ချက်ဝှေ့ယမ်းရုံဖြင့် သူ့ကိုနှိမ်နင်းနိုင်လျှင် မည်သို့လုပ်ကြမည်နည်း။
ခဏလောက်စောင့်ကြည့်ပြီး သူတို့ရဲ့စုပေါင်းအင်အား တိုးတက်လာအောင်လုပ်ရင်း၊ ပတ်ဝန်းကျင်အခြေအနေကို အရင်စုံစမ်းတာက ပိုကောင်းလိမ့်မည်။ ထို့နောက် သူသည် ရွှမ်ကျီရုပ်ပုံကိုဖွင့်ကာ အတွင်း၌ ဝိညာဉ်သွေးကြောတစ်ခုတည်ဆောက်ရန် စတင်သုတေသနပြုတော့သည်။ စနစ်၏ ဖော်ပြချက်အရ ရွှမ်ကျီရုပ်ပုံအတွင်း၌ အရာဝတ္ထုများဖန်ဆင်းနိုင်သည်မှာ အမှန်ပင်။
သို့သော် ဝိညာဉ်သွေးကြောတစ်ခု၏ဈေးနှုန်းမှာ ကြီးမားလွန်းလှ၏။ အဆင့် ၆ အတွက် အမှတ် ၁၀ သန်း လိုအပ်သည်။ အဆင့် ၉ ဆိုလျှင် အမှတ် ၁၀ ဘီလီယံ လိုအပ်သည်။ ဖေးရှန်ဂိုဏ်း၏ ယခင်ဝိညာဉ်သွေးကြောမှာ အဆင့် ၆ ဖြစ်သော်လည်း အဝါလေးက ၎င်းကို အဆင့် ၈ အထိ မြှင့်တင်ပေးခဲ့၏။
သူ့သမီးလေးကို အဆင့်ပိုမြင့်သည့် ဝိညာဉ်သွေးကြောပေးမည်ဟူသည့်ကတိကို ပြန်သတိရလိုက်မိသည်။ သူသည် နှမြောတသစွာဖြင့် အမှတ် ၁ ဘီလီယံ အသုံးပြုကာ အဝါလေးအတွက် အဆင့် ၈ ဝိညာဉ်သွေးကြောတစ်ခုကို ရွှမ်ကျီရုပ်ပုံအတွင်း၌ ဖန်ဆင်းပေးလိုက်ပြီးနောက် သမီးလိမ္မာလေးကို အတွင်းသို့ပို့ပေးလိုက်၏။
အဆင့် ၈ ဝိညာဉ်သွေးကြောကိုမြင်လိုက်ရသောအခါ အဝါလေးသည် ဝမ်းသာအားရအော်ဟစ်ကာ အထဲသို့ခုန်ဝင်သွားတော့သည်။ သူမအတွက်မူ အတွင်းရှိဝိညာဉ်သွေးကြောမှာ အပြင်ဘက်ရှိ အင်မော်တယ်အနှစ်သာရချီထက်ပင် ပို၍တန်ဖိုးရှိပုံရပြီး ခဏအတွင်းမှာပင် ထိုဝိညာဉ်သွေးကြော၏ အဆင့်မြင့်တက်လာတော့သည်။
၎င်းသည် အဆင့် ၉ သို့ရောက်ရှိသွားပြီး ထိုနေရာတွင်ရပ်မနေဘဲ အဆင့် ၉ ၏ အတားအဆီးကိုပါ ကျော်ဖြတ်သွား၏။ ကျန်းချန်အာရုံခံကြည့်လိုက်သောအခါ အပြင်ဘက်နှင့် တစ်ထေရာတည်းတူညီသော အင်မော်တယ်အနှစ်သာရချီများ ပေါ်ပေါက်လာသည်ကို တွေ့လိုက်ရသည်။
သူမရှိနေခြင်းကြောင့် ဝိညာဉ်သွေးကြောပတ်ဝန်းကျင် မိုင်ပေါင်းသိန်းချီသောဧရိယာမှာ စိုပြည်စိမ်းလန်းလာတော့သည်။ မှိုပင်လေးများမှာလည်း အရှိန်အဟုန်ဖြင့်ကြီးထွားလာပြီး လူတစ်ရပ်မကမြင့်လာကာ အသိဉာဏ်ရရှိလာသကဲ့သို့ပင်။
"ငါ့သမီးကတော့ တကယ့်ကိုနတ်ဘုရားမလေးပဲ"
သူသာ ဖန်ဆင်းခြင်းစွမ်းရည်ကို စောစောကသိခဲ့လျှင် အောက်လောကမှာရှိစဉ်ကတည်းက ရွှမ်ကျီရုပ်ပုံအတွင်း အင်မော်တယ်လောက အသေးစားလေးတစ်ခု ဖန်ဆင်းထားနိုင်ပေသည်။
"သမီးလေး... ဒီနေရာကို သဘောကျရဲ့လား"
"အရမ်းသဘောကျတယ်"
"ဖေဖေက အရမ်းတော်တယ်မဟုတ်လား"
သူ့စကားကို တော်တော်နှင့်ပြန်ဖြေသံမကြားရချေ။ သေချာအာရုံခံကြည့်လိုက်မှ သမီးလေးမှာ ဝိညာဉ်သွေးကြောထဲ၌အိပ်ပျော်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
သမီးလေး၏ချီးကျူးစကားကို မကြားရသဖြင့် အစ်ကိုကြီးချန်မှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားရ၏။
ထို့နောက် လူတိုင်း ဤနေရာတွင် အခြေချနေထိုင်ကြသည်။ နေ့စဉ်နေ့တိုင်း ကျန်းချန်သည် တပည့်တစ်ဦး၏ပါရမီကို မြှင့်တင်ပေးမြဲ။ ဟုတ်ပါသည်၊ သူကိုယ်တိုင်လည်း ကျင့်ကြံခြင်းကို လျစ်လျူမရှုခဲ့ချေ။
အဆင့် ၅ ကံစမ်းမဲ အကြိမ် ၁၀၀ ဆက်တိုက်ဆွဲပြီးနောက် စာရင်းတွက်ကြည့်သောအခါ ကံစမ်းမဲ ၁၀၀ မှ အင်မော်တယ်ဆေးလုံး ၂၄ လုံးသာ ထွက်ပေါ်လာသည်။ သူ ၎င်းတို့ကိုမျိုချလိုက်ပြီးနောက် သူ၏နတ်ဘုရားဝိညာဉ်မှာ သူတော်စင်အဆင့်၏အထွက်အထိပ်သို့ ရောက်ရှိသွားသော်လည်း ကျင့်စဉ်အဆင့်မှာမူ သူတော်စင်အဆင့်အစောပိုင်းတွင်ရှိနေ၏။ သူတော်စင်အဆင့်တွင် အဆင့်တက်ရန်မှာ အလွန်ခက်ခဲလွန်းလှသည်။
ကိစ္စမရှိ... နောက်ထပ် အမှတ် ၁ ဘီလီယံ ထပ်သုံးမည်...
အဆင့်မတက်မချင်း ထပ်ခါထပ်ခါလုပ်မည်...
ကံစမ်းမဲ အကြိမ် ၁၀၀ ကို ၅ ခါဆက်တိုက် အသုံးပြုပြီးနောက်တွင် သူ၏ကျင့်စဉ်အဆင့်မှာ နောက်ဆုံး၌ သူတော်စင်အဆင့်အလယ်ပိုင်းသို့ ရောက်ရှိသွား၏။ အင်မော်တယ်ဆေးလုံးများနှင့် အချို့သောကမ္ဘာ့ရတနာများအပြင် ဤကံစမ်းမဲ ၅၀၀ မှ မြင့်မြတ်အင်မော်တယ်တာအိုအငွေ့အသက် ၆ ခု ထပ်မံရရှိခဲ့သည်။
သိမ်းထားလျှင်လည်း အလဟဿဖြစ်နေဦးမည့်အတူ အစ်ကိုကြီးချန်မှာ အချိန်မဖြုန်းဘဲ မိမိကိုယ်ကိုအားကောင်းစေမည့်အရာမှန်သမျှကို ချက်ချင်းအသုံးပြု၏။ လူအုပ်ကြီး၏ ဆွံ့အသော အကြည့်များအောက်တွင် သူ၏သိုင်းတာအို ၆ ခုမှာလည်း မြင့်မြတ်အင်မော်တယ်အဆင့်သို့ ရောက်သွားလေသည်။
ထို့အပြင် ဤတစ်ကြိမ်တွင် သူတော်စင်အဆင့်လက်နက် ၂၁ ခုနှင့် အဆင့်နိမ့်မှော်ရတနာ ၁၈ ခုကို ရရှိခဲ့သည်။ ပြီးခဲ့သည့်အကြိမ် အဖြူရောင်မျှော်စင်ကိုဖောက်ခွဲစဉ်က ပျက်စီးသွားသောချန်လီဓားကို ပြုပြင်ရန်ပျင်းနေသဖြင့် ယခုအသစ်များဖြင့် တိုက်ရိုက်လဲလှယ်လိုက်တော့သည်။
အစစ်အမှန်အင်မော်တယ်အဆင့်ရှိ သိုင်းပညာများနှင့် ကျင့်စဉ်များကိုမူ ထုတ်မယူသေးချေ။ အင်မော်တယ်အဖြစတက်လှမ်းပြီးမှသာ အလိုအလျောက် အမြင့်ဆုံးအဆင့်ရောက်သွားစေရန် သင်ယူရန်နှိပ်လိုက်တော့မည်။
ဤအရာများအပြင် သူသည် နတ်ဘုရားအဆင့် အဆိပ်မျိုးစေ့၊ နှလုံးသားမျိုးစေ့နှင့် ဆေးမျိုးစေ့တို့ကိုလည်းရရှိခဲ့ရာ ဤတာအိုသုံးခုတွင်လည်း ထိပ်တန်းပါရမီရှင်ဖြစ်လာခဲ့သည်။ နတ်ဘုရားအဆင့် နှလုံးသားမျိုးစေ့ကြောင့် သူသည် နှလုံးသားမျိုးနွယ်စု၏ နှလုံးသားထိန်းချုပ်တံဆိပ်ကိုပါ သင်ယူနိုင်တော့မည်။
ဤကံစမ်းမဲ ၅၀၀ မှ မိုးကြိုးဝိညာဉ်နှင့် ဖျက်ဆီးခြင်းဝိညာဉ်တို့ကိုလည်း ရရှိခဲ့သည်။ ယခုမှစ၍ သူ၏တိုက်ခိုက်မှုတိုင်းတွင် လျှပ်စစ်စွမ်းအားနှင့် ဖျက်ဆီးခြင်းစွမ်းအားများ ထပ်ဆောင်းပါဝင်လာမည်ဖြစ်ရာ တိုက်ခိုက်ရေးစွမ်းရည် ပိုမိုတိုးတက်လာတော့မည်။
သူသည် ရွှမ်ကျီရုပ်ပုံအပိုင်းအစ ၁၀၅ ခု ရရှိခဲ့ပြီး ၎င်းတို့ကိုပေါင်းစပ်လိုက်သောအခါ အချိန်စီးဆင်းမှုနှုန်းမှာ ၁၉,၅၀၀ ဆအထိ ရောက်ရှိသွား၏။ အချိန်စီးဆင်းမှုနှုန်း တိုးတက်မှုမှာ နှေးကွေးလာသော်လည်း လူဦးရေကန့်သတ်ချက်မှာမူ အလွန်လျင်မြန်စွာတိုးတက်လာသည်။
ယခင် လူ ၁,၂၀၀ ကျော်မှ ယခု လူ ၁၅၃,၀၁၀ အထိ လက်ခံနိုင်သွားလေပြီ။ ထို့အပြင် ရွှမ်ကျီရုပ်ပုံအတွင်းရှိ မြေမျက်နှာသွင်ပြင်မှာလည်း အကြီးအကျယ်ပြောင်းလဲသွားသည်။
စိမ်းလန်းစိုပြည်သောတောင်တန်းကြီးများ မြေပြင်မှထိုးထွက်လာပြီး မြစ်ကြီးများမှာ တောင်များကြားတွင် အဆုံးမရှိစီးဆင်းနေသည်။ မြင့်မားသောသစ်ပင်ကြီးများမှာလည်း သက်ဝင်လှုပ်ရှားကြီးထွားလာပြီး ကမ္ဘာတစ်ခု၏အသွင်သဏ္ဍာန်ကို အမှန်တကယ် ဆောင်လာတော့သည်။
ဤအချက်က အစ်ကိုကြီးချန်ကို ပို၍ပျော်ရွှင်စေပြီး အဆင့် ၆ ကံစမ်းမဲ ၁၀ ကြိမ်ဆက်တိုက်ဆင်နွှဲရန် ဆုံးဖြတ်လိုက်သည်။ အဆင့် ၆ ကံစမ်းမဲ တစ်ကြိမ်လျှင် အမှတ် သန်း ၁၀၀ ကုန်ကျသဖြင့် ၁၀ ကြိမ်လျှင် ၁ ဘီလီယံ ကုန်ကျမည်။
အလင်းတန်းတစ်ခု လက်ခနဲဖြစ်သွားပြီးနောက် စနစ်မျက်နှာပြင်တွင် ဆုလာဘ်များပေါ်လာသည်။ ဤ ၁၀ ကြိမ်မှ ဒုတိယအဆင့်အင်မော်တယ်ဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။
ထို့အပြင် မြင့်မြတ်အင်မော်တယ်တာအိုအငွေ့အသက် ၁ ခု ထပ်ရ၏။ ၎င်းကြောင့် သူ၏ နောက်ဆုံးသိုင်းတာအိုကိုပါ မြင့်မြတ်အင်မော်တယ်အဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
ထို့အပြင် ကောင်းကင်အင်မော်တယ်အဆင့် ကျင့်စဉ်တစ်ခုလည်း ရရှိခဲ့သည်။ ကျန်သည်များမှာ အင်မော်တယ်လောကတွင်သာ ပေါ်ပေါက်နိုင်သည့် ကမ္ဘာ့ရတနာများပင်။
ဤမျှသာဆိုလျှင် အစ်ကိုကြီးချန် စိတ်ကျေနပ်လိမ့်မည်မဟုတ်။ အဓိကအချက်မှာ ဤကံစမ်းမဲမှ ပစ္စည်းအသစ်တစ်ခုဖြစ်သော စည်းမျဉ်းအပိုင်းအစများထွက်ပေါ်လာခြင်းပင်။ စနစ်ကိုဖွင့်လိုက်သောအခါ စနစ်က ညွှန်ကြားချက်ကိုပြသပေးသည်။
စည်းမျဉ်းအပိုင်းအစ- မည်သည့် ပင်မစည်းမျဉ်း ၁၀ ခုကိုမဆို အခြေခံအဆင့်သို့ မြှင့်တင်ပေးနိုင်သည် သို့မဟုတ် မည်သည့် ပင်မစည်းမျဉ်း တစ်ခုကိုမဆို အသေးစားအောင်မြင်မှုအဆင့်သို့ မြှင့်တင်ပေးနိုင်သည်။
ဤရတနာသာ အပြင်မှာပြန့်နှံ့သွားလျှင် မရေမတွက်နိုင်သော သူတော်စင်အဆင့်ကျွမ်းကျင်သူများကို ရူးသွပ်သွားစေလိမ့်မည်။ စည်းမျဉ်းတစ်ခုတိုးတက်ရန်မှာ အသိအမြင်နှင့် အချိန်ကာလ တစ်ခုတည်းကိုသာ အားကိုးရသည်မဟုတ်ပါလား။
နှစ်ပေါင်းသန်းချီရှင်သန်ခဲ့သော သူတော်စင်အဆင့်ကျွမ်းကျင်သူများသည် သူတို့၏သက်တမ်းထက်ဝက်ကျော်ကို ထိုအလုပ်အတွက်သာ အသုံးပြုကြရသည်။ ပင်မစည်းမျဉ်းအဆင့်မြင့်လေ သူတော်စင်နယ်မြေပိုအားကောင်းလေဖြစ်ပြီး ပိုင်ရှင်၏ စွမ်းအားမှာလည်း ပိုပြင်းထန်လာမည်သာ။
သူတို့၏ သူတော်စင်နယ်မြေများတွင် ပင်မစည်းမျဉ်း ၃ ခုမှ ၅ ခုသာ ရှိတတ်ကြပြီး အချို့မှာ ပါရမီကန့်သတ်ချက်ကြောင့် သက်တမ်းကုန်သည်အထိ အခြေခံအဆင့်ရောက်အောင်ပင် မကျင့်နိုင်ကြချေ။
ပြိုင်ဘက်ကင်းပါရမီရှင်အချို့လည်းရှိ၏။ သူတို့၏နယ်မြေတွင် ပင်မစည်းမျဉ်း ၁၀ ခုမက ရှိသော်လည်း နှစ်ပေါင်းတစ်သိန်းအတွင်းမှာပင် အားလုံးကို အခြေခံအဆင့်ရောက်အောင်ကျင့်နိုင်ကြသည်။ သို့သော် သူ၏ရှေ့မှ စည်းမျဉ်းအပိုင်းအစနှင့် ယှဉ်လိုက်လျှင် သူတို့မှာ ချက်ချင်းပင် ဖုန်မှုန့်ဘဝရောက်သွားရတော့မည်။
စည်းမျဉ်းအပိုင်းအစတစ်ခုသည် သူတို့၏ နှစ်ပေါင်းများစွာသော ခက်ခဲပင်ပန်းမှုများကို အစားထိုးနိုင်သည်မဟုတ်ပါလား။ အစ်ကိုကြီးချန်အတွက်မူ ဤအရာမှာ မိုးခေါင်ရေရှားနေချိန်တွင် ရွာချလိုက်သော မိုးရေကဲ့သို့ပင်ဖြစ်ပြီး သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေသည်။
သူ့အတွက် အင်မော်တယ်ဖြစ်ဖို့ အကြီးမားဆုံးအတားအဆီးမှာ ထိုပင်မစည်းမျဉ်း ၉၉၂ ခုပင်။ သူ့ကို နှစ်ပေါင်းသိန်းချီ သန်းချီ ကျင့်ကြံခိုင်းပြီး စည်းမျဉ်းတွေကို ဖြည်းဖြည်းချင်းနားလည်အောင် လုပ်ခိုင်းသည်က သူ့ကိုသတ်နေခြင်းပင်။
"ငါ အစကတည်းကပြောပြီးသားပဲ။ ပင်မစည်းမျဉ်းတွေကိုကျင့်ကြံတာက ငါ့လိုခန့်ညားတဲ့ပါရမီရှင်အတွက် ဘာမှမခက်ခဲပါဘူး"
ကံမကောင်းစွာဖြင့် ပျက်စီးခြင်းနယ်မြေ၏အနှစ်သာရမှာ ဤစကားကိုမကြားနိုင်သည့်အကွာအဝေးသို့ ရောက်ရှိသွားလေပြီ။