← Chapters

အတူတူရင်ဆိုင်ကြစို့

Vol. 21 Ch. 205

အတူတူရင်ဆိုင်ကြစို့

Vol. 21 Ch. 205

ကျန်းချန်က ဆက်မေးလိုက်သည်။

"အဲဒီ အစစ်အမှန်အင်မော်တယ်၅ ယောက်က တကယ်ပဲ အဲဒီလောက်စိတ်ကောင်းရှိလို့လား။ ခင်ဗျားတို့ကို ဗဟုသုတတွေအများကြီး လာပြောပြနေတယ်ဆိုတော့"

ဤစကားကိုကြားလိုက်ရသောအခါ ဓားနယ်မြေမှ ဓားကျင့်ကြံသူ ၂၀၀ နှင့် ကျန်ရှိသော နယ်မြေပေါင်းစုံမှ ကျွမ်းကျင်သူ ၁,၀၀၀ ခန့်မှာ မကျေမနပ်ဖြစ်နေသော အမူအရာများ ပြသလာကြသည်။

"ဂိုဏ်းချုပ်ကျန်းပြောတာ လုံးဝမှန်ပါတယ်"

ဓားသူတော်စင်ကွေ့ချန်းက သက်ပြင်းချရင်းဆိုသည်။

"သူတို့က ဘယ်လိုလုပ်စိတ်ကောင်းရှိမှာလဲ။ သူတို့ရှိနေတာကြောင့် ဒီအမြစ်မဲ့ကျွန်းဟာ အင်အားစုသုံးခုရဲ့ တိုက်ပွဲမြေပြင်ဖြစ်နေပါပြီ"

သူ၏ရှင်းပြချက်အရ ကျန်းချန်သည် ကျွန်းပေါ်ရှိလက်ရှိအခြေအနေကို နားလည်သွားတော့သည်။ အစစ်အမှန်အင်မော်တယ်၅ ယောက် ပေါ်လာပြီးနောက် သူတို့သည် နယ်မြေအသီးသီးမှ ကျွမ်းကျင်သူများကို သူတို့၏လက်အောက်ခံဖြစ်လာစေရန် စတင်နှိမ်နင်းခဲ့ကြသည်။

သူတို့တွင် အင်မော်တယ်ခန္ဓာကိုယ်၊ အင်မော်တယ်ဝိညာဉ်၊ အင်မော်တယ်စွမ်းအားနှင့် အင်မော်တယ်လက်နက်များရှိ၏။ သူတို့၏ စည်းမျဉ်းများကိုအသုံးချနိုင်စွမ်းမှာလည်း သူတော်စင်အဆင့်ထက် များစွာသာလွန်သဖြင့် သူတို့၏အစွမ်းမှာ သူတော်စင်အဆင့်ကျွမ်းကျင်သူများထက် သာလွန်နေလေသည်။

ထို့အပြင် သူတို့နောက်သို့လိုက်ပါခြင်းမှာ နောင်တွင် သန့်စင်သောအင်မော်တယ်ကြာပန်းကို စီးနင်းခွင့်ရမည်ဟု ဆိုလိုခြင်းပင်။ အချို့သောနယ်မြေများမှာ သူတို့ထံ တဖြည်းဖြည်းအညံ့ခံပြီး လက်ပါးစေများဖြစ်လာကြသည်။

"အဲဒီ ၅ ယောက်ကတော့ အင်မော်တယ်ဟွမ်းချုံ၊ အင်မော်တယ်နင်ဝူ၊ အင်မော်တယ်ရှောက်ချုံ၊ အင်မော်တယ်ဆင်းချွမ်နဲ့ အင်မော်တယ်ကျန့်ထိုင်တို့ပဲ။ သူတို့ ၅ ယောက်က လမ်းစဉ်ချင်းမတူကြဘူး။ အဲဒီထဲမှာ အင်မော်တယ်ဟွမ်းချုံနဲ့ အင်မော်တယ်နင်ဝူတို့က ပူးပေါင်းထားကြတယ်"

"အင်မော်တယ်ရှောက်ချုံနဲ့ အင်မော်တယ်ဆင်းချွမ်တို့ကတစ်တွဲ"

"အင်မော်တယ်ကျန့်ထိုင်ကတော့ တစ်ယောက်တည်းပဲ"

"သူတို့တစ်ယောက်ချင်းစီက နယ်မြေအုပ်စုတွေကိုစုစည်းထားကြပြီး အခုဆိုရင် အဲဒီအင်အားစုသုံးခုက အမြဲတမ်းတိုက်ခိုက်နေကြတာ"

အစ်ကိုကြီးချန်မှာ နားထောင်ရင်း ခေါင်းပင်မူးလာတော့သည်။

ဒါကဘာဂိမ်းလဲ...

ဒီကျွန်းပေါ်မှာ သုံးပြည်ထောင်မင်းသားတွေလို ကစားနေကြတာလား...

"သူတို့က ဘာလို့တိုက်နေကြတာလဲ"

ဓားသူတော်စင်လင်ရှင်းက အေးစက်စက်ပြောလိုက်သည်။

"အရင်းအမြစ်တွေအတွက်ပဲပေါ့။ တခြားနယ်မြေက ကျွမ်းကျင်သူတွေကိုသတ်ရင် သူတို့စုဆောင်းထားတာတွေကို ရနိုင်တယ်လေ"

"ဒါ့အပြင် ပြိုင်ဘက်တွေကို ကြိုတင်ပြီးရှင်းထုတ်လိုက်တာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကြာပန်းပေါ်မှာ လူဦးရေကန့်သတ်ချက်ရှိတယ်လေ။ တခြားလူတွေအကုန်သေသွားရင် ကျန်တဲ့သူတွေက ကြာပန်းကိုစီးပြီးထွက်သွားလို့ရမှာပေါ့"

အစ်ကိုကြီးချန်က ပေါ့ပေါ့ပါးပါးပင်မေးလိုက်သည်။

"ဒါဆို ခင်ဗျားတို့ကဘယ်ဘက်ကလဲ"

အစမှအဆုံးထိ တစ်ခွန်းမှမပြောခဲ့သော ဓားသူတော်စင်ပေ့ယွမ်က ခေါင်းကိုဖြည်းဖြည်းချင်း မော့လိုက်သည်။ သူ၏ ကျဆင်းနေသော မျက်ခုံးတန်းများမှာ တဖြည်းဖြည်းနှင့် အလွန်စူးရှလာတော့သည်။

"ကျွန်တော်တို့ ဓားကျင့်ကြံသူတွေက... ဘယ်တော့မှကျွန်မခံဘူး"

သူပြောပြီးသည်နှင့် သူ၏နောက်မှ ဓားကျင့်ကြံသူ ၂၀၀ နှင့် ကျွမ်းကျင်သူ ၁,၀၀၀ မှာ စိတ်လှုပ်ရှားစွာ ပြောဆိုလာကြသည်။

"မှန်တယ်။ အင်မော်တယ်ဖြစ်လာတယ်ဆိုတာ လွတ်လပ်ဖို့လေ၊ ဘယ်လိုလုပ် သူများရဲ့ကျွန်ခံနေမှာလဲ"

"အဲဒီလိုသာဆိုရင် ငါသေပြီးပျောက်ကွယ်သွားတာကမှ တော်ဦးမယ်"

"အစစ်အမှန်အင်မော်တယ်တွေဆိုတော့ ဘာဖြစ်လဲ။ အင်မော်တယ်ဧကရာဇ် ကိုယ်တိုင်ဆင်းလာရင်တောင် ငါ့အရိုးတွေကိုပဲချေမွလို့ ရမယ်၊ ငါ့ဒူးကိုတော့ထောက်ခိုင်းလို့မရဘူး"

ဤစကားများကိုကြားရသောအခါ ကျန်းချန်ပင်လျှင် စိတ်လှုပ်ရှားမှုကိုမထိန်းနိုင်တော့ပေ။ စဉ်းစားကြည့်လျှင် အောက်လောကမှ ထိပ်တန်းကျွမ်းကျင်သူများမှာ သူရဲကောင်းများ၊ ထူးချွန်သူများ မဟုတ်ပါလား။ ပြင်ပလူတစ်ယောက်ကိုဒူးထောက်ပြီး ကျွန်ခံရန်မှာ မဖြစ်နိုင်သလောက်ပင်။

"ဒါဆို အခုဘာလုပ်ဖို့စီစဉ်ထားလဲ"

"အခု အင်အားစုသုံးခုစလုံးက အချင်းချင်းတိုက်ခိုက်နေကြတာတင်မကဘူး၊ သူတို့အုပ်စုထဲမဝင်တဲ့ နယ်မြေတွေကိုလည်း လိုက်လံနှိမ်နင်းနေကြတာ"

ဓားသူတော်စင်ကွေ့ချန်းက သက်ပြင်းချလိုက်သည်။

"နယ်မြေပေါင်းစုံမှာ နံပါတ်တစ်ဖြစ်တဲ့ တောရိုင်းနယ်မြေတောင်မှ အင်မော်တယ်နင်ဝူနဲ့ ရှောက်ချုံတို့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ခုခံတိုက်ပွဲအတွင်းမှာ တောရိုင်းဘိုးဘေးဆယ်ယောက်ကျော် သေဆုံးသွားခဲ့ရပြီ"

"မိစ္ဆာနယ်မြေလည်း အကျအဆုံးအလွန်များတယ်။ ငါနဲ့ အစွမ်းချင်းမတိမ်းမယိမ်းရှိတဲ့ ဝိညာဉ်ပျက်မိစ္ဆာသူတော်စင်တောင်မှ ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲပြီး သေဆုံးသွားခဲ့ရတယ်"

"ငါတို့ဓားနယ်မြေလည်း အင်မော်တယ်ကျန့်ထိုင်နဲ့ သူ့လက်အောက်ခံတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ သူတော်စင်အဆင့် ၇ ယောက်၊ သူတော်စင်အဆင့် ၄၅ ယောက် နဲ့ တာအိုနန်းတော်အဆင့် ၇၀ သေဆုံးသွားခဲ့ရတယ်"

ချင်းစော့၊ လိပ်နက်ဘုရင်နှင့် အခြားသူများမှာ အသက်ရှူပင်မှားသွားကြ၏။ တောရိုင်းနယ်မြေ၊ မိစ္ဆာနယ်မြေနှင့် ဓားနယ်မြေတို့မှာ အောက်လောက၏ ထိပ်တန်းအင်အားကြီးနယ်မြေသုံးခုဖြစ်သည်။

အထူးသဖြင့် တောရိုင်းနယ်မြေမှာ နံပါတ်တစ်နေရာကို အခိုင်အမာယူထားခြင်းဖြစ်သည်။ သူတို့နယ်မြေမှ သူတော်စင်အဆင့် ကျွမ်းကျင်သူ ၁၀၀ ကျော် ဟင်းလင်းပြင်ထဲဝင်လာခဲ့ခြင်းဖြစ်ရာ အလွန်ကြောက်စရာကောင်းသောအင်အားပင်။

ထိုကဲ့သို့သော အင်အားကြီးနယ်မြေများပင် ဤမျှဆိုးရွားစွာခံစားနေရလျှင် အခြားနယ်မြေများမှာ အညံ့ခံခြင်းမှလွဲ၍ အခြားလွတ်လမ်းမရှိတော့ပေ။ သို့သော် ထိုထိပ်တန်းကျွမ်းကျင်သူများမှာ သာမန်အစစ်အမှန်အင်မော်တယ်များထံအညံ့ခံရန် ဝန်လေးနေကြ၏။

အစ်ကိုကြီးချန်ကို ပို၍အံ့သြစေသည်မှာ ထိုနယ်မြေကြီးသုံးခု၏ တိုက်ခိုက်ရေးစွမ်းရည်ပင်။ အင်မော်တယ်များနှင့် လက်ပါးစေအုပ်စုကြီး၏ ဝိုင်းရံနှိမ်နင်းမှုအောက်တွင် ထိုနယ်မြေသုံးခုစလုံး လုံးဝသုတ်သင်မခံရသေးခြင်းမှာ အံ့သြစရာပင်။

အစစ်အမှန်အင်မော်တယ်နှင့် သူတော်စင်အဆင့်ကြားတွင် မိုးနှင့်မြေကွာခြားသော်လည်း၊ ထိုနယ်မြေကြီးများမှ ထိပ်တန်းကျွမ်းကျင်သူများမှာ သူတော်စင်အဆင့်၏ ကန့်သတ်ချက်ကိုကျော်လွန်သော အစွမ်းအစများရှိပုံရသည်။

"ဒါဆို အခုဘာလုပ်ဖို့ စီစဉ်ထားလဲ"

"အခုလောလောဆယ်တော့ ရှောင်နေဖို့စဉ်းစားထားတယ်။ အင်အားပြန်ပြည့်လာပြီဆိုမှ တောရိုင်းနယ်မြေနဲ့ မိစ္ဆာနယ်မြေကလူတွေကိုဆက်သွယ်ပြီး ဆုံးဖြတ်ချက်တစ်ခုခုချကြမယ်"

ဓားသူတော်စင်ကွေ့ချန်းက အပြုံးများ ပြန်လည်ဖော်ဆောင်ကာ ကျန်းချန်ကို ထပ်မံဖိတ်ခေါ်လိုက်သည်။

"ဂိုဏ်းချုပ်ကျန်းဆန္ဒရှိမယ်ဆိုရင် ကျွန်တော်တို့နဲ့ အတူတူသွားလို့ရပါတယ်။ လူများရင် အင်အားပိုကြီးတာပေါ့"

ဤစကားကိုကြားသောအခါ ချင်းစော့တို့မှာ စိတ်ဝင်စားသွားကြ၏။ သူတို့ဘက်တွင် ကျွမ်းကျင်သူနည်းပါးသဖြင့် အတူတူသွားခြင်းက ပို၍ဘေးကင်းမည်မဟုတ်ပါလား။

သို့သော် အစ်ကိုကြီးချန်တွင် အခြားအစီအစဉ်ရှိသည်။ ဤနေရာတွင်ရှုပ်ထွေးနေပြီး ရန်သူများက အစွမ်းထက်ကာ ဘဝကမရေရာကြောင်းကြားလိုက်ရသဖြင့် ပျော်လွန်း၍ ထခုန်ချင်သွားသည်။ စည်းမျဉ်းအပိုင်းအစများမှာ အဆင့် ၆ ကံစမ်းမဲတွင်သာ ပေါ်သည်မဟုတ်ပါလား။ အဆင့် ၆ ကံစမ်းမဲ တစ်ကြိမ်လျှင် အမှတ် သန်း ၁၀၀ ကုန်ကျရာ သူသည် ယခု အမှတ်များကို အလွန်အမင်းလိုအပ်နေ၏။

အမှတ်အမြန်ဆုံးရနိုင်သည့်နည်းလမ်းမှာ တိုက်ပွဲများတိုက်ခိုက်ပြီး လုယက်ခြင်းပင်။ သူသည် သူအသုံးပြုနိုင်သော စနစ်ထံမှ အခွင့်အရေးများနှင့် အသုံးချနိုင်သည်များကို သေချာတွက်ချက်ကြည့်လိုက်ပြီးနောက် အစစ်အမှန်အင်မော်တယ်များသည် သူ့ကိုနှိမ်နင်းနိုင်မည်မဟုတ်ကြောင်း ဆုံးဖြတ်လိုက်သည်။ ထို့အပြင် သူသေသွားလျှင်လည်း ပြန်လည်ရှင်သန်နိုင်သည် မဟုတ်ပါလား။

"ငါကတော့ ထွက်ပြေးဖို့အစီအစဉ်မရှိဘူး။ သူတို့ကို ထိပ်တိုက်ရင်ဆိုင်မယ်"

ဓားသူတော်စင်ကွေ့ချန်း ကြောင်သွားသည်။

"ဘာကို ဆိုလိုတာလဲ။ တစ်ဖက်မှာ အင်မော်တယ်တွေရှိနေတာကို မပြေးဘဲ တိုက်မယ်လို့ ပြောတာလား"

"ဂိုဏ်းချုပ်ကျန်း။ စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ဦး"

"ဟုတ်တယ်။ အင်မော်တယ်တွေရဲ့အစွမ်းက ငါတို့ရောက်နိုင်တဲ့အဆင့်မဟုတ်ဘူး"

သူတို့မှာ ကျန်းချန်ကိုအားနာ၍ ဝိုင်းပြောနေကြခြင်းဖြစ်သည်။

အခြားကျင့်ကြံသူများကလည်း စိတ်ပျက်သောမျက်လုံးများဖြင့်ကြည့်ကာ ခေါင်းခါလိုက်ကြသည်။ သူတို့ထဲမှအများစုမှာ ကျန်းချန်၏အမည်ကိုမကြားဖူးကြချေ။ ဝိညာဉ်တစ်ထောင်နယ်မြေဆိုသည်မှာလည်း ထင်ရှားသောနယ်မြေမဟုတ်။

ဓားသူတော်စင်ကွေ့ချန်းကဲ့သို့သောပုဂ္ဂိုလ်မျိုးက ဤလူကိုအလေးထားနေခြင်းမှာပင် သူတို့အတွက် နားမလည်နိုင်စရာဖြစ်နေရသည်။ ယခုမူ ဤလူသည် အလွန်စိတ်လိုက်မာန်ပါလုပ်တတ်ပြီး ဦးနှောက်မရှိသူဟု ထင်မြင်သွားကြ၏။

ကျန်းချန်ကတော့ သူတို့ဘာတွေးတွေးဂရုမစိုက်။ သူ့ခေါင်းထဲတွင် အမှတ်များကသာ နေရာယူထားသည်။ ဘယ်သူမှ သူ့ကိုတား၍မရတော့ချေ။

"ကျင့်ကြံသူတွေဆိုတာ ကောင်းကင်နဲ့ မြေကြီးကို ဆန့်ကျင်တိုက်ခိုက်ရမှာပဲ"

"နှစ်ပေါင်းများစွာကြိုးစားအားထုတ်ခဲ့ပြီး အခက်အခဲတွေကိုကျော်ဖြတ်လာခဲ့တာပဲ။ ဘယ်တုန်းက အခက်အခဲတွေကို ကြောက်ခဲ့လို့လဲ"

"ထွက်ပြေးတာက ငါ့ရဲ့ပုံစံမဟုတ်ဘူး။ အစစ်အမှန်အင်မော်တယ်ဆိုတာ ဘာအကောင်မို့လို့လဲ"

ပြောပြီးသည်နှင့် သူတော်စင်ဓားကိုဆွဲထုတ်လိုက်ပြီး ရှေ့သို့ညွှန်ပြလိုက်တော့သည်။

မိုချန်၊ မျက်စိသုံးလုံးကျားနှင့် အခြားသူများမှာ စိတ်ထဲတွင်ကျိတ်၍ဝေဖန်နေကြသည်။

"တခြားလူတွေပြောရင်ထားပါတော့၊ ခင်ဗျားပြောတာကတော့ တကယ်အမြင်ကပ်ဖို့ကောင်းတယ်။ ခင်ဗျားဘယ်တုန်းကကြိုးစားခဲ့ဖူးလို့လဲ။ ဘယ်တုန်းက အခက်အခဲတွေကို ကျော်ဖြတ်ခဲ့လို့လဲ"

သို့သော် ဓားသူတော်စင်ကွေ့ချန်းမှာမူ ကျန်းချန်၏စကားကြောင့် စိတ်လှုပ်ရှားသွား၏။ သူသည် ခဏမျှတိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် ကျယ်လောင်စွာရယ်မောလိုက်တော့သည်။

"ကောင်းလိုက်တဲ့ ဂိုဏ်းချုပ်ကျန်း။ ငါကိုယ်ငါ တကယ်ရှက်မိသွားပြီ။ မင်းနဲ့အတူ ရန်သူကို သွားရောက်ရင်ဆိုင်ဖို့ ငါဆန္ဒရှိတယ်"

All Chapters