← Chapters

အစ်ကိုကြီးကဇာတ်လိုက်ပဲ

Vol. 21 Ch. 206

အစ်ကိုကြီးကဇာတ်လိုက်ပဲ

Vol. 21 Ch. 206

ဓားသူတော်စင်ကွေ့ချန်း၏တိုက်တွန်းမှုကြောင့် ဓားနယ်မြေမှဓားကျင့်ကြံသူနှစ်ရာ ပြန်လှည့်လာပြီး ကျန်းချန်နှင့်အတူတိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြသည်။

အစ်ကိုကြီးချန်မှာ မူလကငြင်းပယ်ရန်ကြံစည်ခဲ့သော်လည်း ယခုတစ်ကြိမ်တွင် သူသေမည်မဟုတ်ဘဲ သူ၏နတ်ဘုရားသဖွယ် စွမ်းအားများကိုပင်ပြသနိုင်ဦးမည်ကို တွေးမိသွားသည်။ ဤကဲ့သို့သောမြင်ကွင်းမျိုးကို ကြည့်ရှုသက်သေခံမည့်သူမရှိလျှင် ဆားမပါသောဟင်းကဲ့သို့ အရသာပေါ့ပျက်နေလိမ့်မည်။

ထို့ကြောင့် သူသဘောတူလိုက်ရုံတင်မကဘဲ သူ၏ဘေးနားရှိလူတိုင်းကိုပါ ခေါ်ဆောင်သွားခဲ့သည်။

"အဲဒီ အစစ်အမှန်အင်မော်တယ်တွေက ဘယ်မှာလဲ"

"ကျွန်တော်တို့ကတော့ အင်မော်တယ်ကျန့်ထိုင်ရှိတဲ့နေရာတစ်ခုပဲသိတယ်"

အစ်ကိုကြီးချန်က လက်ကိုဝှေ့ယမ်းလိုက်သည်။

"လမ်းပြစမ်း"

သူ့ပုံစံမှာ ဤလူအုပ်ကြီး၏ခေါင်းဆောင်ဖြစ်သွားသည့်အလားပင်။ ဓားနယ်မြေနောက်သို့လိုက်ပါလာသော ကျွမ်းကျင်သူတစ်ထောင်ကျော်မှာမူ ဤတန်ပြန်တိုက်စစ်ဆင်နွှဲမည့် ဆုံးဖြတ်ချက်ကို လုံးဝနားမလည်နိုင်ကြ။

သူတို့အမြင်တွင် ဤအပြုအမူမှာ သေတွင်းထဲခုန်ဆင်းခြင်းဖြစ်ပြီး အလွန်မိုက်မဲလှ၏။ သို့သော် သူတို့မှာရွေးချယ်စရာမရှိ...

ဤနေရာတွင် ဓားနယ်မြေက အင်အားအကြီးဆုံးဖြစ်နေသည်။ နောက်ဆုံးတွင် လူ ၃၀၀ ကျော်မှာ လိုက်ပါရန် ရွေးချယ်ခဲ့ကြပြီး ကျန် ၇၀၀ မှာ ဝေးရာသို့ ဆက်လက်ထွက်ပြေးသွားကြသည်။

အစ်ကိုကြီးချန်သည် ဤလူစုကိုခေါ်ဆောင်ကာ ရှေ့ဆုံးမှပျံသန်းသွားလေ၏။ လူအုပ်ကြီးကိုဦးဆောင်ကာ တိုက်ပွဲဝင်ရသည်မှာ အထင်ကြီးစရာကောင်းသည်ဟု သူခံစားနေရသည်။ သို့သော် သူ့နောက်မှ ကျွမ်းကျင်သူအများအပြားမှာ စိတ်ထဲတွင်ကျိတ်၍ မကျေမနပ်ဖြစ်နေကြသည်ကို သူမသိပေ။

"ဒီကောင်က သူ့ကိုယ်သူ ဘာမှတ်နေတာလဲ။ ဓားနယ်မြေကလူတွေက အစွမ်းအထက်ဆုံးပဲ၊ သူတို့ကသာ တကယ့်ခေါင်းဆောင်တွေဖြစ်သင့်တာ"

"ဓားသူတော်စင်ကွေ့ချန်းရဲ့ မျက်နှာကိုထောက်ထားလို့သာ လိုက်လာတာ၊ သူကတော့ သူ့ကိုယ်သူ တကယ်ကြီး ခေါင်းဆောင်လို့မှတ်နေတာလား"

မိုင်ပေါင်းသိန်းနှင့်ချီခရီးနှင်ပြီးနောက် ရှေ့တည့်တည့်မှ အခြားအဖွဲ့တစ်ဖွဲ့ ပျံသန်းလာနေ၏။ ရှေ့ဆုံးမှဦးဆောင်လာသူမှာ ကောင်းကင်ယံတစ်ခုလုံးကိုဖုံးလွှမ်းထားပြီး ရွှေရောင်အလင်းများ တလက်လက်တောက်ပနေသည့် ဧရာမနဂါးကြီးတစ်ကောင်ပင်...

၎င်း၏နောက်တွင် တိုက်ပွဲဝင်မျောက်ဘုရင်လည်း ပါဝင်လာသည်။ ထို့ပြင် အခြားမိစ္ဆာဘုရင် ၃၀ ကျော်နှင့် မိစ္ဆာအုပ်စုကြီးလည်း ပါလာ၏။

"အမလေး... နဂါးဘုရင်ကြီး မဟုတ်လား"

ဟင်းလင်းပြင်နှင့် အတားအဆီးများကို ဖောက်ထွင်းမြင်နိုင်စွမ်းရှိသော ထိုရွှေရောင်မျက်လုံးများကို မြင်လိုက်ရသည်နှင့် မျက်စိသုံးလုံးကျားမှာ မတုန်လှုပ်ဘဲမနေနိုင်တော့ပေ။ သူသည် တိုက်ပွဲဝင်မျောက်ဘုရင်ကို အနိုင်ယူခဲ့သော်လည်း နဂါးဘုရင်ကြီးနှင့်ရင်ဆိုင်ရန် ကြောက်လန့်နေဆဲ။

နှင်းယုန်ဘုရင်မနှင့် ကြက်ဘုရင်မတို့မှာမူ ဝမ်းသာအားရအော်ဟစ်လိုက်ကြသည်။

"အစ်ကိုကြီးနဂါး... ကျွန်မတို့ဒီမှာ"

"ဟားဟား... မျက်စိသုံးလုံးကျား... နင်တော့ ဒုက္ခရောက်ပြီ"

နဂါးဘုရင်ကြီးက သူတို့ကိုမမြင်မှာကို စိုးရိမ်နေပုံရသည်။

အဖွဲ့နှစ်ဖွဲ့မှာ လျင်မြန်စွာဆုံတွေ့ကြ၏။ နဂါးဘုရင်ကြီးမှာ ချက်ချင်းမတိုက်ခိုက်နိုင်...

သူ့အခြေအနေမှာလည်း သိပ်မကောင်းလှ။ နဂါးအကြေးခွံအချို့ကွာကျနေပြီး တစ်ကိုယ်လုံးသွေးချင်းနီနေသည်။ ၎င်း၏နောက်မှ မိစ္ဆာဘုရင်များမှာလည်း ဒဏ်ရာဗရပွနှင့်ဖြစ်ရာ သူတို့လည်း တိုက်ပွဲကြီးတစ်ခုကို ဆင်နွှဲလာခဲ့ရပုံရ၏။

"ရှေ့က ကောင်းကင်မိစ္ဆာနယ်မြေရဲ့ နဂါးဘုရင်ကြီးလား"

ဓားသူတော်စင်ကွေ့ချန်းက ရှေ့ထွက်ကာနှုတ်ဆက်လိုက်သည်။ ဤဓားသူတော်စင်အိုကြီးမှာ ဗဟုသုတကြွယ်ဝပုံရပြီး ကောင်းကင်မိစ္ဆာနယ်မြေအကြောင်းကိုလည်း အနည်းငယ်နားလည်ထားပုံရသည်။

"မှန်တယ်။ ခင်ဗျားတို့ကဘယ်သူတွေလဲ"

နဂါးဘုရင်ကြီးက တိမ်တိုက်များပေါ်တွင် ရပ်တန့်လိုက်ပြီး ၎င်း၏မျက်လုံးများက လူအုပ်ကိုဝေ့ဝဲကြည့်ကာ မျက်စိသုံးလုံးကျား၏ခေါင်းပေါ်သို့ လျင်မြန်စွာကျရောက်သွားသည်။ မျက်စိသုံးလုံးကျားမှာချွေးပြန်နေပြီး ဂိုဏ်းချုပ်ကျန်းထံ စိတ်ချင်းဆက်သွယ်ကာ အမြန်အကူအညီတောင်းလိုက်သည်။

"အစ်ကိုကြီး။ သူကျွန်တော့်ကိုဒုက္ခပေးလာရင် အစ်ကိုကြီး ကျွန်တော့်ကိုကာကွယ်ပေးရမယ်နော်"

ရှေ့ဆုံးသို့ ပျံတက်သွားသော ဓားသူတော်စင်ကွေ့ချန်းက အနည်းငယ်ပြုံးလိုက်သည်။

"ကျွန်တော်တို့က ဓားနယ်မြေကပါ၊ ကျွန်တော့်နာမည်က ကွေ့ချန်း။ ဒီဘက်ကတော့ ဝိညာဉ်တစ်ထောင်နယ်မြေရဲ့ ဂိုဏ်းချုပ်ကျန်းချန်ပါ"

ဤမိတ်ဆက်မှုက အစ်ကိုကြီးချန်ကို အလွန်ကျေနပ်သွားစေသည်။ ဓားသူတော်စင်အိုကြီးမှာ သဘောကောင်းလှ၏... သူ့ကိုယ်သူ မိတ်ဆက်ရာတွင် ကျန်းချန်၏ နာမည်ကိုပါ ထည့်သွင်းပြောဆိုပေးသည် မဟုတ်ပါလား။ သို့သော် နဂါးဘုရင်ကြီး၏တုံ့ပြန်မှုက ဂိုဏ်းချုပ်ကျန်းကို အနည်းငယ်စိတ်ပျက်သွားစေသည်။

"ဓားသူတော်စင်ကွေ့ချန်း ဟုတ်လား"

၎င်းသည် မျက်စိသုံးလုံးကျားထံမှ အကြည့်ကိုရုပ်သိမ်းလိုက်ပြီး လေးနက်သွားသည်။

"လွန်ခဲ့တဲ့နှစ်ပေါင်းရှစ်သောင်းက သွေးစွန်းနယ်မြေထဲကို တစ်ကိုယ်တော်ဝင်ရောက်ပြီး ဓားတစ်ချက်တည်းနဲ့ အရှင်မြတ်သုံးယောက်ကိုအနိုင်ယူခဲ့တဲ့ ဓားသူတော်စင်ကွေ့ချန်းလား"

ဤစကားထွက်လာသည်နှင့် ချင်းစော့၊ မျက်စိသုံးလုံးကျားနှင့် အခြားသူများမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသားဖြစ်သွားကြ၏။ နယ်မြေကျော်တိုက်ပွဲများမှာ ကမ္ဘာဦးစည်းမျဉ်းများကြောင့် ဖိနှိပ်ခံရလေ့ရှိသော်လည်း ဤအဖိုးကြီးက သူများနယ်မြေထဲသွားပြီး သုံးယောက်ကို တစ်ပြိုင်တည်းတိုက်ခိုက်ခဲ့သည်မှာ အလွန်ကြောက်စရာကောင်းလွန်းလှသည် မဟုတ်ပါလား။ ဓားနယ်မြေမှလူများက အဘယ်ကြောင့် သူ့ကိုလုံးဝအညံ့ခံဦးဆောင်ခိုင်းနေကြသည်ကို ယခုမှနားလည်သွားကြတော့သည်။

"ဒါက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အတွေ့အကြုံအသေးအဖွဲလေးပါ၊ နဂါးဘုရင်ကြီး သိနေလိမ့်မယ်လို့ မထင်ထားမိဘူး"

"ဓားသူတော်စင်က နှိမ့်ချလွန်းနေပါပြီ။ ခင်ဗျားရဲ့အစွမ်းကို လေးစားပါတယ်"

နဂါးဘုရင်ကြီးမှာ အခြားမိစ္ဆာဘုရင်များနှင့် လုံးဝကွာခြားသည်၊ ၎င်းသည် လောကဝတ်များကို ကောင်းစွာသိရှိပုံရပြီး အလွန်ယဉ်ကျေးပျူငှာလှသည်။

"နဂါးဘုရင်ကြီးလည်း တိုက်ခိုက်ခံရတာလား"

"မှန်တယ်။ အင်မော်တယ်ကျန့်ထိုင်နဲ့ တိုက်ခိုက်ခဲ့ရတယ်၊ ဒဏ်ရာအချို့လည်း ရခဲ့တယ်"

နောက်မှလူများမှာ မှင်တက်သွားကြ၏။ အစစ်အမှန်အင်မော်တယ်တစ်ယောက်ကို တိုက်ခိုက်ပြီး ဘေးကင်းကင်းနှင့် ပြန်ဆုတ်နိုင်ခဲ့သည်မှာ မည်မျှအစွမ်းထက်နေသနည်း။ ဓားသူတော်စင် ကွေ့ချန်းက ဤနဂါးဘုရင်ကြီးကို အဘယ်ကြောင့်အလေးထားနေသည်ကို အားလုံးနားလည်သွားကြသည်။

ဘေးနားမှ အစ်ကိုကြီးချန်မှာမူ အနည်းငယ်ငြီးငွေ့လာသည်။ ဤနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ချီးကျူးနေကြပြီး သူတို့ကပဲဇာတ်လိုက်တွေလိုလုပ်နေကြသည်မှာ အလွန်အမြင်ကပ်စရာကောင်း၏။

နဂါးဘုရင်ကြီး၏နောက်တွင် ကောင်းကင်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်များအပြင် အခြားနယ်မြေများမှ လူသန်ကြီးများလည်း ပါဝင်သည်။ ဓားသူတော်စင်တို့ကဦးဆောင်ပြီး တိုက်ခိုက်ရန်စီစဉ်နေကြောင်း သိလိုက်ရသောအခါ သူတို့လည်း တိုက်ခိုက်ခံထားရသူများပီပီ ချက်ချင်းလက်ခံလိုက်ကြသည်။

မိစ္ဆာအများစုမှာ တိုက်ခိုက်ရသည်ကိုနှစ်သက်ကြပြီး မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့ကဲ့သို့ အသက်ကိုနှမြောတတ်သူများမှာ ရှားပါးလှသည်။

အဖွဲ့နှစ်ဖွဲ့မှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွား၏။ ဓားသူတော်စင်ကွေ့ချန်းနှင့် နဂါးဘုရင်ကြီးကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူနှစ်ဦးပါဝင်လာသဖြင့် လူတိုင်းမှာ ယုံကြည်မှုများ ပြန်လည်ရရှိလာကြသည်။

ထို့နောက် ဤအဖွဲ့၏ခေါင်းဆောင်နေရာမှာ ၎င်းတို့နှစ်ဦးဖြစ်သွားတော့သည်။ အစပိုင်းတွင် အဖွဲ့ကိုဦးဆောင်လာခဲ့သော ကျန်းချန်မှာ အခြားသူများ၏လျစ်လျူရှုခြင်းကိုခံရလေ၏။

နဂါးဘုရင်ကြီးက ကျန်းချန်ကို သေချာကြည့်လိုက်သည်။

"မျက်စိသုံးလုံးကျားက မင်းနဲ့အတူရှိနေတာလား"

"ဟုတ်တယ်"

"ဒီကောင်က ပျင်းပေမဲ့ သူလေးစားရတဲ့သူ သိပ်မရှိဘူး"

နဂါးဘုရင်ကြီးက အဓိပ္ပာယ်ပါပါပြောလိုက်သည်။

"မင်းရဲ့တန်ဖိုးက ဘယ်လောက်ရှိလဲဆိုတာ နောက်မှ ငါစမ်းသပ်ကြည့်ရဦးမယ်"

အစ်ကိုကြီးချန်ကတော့ ဂရုမစိုက်ပေ၊ ကြိုဆိုနေသေးသည်။ သူကပြန်တောင်မေးလိုက်သေးသည်။

"မင်းမှာ ရတနာတွေအများကြီးရှိလား"

ရတနာတွေအများကြီးရှိမှ သူနိုင်တဲ့အခါ လုယက်စရာတွေအများကြီးရမှာမဟုတ်ပါလား။ နဂါးဘုရင်ကြီးမှာ ကြောင်သွားရပြီး သူဘာကိုဆိုလိုသည်ကို နားမလည်နိုင်ဖြစ်သွားသည်။

မကြာမီမှာပင် ရန်သူများစခန်းချရာနေရာအနီးသို့ ရောက်လာကြ၏။ လူတိုင်း သူတို့၏ အရှိန်အဝါများကိုဖုံးကွယ်ကာ တိမ်တိုက်များပေါ်မှ ဆင်းသက်လာကြသည်။ မိစ္ဆာများမှာလည်း သူတို့၏ခန္ဓာကိုယ်ကို သေးငယ်အောင်လုပ်ပြီး ပုန်းကွယ်စရာ နေရာရှာလိုက်ကြသည်။ တိုက်ပွဲမစခင် ပြင်ဆင်မှုများ လိုအပ်သည် မဟုတ်ပါလား။

ဘယ်လိုတိုက်မလဲ၊ ဘယ်လိုပူးပေါင်းမလဲ၊ ဘယ်အချိန်မှာ ဘယ်လိုပုံစံနဲ့တိုက်မလဲ အလွန်အရေးကြီး၏။

ဤလူများမှာ နှစ်ပေါင်းများစွာရှင်သန်လာသူများဖြစ်ရာ ဤကိစ္စများကို ကျွမ်းကျင်ပြီးသားဖြစ်သည်။ ထို့ကြောင့် ဆင်းသက်ပြီးသည်နှင့် လူတိုင်း နည်းဗျူဟာများကို စတင်ဆွေးနွေးကြလေ၏။

"တစ်ဖက်ကလူတွေ ငါတို့လာနေတာကိုမသိသေးဘူး၊ အဲဒါကြောင့် ရုတ်တရက်တိုက်ခိုက်မယ်ဆိုရင် အကျိုးကျေးဇူးရနိုင်မယ်"

"မှန်တယ်။ ရုတ်တရက်တိုက်ခိုက်တာက တစ်ဖက်လူကို အငိုက်မိသွားစေမယ်"

"အင်မော်တယ်ကျန့်ထိုင်ကိုတော့ ငါနဲ့ နဂါးဘုရင်ကြီးက တိုက်ခိုက်မယ်၊ ဂိုဏ်းချုပ်ကျန်းနဲ့ ဓားသူတော်စင်ပေ့ယွမ်တို့က ဘေးကနေကူညီပြီး သူ့ကိုထိန်းထားပေးပေါ့"

ကွေ့ချန်းသည် ကျန်းချန်က သားရဲဝိညာဉ် အရှင်မြတ်သုံးယောက်အား သတ်ခဲ့သည်ကိုမြင်ဖူးသဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို အလေးထားနေဆဲဖြစ်သည်။ မဟုတ်လျှင် သူ့ကို အရေးကြီးဆုံးတိုက်ပွဲတွင် ထည့်သွင်းလိမ့်မည်မဟုတ်။

"ဒါပေမဲ့ ကျန့်ထိုင်ရဲ့လက်အောက်မှာ လူ ၂၀,၀၀၀ ကျော် ရှိနေတာ၊ သူတို့ထဲမှာ ကျွမ်းကျင်သူတွေ အများကြီးပဲ၊ ငါတို့ထက် အများကြီးပိုများနေတယ်"

တိုက်ပွဲဝင်မျောက်ဘုရင်၊ ခွေးဘုရင်နှင့် ဓားသူတော်စင်လင်ရှင်းကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူများက ထရပ်လိုက်ကြသည်။

"ဒီလိုသူရဲဘောကြောင်တဲ့ကောင်တွေကိုတော့ ငါတစ်ယောက်တည်း ၁၀ ယောက်လောက် တိုက်နိုင်ပါတယ်"

"ဒါပေမဲ့ သူတို့ကလူအရမ်းများတယ်၊ လျှော့တွက်လို့မရဘူး"

အခြားသူများကလည်း အကြံပြုချက်များပေးကြသည်။

"မှန်တယ်။ ကျွန်တော့်အမြင်ကတော့ အင်မော်တယ်ကျန့်ထိုင်ကိုပဲအာရုံစိုက်ပြီး ဝိုင်းတိုက်ကြရအောင်။ ကျန်တဲ့သူတွေကိုတော့ ထိန်းထားနိုင်ရင်ရပြီ၊ အင်မော်တယ်သေသွားတာနဲ့ သူတို့လည်း ပြိုကွဲသွားမှာပဲ"

"အင်မော်တယ်တွေကိုသတ်ဖို့က မလွယ်ဘူးလေ။ တကယ်တော့ ငါတို့က အဖွဲ့ငယ်လေးတွေခွဲပြီး သူတို့ကို တိတ်တဆိတ်ချောင်းတိုက်ရင်ကော။ အောင်ပွဲငယ်လေးတွေစုပြီး အောင်ပွဲကြီးဖြစ်အောင် လုပ်တာပေါ့"

All Chapters