ကိုယ့်ဘာသာကိုယ်လုပ်
Vol. 21 Ch. 207
နယ်မြေပေါင်းစုံမှကျွမ်းကျင်သူများစုဝေးကာ အနာဂတ်အရေးကို အပူတပြင်းဆွေးနွေးနေကြသည့် ဤအခြေအနေမှာ ကျင့်ကြံခြင်းလောကသမိုင်းတွင် တစ်ခါမှမရှိဖူးပေ။ ပုံမှန်အားဖြင့်ဆိုလျှင် အားလုံးမှာ အချင်းချင်းဆက်သွယ်ရန်မဖြစ်နိုင်သလို အင်မော်တယ်လောကသို့ တက်လှမ်းလျှင်ပင် နေရာကွဲသွားကြမည်ဖြစ်သည်။
သို့သော် ကျန်းချန်က ဆက်နားမထောင်နိုင်တော့ပေ။
"ဟေ့... ဟေ့... ဒီမှာ ဘယ်သူက အချောဆုံးနဲ့ အတောက်ပဆုံးလဲဆိုတာ မေ့နေကြပြီလား"
"အထူးသဖြင့် ခင်ဗျားပဲလူအိုကြီးကွေ့ချန်း။ ခင်ဗျားပေးတဲ့အကြံဉာဏ်က ဘာကြီးလဲ။ အစစ်အမှန်အင်မော်တယ်တစ်ယောက်တည်းကို လေးယောက်ပေါင်းတိုက်မယ် ဟုတ်လား၊ ပြီးတော့ ငါ့ကို ဘေးကနေကူရုံပဲ ကူခိုင်းတယ်ပေါ့။ နောက်နေတာလား"
ဇာတ်လိုက်တစ်ယောက်အနေနဲ့ ဘယ်လိုလုပ် ခင်ဗျားတို့ရဲ့လက်ထောက် ဖြစ်နိုင်မှာလဲ။ သူထရပ်ကာ အပြင်ထွက်လာခဲ့သည်။
"ဂိုဏ်းချုပ်ကျန်း... ဘယ်သွားမလို့လဲ"
"ဪ... ဘာမှမဟုတ်ပါဘူး၊ ခင်ဗျားတို့ ဆက်ဆွေးနွေးကြပါ။ အပြင်ထွက်ပြီး လေညင်းခံမလို့ပါ"
သူ အပြင်ထွက်သွားသည်ကိုမြင်သောအခါ မိုချန်၊ လိပ်နက်ဘုရင်နှင့် ချင်းစော့တို့မှာ အမြန်လိုက်သွား၏။ မျက်စိသုံးလုံးကျားမှာ နဂါးဘုရင်ကြီးကို တစ်ချက်ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် အစ်ကိုကြီးချန်၏ခြေထောက်ကိုသာဖက်တွယ်ရန် ရွေးချယ်လိုက်သည်။
အခြားနည်းလမ်းမရှိပေ၊ အစွမ်းထက်သော နဂါးဘုရင်ကြီးနှင့်ယှဉ်လျှင် အစ်ကိုကြီးချန်မှာ ပို၍အံ့သြဖွယ်ကောင်းလှသည်။ သူ့မျက်စိရှေ့မှာတင် မရေမတွက်နိုင်သော အံ့ဖွယ်များကို ဖန်တီးပြခဲ့သည် မဟုတ်ပါလား။
အပြင်ရောက်သောအခါ အစ်ကိုကြီးချန် ဆေးလိပ်သောက်နေသည်ကို တွေ့လိုက်ရသည်။ မျက်စိသုံးလုံးကျားက အနားသို့ အပြေးအလွှားသွားကာ
"အစ်ကိုကြီး... ကျွန်တော့်ကိုလည်း တစ်လိပ်လောက်ပေးပါဦး။ အထဲကအခြေအနေက အရမ်းဖိအားများလွန်းလို့ ကျွန်တော့်စိတ်တွေ ဂဏာမငြိမ်ဖြစ်နေလို့ပါ"
အစ်ကိုကြီးချန် ဆေးလိပ်တစ်လိပ်ထုတ်ပေးလိုက်ရာ မျက်စိသုံးလုံးကျားက ကျွမ်းကျင်စွာမီးညှိလိုက်၏။ ဤကာလအတွင်း ကျန်းချန်၏လွှမ်းမိုးမှုကို ကောင်းကောင်းကြီးခံထားရပုံရသည်။
"ဂိုဏ်းချုပ်.... ဘာအစီအစဉ်ရှိလဲ"
မိုချန်ကတော့ ဤကောင်းကင်သားတော်သည် အခြားသူများအတွက် အပိုပစ္စည်းအဖြစ် အသုံးတော်ခံမည်မဟုတ်ကြောင်း တစ်ချက်ကြည့်ရုံနှင့်သိသည်။ ကျန်းချန်၏မျက်နှာမှာ ထူးထူးခြားခြား လေးနက်တည်ကြည်သွားသည်။
"ငါ ရုတ်တရက် အရမ်းအရေးကြီးတဲ့ကိစ္စတစ်ခုကို သတိထားမိလိုက်တယ်"
"ဘာများလဲ"
မိုချန်နှင့် ချင်းစော့တို့မှာ ဤစစ်ဆင်ရေးတွင် ကြီးမားသောချို့ယွင်းချက်တစ်ခုခု ရှိနေသလားဟုတွေးကာ သူ့ကိုကြည့်လိုက်၏။ ထို့နောက် ဂိုဏ်းချုပ်ကျန်းက ဆေးလိပ်ငွေ့ကို အဝိုင်းလိုက်မှုတ်ထုတ်လိုက်ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
"လူတွေအများကြီးတိုက်ခိုက်နေကြရင် နောက်မှလာတဲ့သူက ဝေစုမရနိုင်ဘူး"
အာ... ဒါက...
ခင်ဗျားပြောတဲ့ အရေးကြီးတဲ့ကိစ္စဆိုတာ ဒါလား...
"ဒါဆိုရင် ဂိုဏ်းချုပ်က ဘာလုပ်ဖို့စိတ်ကူးထားလဲ"
"သူတို့ အထဲမှာ အစည်းအဝေးလုပ်နေတုန်း ငါတို့အရင်သွားသတ်ပြီး ရန်သူတွေရဲ့သိုလှောင်လက်စွပ်တွေကို ကြိုယူထားလိုက်ရအောင်။ ခုရှုပ်မှနောင်ရှင်းပဲ"
လူနှစ်ယောက်နှင့် မိစ္ဆာနှစ်ကောင်စလုံး ဆွံ့အသွားကြသည်။
"အစ်ကိုကြီး... တစ်ဖက်က အင်မော်တယ်လေဗျာ"
"ဟုတ်တယ်... ဒီတိုက်ပွဲက အောက်လောကကတိုက်ပွဲတွေနဲ့ မတူဘူး"
"ဂိုဏ်းချုပ်ကျန်း... စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ဦး"
မိုချန်ကတော့ အခြားသူများနှင့်မတူဘဲ မတားဆီးပေ။ သူ၏အမြင်တွင် ကောင်းကင်သားတော်၏ ဆုံးဖြတ်ချက်မှာ မည်မျှရူးသွပ်နေပါစေ အကြောင်းပြချက်တစ်ခုခုတော့ရှိလိမ့်မည်ဟု ယုံကြည်နေသည်။
"ဂိုဏ်းချုပ် တကယ်ဆုံးဖြတ်ပြီးပြီလား"
"မှန်တယ်... ငါသွားပြီ၊ လိုက်ချင်တဲ့သူလိုက်ခဲ့။ နောက်ကနေ ပစ္စည်းတွေလိုက်သိမ်းပေးရုံပဲ"
ပြောပြီးသည်နှင့် အစ်ကိုကြီးချန်သည် အလင်းတန်းတစ်ခုအဖြစ်ပြောင်းလဲကာ ပျံသန်းသွားတော့သည်။ မိုချန်မှာလည်း ဝန်လေးခြင်းမရှိဘဲလိုက်သွား၏။ မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့မှာ ခဏမျှဝေခွဲမရဖြစ်နေသော်လည်း အစ်ကိုကြီးချန်ကို ဆက်လက်ယုံကြည်ရန်သာ ရွေးချယ်လိုက်ကြသည်။
ကျန်ရစ်ခဲ့သော ချင်းစော့မှာမူ ဒွိဟဖြစ်နေရသည်။ အသိတရားက ၎င်းသည် သေတွင်းထဲခုန်ဆင်းခြင်းဖြစ်ကြောင်း ပြောနေ၏။
တစ်ဦးချင်း စွမ်းရည်ဖြစ်စေ၊ လူအင်အားဖြစ်စေ ကွာခြားချက်က ကြီးမားလွန်းလှသည်။ သို့သော် ကျန်းချန်က နှလုံးသားမျိုးနွယ်စုကို အကြိမ်ကြိမ်ကယ်တင်ခဲ့ဖူးသည်မဟုတ်ပါလား။ နောက်ဆုံးတွင် သူမသည် နှလုံးသားမျိုးနွယ်စုဝင်များကိုမခေါ်ဘဲ တစ်ယောက်တည်းလိုက်သွားရန် ဆုံးဖြတ်လိုက်သည်။
ချင်းစော့ထွက်ခွာသွားချိန်တွင် ဂိုဏ်းချုပ်ကျန်းမှာ ရန်သူ့စခန်းအတွင်းသို့ဝင်ရောက်နေလေပြီ။ အခြားကျွမ်းကျင်သူများ ဆွေးနွေးထားသည့်အတိုင်း အင်မော်တယ်ကျန့်ထိုင်သည် နယ်မြေပေါင်းစုံမှ ကျွမ်းကျင်သူ ၂၀,၀၀၀ ကျော်ကို စုစည်းထားသည်။ သူတို့ထဲတွင် အနည်းဆုံး သူတော်စင်အဆင့်ကျွမ်းကျင်သူ တစ်ထောင်ခန့် ပါဝင်သည်...
ကျန်းချန်၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုက သူတို့ကိုထိတ်လန့်သွားစေသည်။
"ဘယ်သူလဲ"
"မင်းတို့အဖိုးပဲ"
အစ်ကိုကြီးချန်သည် သူတော်စင်ဓားကိုထုတ်ယူကာ မြင်သမျှလိုက်ခုတ်လေ၏။ သူသည် သတ်တာနှေးသွားမှာကို စိုးရိမ်နေသည်။ ကွေ့ချန်းနှင့် နဂါးဘုရင်ကြီးတို့ အစည်းအဝေးပြီး၍ ရောက်လာလျှင် သူ့ဆီက ပစ္စည်းတွေလာလုလိမ့်မည် မဟုတ်ပါလား။
"မင်းက ငါတို့ကိုတိုက်ရဲတာလား"
"သေချင်နေတာပဲ"
"သတ်ပစ်ကြ"
ရန်သူများတိုက်ခိုက်ရန်ပြင်ဆင်လိုက်ချိန်မှာပင် ဂိုဏ်းချုပ်ကျန်းက ဓားကိုဝှေ့ယမ်းလိုက်ပြီဖြစ်သည်။ သူတော်စင်ဓားဖြတ်သန်းသွားသည့် နေရာတိုင်းတွင် ကောင်းကင်ယံမှာ ခရမ်းရောင်သမုဒ္ဒရာကြီးအလား မိုးကြိုးမုန်တိုင်းများဖြင့် ပြည့်နှက်သွား၏။
ဤသူတော်စင်ဓားအသစ်မှာ မိုးကြိုးဓာတ်ဖြစ်သည်။ သိုင်းတာအိုငါးမျိုးစလုံးတွင် မြင့်မြတ်အင်မော်တယ်အဆင့်သို့ရောက်ထားသော ကျန်းချန်အတွက် ၎င်း၏စွမ်းအားကို အပြည့်အဝထုတ်ဖော်ရန် အလွန်လွယ်ကူ၏။
ကျယ်လောင်သော ပေါက်ကွဲသံကြီးများနှင့်အတူ ရန်သူရာပေါင်းများစွာမှာ မီးကျွမ်းထားသော သစ်သားတုံးများအလား အောက်သို့ ပြုတ်ကျသွားကြသည်။ ဤဓားတစ်ချက်၏စွမ်းအားက တစ်ဖက်လူအားလုံးကို တုန်လှုပ်သွားစေသည်။ လူရာပေါင်းများစွာထဲတွင် အများစုမှာ အခြေခံအဆင့်များဖြစ်ကြသော်လည်း သူတော်စင်အဆင့်ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာပါဝင်သည် မဟုတ်ပါလား။
ဓားတစ်ချက်တည်းနဲ့ အကုန်သေသွားတာလား...
သူက ပြိုင်ဖက်ကင်းမုဒ်နဲ့ မြက်ခုတ်နေတာလား...
ကွေ့ချန်းနှင့် နဂါးဘုရင်ကြီးရောက်လာလျှင်ပင် ဤကဲ့သို့လုပ်နိုင်လိမ့်မည်မဟုတ်။
ခဏအတွင်းမှာပင် ကျန်နေသောသူတော်စင်အဆင့် ကျွမ်းကျင်သူအားလုံး သူတို့၏သူတော်စင်နယ်မြေများကို တစ်ပြိုင်နက်ထုတ်ဖော်လိုက်ကြသည်။ ကောင်းကင်ယံတစ်ခုလုံး အရောင်စုံ သူတော်စင်နယ်မြေများဖြင့် ပြည့်နှက်သွား၏။ တစ်ခုချင်းစီတွင် ကြောက်မက်ဖွယ်ကောင်းသော စည်းမျဉ်းများကိန်းအောင်းနေကြသည်။
ထောင်နှင့်ချီသော သူတော်စင်နယ်မြေများ တစ်ပြိုင်နက်တိုက်ခိုက်လာချိန်တွင် အစ်ကိုကြီးချန်သည်လည်း သူ၏နယ်မြေကို ပြတ်သားစွာဖွင့်ထုတ်လိုက်ပြီး ထိပ်တိုက်ရင်ဆိုင်လေ၏။
သူ၏သူတော်စင်နယ်မြေမှာ အမှန်တကယ်အစွမ်းထက်လှသည်။ မြင့်မြတ်အင်မော်တယ်အဆင့်တာအိုကို အခြေခံထားပြီး ပင်မစည်းမျဉ်း ၉၉၂ ခုနှင့် ပေါင်းစပ်ထားသဖြင့် အခြားသူများ၏နယ်မြေများမှာ သူ့ရှေ့တွင် ပူဖောင်းလေးများအလား ထိလိုက်သည်နှင့်ပေါက်ကွဲကုန်တော့သည်...
နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ၊ ကွဲအက်သံများ ဆက်တိုက်ထွက်ပေါ်လာ၏။ သူတော်စင်နယ်မြေများ ပျက်စီးသွားသဖြင့် ဖရိုဖရဲဖြစ်နေသောစည်းမျဉ်းများက ကောင်းကင်ယံ မိုင်ပေါင်းသိန်းချီကို အပျက်အစီးများအဖြစ် ပြောင်းလဲပစ်လိုက်သည်...
အခြေခံအဆင့်ကျင့်ကြံသူများမှာ ခုခံနိုင်စွမ်းမရှိဘဲ ထိုစည်းမျဉ်းများ၏ရိုက်ခတ်မှုအောက်တွင် တိုက်ရိုက်ချေမှုန်းခံလိုက်ရ၏။
သူတို့၏နယ်မြေများ အတင်းအဓမ္မဖျက်ဆီးခံလိုက်ရသော သူတော်စင်အဆင့် ကျွမ်းကျင်သူများမှာလည်း စည်းမျဉ်းများ၏တန်ပြန်ဒဏ်ကို ချက်ချင်းခံစားလိုက်ရသည်။ ဤအခြေအနေတွင် ကျန်းချန်က သူတို့ကိုလွှတ်ပေးလိမ့်မည်မဟုတ်။
သူတော်စင်ဓားမှာ လျှပ်စီးတန်းများအဖြစ်ပြောင်းလဲကာ လူအုပ်ကြီးအတွင်း အသက်ပေါင်းများစွာကို ဆက်တိုက်ရိတ်သိမ်းတော့သည်။ သူတော်စင်အဆင့် ကျွမ်းကျင်သူများ တစ်ယောက်ပြီးတစ်ယောက် ကျဆုံးနေရာ ကောင်းကင်မှမုန့်လုံးများ အိုးထဲကျသကဲ့သို့ပင်။
မိုချန်၊ မျက်စိသုံးလုံးကျားနှင့် လိပ်နက်ဘုရင်တို့ ရောက်လာသောအခါ သူတို့မြင်လိုက်ရသည်မှာ အစ်ကိုကြီးချန်က ရန်သူများကို တစ်ဖက်သတ်ချေမှုန်းနေသည့်မြင်ကွင်းပင်။
"ငါတို့အစ်ကိုကြီးက ဒီလောက်တောင်ကြမ်းတာလား"
နက်ရွှေရောင်မိစ္ဆာခန္ဓာကိုယ်ရရှိပြီးနောက် မျက်စိသုံးလုံးကျားသည် သူနှင့် ကျန်းချန်ကြား ကွာဟချက်မှာ သိပ်မကြီးတော့ဟုထင်ခဲ့မိသည်။ ယခုကြည့်ရသည်မှာ ကျန်းချန်က သူ့ကို မျက်တောင်တစ်ခတ်အတွင်းသတ်နိုင်၏။ ဤရွှေပေါင်ကြီးမှာ နဂါးဘုရင်ကြီးထက် အဆပေါင်းများစွာပိုခိုင်မာနေလေပြီ။
"ဂိုဏ်းချုပ်ကတော့ တကယ့်ကိုအစွမ်းထက်တာပဲ"
"ဆရာ့ရဲ့စွမ်းအားက သူတော်စင်အဆင့်တောင် မဟုတ်တော့ဘူးထင်တယ်"
"သူက တကယ့်အင်မော်တယ်ဖြစ်နေတာများလား"
သူတို့ ကူညီရန်ပြင်ဆင်လိုက်သော်လည်း တိုက်ပွဲမြေပြင်သို့ လုံးဝဝင်ရောက်၍မရပေ။ စည်းမျဉ်းများမှာ အလွန်ဖရိုဖရဲဖြစ်နေသည်။ တိုက်ပွဲအလယ်မှ အစ်ကိုကြီးချန်က သူတို့ကိုမြင်သွားပြီး ချက်ချင်းအမိန့်ပေးလိုက်သည်။
"မြန်မြန်... လက်စွပ်တွေ လိုက်သိမ်းကြ"
"တခြားလူတွေကို ပစ္စည်းလာကောက်ခွင့်မပေးနဲ့"
၎င်းသည် သူတို့ကိုခေါ်လာရသည့် တစ်ခုတည်းသောရည်ရွယ်ချက်ပင်...
"ဪ... ဟုတ်ကဲ့"
"ကောင်းပါပြီ"
မိုချန်နှင့် မျက်စိသုံးလုံးကျားတို့မှာ ခဏကြောင်သွားပြီးနောက် လိမ္မာစွာပင်ခေါင်းညိတ်လိုက်ကြသည်။ တိုက်ခိုက်ရေးစွမ်းအားမရှိခြင်းကိုလည်း စိတ်မရှိကြတော့ပေ။ ပစ္စည်းသိမ်းတာကလည်း တိုက်ပွဲအတွက် ပါဝင်ကူညီတာပဲမဟုတ်ပါလား။
ထိုအချိန်တွင် အင်မော်တယ်ကျန့်ထိုင် သတိပြုမိသွားလေပြီ...
အစပိုင်းတွင် သူသည် သတ်ဖြတ်လိုစိတ်များပြည့်နှက်နေသော်လည်း ကျန်းချန်၏စွမ်းဆောင်ရည်ကို မြင်လိုက်ရသောအခါ ရုတ်တရက်တန့်သွားသည်။ သူတစ်ယောက်တည်းဆိုလျှင် ဤကဲ့သို့လုပ်နိုင်လိမ့်မည်မဟုတ်။ လုပ်နိုင်ခဲ့လျှင် ကွေ့ချန်းနှင့် နဂါးဘုရင်ကြီးကို သတ်ပြီးသားဖြစ်နေလိမ့်မည်။
"မင်းဘယ်သူလဲ"
"ဘယ်နယ်မြေကလဲ။ ငါ့ဆီမှာအညံ့ခံမယ်ဆိုရင် နောင်ကျရင်..."
သူက ဇာတ်လိုက်ကိုတောင် အညံ့ခံခိုင်းချင်နေသေးသည်။ ဘယ်လောက်မျက်နှာပြောင်လိုက်သလဲ။
ဂိုဏ်းချုပ်ကျန်းမှာ သူ၏အဓိပ္ပာယ်မရှိသောစကားများကို နားထောင်ရန် စိတ်မရှည်တော့ဘဲ တိုက်ရိုက်ပင် ဝင်တိုက်လိုက်တော့သည်။
"မင်းထွက်လာတာအတော်ပဲ"
အင်မော်တယ်တစ်ယောက်ကိုသတ်လိုက်ရင် အမှတ်တွေအများကြီးရမှာမဟုတ်လား။