ဒီတိုင်းသေသွားတာလား
Vol. 21 Ch. 208
ကျန်းချန်နှင့် အစစ်အမှန်အင်မော်တယ်ကျန့်ထိုင်တို့ ထိပ်တိုက်တွေ့ဆုံချိန်တွင် ဖြစ်ပေါ်လာသော တိုက်ပွဲလှိုင်းလုံးများနှင့် သူတော်စင်နယ်မြေ၏စည်းမျဉ်းများမှာ မိုင်ပေါင်းများစွာအထိ တုန်ခါသွားစေသည်။
နဂါးဘုရင်ကြီး၊ ဓားသူတော်စင် ကွေ့ချန်းနှင့် အခြားသူများမှာ အမြန်ပြေးထွက်လာကြသည်။
"ဘာဖြစ်တာလဲ"
အကွာအဝေးက အရမ်းဝေးလွန်းသဖြင့် တိကျသောအခြေအနေကိုမြင်ရန်မဖြစ်နိုင်။ သို့သော် ဝိုးတဝါးခံစားနေရသော ကြောက်မက်ဖွယ်ရာအရှိန်အဝါက လူတိုင်းကို အလွန်အန္တရာယ်ကြီးသည်ဟု ခံစားရစေသည်။
"အဲဒီဘက်က... အင်မော်တယ်ကျန့်ထိုင်ရဲ့ နယ်မြေမဟုတ်လား"
"တစ်ယောက်ယောက်က သူတို့ကိုသွားတိုက်နေတာလား"
"ဒါဆို ငါတို့ကရော"
ဤမျှဝေးကွာသောနေရာမှပင် ကြောက်စရာကောင်းသောတုန်ခါမှုများ လာနေသဖြင့် သူတော်စင်အဆင့်နှင့် အခြေခံအဆင့်ကျင့်ကြံသူအများအပြားမှာ နောက်ဆုတ်ချင်စိတ်များ ပေါ်လာကြ၏။ ကောင်းကင်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်များပင်လျှင် သူတို့၏ ကြမ်းတမ်းခက်ထန်မှုများကို တိတ်တဆိတ် ထိန်းချုပ်လိုက်ကြရသည်။
"တခြားအင်မော်တယ်တွေက ကျန့်ထိုင်နဲ့ တိုက်နေကြတာလား"
"သေချာတယ်"
အင်မော်တယ်တစ်ယောက်မဟုတ်ဘဲ ကျန့်ထိုင်ကို ဒီလောက်အထိတိုက်နိုင်သူ ဘယ်သူရှိမှာလဲ။
"ဒါဆို ငါတို့ကဆက်တိုက်ဦးမှာလား"
"ဘာပဲဖြစ်ဖြစ် သွားကြည့်ကြတာပေါ့။ သူတို့နှစ်ဖက်စလုံး ဒဏ်ရာရနေတဲ့အချိန်မှာ အခွင့်ကောင်းယူလို့ရရင်ရမှာပေါ့"
နဂါးဘုရင်ကြီး၏အမိန့်ဖြင့် လူတိုင်းစတင်ထွက်ခွာကြသည်။ သို့သော် သိပ်မဝေးသေးမီမှာပင် ဓားသူတော်စင်ကွေ့ချန်းက ကျန်းချန်ပျောက်နေသည်ကို ရုတ်တရက်သတိရသွားသည်။
"ဂိုဏ်းချုပ်ကျန်း ဘယ်ရောက်သွားလဲ"
သူသည် ကျန်းချန်ကို အင်အားကြီးသော တိုက်ခိုက်ရေးသမားအဖြစ် အလေးထားထားခြင်းဖြစ်သည်။ သူမရှိခြင်းက လာမည့်တိုက်ခိုက်မှုအစီအစဉ်အပေါ် သက်ရောက်မှုရှိနိုင်သည် မဟုတ်ပါလား။ လူတိုင်း ဘေးဘီကို ဝေ့ဝဲကြည့်လိုက်ကြသည်။
"မျက်စိသုံးလုံးကျားလည်း မရှိတော့ဘူး"
"မဖြစ်နိုင်တာ... သူတို့ ပြန်ပြေးသွားကြတာလား"
"ငါ သိသားပဲ။ ဒီလူက အားကိုးလို့မရဘူးဆိုတာ။ အစကတော့ အင်မော်တယ်တွေကို ကြောက်စရာမလိုဘူးလို့ ကြွားနေတာ၊ ရယ်စရာပဲ"
"စကားကြီးစကားကျယ်ပြောတတ်တဲ့သူတွေက အရေးကြီးတဲ့အချိန်ကျရင် အားမကိုးရဘူး"
သူတို့က ဝေဖန်ရင်းပျံသန်းနေကြစဉ် ကျန်းချန်နှင့် အင်မော်တယ်ကျန့်ထိုင်တို့၏တိုက်ပွဲမှာ အထွက်အထိပ်သို့ရောက်ရှိနေလေပြီ။ ဟင်းလင်းပြင်ထဲတွင် ဧရာမကြိတ်ဆုံကြီး၏ပုံရိပ်ယောင်တစ်ခု ဝိုးတဝါးပေါ်ထွက်လာ၏။ ၎င်းမှာ ကောင်းကင်နှင့် နေမင်းကိုဖုံးလွှမ်းထားပြီး အလင်းရောင်အားလုံးကို ကွယ်ပျောက်သွားစေသည်။
မရေမတွက်နိုင်သော ပင်မစည်းမျဉ်းများမှာ ဗဟိုချက်ရှိအလင်းလုံးကြီးထံသို့ အဆက်မပြတ်တိုက်ခိုက်နေကြသည်။ ထိုအလင်းလုံးမှာ ကျန့်ထိုင်၏ တာအိုနှလုံးသားပင်...
တာအိုနှလုံးသားဆိုသည်မှာ သူတော်စင်နယ်မြေမှ ပြန်လည်သန့်စင်ထားခြင်းဖြစ်ပြီး ၎င်းကိုယ်၌ကပင် ကြီးမားသောစွမ်းအားများရှိသည်။ အစပိုင်းတွင် အင်မော်တယ်ကျန့်ထိုင်က သူ၏တာအိုနှလုံးသားကို ထုတ်ဖော်လိုက်ချိန်တွင် အရာအားလုံးက သူ၏ထိန်းချုပ်မှုအောက်တွင်ရှိနေခဲ့၏။
သူတော်စင်နယ်မြေနှင့်နှိုင်းယှဉ်လျှင် တာအိုနှလုံးသားမှာ ပို၍လျင်မြန်သည်။ ထို့အပြင် တာအိုနှလုံးသားသည် သူတော်စင်နယ်မြေအတွင်းရှိ ပင်မစည်းမျဉ်းများကို တိုက်ရိုက်ဝါးမြိုနိုင်ပြီး သူတော်စင်နယ်မြေ၏အခြေခံကို ဖျက်ဆီးပစ်နိုင်သည်။ ဤသဘာဝအရနှိမ်နင်းနိုင်စွမ်းကြောင့် အခြားသောသူတော်စင်အဆင့်ကျွမ်းကျင်သူများမှာ သူ့ကိုရင်ဆိုင်ရလျှင် ခုခံနိုင်စွမ်းမရှိဘဲ အနှိပ်စက်ခံရုံသာ။
ဓားသူတော်စင်ကွေ့ချန်းနှင့် နဂါးဘုရင်ကြီးကဲ့သို့ အလွန်တည်ငြိမ်သော သူတော်စင်နယ်မြေရှိပြီး စည်းမျဉ်းအချို့ကို အောင်မြင်သောအဆင့်အထိ ကျင့်ကြံထားသူများသာ အနည်းငယ်ခုခံနိုင်၏။ သို့သော် ကျန်းချန်၏ရှေ့တွင်မူ ထိုတာအိုနှလုံးသားမှာ တစ်စက္ကန့်လေးပင် အခွင့်အရေးမရခဲ့ပေ။ အစကတည်းက ၎င်းသည် ပင်မစည်းမျဉ်း ၉၉၂ ခု၏ ဝိုင်းရံခြင်းကို ခံလိုက်ရသဖြင့် လှုပ်ရှားရန်ပင် မလွယ်ကူတော့ချေ။
ကျန်းချန်၏ စည်းမျဉ်းအများစုမှာ အခြေခံအဆင့်သာရှိသေးသဖြင့် သူသည် စနစ်တကျ ထိန်းချုပ်မနေတော့ဘဲ ကြမ်းကြမ်းတမ်းတမ်း တိုးဝင်တိုက်ခိုက်သည့်နည်းလမ်းကိုသာ ရွေးချယ်လိုက်သည်။ ဧရာမကြိတ်ဆုံကြီးမှာ အဆက်မပြတ်လည်ပတ်ကြိတ်ခွဲနေပြီး စည်းမျဉ်းအမြောက်အမြား၏ တိုက်ခိုက်မှုအောက်တွင် အင်မော်တယ်ကျန့်ထိုင်၏ တာအိုနှလုံးသားမှာ ပြိုကွဲလုနီးပါးဖြစ်လာသည်။ အစက မွန်းတည့်နေမင်းကဲ့သို့ တောက်ပနေသော်လည်း ယခုမူ ဝင်ခါနီးနေမင်းပမာ မှေးမှိန်သွား၏။
တစ်ဖက်တွင်လည်း သူတို့နှစ်ဦးမှာ ဝိညာဉ်တိုက်ပွဲပေါင်းများစွာကို ဆင်နွှဲခဲ့ကြပြီးဖြစ်သည်။ အင်မော်တယ်ဝိညာဉ်မှာ လုံးဝခိုင်မာနေသော်လည်း ကျန်းချန်၏ သူတော်စင်ဝိညာဉ်အတွင်းသို့ လုံးဝဝင်ရောက်၍မရ။
ဝိညာဉ်ပေါင်းတစ်သောင်းဖြင့် တည်ဆောက်ထားသော သူ၏သူတော်စင်ဝိညာဉ် အရည်အသွေးမှာ မြင့်မားလွန်းလေသည်။ သူတော်စင်အဆင့်အထွတ်အထိပ်သို့ရောက်ပြီးနောက် သူသည် အစစ်အမှန်အင်မော်တယ်တစ်ဦးကို အပြည့်အဝယှဉ်ပြိုင်နိုင်စွမ်းရှိနေလေပြီ။
တာအိုနှလုံးသား ပြိုကွဲလုနီးပါးဖြစ်လာသောအခါ အင်မော်တယ်ကျန့်ထိုင်မှာ ထိတ်လန့်သွားတော့သည်။ သူနားမလည်နိုင်ပေ။ အောက်လောကတွင် ဤကဲ့သို့ ကောင်းကင်ကိုဆန့်ကျင်နိုင်စွမ်းရှိသော ကျင့်ကြံသူတစ်ယောက် မည်သို့ထွက်ပေါ်လာသနည်း။
ဒါကို သူတော်စင်အဆင့်လို့ ခေါ်လို့ရသေးရဲ့လား။ အစစ်အမှန်အင်မော်တယ်တစ်ယောက်တောင် ချေမှုန်းခံနေရသည်ဆိုလျှင် ကောင်းကင်အင်မော်တယ်အဆင့် တိုက်ခိုက်ရေးစွမ်းရည် မဟုတ်ပါလား။
နောက်ဆုံးတွင် သူသည် အင်မော်တယ်ခန္ဓာကိုယ်ကိုအသုံးပြုကာ အနီးကပ်တိုက်ခိုက်ရန် ရွေးချယ်လိုက်သည်။ ထို့နောက်... သူသည် ကျန်းချန်၏ အင်မော်တယ်-မိစ္ဆာ ခန္ဓာကိုယ်နှင့် ထိပ်တိုက်တိုးတော့သည်။
သူတို့နှစ်ဦး အနီးကပ်စတင်ထိတွေ့သည့်ခဏမှာပင် အင်မော်တယ်ကျန့်ထိုင်မှာ ကောင်းကင်ပေါ်မှ လွင့်စဉ်ကျလာတော့သည်။
ဝုန်း
မြေပြင်တွင် အက်ကြောင်းပေါင်းများစွာပေါ်လာပြီး ထိုအက်ကြောင်းများအတွင်း၌ အင်မော်တယ်ကျန့်ထိုင်၏ခန္ဓာကိုယ်မှာလည်း အက်ကွဲလာ၏။ သူ ဆက်မတိုက်ဝံ့တော့။ သူသည် အင်မော်တယ်ဓားကိုပင်သုံးခဲ့သည် မဟုတ်ပါလား...
အောက်လောကမှာ ဤမျှ ကြောက်စရာကောင်းသော မိစ္ဆာတစ်ကောင်ကို မွေးထုတ်ပေးထားလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ အလွန်ကြောက်စရာကောင်း၏...
ဂုဏ်သရေရှိအင်မော်တယ်တစ်ဦးမှာ အောက်လောကမှကျင့်ကြံသူတစ်ဦးကိုရင်ဆိုင်ရာတွင် ထွက်ပြေးရန်ရွေးချယ်လိုက်ရသည်။ ဤအခိုက်အတန့်တွင် သူ၏ပိတ်ဆို့ခံထားရသော တာအိုနှလုံးသားမှာ စည်းမျဉ်း ၉၉၂ ခု၏ ထပ်တလဲလဲ တိုက်ခိုက်မှုအောက်၌ လုံးဝပျက်စီးသွားတော့သည်...
ဝေါ့...
အင်မော်တယ်ကျန့်ထိုင်သည် ရွှေရောင်သွေးများကိုအန်ထုတ်လိုက်ရပြီး သူ့အခြေအနေမှာ ပိုအားနည်းသွားသည်။ ကျန်းချန်က ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ သူတော်စင်ဓားဖြတ်သန်းသွားပြီးနောက် ကျန့်ထိုင်၏ခေါင်းမှာ လေထဲသို့လွင့်တက်သွားတော့သည်။
သူတော်စင်ဝိညာဉ်နှင့် နယ်မြေမှာလည်း တိုက်ခိုက်ခံရပြီး လုံးဝပျက်စီးသွားတော့သည်။
အစစ်အမှန်အင်မော်တယ်တစ်ဦး ကျဆုံးသွားလေပြီ...
ထိုအချိန်တွင် ချင်းစော့မှာ ပျက်စီးနေသောတိုက်ပွဲမြေပြင်သို့ ရောက်ရှိလာသည်။ ကောင်းကင်ပေါ်မှ ဖြည်းဖြည်းချင်းဆင်းသက်လာသော ကျန်းချန်ကိုကြည့်ရင်း ပစ္စည်းလိုက်ကောက်နေကြသော မျက်စိသုံးလုံးကျား၊ မိုချန်နှင့် လိပ်နက်ဘုရင်တို့ကိုကြည့်ရင်း မှင်တက်သွားတော့သည်။
အင်မော်တယ်ကသေသွားပြီလား...
ကျန်းချန်တစ်ယောက်တည်း သတ်ပစ်လိုက်တာလား..
ဒီလောက်မြန်တာလား...
ဓားသူတော်စင်ကွေ့ချန်းနှင့် နဂါးဘုရင်ကြီးတို့ အဓိကတပ်ဖွဲ့နှင့်အတူရောက်လာချိန်တွင် တိုက်ပွဲမှရရှိသောပစ္စည်းများကို သိမ်းဆည်းပြီးသားဖြစ်နေလေပြီ။ အထူးသဖြင့် မျက်စိသုံးလုံးကျားမှာ ဤသို့လုပ်ရသည်မှာ ပထမဆုံးအကြိမ်မဟုတ်သဖြင့် အလွန်ကျွမ်းကျင်နေပြီဖြစ်သည်။
သိုလှောင်လက်စွပ်များတင်မကဘဲ နဂိုအတိုင်းကျန်နေသော ချပ်ဝတ်တန်ဆာများနှင့် အင်မော်တယ်ဓားများကိုပင် တစ်ခုမှမကျန်အောင် ချွတ်ယူထားကြသည်။
"ဒါ... ဒါ..."
"ဘာဖြစ်သွားတာလဲ"
"ရန်သူတွေအားလုံး သတ်ခံလိုက်ရတာလား"
"အင်မော်တယ်ကျန့်ထိုင်"
"သူ့ရဲ့ခေါင်းက တကယ်ကြီး ဒီမှာလား"
လူတိုင်း အသက်ရှူမှားသွား၏။ သူတို့မြင်နေရသည်ကို လုံးဝမယုံကြည်နိုင်ကြ။
အင်မော်တယ်ကျန့်ထိုင် အသတ်ခံလိုက်ရတာလား...
သူတို့ ကြောက်လန့်တကြားရှောင်နေရပြီး ဝိုင်းတိုက်လျှင်ပင် နိုင်ပါ့မလားဟု သံသယဖြစ်နေရသော ရန်သူကြီးမှာ ဤအတိုင်းပျောက်ကွယ်သွားသလော။
"ဒါကိုဘယ်သူလုပ်ခဲ့တာလဲ"
ဤမေးခွန်းမှာ အဓိပ္ပာယ်မရှိပေ။ အခင်းဖြစ်ပွားရာနေရာတွင်ရှိနေသော တစ်ဦးတည်းသောလူသားကို မမြင်ကြဘူးလား။
"ဂိုဏ်းချုပ်ကျန်း"
ဓားသူတော်စင်ကွေ့ချန်း၏ မုတ်ဆိတ်ဖြူများတုန်ယင်နေပြီး မြေပြင်ပေါ်ရှိ အပျက်အစီးများကိုညွှန်ပြကာ လက်များတုန်နေတော့သည်။
"ဒါတွေအားလုံးကို ခင်ဗျားလုပ်ခဲ့တာလား"
ကျန်းချန်က ပေါ့ပေါ့ပါးပါးအမူအရာဖြင့် လက်ဖြန့်ပြလိုက်သည်။
"ဟုတ်တယ်လေ။ ဒီရန်သူတွေကိုသွားတိုက်မယ်လို့ စောစောကပြောခဲ့သားပဲမဟုတ်လား"
လူတိုင်းဘာပြောရမှန်းမသိတော့။
ခင်ဗျားပြောတာတော့ ဟုတ်ပါပြီ၊ ဒါပေမဲ့ ခင်ဗျား ဒီလောက်ကြမ်းလိမ့်မယ်လို့ ဘယ်သူသိမှာလဲ...
တစ်ယောက်တည်းနဲ့ တစ်ကွင်းလုံးကို ရှင်းပစ်လိုက်တာပဲ...
နဂါးဘုရင်ကြီးလည်း အလွန်အမင်းအံ့သြနေရသည်။ ကျန်းချန်နောက်သို့လိုက်နေသော မျက်စိသုံးလုံးကျားကိုကြည့်ရင်း အဘယ်ကြောင့် ဤလူနောက်သို့လိုက်နေသည်ကို ရုတ်တရက်နားလည်သွား၏။
"အင်မော်တယ်ကျန့်ထိုင်ကိုလည်း ခင်ဗျားပဲသတ်လိုက်တာလား"
"တခြားသူရှိသေးလို့လား"
"မင်းတို့အားလုံးက သူ့ကိုအနိုင်မတိုက်နိုင်ဘူးလို့ပြောနေကြလို့ ငါအရင်လာတွေ့လိုက်တာပါ"
ဂိုဏ်းချုပ်ကျန်းက ပခုံးတွန့်ပြလိုက်သည်။
"ဒီကောင်က နည်းနည်းတော့စွမ်းသားပဲ၊ နည်းနည်းတော့ ပိုကြိုးစားလိုက်ရတယ်"
နည်းနည်းပဲ ပိုကြိုးစားလိုက်ရတယ် ဟုတ်လား။ လူတိုင်းဆွံ့အသွားကြသည်။
စောစောက ကျန်းချန်ကို လေကြီးသည်ဟုထင်ခဲ့သူများမှာ ယခုအခါ ရှက်လွန်း၍ မျက်နှာကိုလက်နှင့်အုပ်ထားချင်ကြတော့သည်။
သူကြွားတာတော့ဟုတ်သည်၊ ဒါပေမဲ့ သူ တကယ်လည်းတော်တာပဲမဟုတ်လား...
ဤတိုက်ခိုက်ရေးစွမ်းရည်က အင်မော်တယ်တွေကိုတောင်သတ်နိုင်၏။ လူတိုင်းသည် ဂိုဏ်းချုပ်ကျန်းအနားသို့ မကပ်ရဲကြတော့ပေ၊ သူသည် အထက်လောကမှ အင်မော်တယ်များထက်ပင် ပို၍အန္တရာယ်များသူဟု ခံစားနေကြရသည်။