← Chapters

မျက်နှာကြီးစိမ်းဖန့်သွားခြင်း

Vol. 21 Ch. 209

မျက်နှာကြီးစိမ်းဖန့်သွားခြင်း

Vol. 21 Ch. 209

ကျန်းချန်သည် မူလက ဤအောင်ပွဲကိုအခွင့်ကောင်းယူပြီး ကျန်အင်မော်တယ် ၄ ယောက်ကိုပါ တစ်ပါတည်းအမြစ်ပြတ်သုတ်သင်ရန် ရည်ရွယ်ခဲ့သည်။ သို့သော်လည်း အမြစ်မဲ့ကျွန်းမှာ နယ်မြေတစ်ခုစာနီးပါးကျယ်ဝန်းလှသဖြင့် သူတို့ဘယ်နေရာမှာရှိနေမှန်း သူအတိအကျမသိရပေ။ ထို့ကြောင့် လောလောဆယ် ပြန်ရန်သာဆုံးဖြတ်လိုက်သည်။

သို့သော် မပြန်မီ လုပ်ဆောင်စရာအချို့ရှိသေးသည်...

ဥပမာအားဖြင့် ရွှေနဂါးဘုရင်နှင့်ကိစ္စ...

"အစ်ကိုကြီး။ ခင်ဗျား ကျွန်တော့်ရဲ့တန်ဖိုးကို စမ်းသပ်ချင်တယ်ဆို။ အခုအခြေအနေတွေလည်း အေးဆေးသွားပြီဆိုတော့ စလိုက်ကြမလား"

ရွှေနဂါးဘုရင် အလွန်အရှက်သွား၏။ ဖဲဝိုင်းကကိစ္စ ဖဲဝိုင်းမှာထားခဲ့ပါလား...

ထိုစဉ်က ကျန်းချန်ကို သာမန်သူတော်စင်အဆင့် အထွက်အထိပ်ရောက်နေသူတစ်ယောက်လောက်သာ ထင်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ထင်ခြင်းမှာပင် သူ့ကို အတော်လေးအထင်ကြီးပေးထားခြင်းဖြစ်သည်; သာမန်လူဆိုလျှင် စကားပင်ပြောမည်မဟုတ်။

ယခု... ဤလူက အင်မော်တယ်တစ်ယောက်ကိုပင် သတ်ပြခဲ့ပြီဖြစ်ရာ သတ္တိမည်မျှရှိသည်ဖြစ်စေ သူမလုပ်ရဲတော့။ ထိုသို့လုပ်ပိုင်ခွင့်လဲမရှိတော့ပေ။

"ဂိုဏ်းချုပ်ကျန်း နောက်နေတာဖြစ်ရမယ်"

"ကျွန်တော် နောက်နေတာမဟုတ်ဘူး၊ တကယ်ကိုမျှော်လင့်နေတာပါ"

ရွှေနဂါးဘုရင်မှာ ခေါင်းကိုအဆက်မပြတ်ခါယမ်းရင်း ခြောက်ကပ်ကပ်ရယ်မောလိုက်သည်။

"ဂိုဏ်းချုပ်ကျန်းနဲ့ ကျွန်တော်က အင်မော်တယ်တွေကိုတော်လှန်တဲ့စခန်းတစ်ခုတည်းကပဲလေ။ ကျွန်တော်တို့က တစ်ဖက်တည်းပဲ။ တိုက်ခိုက်နေရင် ညီညွှတ်မှုကိုထိခိုက်ကုန်ပါဦးမယ်"

"ဒါဆိုရင်လည်း လူမသေကြေးပေါ့။ ရှုံးတဲ့လူက သူစုဆောင်းထားသမျှ ရတနာတွေအကုန်ပေးကြေးဆိုရင်ရော"

ဤလူငယ်မှာ သူ့ရတနာများကို မျက်စိကျနေခြင်းဖြစ်ကြောင်းသိလိုက်ရသောအခါ ရွှေနဂါးဘုရင်၏မျက်နှာမှာ စိမ်းဖန့်သွားတော့သည်။

"မရဘူး... မရဘူး... ဂိုဏ်းချုပ်ကျန်း အဲဒီတုန်းက ကျွန်တော့်ဆိုလိုရင်းကို နားလည်မှုလွဲသွားတာဖြစ်ရမယ်။ ခင်ဗျားကိုတိုက်ခိုက်ဖို့ ရည်ရွယ်ချက်လုံးဝမရှိပါဘူး"

၎င်းက အသည်းအသန်ငြင်းဆန်နေသည်ကိုမြင်ရသောအခါ အစ်ကိုကြီးချန်မှာ အလွန်စိတ်ပျက်သွားသည်။ အမှတ်များများရလေကောင်းလေဖြစ်သော်လည်း ယခုတော့ လှုပ်ရှားခွင့်ပင်မရတော့ပေ။

"မျက်စိသုံးလုံးကျား ကျွန်တော့်နောက်လိုက်နေတာကို ခင်ဗျားသဘောမကျဘူးလို့မြင်မိသားပဲ။ အခုအခွင့်အရေးရတုန်း အဲဒီကိစ္စကိုပါ တစ်ခါတည်းရှင်းလိုက်ကြစို့"

"ဂိုဏ်းချုပ်ကျန်း"

ရွှေနဂါးဘုရင်က သူ့စကားကို အကျယ်ကြီးအော်ဟစ်ဖြတ်ပြောလိုက်သည်။

"ကျွန်တော့်ပုံစံက အဲဒီလောက် စိတ်သဘောထားသေးသိမ်တဲ့ မိစ္ဆာဘုရင်တစ်ယောက်နဲ့တူလို့လား"

၎င်းက တရားမျှတမှုအတွက် ဒေါသထွက်နေဟန်ဖြင့် ဆိသည်...

"ကျွန်တော်က ကောင်းကင်မိစ္ဆာနယ်မြေကို လူသားမျိုးနွယ်နဲ့ ပိုမိုနီးကပ်စေဖို့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့နဲ့ အပြန်အလှန်ဖွံ့ဖြိုးတိုးတက်ဖို့ အမြဲတမ်းလှုံ့ဆော်ခဲ့သူပါ"

"မျက်စိသုံးလုံးကျား ခင်ဗျားနောက်လိုက်ခွင့်ရတာက သူ့ရဲ့ကံကောင်းခြင်းပဲ"

"နှင်းယုန်ဘုရင်မနဲ့ ကြက်ဘုရင်မတို့ ဒီအတောအတွင်း ခင်ဗျားရဲ့မြင့်မြတ်တဲ့ဂုဏ်ရည်တွေရဲ့ လွှမ်းမိုးမှုကိုခံရတာက သူတို့အတွက်ဂုဏ်ယူစရာပဲ။ ဒါကို ဘေးဆိုးထဲက ကံကောင်းခြင်းလို့တောင် ခေါ်လို့ရတယ်"

"ဒီကိစ္စအတွက် ကျွန်တော်တကယ်ပဲကျေနပ်မိပါတယ်"

ကောင်းကင်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်အသီးသီးတို့မှာ ၎င်းကို မှင်တက်စွာကြည့်နေကြသည်။

အစ်ကိုကြီး။ ခင်ဗျား တစ်ခုခုပူးကပ်ခံထားရတာလား...

ဒါက အရင်က ပြင်ပလူကျူးကျော်လာတာနဲ့ အုပ်စုလိုက်ဝိုင်းတိုက်ဖို့ အမြဲတမ်းအမိန့်ပေးလေ့ရှိတဲ့ ရွှေနဂါးကြီးဟုတ်သေးရဲ့လား...

နှင်းယုန်ဘုရင်မနှင့် ကြက်ဘုရင်မတို့မှာ ပို၍ပင်ရင်ကျိုးရသည်။

ဘယ်လိုလုပ် မြင့်မြတ်တဲ့ဂုဏ်ရည် လွှမ်းမိုးခံရတာလဲ...

ကျွန်မတို့ တစ်ချိန်လုံးအစေခံလုပ်နေရတာပါ...

သူဌေးလာကယ်မှာကိုပဲ စောင့်နေခဲ့တာပါ...

ဘယ်က ဘေးဆိုးထဲကကံကောင်းခြင်းလဲ...

အခြားနယ်မြေမှ ကျွမ်းကျင်သူများမှာလည်း စိတ်လှုပ်ရှားစွာ သက်ပြင်းချနေကြသည်။ ရွှေနဂါးဘုရင်ကဲ့သို့ ထိပ်တန်းအင်အားကြီးပုဂ္ဂိုလ်ပင် နောက်ဆုတ်သွားရသည်ဆိုလျှင် ဤဂိုဏ်းချုပ်ကျန်းသည် မည်မျှအစွမ်းထက်မည်ကို ခန့်မှန်းကြည့်နိုင်၏။ ဓားသူတော်စင်ကွေ့ချန်းက သူ့အပေါ် အစကတည်းက ဤမျှယဉ်ကျေးပျူငှာနေခဲ့သည်ကို ယခုမှနားလည်သွားကြတော့သည်။

နဂါးဘုရင်က အရာအားလုံးကို ပြတ်ပြတ်သားသားငြင်းဆိုနေသည်ကို မြင်သောအခါ အစ်ကိုကြီးချန်လည်း ထိုကိစ္စကို လက်လျှော့လိုက်ရတော့သည်။

သူ ပြန်ရန်ပြင်လိုက်စဉ် ဓားသူတော်စင်ကွေ့ချန်းနှင့်အဖွဲ့ အလျင်အမြန်ပြေးလာကြသည်။

"ဂိုဏ်းချုပ်ကျန်း ပြန်တော့မလို့လား"

"ဟုတ်တယ်"

"ကျွန်တော်တို့လည်း ဂိုဏ်းချုပ်ကျန်းနဲ့အတူ လိုက်ပါခွင့်ရမလားလို့"

ယခုအခါ ဓားသူတော်စင်အိုကြီးမှာ အချင်းချင်းကူညီကြရန်နှင့် ရန်သူကိုအတူတွန်းလှန်ရန်ဟူသော စကားများကိုပြောရန် အလွန်အရှက်ရနေလေပြီ။ ကျန်းချန်၏အစွမ်းနှင့်ဆိုလျှင် သူတို့ကိုအားကိုးရန်ပင်လိုမည်မထင်ပေ။ အပြန်အလှန်အားဖြင့် သူတို့ကသာ ဤခြေထောက်ကို အသည်းအသန်ဖက်တွယ်ထားရန် လိုအပ်နေခြင်းဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် သူစကားပြောပြီးသည်နှင့် အခြားသူများကလည်း ဝိုင်းအုံလာကြသည်။

"ကျွန်တော်တို့အားလုံးမှာ ဘုံရန်သူရှိကြတာပဲ။ ဂိုဏ်းချုပ်ကျန်းရဲ့ အနီးအနားမှာ ကျွန်တော်တို့ကို အခြေချခွင့်ပြုပါဦး"

"ဟုတ်ပါတယ်။ အတူတူရှိတော့ အဖော်ရတာပေါ့"

"ကျွန်တော်တို့ရဲ့ မပြောပလောက်တဲ့အစွမ်းလေးနဲ့ ဂိုဏ်းချုပ်ကျန်းကို ကူညီခွင့်ပေးပါ။ တစ်ခုခုခိုင်းစရာရှိရင် အမိန့်သာပေးလိုက်ပါ"

မျက်တောင်တစ်ခတ်အတွင်းမှာပင် အစ်ကိုကြီးချန်မှာ ရေပက်မဝင်နိုင်အောင် ဝိုင်းရံခံလိုက်ရသည်။ သူတို့ အရင်ကအကြောက်ဆုံးအရာမှာ ထိုအစစ်အမှန်အင်မော်တယ်များ၏ တိုက်ခိုက်မှုပင်။

အမြစ်မဲ့ကျွန်းမှာ မသေးလှသော်လည်း သူတို့မည်မျှပုန်းနေနိုင်မည်နည်း။ တစ်နှစ်လား၊ ဆယ်နှစ်လား၊ ရာစုနှစ်တစ်ခုလား ဒါမှမဟုတ် နှစ်ပေါင်းသန်းချီလား။ သူတို့ ရင်ဆိုင်ရမည့်နေ့မှာ မလွဲမသွေရောက်လာမည်သာ။

ယခုမူ ကျန်းချန်၏ အင်မော်တယ်များကိုသတ်ဖြတ်နိုင်သောစွမ်းအားက ရှေ့မှာတင်ရှိနေသည်။ သူတို့မှာ ဘယ်လိုတိုက်ရမလဲဆိုသည်ကို ဆွေးနွေးနေကြတုန်း ဤလူက တစ်ယောက်တည်းနှင့် ရန်သူအားလုံးကို သုတ်သင်ပြခဲ့သည်။

ဤလုံခြုံမှုခံစားချက်မှာ အလွန်ကြီးမားလှသည်။ တောရိုင်းနယ်မြေ၊ ဓားနယ်မြေ သို့မဟုတ် မိစ္ဆာနယ်မြေများပင် ဤကဲ့သို့မလုပ်နိုင်ကြပေ။ အမြစ်မဲ့ကျွန်းတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ...

အကယ်၍ ကျန်းချန်ကငြင်းပယ်လျှင်ပင် သူတို့သည် နောင်တွင်ဖေးရှန်ဂိုဏ်းပတ်ဝန်းကျင်၌သာ အခြေချကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျန်သောအစစ်အမှန်အင်မော်တယ်၄ ယောက်၏ ခြိမ်းခြောက်မှုက ရှိနေသေးသောကြောင့်ပင်။

အစ်ကိုကြီးချန်ကတော့ ဤလူများအပေါ်တွင် ထွေထွေထူးထူးခံစားချက်မရှိ။ သို့သော်လည်း လူအများ၏ ဝိုင်းဝန်းအရေးပေးခြင်းခံရသည်ကို သူအတော်လေးသဘောကျနေသည်။ ဒါက တကယ့်ကိုဆရာကျသည် မဟုတ်ပါလား။

ထို့ကြောင့် သူက လက်ကိုဝှေ့ယမ်းလိုက်သည်။

"ရပါတယ်။ လိုက်ချင်သလောက်လိုက်ခဲ့ကြ"

လူတိုင်း အတိုင်းမသိ ဝမ်းသာသွားကြတော့သည်... နယ်မြေငယ်အချို့မှ ကျွမ်းကျင်သူများမှာ လက်သီးလက်မောင်းတန်းကာ အော်ဟစ်ကြသည်။

"ဂိုဏ်းချုပ်ကျန်းက မြင့်မြတ်လှပါတယ်"

"ဂိုဏ်းချုပ်ကျန်းက အစွမ်းထက်လှပါတယ်"

"ဂိုဏ်းချုပ်ကျန်းက စိတ်ထားကောင်းပြီး ကောင်းကင်ဘုံကိုယ်စား ဆောင်ရွက်ပေးသူပါ"

"ကျွန်တော်တို့ ဂိုဏ်းချုပ်ကျန်းရဲ့အမိန့်တိုင်းကို နာခံပါ့မယ်"

ခေတ္တခဏအတွင်းမှာပင် လူအုပ်ကြီးမှာ အလွန်ခမ်းနားပြီး ခန့်ညားထည်ဝါသွားတော့သည်။ လူအများ၏ဝိုင်းရံမှုအောက်တွင် အစ်ကိုကြီးချန်မှာ မျက်နှာပွင့်နေ၏။ မျက်စိသုံးလုံးကျားပင်လျှင် သူ့နောက်ကနေ အရှိန်အဝါတက်လာတော့သည်။

"အားလုံးနောက်ဆုတ်ကြ၊ ငါ့ရဲ့အစ်ကိုကြီးချန်ကို မတိုးကြနဲ့"

"ငါ ပြောပြမယ်၊ ငါက အစ်ကိုကြီးချန်ရဲ့ လူယုံတော်ပဲ။ သူက ငါ့အမြင်တွေကို အမြဲတမ်း အလေးထားတယ်။ အစ်ကိုကြီးချန်ရဲ့ ဆုံးဖြတ်ချက်တွေကို များသောအားဖြင့် ငါကပဲ တစ်ဆင့်ပြောပေးရတာ"

ဤစကားများကို ကြားသောအခါ သွားကြွက်ဘုရင်ပင် အလျင်အမြန်ခေါင်းငုံ့ပြီးပြုံးပြလိုက်ရသည်။ လူယုံတော်ဆိုသည်မှာ အပြစ်မလုပ်သင့်သော ပုဂ္ဂိုလ်မျိုးဖြစ်သည်...

"ကျားလေး။ အရင်တုန်းက ခွေးဘုရင် မင်းနောက်ကိုလိုက်ဖမ်းတုန်းက ဘယ်သူကကူညီပေးခဲ့လဲ မှတ်မိသေးလား"

"ဟေး... သွားကြွက်ဘုရင်၊ ခင်ဗျားကလည်း။ ဒါတွေက ရှေးဟောင်းနှောင်းဖြစ်တွေပါ။ အခုမှ ဒါတွေကို ပြန်ပြောပြီး ငါ့ကိုနှိပ်ကွပ်ချင်တာလား"

ခွေးဘုရင်၏ အငြိုးအတေးအရှိန်အဝါများမှာ လုံးဝပျောက်ကွယ်သွားပြီး အိမ်မွေးခွေးတစ်ကောင်အသွင်သို့ ပြောင်းလဲသွားသည်။

"ခင်ဗျားကတော့ တကယ့်ကိုသတ္တိကောင်းတာပဲ၊ အစ်ကိုကြီးကျားကို ကျားလေးလို့ခေါ်ရဲတယ်ပေါ့... ခင်ဗျားက အစ်ကိုကြီးကျားထက် ပိုကြီးမြတ်တယ်လို့ထင်နေတာလား"

"အစ်ကိုကြီးကျား။ ကျွန်တော် မှားသွားပါတယ်"

ကြက်ဘုရင်မမှာ လှုပ်လီလှုပ်လဲ့ဖြင့် ကပ်လာသည်။

"အစ်ကိုကြီးကျား။ လွန်ခဲ့တဲ့တစ်နှစ်ပတ်လုံး ကျွန်မတို့ နေ့ညမပြတ်အတူတူရှိခဲ့ကြတာပဲ။ အစ်ကိုကြီးရဲ့ အမြော်အမြင်ကို ကျွန်မအလေးစားဆုံးပဲ... အစကတည်းက ဂိုဏ်းချုပ်ကျန်းနောက်လိုက်ဖို့ ဉာဏ်မျက်စိရှိခဲ့တာပဲ"

"လူသားတစ်ယောက်အောက်မှာနေရတာ ဂုဏ်သိက္ခာမရှိဘူးလို့ တစ်နေကုန်ပြောနေတဲ့ တချို့လူတွေနဲ့မတူဘူးပေါ့"

သူမက နှင်းယုန်ဘုရင်မကို သိသိသာသာစောင်းကြည့်လိုက်ရာ နောက်လူမှာအလွန်ဒေါသထွက်သွားသည်။

"ကြက်ဘုရင်မ။ နင့်ရဲ့အမွေးတွေကို ငါ အကုန်နှုတ်ပစ်မယ်ဆိုတာယုံလား"

မျက်စိသုံးလုံးကျားမှာ ၎င်း၏ဘဝသက်တမ်းတစ်လျှောက်တွင် ဤမျှဂုဏ်ယူစရာကောင်းသောနေ့မျိုး မရှိခဲ့ဖူးဟုခံစားလိုက်ရသည်။ ကျန်းချန်၏ခေါ်ယူခြင်းကိုခံရစဉ်က မလိုက်ချင်ခဲ့သော်လည်း ယနေ့ကဲ့သို့နေ့မျိုး ရောက်လာမည်ဟု အိပ်မက်ပင်မမက်ခဲ့ဖူးပေ။

အရင်က ကောင်းကင်မိစ္ဆာနယ်မြေမှ မိစ္ဆာဘုရင်များ မည်မျှခန့်ညားခဲ့သနည်း... ၎င်းကို ဘယ်သူမှ တည့်တည့်မကြည့်ခဲ့ကြ။ သို့သော် ယခုမူ သူတို့အားလုံးက ဖားနေကြရသည်။

ဒါကို ခြင်္သေ့ (ကျန်းချန်) ရဲ့ အရှိန်အဝါကို ကျားကအလွဲသုံးစားလုပ်တာလို့ ခေါ်မလားပဲ။

အရှိန်အဝါကတော့ တကယ့်ကိုအစစ်အမှန်ပင်။ တကယ့်ကို လန်းဆန်းလှပေသည်...

ဂိုဏ်းချုပ်ကျန်းမှာ အံကြိတ်ရင်း ဤဖားယားလှသောကျားကို ကန်ထုတ်ချင်စိတ်များ ပေါက်နေတော့သည်။

ငါဘယ်တုန်းက မင်းရဲ့အမြင်တွေကို အလေးထားလို့လဲ...

ပြီးတော့ ဘယ်တုန်းက မင်းက ငါ့စကားတွေကို တစ်ဆင့်ပြောပေးခဲ့လို့လဲ...

သို့သော်လည်း ယခု သူအလွန်အလုပ်ရှုပ်နေသည်။ ရွှေနဂါးဘုရင်၊ ဓားသူတော်စင်ကွေ့ချန်းနှင့် ဓားသူတော်စင်ပေ့ယွမ်ကဲ့သို့သော ထိပ်တန်းကျွမ်းကျင်သူများမှာ သူတို့၏အဆင့်အတန်းကို ထိန်းသိမ်းထားဆဲဖြစ်သော်လည်း သူတို့၏သဘောထားများမှာ သိသိသာသာပင် ရိုသေလေးစားမှု ရှိလာသည်။

အခြားနယ်မြေမှကျွမ်းကျင်သူများမှာမူ လမ်းတစ်လျှောက်လုံး သူ့ကို ဂိုဏ်းချုပ်ကျန်း၊ စီနီယာကျန်းဟု တတွတ်တွတ်ချီးကျူးလာကြ၏။ ဤကဲ့သို့ဖြင့် လူတိုင်း မူလစခန်းချရာနေရာသို့ ပြန်ရောက်လာကြသည်။

ဂိုဏ်းချုပ်ကျန်းမှာ လမ်းတစ်လျှောက်လုံး မြှောက်ပင့်ခံရသဖြင့် စိတ်ကြည်လင်နေသည်။ သူသည် ချွင်းချက်အနေဖြင့် အမှတ်တစ်သောင်းကျော် အကုန်အကျခံကာ သူတို့ခေတ္တနေထိုင်ရန် နန်းတော်ဒါဇင်ပေါင်းများစွာကို ဖန်တီးပေးလိုက်၏။ ချက်ချင်းပင် ထိုနေရာတစ်ခုလုံးမှာ ထပ်မံ၍ အံ့သြချီးကျူးသံများဖြင့် ပြည့်နှက်သွားတော့သည်။

"ဂိုဏ်းချုပ်ကျန်းက တကယ်ကိုနက်နဲလွန်းလှတယ်"

"ဒါက ဘယ်လို မှော်ဂါထာမျိုးလဲ"

"တကယ့်ကိုအံ့သြစရာပဲ အင်မော်တယ်တစ်ယောက်ရဲ့ခေါင်းကိုယူနိုင်တာ မဆန်းတော့ပါဘူး"

All Chapters