အိမ်တွင်းအကြမ်းဖက်မှုမှ လူသတ်မှုအဖြစ်သို့
Vol. 19 Ch. 181
ငါက စိတ်ကျန်းမာရေး ဆရာ၀န်ဆိုတာ တကယ်ပါ
ဘာသာပြန် - ထွန်းလင်းအောင်
စာစဉ် (၁၉)
တိုက်ခန်းက သာမန် သုံးခန်း နှစ်ခန်းပုံစံဖြစ်ပြီး ဧည့်ခန်းကလည်း သန့်ရှင်းသပ်ရပ်နေသည်။
“ ဒေါက်တာချန် …. မင်းအခု ရှင်းပြလို့ရပြီလား ….”
လီချန်ကျွင်း ခါးသက်စွာပြုံးလိုက်ပြီး “ ငါတို့ စားလည်း စားပြီးပြီ .. ပြီးတော့ အိမ်ကိုကြည့်ရအောင်လို့လည်း ခေါ်လာခဲ့ပေးပြီးပြီ …. ဆက်ပြီး ဒွိဟဖြစ်အောင် မလုပ်ပါနဲ့တော့လား …”
“ ငါ ခဏနေကျရင် အစည်းအဝေး တက်စရာလည်း ရှိသေးတယ် …. မင်းနဲ့ အတူ ဆက်ပြီးအဖော်လုပ်ပေးဖို့ အချိန်က သိပ်ကျန်တော့တာ မဟုတ်ဘူး ….”
အပေါ် မျက်နှာကြက်ကို ကြည့်ရင်း ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။ “ ပထမ ပြဿနာ တစ်ခုနဲ့ အရင် စလိုက်ကြတာပေါ့ ….”
“ ကျွန်တော်တို့ ဆေးခန်းမှာတုန်းက အိမ်ရဲ့ သံလိုက်စက်ကွင်းနဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေတယ်လို့ ပြောခဲ့တယ်နော်….”
“ လိုရင်းပြောရရင် ဒီနေရာမှာ တစ်ယောက်ယောက် သေထားတယ် …”
“ အဲ့တာက ဒီနေရာရဲ့ သံလိုက်စက်ကွင်းကို ဖရိုဖရဲဖြစ်အောင် လုပ်နေတာပဲ …”
“ သရဲခြောက်တဲ့အိမ် …”
ကျိုးခဲ့ရှင်းက ရှော့ခ်ရစွာ အော်ဟစ်လိုက်၏။
“ ကပ္ပတိန်လီ … ဒီမှာ လူသေထားတာကို ရှင်ဘာလို့ ကြိုမပြောတာလဲ …”
ကျိုးခဲ့ရှင်းက လီချန်ကျွင်းကို ကြည့်ပြီး မကျေမနပ် မြည်တမ်းလိုက်သည်။
အကယ်၍ ဤနေရာကသာ သရဲခြောက်သည့် တိုက်ခန်း ဖြစ်မှန်း ကြိုသိခဲ့မည်ဆိုပါက လိုက်လာခဲ့မှာ မဟုတ်ချေ။
သိချင်စိတ်က ကြောင်ကို သေစေသည်ဆိုသည့် စကားပုံက အမြဲတမ်း မှန်ကန်သည်။
“ မဖြစ်နိုင်ဘူးနော်….”
“ ဒီမှာ လူသေဖူးတယ်လို့ ပြောသံလည်း မကြားမိပါဘူး ….”
လီချန်ကျွင်း မျက်မှောင်ကြုတ်လိုက်ပြီး သူ့စိတ်တစ်ခုလုံးလည်း ရှုပ်ထွေးနေမိ၏။
အိမ်တွင်းဆူပူမှု ပြဿနာကို ဖြေရှင်းနိုင်ရန်အလို့ငှာ ဤအိမ်သို့ အနည်းဆုံး နှစ်ခေါက်၊သုံးခေါက်ခန့် ရောက်ဖူးသည်။
တစ်စုံတစ်ယောက် သေထားသည်ဟု ပြောသံလည်း သူ မကြားမိပေ။
သူ အိမ်နီးနားချင်းများသို့ သွားရောက်လည်ပတ်စဉ်တွင်လည်း ဤအိမ်နှင့်စပ်လျဉ်း၍ ပြဿနာတစ်စုံတစ်ရာ ရှိကြောင်း ပြောသံ မကြားမိပေ။
ချန်ယွီ့က အဘယ်ကြောင့် ဤနေရာတွင် တစ်စုံတစ်ယောက် သေထားသည်ဟု ရုတ်ချည်း ပြောလာရသနည်း။
ထို့နောက် ချန်ယွီ့က လီချန်ကျွင်းကို ကျောက်ကော်ဟန်နှင့် သူ့ဇနီးတို့က ဤတိုက်ခန်းကို မူရင်းပေါက်ဈေးထက် လျှော့ပြီး ဝယ်ခဲ့ခြင်း ဟုတ်မဟုတ် မေးမြန်း၏။
“ အမှန်ပဲ …”
လီချန်ကျွင်း တုံ့ဆိုင်းနေခြင်း မရှိ။ ချက်ချင်း ဖြေဆိုလိုက်သည်။
အမှန်တရားကို ရှာဖွေတွေ့ရှိရန်အတွက် လီချန်ကျွင်းသည် ဆေးရုံသို့ သွားပြီး ကျောက်ကော်ဟန်နှင့် ချန်ဝေ့အကြောင်း ပြောဆိုဆွေးနွေးခဲ့ဖူးသည်။
“ ကျောက်ကော်ဟန် ငါ့ကို ဒီတိုက်ခန်းအကြောင်း ပြောပြဖူးတယ် …”
“ ပိုင်ရှင်ပြောတာတော့ တခြားမြို့မှာ စီးပွားရေးလုပ်ဖို့ အရေးတကြီး ငွေလိုနေလို့ အိမ်ကို ဈေးကွက်ပေါက်ဈေးထက် ယွမ် ၃ သိန်းလျှော့ပြီး ရောင်းပေးလိုက်တာဆိုပဲ …”
“ တကယ်လို့ သူတို့ လင်မယားက ပိုက်ဆံကို တစ်ပတ်အတွင်း ချေနိုင်မယ်ဆိုရင် နောက်ထပ် ယွမ်သုံးသောင်းတောင် လျှော့ပေးနိုင်တယ်ဆိုပဲ …”
ရှင်းပြပြီးနောက် လီချန်ကျွင်းက အလျင်စလို မေးမြန်းလိုက်သည်။ “ ဒေါက်တာချန် … တကယ်လို့ တစ်ယောက်ယောက်က ဒီမှာသေထားတယ်ဆိုရင် သဘာဝအလျောက် သေဆုံးသွားတာနဲ့ လူသတ်တာ ခံရတာ ဒီနှစ်မျိုးပဲ ရှိနိုင်တယ် …”
အကယ်၍ သဘာဝအတိုင်း သေဆုံးသွားသည်ဆိုလျှင်တော့ အဆင်ပြေသည်။
မည်သို့ပင်ဆိုစေ လူသေထားသည့် တိုက်ခန်းကို လာဘ်တိတ်မှာစိုးပြီး သာမန်လူတို့ မဝယ်ဝံ့သည်က ပုံမှန်ပင်။ တိုက်ခန်းကို အောင်အောင်မြင်မြင်နှင့် ရောင်းချနိုင်ရန်အတွက် ပိုင်ရှင်က ဤကိစ္စကို အတတ်နိုင်ဆုံး လျှို့ဝှက်ထားမည်က ကျိန်းသေပေါက် ဖြစ်၏။
သို့သော်လည်းပဲ အိမ်တွင်း လူသတ်မှု ဖြစ်ခဲ့မည်ဆိုလျှင်တော့ အမှန်တကယ်ပဲ ပြဿနာတက်တာ ဖြစ်သည်။
“ လူသတ်မှုပဲ …” ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်သည်။
လီချန်ကျွင်း ဇဝေဇဝါ ဖြစ်နေသည့် အမူအရာဖြင့် သူ့မျက်နှာကို လက်ဖဝါးဖြင့် ပွတ်သပ်လိုက်သည်။ သူ စိုးရွံ့နေသည့် ကိစ္စက အမှန်တကယ် ဖြစ်လာချေပြီ။
အိမ်တွင်း အကြမ်းဖက်မှုမှ လူသတ်မှုသို့။
အိမ်နီးနားချင်းများပင် ဤကိစ္စအား မသိရှိထားလေရာ အမှုက ဖြေရှင်းနိုင်ဖို့ အတော်လေး ခဲယဉ်းမှာ ဖြစ်၏။
ကျိုးခဲ့ရှင်း၏ အမူအရာ ပြောင်းလဲသွားခဲ့သည်။ သူမ တုန်လှုပ်နေသည့် အမူအရာဖြင့် “ ဒီ …. ဒီအခန်းထဲမှာ … အဲ့ဟာကြီး ရှိနေတာပေါ့နော်…..”
ကျိုးခဲ့ရှင်း မေးချင်းရိုက်ခတ်သွားသည်။
သူမ၏ အကြောက်တရားများကို ချန်ယွီ့ အတည်ပြုပေးလာမှာကို ကြောက်ရွံ့နေမိ၏။
“ မင်းဘက်က မှားတာ ဘာတစ်မှလည်း မလုပ်ထားပဲနဲ့ ….” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် ပြောလိုက်ပြီး “ ဒီတိုက်ခန်းထဲ အထူးစွမ်းအင်ခန္ဓာ ရှိတယ်ဆိုရင် ကြောက်ဖို့ မလိုပါဘူး ….”
ပြောပြီးနောက် ချန်ယွီ့က လီချန်ကျွင်းကို ဆေးရုံတွင် အားမွေးနေသည့် ကျောက်ကော်ဟန်ထံသို့ ဗွီဒီယိုကောခေါ်ဖို့ ပြောလိုက်သည်။
သူ့တွင် ကျော်ကော်ဟန်ကို မေးစရာ မေးခွန်း သုံးလေးခု ရှိနေသည်။
“ ငါ အခုချက်ချင်း ခေါ်လိုက်မယ် …”
လီချန်ကျွင်း ဖုန်းထုတ်ပြီး ဝီချက်မှတစ်ဆင့် ကျောက်ကော်ဟန်ထံသို့ ဗွီဒီယိုကော ခေါ်လိုက်၏။
ခေတ္တကြာပြီးနောက် ဗွီဒီယိုကောက ချိတ်ဆက်သွားခဲ့၏။
ကျော်ကော်ဟန်၏ ဒဏ်ရာတို့က အနားယူပြီးနောက်တွင် သိသိသာသာ သက်သာလာခဲ့ပြီး သူ့ပုံစံက ပုံမှန် ပြန်ဖြစ်နေသည်။
“ လူကြီးမင်းကျောက် … ဒီဘက်က ငါတို့ရဲ့ အထူးအတိုင်ပင်ခံ ဒေါက်တာချန်ပဲ ….”
“ သူ မင်းကို မေးစရာ နည်းနည်းရှိတယ် … ကျေးဇူးပြုပြီး ရိုးရိုးသားသား ဖြေဆိုပေးပါ …”
ကျောက်ကော်ဟန်က ပြောလိုက်သည်။ “ ဟယ်လို ဒေါက်တာချန် … မင်းမှာ မေးစရာရှိတယ်ဆို မေးလေ .. ငါသိတဲ့ဟာဆိုရင် သေချာပေါက် ဖြေပေးပါ့မယ် ….”
“ မင်းတို့နှစ်ယောက် အိမ်ကို ပြန်ပြင်ဖို့ ဘယ်တုန်းကမှ မစဉ်းစားဖူးဘူးမလား …” ချန်ယွီ့က ပြုံးပြီး မေးလိုက်သည်။
ကျော်ကော်ဟန် သက်ပြင်းချပြီး ပြောလိုက်၏။ “ တိုက်ခန်း မဝယ်ခင်ကတည်းက ငါနဲ့ ငါ့ဇနီးတို့ တိုင်ပင်ထားပြီးသား … ဒီခု တိုက်ခန်းက ယာယီပဲ …. “
“ နောင်ကျ ပိုက်ဆံရှိလာရင် ပိုကြီးတဲ့ အိမ်ဆီ ပြောင်းနေကြမှာ ….”
“ အဲ့တာကြောင့်မို့ ငါတို့နှစ်ယောက်လုံး အိမ်ကို ပြန်ပြင်မယ်ဆိုတဲ့ အတွေးမျိုး မရှိဘူး ….”
သူ လိုချင်သည့် အဖြေကို ရရှိပြီးနောက် ချန်ယွီ့ မေးလိုက်သည်။ “ အရင် ပိုင်ရှင်ကလည်း မင်းတို့ အိမ်ကို ပြန်မပြင်ဘူးဆိုတဲ့အကြောင်း သိလား …”
ကျောက်ကော်ဟန် စဉ်းစားပြီး မရေမရာ ဖြေဆိုလိုက်၏။ “ တိုက်ခန်းကို ပထမ တစ်ခေါက် စကြည့်တုန်းက အိမ်ပြန်ပြင်တဲ့ကိစ္စကို ငါ့မိန်းမနဲ့ ပြောဖူးတယ် … အဲ့တုန်းက ပိုင်ရှင်လည်း ရှိနေတယ် ….”
“ သူကြားလိုက်လား မကြားလိုက်လားတော့ ငါလည်း သေချာမသိဘူးရယ် ….”
“ အိမ်ဝယ်ပြီး ရက်နည်းနည်းကြာတော့ မင်းမိန်းမက မင်းကို စပြီး အနိုင်ကျင့်လာတယ် … ဟုတ်တယ်နော်….”
“ အမှန်ပါပဲ ….”
ချန်ယွီ့က သူ့မိန်းမ အကြောင်း ရုတ်ချည်းပြောလာတော့ ကျောက်ကော်ဟန်၏ အမူအရာမှာ ချက်ချင်း မည်းမှောင်သွားခဲ့ပြီး “ ဒေါက်တာချန် ၊ ကပ္ပတိန်လီ … ငါ့ မိန်းမက အရင်တုန်းက ဒါမျိုး မဟုတ်ဘူး … သူ့မှာ စိတ်ဝေဒနာ တစ်ခုခု ရှိနေလို့ ဖြစ်မယ် … အဲ့တာကြောင့်မို့ ငါ့ကို ရိုက်နှက်နေတာ….”
“ ငါ ဒီကိစ္စကို ဆက်မလိုက်ဘူး … နားလည်မှု စာချွန်လွှာမှာ လက်မှတ်ထိုးမယ် … ငါ့မိန်းမကို လွှတ်ပေးနိုင်မလား ….”
လီချန်ကျွင်း ပြောဆိုတော့မည့် အချိန်မှာပဲ ချန်ယွီ့က စကားဦးအောင် ပြောလိုက်သည်။ “ မင်းဇနီးသည်နဲ့ ပတ်သက်ပြီး အမှန်တရားက မကြာခင် အဖြေပေါ်တော့မှာ …”
“ အခု ဆေးရုံမှာ ကောင်းကောင်း နားနေလိုက် ….”
“ စိတ်ကျေနပ်စေမယ့် ရလဒ် တစ်ခု ထွက်လာမယ်လို့ ငါ အာမခံတယ် …”
“ တကယ် ….”
ကျော်ကော်ဟန်က မျှော်လင့်တကြီးနှင့် မေးမြန်းလိုက်၏။
“ အင်း ….” ချန်ယွီ့ ခေါင်းညိတ်ပြီး စကားဆက်ပြောလိုက်သည်။ “ ကပ္ပတိန်လီ … ခင်များ ဖုန်းချလိုက်လို့ရပြီ ….”
“ ဒီနေရာမှာ သေသွားခဲ့တဲ့လူက ဘယ်သူလဲဟင် ဒေါက်တာချန် ….” ကျိုးခဲ့ရှင်းက သိချင်နေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။ “ လူသတ်သမားက ဘာလို့ အဲ့လူကို သတ်လိုက်တာလဲ …”
“ ပြီးတော့ အိမ်ပြန်ပြင်မယ့် အကြောင်းရော ဘာလို့ မေးနေတာလဲ….”
“ လောစရာ မလိုပါဘူး … တစ်ခုချင်း ဖြေပေးမယ် …”
ချန်ယွီ့က ဆိုဖာသို့ လျှောက်လှမ်းသွားပြီး ခြေတင်ချိတ်လျက် စတင် ရှင်းပြလေသည်။ “ချန်ဝေ့ရဲ့ အကျင့်စရိုက်က ဘာကြောင့် သိသိသာသာ ပြောင်းလဲသွားပြီး သူ့ ခင်ပွန်းကို အနိုင်ကျင့်ရိုက်နှက်နေရလဲဆိုတာက … ဒီနေရာမှာရှိတဲ့ သံလိုက်စက်ကွင်းကြောင့်ပဲ …”
“ ဒီနေရာမှာ နေထိုင်သွားခဲ့တဲ့ နစ်နာသူက သေသွားပြီးတဲ့နောက်မှာ အထူးစွမ်းအင် ခန္ဓာအဖြစ် ပြောင်းလဲသွားပြီး ဒီနေရာရဲ့ သံလိုက်စက်ကွင်းကို အနှောင့်အယှက် ဖြစ်စေတယ် …”
“ ဖြစ်နိုင်တာ သရဲများလား …”
ကျိုးခဲ့ရှင်းက ကြောက်ကြောက်ရွံ့ရွံ့နှင့် မေးမြန်းလိုက်၏။
“ ဒီလောကကြီးမှာ ဘာတစ္ဆေသရဲမှမရှိဘူး ….” ချန်ယွီ့က ပြုံးယောင်သမ်းသည့် မျက်နှာအမူအရာဖြင့် ခွန်းတုံ့ပြန်လိုက်သည်။ “ ထူးဆန်းတဲ့ အရာတွေ အားလုံးမှာ သိပ္ပံနည်းကျ ရှင်းပြချက်တွေ ရှိပြီးသား ….”
ကျိုးခဲ့ရှင်း မျက်လုံးလှန်လိုက်၏။
ဒီလောက်ထိ သိသာနေတာကို ချန်ယွီ့က ဘာလို့ တစ္ဆေတွေ မရှိဘူးဆိုပြီး ခေါင်းမာနေရတာ …
ဒီတိုက်ခန်းကြီးထဲမှာ လူသတ်မှု တစ်ခု ဖြစ်ထားတယ် …
သေသွားခဲ့တဲ့ နစ်နာသူရဲ့ ဝိဉာဏ်ကလည်း ဒီနေရာမှာ ရှိနေတယ် …
ချန်ဝေ့က သရဲ ဝင်ပူးခံရပြီး သူ့ရဲ့ စရိုက်ကလည်း ရက်စက် ကြမ်းကြုတ်လာတယ် …
လီချန်ကျွင်း အရင်က ပြောခဲ့ဖူးတဲ့အတိုင်းဆိုရင် အိမ်နီးနားချင်းတွေက ညသန်းခေါင်လောက်ဆိုရင် ဒီနေရာကနေ ငိုသံတွေ အမြဲကြားရတယ်လို့ ပြောဖူးတယ် ….
တစ္ဆေတစ်ကောင်က အနီးနားတွင် ရှိနေကြောင်းကို တွေးတောမိတော့ ကျိုးခဲ့ရှင်း၏ အတင်းအဖျင်းပြောလိုသည့် စိတ်တို့မှာ ခြေရာလက်ရာပင် မကျန်ရစ်ဘဲ ကြက်ပျောက်ငှက်ပျောက် ၊ ပျောက်ကွယ်သွားခဲ့ရတော့သည်။
သူမ၏ မျက်နှာမှာ ချက်ချင်းဆိုသလို သွေးဆုတ်ဖြူလျော်သွားခဲ့၏။
“ မိန်းကလေးကျိုး … ဒေါက်တာချန် စကားပြောနေရင် ဝင်ဝင်မပြောစမ်းပါနဲ့… သူ စကားဆုံးအောင် ပြောစမ်းပါစေ …” လီချန်ကျွင်းက လေးနက်တည်ကြည်စွာ ဆိုလိုက်သည်။
“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဆက်ပြောပါ …”
“ နစ်နာသူက ဘယ်သူလဲ …”
“ သေသွားခဲ့တဲ့လူက အရင် ပိုင်ရှင်ရဲ့ ဇနီးပဲ …” ချန်ယွီ့ ဖြေဆိုလိုက်ပြီး “ အရင်ပိုင်ရှင်မှာ လောင်းကစား လုပ်တတ်တဲ့ အကျင့်ဆိုးတစ်ခု ရှိတယ် … သူ့ဇနီးက သူ့ကို လောင်းကစား လုပ်တဲ့အကျင့် ဖြတ်ဖို့ ဖျောင်းဖျပေမယ့် မအောင်မြင်ဘူး … ဒီတော့ သူ့ကို လွှတ်ထားရတယ် …”
“ ခင်များတို့ သိတဲ့အတိုင်းပဲ … လောင်းကစား လုပ်တဲ့လူ ဆယ်ယောက်မှာ ကိုးယောက်လောက်က ရှုံးကြတယ် … နှစ်တွေအကြာကြီး လောင်းကစား လုပ်လာပြီးတဲ့နောက်မှာ အရင်ပိုင်ရှင်က သူ့မှာ ရှိသမျှ အရာအားလုံး ကုန်ဆုံးသွားပြီ … ဒီအိမ်ကြီးတစ်ခုတည်း ကျန်တယ် ….”
“ လောင်းကစားသမားရဲ့ အတွေးက ဘယ်လိုရှိလဲတော့ မပြောတော့ဘူး … ခင်များတို့လည်း ကောင်းကောင်းသိပါတယ် … ဟုတ်တယ်မလား ကပ္ပတိန်လီ ….”
“ သူတို့ ရှုံးလေလေ၊ ဆက်ပြီး လောင်းကစား လုပ်ချင်လေလေ၊ …. စားပွဲလှန်ပစ်ပြီး သူတို့ ဆုံးရှုံးခဲ့သမျှ အရာအားလုံးကို ပြန်နိုင်ဖို့ အိပ်မက်ရှိကြတဲ့ လူတွေချည်းပဲ …”
လီချန်ကျွင်းက စိတ်ခံစားချက် အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
ရုတ်တရက်ဆိုသလို အတွေးတစ်ခုက ခေါင်းထဲ ဝင်ရောက်လာခဲ့၏။
ဒါနဲ့ အလောင်းက ဘယ်ရောက်သွားခဲ့တာလဲ …