← Chapters

လူသတ်ပြီး သက်သေများအားလုံး‌ ဖျောက်ဖျက်ခြင်း

Vol. 19 Ch. 182

လူသတ်ပြီး သက်သေများအားလုံး‌ ဖျောက်ဖျက်ခြင်း

Vol. 19 Ch. 182

ရွံဖို့ကောင်းသည့် လောင်းကစား သမားများ၏ စိတ်ဓာတ်က ထိုသို့ချည်းပင်။

လောင်းကစားစွဲနေသူတို့က ဆယ်ကြိမ်တွင် ကိုးကြိမ်ရှုံးသည်ဟူသော အဆိုကို ဘယ်တော့မှ ယုံကြည်ခြင်း မရှိဘဲ သူတို့ရဲ့ အချိန် ရောက်လာခြင်း မရှိသေးသောကြောင့်ဟုသာ ယုံကြည်ကြ၏။

နောက်တစ်ချီတွင် သူတို့ ရှုံးဆုံးခဲ့သမျှ အရာအားလုံးကို ပြန်လည်ရရှိကောင်း ရရှိနိုင်ပေမည်။

ထိုအတွေးမျိုး ကြီးစိုးလာသည်နှင့် လောင်းကစား လုပ်ခြင်းကို လုံးဝ မရပ်တန့်နိုင်တော့ပေ။

“ ခင်ပွန်းဖြစ်သူက တိုက်ခန်း ရောင်းပစ်တော့မယ်ဆိုတာကို သိတော့ ဇနီးသည်က ဘယ်လိုမှ ငြိမ်ငြိမ်မနေနိုင်တော့ဘဲ သူနဲ့ အကြီးအကျယ် ရန်ဖြစ် စကားများတယ် ..”

“ နောက်ပိုင်းမှာ ဂရံကို ခင်ပွန်းသည် မသိအောင် တိတ်တိတ်လေး ဖွက်ထားလိုက်တယ် …”

“ အိမ်ရောင်းမယ်လုပ်တဲ့အချိန်ကျတော့ အရင်ပိုင်ရှင်က ဂရံကို ဘယ်လိုပဲ ရှာရှာ ရှာလို့ မတွေ့ဘူး …”

“ သူ့ဇနီးသည် ဖွက်ထားလို့ ဖြစ်မယ်ကို ခန့်မှန်းမိတော့ မိန်းမဖြစ်သူကို ရိုက်နှက်တယ် ..”

“ ဂရံကို ထုတ်မပေးရင် သေတဲ့အထိ ရိုက်သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ် …”

“ ဇနီးသည်ကလည်း ပြင်းပြင်းထန်ထန် ရိုက်နှက်နေတဲ့ ဒဏ်ကို မခံစားနိုင်တော့ ဖွက်ထားတဲ့ နေရာကို ပြောပြလိုက်တယ် …”

“ အရင်ပိုင်ရှင်ကလည်း ဂရံကို ယူပြီး အိမ်ရောင်းဖို့ အိမ်ခြံမြေ အေဂျင်စီ ထွက်သွားခဲ့တယ် …”

“ သူ အိမ်ပြန်ရောက်လာတဲ့ အချိန်ကျတော့ ဇနီးသည်က ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာဒဏ်ချက်တွေကြောင့် သေသွားခဲ့ပြီ … “

တစ်ဖက်သို့လှည့်ပြီး ချန်ယွီ့က ရေချိုးခန်း အနီးနားရှိ ဧည့်ခန်းနေရာကို ညွှန်ပြလိုက်သည်။

“ အဲ့တုန်းက လူသတ်သမားက သူ့ဇနီးသည်ကို အဲ့နေရာမှာ ရိုက်နှက်ခဲ့တာ …”

“ သူ့ဇနီးသည်က ကြမ်းပြင်နဲ့ ခေါင်းနဲ့ ကျပြီးတဲ့နောက်မှာ ဘယ်တော့မှ ပြန်မထလာခဲ့တော့ဘူး ..”

ချန်ယွီ့က သေဆုံးသွားခဲ့သူ၏ နေရာအား ညွှန်ပြလာခဲ့တာကို မြင်တော့ လီချန်ကျွင်းသည် ဤအမှုအား ဖြေရှင်းရသည်မှာ ထင်သလောက် မခဲယဉ်းနိုင်ဟု ခံစားလိုက်ရ၏။

ကျိုးခဲ့ရှင်းမှာ ပင့်သက်ရှိုက်မိသွားခဲ့သည်။ ဤနေရာတွင် တကယ်ပဲ သရဲတစ်ကောင် ရှိနေတာကို တွေးတောရင်း နှလုံးသားတစ်ခုလုံး ရှုပ်ထွေးလာခဲ့၏။

သူမ၏ ခြေထောက်တို့ စတင် တုန်ခါလာသည်။

အသံမပေး ၊ ဘာမပေးဘဲ သရဲတစ်ကောင်က ကြောက်မက်ဖွယ်ရာ သွင်ပြင်ကြီးနှင့် သူမရှေ့ ဗြန်းခနဲ ထွက်ပေါ်လာမှာကို ကြောက်ရွံ့နေမိသည်။

ဤနေရာမှပငါ ထွက်ခွာချင်မိသွားခဲ့၏။ သို့ပေမယ့်လည်း လူက အကြောင်းအရာတစ်ရပ်လုံးကို ဆက်ပြီး နားထောင်ချင်နေပြန်သည်။

“ ဒေါက်တာချန် … လူသတ်သမားက အလောင်းကို ဘယ်နေရာမှ ဝှက်ထားတာလဲ ….” လီချန်ကျွင်းက ဒေါသထွက်နေသည့် မျက်နှာအမူအရာဖြင့်‌ မေးမြန်းလိုက်၏။

“ ဟင်း …”

သက်ပြင်းချလျက် … ချန်ယွီ့က လီချန်ကျွင်းကို နောက်မှ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်သည်။

ရေချိုးခန်း ဝင်ပေါက်ဝတွင် ရပ်တန့်ရင်း ချန်ယွီ့က အိမ်သာအိုးကို ကြည့်လိုက်၏။

လီချန်ကျွင်းမှာ စစချင်းတော့ ကြက်သေသေသွားခဲ့၏။ ထို့နောက် ကမူးကရှူး ဖြစ်သွားခဲ့သည်။

“ လူသတ်သမားက ဒီနည်းလမ်းသုံးပြီး အလောင်းကို လက်စဖျောက်လိုက်တာပဲ …”

ဝါရင့် ရဲအရာရှိ တစ်ယောက်အနေဖြင့် လီချန်ကျွင်းသည် ချန်ယွီ့ သူ့အား သွယ်ဝိုက် ညွှန်ပြချင်နေသည့် အရာကို သိနားလည်ဖို့ မခဲယဉ်းပေ

ဤသည်က မြို့လယ်ခေါင်ဖြစ်ပြီး အနီးနားတစ်ဝိုက်တွင် ကင်မရာ များစွာ ရှိသည်။

ထို့ကြောင့် ရပ်ကွက်တွင်းတွင်လည်း ကင်မရာတို့ အများအပြား ရှိနေမည်မှာ မလွဲမသွေပင်။

အကယ်၍ လူသတ်သမားကသာ အလောင်းကို တစ်နေရာရာသို့ ခေါ်သွားမည်ဆိုပါက ကင်မရာများကို ရှောင်တိမ်းဖို့ရာအတွက် မဖြစ်နိုင်ပေ။

ရပ်ကွက်အား စောင့်ကြည့်ထိန်းသိမ်းသည့် ရဲအရာရှိဘက်မှ သံသယဖြစ်စရာ မည်သည့် သယ်ပို့မှုကိုမျှ မတင်ပြလာသဖြင့် ဆိုလိုသည်မှာ အလောင်းက တိုက်ခန်းထဲမှ ထွက်ခွာသွားခြင်း မရှိဟူ၍ပင်။

၎င်းက ဤအလွှာထဲမှပင် ထွက်သွားခြင်း မရှိနိုင်လောက်ပေ။

ကော်ရစ်ဒါတွင် စောင့်ကြည့်ကင်မရာတို့ မရှိသော်ငြား ဓာတ်လှေကားဘက်တွင်တော့ ရှိ၏။

ချန်ယွီ့က အိမ်သာအိုးသို့ အကြည့်ပို့လိုက်သည်နှင့် လီချန်ကျွင်းက အရာအားလုံးကို နားလည်သဘောပေါက်သွားခဲ့သည်။

လူသတ်သမားဖြစ်သည့် အရင်ပိုင်ရှင်က တရားဥပဒေ၏ အပြစ်ပေးမှုကို ရှောင်ကြဉ်နိုင်ရန်အတွက် ဇနီးဖြစ်သူ၏ အလောင်းကို ဖျက်စီးခဲ့သည်။

ပြီးနောက် အိမ်သာအိုးအဖုံးကို ဖွင့်ပြီး မိလ္လာပိုက်ထဲသို့ ရေဆွဲချခဲ့၏။

“ ဒေါက်တာချန် … ငါ သိပ် နားမလည်တဲ့ တစ်ချက် ရှိတယ် …”

“ တကယ်လို့ လူသတ်သမားက အလောင်းကို အိမ်သာထဲ ရေဆွဲချခဲ့တယ်ဆိုရင် အရိုးတွေကိုကျ ဘယ်လိုလုပ်လဲ ….” လီချန်ကျွင်းက ပြောပြီးနောက် တုံ့ဆိုင်းနေသည့် အမူအရာဖြင့် မေးလိုက်သည်။ “ သူက အရင်ကလည်း လူသတ်ဖူးတာများလား …”

အလောင်းကို ခြေရာလက်ရာ မကျန်ရစ်ဘဲ ဖျောက်ဖျက်နိုင်သူတိုင်းက လူသတ်မှု ကျူးလွန်ဖူးသူများ ဖြစ်ကြသည်။

ပထမဦးဆုံး အကြိမ် လူသတ်ဖူးသူများမှာ သူတို့ ကျူးလွန်ခဲ့မိသည့် လုပ်ရပ်ကြောင့် တုန်လှုပ်နေမှာ ဖြစ်၏။ ယခုလို အစွန်းရောက်သည့် နည်းလမ်းအသုံးပြုပြီး အလောင်းဖျောက်ဖို့ဆိုသည်မှာ မည်သို့ ဖြစ်နိုင်လိမ့်မည်နည်း။

“ လူသတ်သမားက ဝါရင့် လူသတ်သမား မဟုတ်သလို စိတ်ပိုင်းဆိုင်ရာ အားကောင်းလွန်းနေတဲ့သူလည်း မဟုတ်ဘူး …”

“ ဒါပေမယ့် သူ ငယ်ငယ်တုန်းက သားသတ်သမား ဖြစ်ခဲ့ဖူးတော့ ဒီလိုမျိုး သွေးထွက်သံယို မြင်ကွင်းကို မြင်ဖူးတာက ပထမဆုံးအကြိမ် မဟုတ်ဘူး …”

“ သားခုတ်ဓားနဲ့ အလောင်းကို ခုတ်ထစ်ပြီးတဲ့နောက်မှာ အရိုးတွေကိုတော့ တိုက်ခန်းတစ်နေရာမှာ ဖွက်ထားတယ် …”

“ သူ့ဇနီးသည်ရဲ့ မိဘတွေက ကွယ်လွန်သွားပြီ … ပြီးတော့ သူ့မှာက သူငယ်ချင်းအပေါင်းအသင်းတွေလည်း မရှိဘူး …”

“ နောက်ပြီး … ဒီလူက မူးပြီး ရမ်းကားပေါင်းလည်း များတော့ အိမ်နီးနားချင်းတွေက သူနဲ့ အဆက်အဆံလည်း မလုပ်ချင်ကြဘူး ….”

“ အလောင်းကို မတွေ့သရွေ့ အပြစ်ပေးခံရဖို့ မဖြစ်နိုင်ဘူးဆိုတာကို သူ ယုံကြည်တယ် ….”

ချန်ယွီ့ ဧည့်ခန်းထဲသို့ ပြန်ရောက်လာတေ့ ကျိုးခဲ့ရှင်းက ထောင့်တစ်နေရာတွင် ထိုင်နေပြီး တစ်ကိုယ်လုံး တုန်ယင်နေတာကို မြင်တွေ့လိုက်ရသည်။

“ မင်းအရင် ပြန်ရင်လည်း ပြန်နှင့်လိုက်ပါလား ….” သူမ၏ အခြေအနေကို မြင်တော့ ချန်ယွီ့မှာ ငိုရအခက်၊ ရယ်ရအခက် ဖြစ်သွားခဲ့သည်။

“ ဟင့်အင်း … ကျွန်မ မပြန်ဘူး …”

ကျိုးခဲ့ရှင်းမှာ သေမတတ် ကြောက်လန့်နေခဲ့သည်။

ချန်ယွီ့နှင့် လီချန်ကျွင်းတို့ ရေချိုးခန်းထဲ ပြောနေသည့် စကားများကို သူမလည်း ရှင်းရှင်းလင်းလင်းကြီး ကြားခဲ့ရ၏။

နေ့ခင်းကြောင်တောင် ဖြစ်သော်ငြားလည်း မကြောက်လန့်ဘဲ မနေနိုင်ခဲ့ပေ။

တကယ်လို့ သူမ တစ်ယောက်တည်း ပြန်သွားတဲ့အချိန် သရဲက သူမ အနောက် လိုက်လာခဲ့ရင် ဘယ်လိုလုပ်မှာ ….

ပြောသံကြားဖူးတာတော့ သရဲတွေက ကြောက်တတ်တဲ့လူဆို ပိုခြောက်တတ်တယ် ...

ချန်ယွီ့ရဲ့ ကာကွယ်ပေးမှုသာ မရှိရင် သူမ လန့်ပြီး သေသွားမှာ သေချာတယ် ...

ဒီနေရာက အန္တရာယ်များသည်ဆိုပေမယ့် ချန်ယွီ့ရဲ့ ကာကွယ်ပေးမှုနဲ့ဆို ကြီးကြီးမားမား ပြဿနာ မရှိလောက်ပါဘူး...

ဟုတ်တယ်မလား ....

ချန်ယွီ့ ကြိတ်ပြီး ရယ်မောလိုက်၏။

ကျိုးခဲ့ရှင်းက အစပ်မစားနိုင်သော်ငြားလည်း စွဲစွဲလန်းလန်းနှင့် ဆက်ပြီးစားချင်နေသူနှင့် တူညီနေသည်။

“ ဒေါက်တာချန် … အရိုးတွေက ဒီထပ်မှာ‌တော့ မဟုတ်လောက်ဘူးမလား …”

လီချန်ကျွင်းက ရုတ်တရက် ခေါင်းမော့ပြီး မျက်နှာကြက်သို့ ကြည့်လိုက်သည်။

တိုက်ခန်းထဲသို့ ဝင်လာခဲ့ပြီးနောက် ချန်ယွီ့က မျက်နှာကြက်သို့ခေါင်းမော့ပြီး တွေးတွေးဆဆ လုပ်နေခဲ့သည်။

အကယ်၍ သူ ခန့်မှန်းသာ မှန်ကန်ခဲ့မည်ဆိုပါက အရိုးများမှာ ထိုနေရာတွင် ဝှက်ထားခြင်း ဖြစ်လောက်၏။

“ အင်း ဟုတ်တယ် …” ချန်ယွီ့ ခေါင်းညိတ်လိုက်ပြီး “ လူခေါ်ပြီး မျက်နှာကျက်ကို ဖျက်စီးခိုင်းလိုက် … အမှန်တရားက မကြာခင် ထွက်ပေါ်လာလိမ့်မယ် …”

“ နားလည်ပြီ ….”

လီချန်ကျွင်းက သူ့ဖုန်းကို အလျင်အမြန် ထုတ်လိုက်သည်။

သူ့အသင်းသားများကို မှုခင်း ဆေးဆရာဝန် တစ်ဦး ခေါ်လာဖို့လည်း ညွှန်ကြားလိုက်၏။

“ ဒေါက်တာချန် … ငါနောက်ဆုံးတော့ မင်း ဘာလို့ ကျောက်ကော်ဟန်နဲ့ စကားပြောချင်နေလဲဆိုတာ နားလည်သွားပြီ ….”

“ လူသတ်သမားက ကျောက်ကော်ဟန်နဲ့ သူ့ဇနီးသည်က အိမ်ဝယ်ပြီးရင် ပြန်ပြင်မှာ မဟုတ်ဘူးဆိုတာ သိနေလောက်တယ် … ဒါကြောင့်မို့လည်း ဈေးနှိမ်ပြီး ရောင်းချခဲ့တာ ဖြစ်မယ် …”

“ အင်း ….” ခေါင်းညိတ်ပြီး ချန်ယွီ့ ပြောလိုက်သည်။ “ အိမ်ကို ပြင်ဖို့ လုပ်တာနဲ့ သူ လုပ်ထားတဲ့ လုပ်ရပ်ကလည်း ဘူးပေါ်သလို ပေါ်လာတော့မှာ ….”

ရာဇဝတ်မှု စုံစမ်းရေး အသင်းက လျင်မြန်စွာ ရောက်လာခဲ့ပြီး ပစ္စည်းကိရိယာတို့ဖြင့် ဧည့်ခန်း မျက်နှာကြက်ကို ဖြိုသည်။

အဖြူရောင် မြွေအရေခွံအိတ်တစ်လုံးက အပေါ်မှ ပြုတ်ကျလာခဲ့ပြီး ကျယ်လောင်သည့် မြည်သံကြီး တစ်ခု ထွက်ပေါ်လာခဲ့၏။

လီချန်ကျွင်း ပြေးလွှားဖွင့်ကြည့်လိုက်တော့ လူသားအရိုး တော်တော်များများ ထွက်လာလေသည်။

အရိုးများပေါ်တွင် အသားတစ်ဖက်ကိုမျှ မြင်တွေ့ရခြင်း မရှိချေ။ ၎င်းတို့အပေါ်၌ ခြစ်ရာအများအပြားလည်း ထင်ကျန်ရစ်နေခဲ့၏။

လူသတ်သမားက ထက်ရှသည့် ဓားအသွားဖြင့် အသားများအားလုံးကို အရိုးမှ ခြစ်ထုတ်ထားခြင်း ဖြစ်ကြောင်းကို လီချန်ကျွင်း တပ်အပ်ပြောရဲသည်။ တစ်ဖက်လူက ခွန်အားသုံးထားခြင်းကြောင့် အရိုးများပေါ်တွင် ဤသို့သော ခြစ်ရာများ ကျန်ရစ်နေရခြင်း ဖြစ်၏။

မှုခင်း ဆရာဝန်ကလည်း သူ၏ စစ်ဆေးမှုကို စတင်သည်။

လူသားအရိုးများကို မြင်တော့ ကျိုးခဲ့ရှင်းက ပို၍ပင် ကြောက်လန့်လာခဲ့ပြီး သူမ၏ လက်ကို ဆန့်တန်း၍ ချန်ယွီ့၏ အင်္ကျီ ထောင့်စွန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။ ကျိုးခဲ့ရှင်းမှာ ဤသို့သော မြင်ကွင်းများကို ဝတ္ထုများနှင့် တီဗွီဖန်သားပြင်ပေါ်တွင်သာ မြင်တွေ့ဖူးသည်။

ရာဇဝတ်မှုတစ်ခုကို သူမ၏ မျက်လုံးများနှင့် ကိုယ်တိုင် မြင်တွေ့လိုက်ရတော့ လောကကြီးပေါ် ရှုမြင်ထားသည့် သူမ၏ အမြင်တို့လည်း ကြေမွ ပျက်စီးသွားခဲ့ရတော့သည်။ အသက်ရှင်နေသည့် လူတစ်ယောက်က နေအိမ်တွင် လောင်းကစား လုပ်သည့် ခင်ပွန်းဖြစ်သူ၏ သေသည်ထိတိုင် ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

လူသတ်သမားက သူ့လုပ်ရပ်သူ နောင်တမရဘဲ အစွန်းရောက်သည့် နည်းလမ်းတို့ဖြင့် အလောင်းအား ဖျက်စီးခဲ့၏။

ထိုသို့သော လုပ်ရပ်အမှုမျိုး လုပ်ရက်နိုင်သည့် အမျိုးသားကို မည်သို့ သမုတ်သင့်သနည်း။

သူမကတော့ အသည်းနှလုံး မရှိသည့်လူဟုသာ ခေါ်ညွှန်းချင်သည်။

“ ဒေါက်တာချန် … နစ်နာသူ သေသွားခဲ့တဲ့ အချိန်ကို ကူပြီး စစ်ဆေးပေးလို့ရမလား …” လီချန်ကျွင်းက လေးနက်သည့် အသံဖြင့် တောင်းဆိုလိုက်သည်။

လက်ချောင်းအနည်းငယ် ချိုးရင်း ချန်ယွီ့ ခွန်းတုံ့ပြန်လိုက်၏။ “ မနှစ် နိုဝင်ဘာ ဒုတိယရက်နေ့ ….”

“ စကားမစပ် ဒီက ရေမီတာကိုလည်း တစ်ချက် စစ်ဆေးကြည့်ဦး …”

“ သက်သေဖျောက်ဖျက်ဖို့ဆိုရင် လူသတ်သမား အဲ့ညတုန်းက ရေတော်တော်သုံးခဲ့ရလောက်တယ် … အနည်းဆုံး ခုနစ်တန်လောက်ပေါ့ ….”

“ ဝမ် ၊ မာ ….” လီချန်ကျွင်းက အေးစက်စက် အော်ခေါ်လိုက်၏။

“ ဟုတ် ဆရာ ….”

အသင်းသား နှစ်ဦးက ချက်ချင်း ရောက်လာပြီး လီချန်ကျွင်းကို အလေးပြုလိုက်သည်။

“ ရေပေးတဲ့ ကုမ္ပဏီကို ချက်ချင်းသွားပြီး မနှစ် နိုဝင်ဘာ ၂ ရက်နေ့တုန်းက ရေသုံးစွဲမှု ပမာဏကို စုံစမ်းခဲ့ ….” လီချန်ကျွင်း ပြောလိုက်သည်။ ပြီးနောက် “ ကျန်တဲ့ မင်းတို့ကောင်တွေက ဌာန အသီးသီးကို ချက်ချင်း ဆက်သွယ်ပြီး လူသတ်သမား အခု ဘယ်ရောက်နေလဲဆိုတာ စုံစမ်းရမယ် …”

“ အဲ့လောက် အလုပ်ရှုပ်ခံဖို့ မလိုဘူး ….” ချန်ယွီ့က ကြားဖြတ်ပြောလိုက်ပြီး “ လူသတ်သမားက သူ့ ဇာတိမှာ ပုန်းနေတာ ….”

“ တကယ်လို့ ခင်များတို့တွေ အခု ထွက်မယ်ဆိုရင် သန်းခေါင်လောက်ကျ ရွာရောက်နိုင်တယ် …”

“ သူ့ကို ထိတ်လန့်အောင် မလုပ်သရွေ့ ဖမ်းမိမှာ ကျိန်းသေပေါက်ပဲ …”

“ ဒေါက်တာချန် ပြောသလိုဆို ငါတို့ ညသန်းခေါင်လောက်ကျရင် လူသတ်သမားကို ဖမ်းမိပြီပဲ … ဖမ်းမိပြီးရင် မင်းဖို့ ဘောနပ်စ် ကူတောင်းပေးမယ် ….” လီချန်ကျွင်း သက်ပြင်းချလိုက်သည်။

“ ရဲတွေကို ကူညီပေးတာက နိုင်ငံသားကောင်း တစ်ယောက်ရဲ့ တာဝန်ပဲလေ …”

ချန်ယွီ့ ပြုံးလျက် ခွန်းတုံ့ပြန်လိုက်၏။

“ ဒီဖြစ်ရပ်မှာ တကယ်တော့ ချန်ဝေ့ကလည်း နစ်နာသူပဲ ….”

All Chapters