← Chapters

ထူးခြားတဲ့ မှတ်တမ်းလွှာ

Vol. 19 Ch. 183

ထူးခြားတဲ့ မှတ်တမ်းလွှာ

Vol. 19 Ch. 183

ချန်ယွီ့က စကားလမ်းကြောင်းကို ချန်ဝေ့ဘက်သို့ လှည့်လာတော့ လီချန်ကျွင်းက အခက်တွေ့နေသည့် အမူအရာဖြင့် ခွန်းတုံ့ပြန်လာခဲ့သည်။ “ ဒေါက်တာချန် … မင်း ဘာမှ ပြောစရာ မလိုဘူး … ငါ သဘောပေါက်တယ် ….”

“ ဒါပေမယ့် ချန်ဝေ့ကို ဘာပြစ်ဒဏ်မှ မပေးဘဲ လွှတ်ပေးဖို့က နည်းနည်း ခက်မှာကိုတော့ စိုးရိမ်မိသား ….”

ယခု အချိန်၌ အသေးစိတ်များအားလုံး ရှင်းလင်းသွားပြီ ဖြစ်သည်။

ယခင် ပိုင်ရှင်က သူ့ဇနီးသည်ကို သတ်ဖြတ်ပြီး အလောင်းအား ဖျက်စီးခဲ့သည်။

သို့တိုင် … ဇနီးသည်၏ ဝိဉာဏ်က တစ်ချိန်လုံး ဤတိုက်ခန်းကြီးထဲတွင် ရှိနေခဲ့လေသည်။

တစ်ချို့သော အကြောင်းအရင်းများကြောင့် သူမက အချိန်တိုင်းလိုလို ချန်ဝေ့အား ပူးကပ်နိုင်နေခဲ့သည်။

ယင်းက ချန်ဝေ့၏ အကျင့်စရိုက် ကြီးကြီးမားမား ပြောင်းလဲသွားရခြင်းနှင့် သူမ၏ ခွန်အားတို့ ကြီးစွာ တိုးတက်လာရခြင်းတို့၏ အကြောင်းရင်း တရားခံပင်။

သူမက ရင်ထဲရှိ အမုန်းတရားကို သွန်ချဖို့ရာအတွက် ချန်ဝေ့၏ ခင်ပွန်းသည်ကို ထပ်ခါတလဲလဲ ရိုက်နှက်ခဲ့သည်။

ယင်းကို လီချန်ကျွင်း နားလည်ပေမယ့် တရားသူကြီးကို ထိုသို့သွားပြော၍ မရချေ။

တစ္ဆေက တရားခံကို ပူးကပ်ပြီး ခင်ပွန်းသည်အား ရိုက်နှက်နေပါသည်ဟု ပြောလျှင် တစ်ဖက်က သူ့အား မည်သို့ ထင်သွားမည်နည်း။

“ ဒီကိစ္စလည်း လွယ်ပါတယ် …”

ချန်ယွီ့က လီချန်ကျွင်းကို သူ၏ လက်အောက်ငယ်သားများနှင့် မှုခင်းဆေးဆရာဝန်တို့အား ပြန်လွှတ်ဖို့ ပြောလိုက်သည်။

“ မင်းရော သူတို့နဲ့ အတူ လိုက်သွားမလား ….”

ကျိုးခဲ့ရှင်းက သူ့အနောက်တွင် ရှိနေသေးတာကို အမှတ်ရတော့ ချန်ယွီ့ လှည့်ပြီး မေးမြန်းလိုက်၏။

ကျိုးခဲ့ရှင်း ခေါင်းကို တွင်တွင်ခါယမ်းလိုက်သည်။

သူမ မပြန်ချင်သေးပေ။

ချန်ယွီ့သည် လီချန်ကျွင်းအား ကြီးကြီးမားမား တစ်ခုခု ပြောပြဖို့ ကြံနေသည်မှာ ကျိန်းသေသည်။

သူမ ထွက်သွားလိုက်မည်ဆိုပါက မည်သို့ သိရတော့မည်နည်း။

“ မင်းက ဒီမှာ ဆက်နေချင်တယ်ဆိုတော့လည်း နေပေါ့ …. ဒါပေမယ့် ခဏနေကျရင် ဘာတွေပဲ ဖြစ်လာဖြစ်လာ ရေးကြီးခွင်ကျယ် မလုပ်နဲ့ ဟုတ်ပြီလား …”

ညွှန်ကြားချက် တစ်ချို့ ပေးပြီးနောက် ချန်ယွီ့က အခန်းနှစ်ခု၏ တံခါးများကို ပိတ်လိုက်သည်။ ဧည့်ခန်း လိုက်ကာကိုလည်း ချလိုက်သည်။

အလင်းရောင်က အမှောင်အတိ ကျသွားခြင်း မရှိသော်ငြားလည်း အတော်လေးတော့ မှိန်ပျသွားခဲ့၏။

ချန်ယွီ့က ညာဘက်လက်ကို မြှောက်လိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကို အတူပူးကပ်ကာ နှစ်ခါလှည့်ပြီး မျက်နှာကြက်ဘက်သို့ ညွှန်လိုက်သည်။

နောက်တစ်စက္ကန့်တွင် ဧည့်ခန်း အပူချိန်က သိသိသာသာ ထိုးကျသွားခဲ့သည်။

သူတို့ သုံးဦးမှာ ဧည့်ခန်းထဲတွင် ရှိနေတာ မဟုတ်ဘဲ နှင်းတောကြီးထဲ ရောက်ရှိနေသကဲ့သို့ ခံစားလိုက်ရ၏။

“ ထွက်လာခဲ့ ….”

ချန်ယွီ့ ဤစကားပြောလိုက်သည်နှင့် မျက်နှာကြက်ပေါ်တွင် အလင်းထိုးဖောက်နိုင်သည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

များမကြာမီ ယင်းပုံရိပ်က သက်လတ်ပိုင်း အမျိုးသမီး တစ်ဦး၏ သွင်ပြင်သို့ ကူးပြောင်းသွားခဲ့သည်။

“ သူ့မှာ အရိပ်လည်း မရှိဘူး … ဆိုတော့ သရဲဆိုတာ ဒီလိုမျိုးပေါ့လေ …”

ကျိုးခဲ့ရှင်းက သူမလေး၏ ပါးစပ်ကို တအံ့တအား အုပ်ထားမိသည်။

ဤသည်က ဒဏ္ဍာရီလာ သရဲဖြစ်၏။ အင်မတန် ရှားပါးသည့် အရာပစ္စည်းပင်။

သရဲ အမျိုးသမီး၏ ခန္ဓာကိုယ်က ဖြတ်တောက်ခံထားရပြီး အင်မတန် ပုံဆိုးပန်းဆိုးနှင့် အကျည်းတန် ကြောက်မက်ဖွယ်ကောင်းနေလေရာ ကျိုးခဲ့ရှင်းမှာ တစ်ကြိမ်ကြည့်ရှုပြီးသည်နှင့် နောက်တစ်ကြိမ် ထပ်မကြည့်ဝံ့တော့ချေ။

အကယ်၍ သူမသာ ဆက်လက် ကြည့်ရှုနေမည်ဆိုပါက အိပ်မက်ဆိုးများမက်ပြီး ဘောင်းဘီထဲ သေးပါသွားနိုင်သည်။

“ မင်းရဲ့ နာကျည်းမှုတွေကို ငါ သိထားပြီးပြီ …” ချန်ယွီ့ တည်ငြိမသ်ည့် လေသံဖြင့် ဆိုလိုက်ပြီး “ တစ်စုံတစ်ယောက်က မင်းအတွက် လက်စားချေပေးလိမ့်မယ် ….”

“ ကောင်းကင်ရဲ့ လက်တံတွေက ရှည်တယ် … ပြီးတော့ လူသတ်သမားကိုလည်း သိပ်မကြာခင် ဖမ်းမိတော့မှာ …”

“ မင်းအောက်ဆင်းပြီး အေးအေးချမ်းချမ်းနဲ့ ပြန်မွေးဖွားလို့ရပြီ ….”

ထိုသို့ပြောပြီးနောက် ချန်ယွီ့က လက်ညှိုးတစ်ချောင်း ဆန့်တန်းပြီး သူ့ရှေ့ရှိ အမျိုးသမီးကို ညွှန်လိုက်သည်။

အမျိုးသမီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းတန်းတို့ ဖုံးလွှမ်းသွားခဲ့၏။

အေးစက်စက်နှင့် အငြှိုးအတေးဆန်သည့် လေထုအရှိန်အဝါလည်း ပျောက်ကွယ်သွားခဲ့ပြီး အေးချမ်းမှုတို့ အစားထိုး ဝင်ရောက်လာခဲ့၏။

အမျိုးသမီးက ချန်ယွီ့ကို ဦးညွှတ်ပြီး ဧည့်ခန်းထဲမှ ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။

.....

“ အဲ့အမျိုးသမီး ထွက်သွားပြီလား …”

တစ်အောင့်ကြာပြီးနောက် လီချန်ကျွင်းက မနေနိုင်ဘဲ မေးမြန်းလိုက်၏။

“ သူသွားခဲ့ပြီ … အထက်ကို ခင်များ စောနက မြင်ခဲ့တာတွေ ပြန်တင်ပြလို့ရတယ် ….”

“ ကျွန်တော် ခင်များကို ထောက်ခံစာတစ်စောင် ပေးလိုက်မယ် ….” ချန်ယွီ့က ပြုံးလျက် ဆိုလိုက်ပြီး “ အဲ့တာနဲ့ဆိုရင် ချန်ဝေ့ကို လွှတ်ပေးလို့ရတယ် …”

“ ဘယ်လိုမျိုးလဲ …”

လီချန်ကျွင်း မသိစိတ်အလျောက် နှုတ်က မေးမြန်းမိလိုက်သည်။

စက္ကူနှင့် ဖောင်တိန်ကို ထုတ်ပြီး ချန်ယွီ့ ထောက်ခံစာ တစ်စောင် စရေး၏။

' အထူးခန္ဓာစွမ်းအင်က ဤနေရာတွင် ပေါ်ပေါ်လာပြီး သံလိုက်စက်ကွင်းကို ဖရိုဖရဲဖြစ်စေတယ် ….

ဖရိုဖရဲ သံလိုက်စက်ကွင်းက ချန်ဝေ့ရဲ့ ဝိဉာဏ်နဲ့ စိတ်ခံစားချက်တွေအပေါ် သက်ရောက်မှု ဖြစ်စေပြီးတော့ သူ့ရဲ့ စိတ်ကို မထိန်းချုပ်နိုင်တော့ဘဲ ခင်ပွန်းသည်ကို ရိုက်နှက်မိတယ် … '

ထိုအတိုင်းရေးပြီးနောက် အောက်တွင် ချန်ယွီ့၏ နာမည်၊ လက်မှတ်နှင့် ရက်စွဲတို့အား ရေးထိုးလိုက်သည်။

ချန်ယွီ့၏ စာလွှာကို လက်ခံပြီးနောက် လီချန်ကျွင်းမှာ ငိုရအခက် ၊ ရယ်ရအခက် ဖြစ်နေမိသည်။

“ အခုဟာက အသုံးဝင်ပါ့မလား ဒေါက်တာချန်ရယ်….”

“ တခြားသူ ရေးမယ်ဆိုရင်တော့ အလကားပဲ … ငါ့လို ကျွမ်းကျင်ပရော်ဖက်ရှင်နယ်ကျတဲ့ စိတ်ကျန်းမာရေး ဆရာဝန်ကမှ ဒီလိုမျိုး ထောက်ခံစာ ထုတ်ပေးနိုင်တာ ….”

“ ကျွန်တော်ပြောတာ မှန်တယ်မလား ကပ္ပတိန်လီ …” ချန်ယွီ့က ညင်သာစွာ ပြုံးပြီး မေးလိုက်၏။

“ ဟုတ်တယ် ဟုတ်တယ် … ဒေါက်တာချန် ပြောသမျှ အကုန်မှန်တယ် ….”

အဆင်ပြေနိုင်ပါ့မလား လီချန်ကျွင်း မသိသော်လည်း ချန်ယွီ့က ဤစာရွက်ကို အထက်အကြီးအကဲများ လက်ထဲ အပ်နှံလိုက်ပါဟု ဆိုသဖြင့် သူကတော့ စမ်းကြည့်ရမှာပဲ ဖြစ်သည်။

“ ဒေါက်တာချန် … စောနက သရဲ ဟုတ်တယ်မလားဟင် … သူက သရဲ ဟုတ်တယ်မလား …”

ကျိုးခဲ့ရှင်းက ချန်ယွီ့က မျှော်လင့်စောင့်စားသည့် အကြည့်တို့ဖြင့် ကြည့်လိုက်သည်။

ချန်ယွီ့ သူမအား တိကျသေချာသည့် အဖြေတစ်ခု ပေးလာမှာကို မျှော်လင့်နေသည်။

“ သူက အထူးစွမ်းအင် ခန္ဓာတစ်မျိုးပဲ … ဘာသရဲမှ မဟုတ်ဘူး ….”

ချန်ယွီ့က ကျိုးခဲ့ရှင်း၏ ပခုံးကို ပုတ်လိုက်ပြီး “ မင်းက အခုဆိုရင် ငါ့ဆေးခန်းရဲ့ အကူနာ့စ်ဖြစ်နေပြီ … ပရော်ဖက်ရှင်နယ် ရှုထောင့်က ကြည့်မယ်ဆိုရင် မင်းက သိပ္ပံနယ်ပယ်ကပဲ …”

“ သိပ္ပံနယ်ပယ်က လူတစ်ယောက်က ဘာလို့ တစ္ဆေသရဲလိုမျိုး ယုတ္တိမတန်တာတွေကို ဘာကိစ္စ ယုံကြည်နေရတာ ….”

ကျိုးခဲ့ရှင်း “ ….. “

ရှင်ကိုယ်တိုင်ကိုက ယုတ္တိမတန်နေတာလေ …

အကယ်၍ ကျိုးခဲ့ရှင်းသာ ချန်ယွီ့ မည်သူမည်ဝါ ဖြစ်မှန်း မသိဘူးဆိုပါက သူ့စကားတွေကို ယုံကြည်တော့မတတ်ပင်။ ချန်ယွီ့က သန်းနှင့်ချီသည့် ကြည့်ရှုသူများ ရှေ့၌ပင် ဘွင်းဘွင်းရှင်းရှင်း လိမ်ညာပြောဆိုနေရုံမက သူမတို့ သုံးဦးတည်း သီးသန့်ရှိနေသည့် အချိန်၌ပင် လိမ်ညာပြောဆိုနေသည်။

သူ့ကိုယ်သူ ယခုလို စကားမျိုး ကြိမ်ဖန်များစွာ ပြောဆိုပြီးနောက် ကိုယ့်ဘာကိုယ် စိတ်ညှို့ခံရသလို ဖြစ်နေလောက်သည်။

“ ကပ္ပတိန်လီ .. အမှုက ပြီးသွားပြီဆိုတော့ ကျွန်တော် အရင် ပြန်နှင့်တော့မယ် …”

“ အိုကေ ဒေါက်တာချန် … ဖြည်းဖြည်းသွားဦး … ငါ လိုက်မပို့တော့ဘူးနော်…”

ယခုအချိန်အခိုက်အတန့်၌ ဤတိုက်ခန်းက လူသတ်မှုခင်းနေရာတစ်ခု ဖြစ်သွားပြီ ဖြစ်၏။ လီချန်ကျွင်း သူ သွားချင်လျှင်ပင် သွား၍မရပေ။

အလောင်းကိုလည်း တွေ့ရှိထားပြီး လူသတ်သမား မည်သည့်နေရာတွင် ရှိနေလဲဆိုတာကိုလည်း သိထားပြီး ဖြစ်ရာ ပိုမိုခိုင်လုံသည့် သက်သေ အချက်အလက်များအတွက် အခင်းနေရာကို စူးစမ်းရှာဖွေဖို့ရာ လိုအပ်နေသေးသည်။

၎င်းတို့အား နစ်နာသူ၏ ခင်ပွန်းသည်ကို သူ၏ ပြစ်မှုအတွက် သက်သေအထောက်အထားများအဖြစ် အသုံးပြုရမှာ ဖြစ်၏။

အချိန်က မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့ရာ နောက်တစ်နေ့ပင် ရောက်လို့လာလေသည်။

ချန်ယွီ့ မနက် ၁၁ နာရီအထိ စောင့်ဆိုင်းနေခဲ့သော်လည်း ကျိုးခဲ့ရှင်းမှာ ရောက်မလာသေးပေ။

သူမ လာဖို့ ကြောက်လန့်သွားဟန်ရ၏။

ချန်ယွီ့ ပြုံးလိုက်မိသည်။

သာမန်လူတစ်ယောက်အနေဖြင့် သရဲတစ်ကောင်၏ သွင်ပြင်ကို မြင်လိုက်ရသည်က မနက်ဖြန် ကမ္ဘာပျက်တော့မည် ဆိုသည့် သတင်းကို ကြားသိလိုက်ရသည်အောက် မလျော့နည်းပေ။

သူ့ကွန်ပျူတာခုံသို့ ထိုင်ချပြီးနောက် ချန်ယွီ့က မောက်စ်ကို ကလစ်နှစ်ချက်နှိပ်ပြီး ဟူယွီပလတ်ဖောင်းသို့ ဝင်လာခဲ့သည်။

“ ဒေါက်တာချန် … မမလေးကျိုးရော ….”

“ ကျုပ်တို့ မမလေးကျိုးကို နာ့စ် ယူနီဖောင်းနဲ့ မြင်ချင်ပါတယ်ဗျို့ ….”

“ အစ်ကိုကြီးကျား ပလတ်ဖောင်းကနေ ထွက်သွားပြီတဲ့ ဒေါက်တာချန် … မင်းကတော့ လုပ်လိုက်ရင် တကယ့် အံ့မခန်းတွေချည်းပဲ ….”

“ သူ ထွက်သွားသင့်တာ ကြာပေါ့ …. ဆက်နေရင် ထောင်နှုတ်ခမ်းဝ ရောက်လုနီးပါး ဖြစ်နေပြီ ဆိုတာ ငါလောင်းရဲတယ် …”

“ ဒေါက်တာချန် … နင်နဲ့ မမလေးကျိုးတို့က တွဲနေကြတာလား … အွန်လိုင်းမှာ တွေ့ပြီးတာနဲ့ အပြင်မှာ တွေ့ကြတာပေါ့ ဟုတ်လား ….”

သူ့ လိုက်စထွင်းထဲရှိ ကွန်းမန့်အမြောက်အများကို ဖတ်ရှုရင်း ချန်ယွီ့မှာ ရယ်ရအခက်၊ ငိုရအခက် ဖြစ်နေမိသည်။

“ အားလုံး … ကျေးဇူးပြုပြီး တော်ကြပါတော့ … ငါတို့ ပုံမှန် လုပ်နေကြအတိုင်း ဆက်လုပ်ကြမယ် ….”

ချန်ယွီ့က ခလုတ်တစ်ချို့ကို နှိပ်လိုက်ပြီး ထိုအချိန်အခိုက်အတန့်မှာပဲ ဟုန်ပေါင်းများက ချက်ချင်း ပျောက်ရှသွားခဲ့သည်။

လူသတင်း လူချင်းဆောင်ရင်း သတင်းများ ပျံ့နှံ့လာလိုက်ရာ ယခုဆိုလျှင် ချန်ယွီ့ လိုက်စထွင်း စတင်သည်နှင့် သန်းနှင့်ချီသည့် ကြည့်ရှုသူတို့က ဝုန်းဒိုင်း ဝင်ရောက်လာကြတော့သည်။

ကြည့်ရှုသူ အရေအတွက်ကလည်း ဆက်တိုက်ဆိုသလို တိုးပွားနေသည်။

ဟုန်ပေါင်းများရရှိပြီးနောက် ရရှိလိုက်သည့် လူနာများ စာရင်းလည်း ထွက်ပေါ်လာခဲ့သည်။

လိုက်စထွင်း၏ ရေပန်းစားမှုက ၁.၅ သန်းသို့ ထိုးတက်သွားခဲ့၏။

“ ကဲ … ပထမဆုံး လူနာကို ဖိတ်ခေါ်လိုက်ကြရအောင် …”

မမကျန်း အွန်လိုင်းအမည်နှင့် အမျိုးသမီး တစ်ဦးက စခရင် ညာဘက်ခြမ်းတွင် ထွက်ပေါ်လာခဲ့သည်။

သူမ၏ နောက်ခံကို ကြည့်ရှုရသလောက်ကတော့ လမ်းမတစ်ခုပေါ် ရောက်ရှိနေဟန်ပင်။ ဆိုင်းဘုတ်စာသားများကို ဖတ်ရှု၍လည်း တရုတ်နိုင်ငံထဲ မဟုတ်ဘူးဆိုတာကို ထင်ထင်ရှားရှား မြင်တွေ့နိုင်သည်။

သူမ ဝတ်စားထားသည်ကတော့ လူချမ်းသာမကြီး ပုံစံဖြစ်၏။

“ လူကြီးမင်းချန် … ငါ ပြည်မထဲမှာ နေတုန်းကတည်းက နင့်နာမည် ကြားဖူးတာကြာပြီ … ကံဆိုးချင်တော့ အဲ့အချိန်တုန်းက အလုပ်တွေ များနေတာနဲ့ နင့်လိုက်စထွင်းထဲကို လာမလည် ဖြစ်လိုက်ဘူး ...”

“ နိုင်ငံခြား ရောက်ပြီး ဒုတိယ အကြိမ်မှာပဲ နင်နဲ့ တိုက်ရိုက်ပြောခွင့်ရမယ်လို့ ထင်တောင် ထင်မထားဘူး …”

“ ပြီးတော့ နေရာရတော့လည်း ပထမနေရာတဲ့လေ ….”

“ ငါ့ကံကတော့ ကောင်းပြီးရင်း ကောင်းနေတော့တာပဲ …”

မမကျန်း၏ အသံက သာယာနာပျော်ဖွယ် ဟုတ်မနေသကဲ့သို့ နားဝင်ဆိုးနေသည်မျိုးလည်း မဟုတ်ပေ။

သူမက မာ့စ်အုပ်ထားသော်လည်း ကြည့်ရှုသူ တော်တော်များများကတော့ မမကျန်းကို အသက်သုံးဆယ်ပိုင်းရှိမည်ဟု ထင်ကြေးပေးနေကြ၏။

“ ဒီရဲ့လူနာ … ငါနဲ့ တိုက်ရိုက်စကားပြောခွင့်ရတာကို တကယ်ပဲ ကံကောင်းတာလို့ ထင်နေတာလား …”

ချန်ယွီ့ မျက်နှာပေါ်ရှိ အပြုံးက ထူးဆန်းသည့် အရိပ်အမြွက်တို့ စတင်ပြသလာနေသည်။

ရာဇဝတ်သားတွေ အကုန်လုံးက ဒီလိုတွေ ဖြစ်ကုန်ပြီလားဟ …

ဘာလို့ ထောင်ထဲချည်း ပြေးဝင်ချင်နေကြတာ …

All Chapters