ဘယ်သူမှ ငါ့လာမဖမ်းနိုင်ဘူး
Vol. 19 Ch. 185
“ စောက်ရူးလူလိမ်မ …. မင်းက ဒေါက်တာချန်ကို မထီမဲ့မြင် ပြုနေရုံတင်မဟုတ်သေဘူး … ငါတို့ ရဲအရာရှိတွေရဲ့ မျက်နှာကိုပါ ဖြတ်ရိုက်လိုက်တာပဲ …”
“ မင်းက သိပ်ငယ်လွန်းတယ် … သိပ်ပြီးမှလည်း နုံချာလွန်းတယ် … တကယ်လို့ ဒေါက်တာချန်တာ မင်းကို ဖမ်းချင်တယ်ဆိုရင် မိနစ်ပိုင်းလေးပဲ ….”
“ ချီးပဲ … ဒီ အပျက်မရဲ့ လိမ်တာ ခံလိုက်ရတယ်ဆိုတော့ ငါ ရှစ်ဘဝလောက် ကံဆိုးခဲ့လို့ ဖြစ်မယ် ….”
“ လူလိမ်မ = စောက်ရူးမ “
“ ဘယ်လိုသောက်ရူးတွေက ဒီသောက်ရူးမကို ပိုက်ဆံတွေ သွားပေးကြတာပါလိမ့် …. ပြောကြေးဆို ငါကတောင် သူ့ထက် ဉာဏ်ကောင်းသေးတယ် … ဒါဆိုရင် ငါ့လက်ထဲ ဘာလို့ မွဲနေတာ …”
“ မင်းရဲ့ အသိစိတ်ကို ဖယ်ရှားလိုက်ရင် ငွေတွေ ဝင်လာမှာလေ ..”
ယွမ် သန်းနှင့်ချီ လိမ်လည်၍ နိုင်ငံခြားသို့ ထွက်ပြေးခြင်း …
အကယ်၍ သူမက ဘုရားထံ အမွှေးနံ့သာများနှင့် ဆုတောင်းမနေလျှင်ပင် ဂျောင်တစ်နေရာတွင် ဝင်ပုန်းနေသင့်သည်။ သို့ပေမယ့်လည်း မမကျန်းကတော့ သာမန်လူတို့ လုပ်ရိုးလုပ်စဉ်အတိုင်း မပြုလုပ်ပါဘဲ အရင်ဦးစွာ ဆန်းကြယ်သည့် အမျိုးသမီးအသွင်ဆောင်၍ ချန်ယွီ့ကို သူမ၏ အတိတ်အကြောင်းတို့ ပြောပြပေးရန် တောင်းဆိုခဲ့သည်။
ထို့နောက် သူမ၏ မျက်နှာအစစ်အမှန်ကို ဖွင့်ပြလာခဲ့ပြီး လူတိုင်းအား မထီမဲ့မြင်ပြုလာနေသည်။
သူမက တရားဥပဒေကိုပင် စိန်ခေါ်၍ ချန်ယွီ့နှင့် ရဲအရာရှိများကိုပင် ပြက်ရယ်ပြုနေလိုက်သေးသည်။
“ ဘေဘီလေးတို့ … နောင်ကျရင်လည်း တို့ အချိန်မှန်မှန် လိုင်းတက်လာမယ်နော်… ငါ့ကို မေ့မသွားကြနဲ့ဦး ….”
မမကျန်းက ထိုသို့ပြောရင်း လူပါးဝစွာ ပြုံးလိုက်သည်။
“ တကယ်လို့ တို့သာ နောင်တစ်ချိန် စထွင်မာ ဖြစ်လာခဲ့ရင် ဘယ်လို အကြောင်းအရာမျိုးတွေ စထွင်းလုပ်လောက်မလဲ … “
မမကျန်းက လှောင်ပြောင်ဆဲဆိုနေကြသည့် ကွန်းမန့်များကို မမြင်တွေ့သည့်နှယ် ပြုမူနေလျက် ရှိသည်။
ကြည့်ရှုသူများက သူမအား အသီးသီး လှောင်ပြောင်နေကြစဉ် မမကျန်းက စထွင်မာတစ်ယောက်အဖြစ် သူမ၏ အနာဂတ်အစီအစဉ်များကို ဆက်လက် ပြောဆိုနေသည်။
“ စကားမစပ် ဒေါက်တာချန် … ငါ လိမ်လည်မှု တိုက်ဖျက်ရေး စထွင်မာတစ်ယောက် လုပ်ရင်ကော ဘယ်လိုထင်လဲ ….”
ပြောရင်းဖြင့် မမကျန်းက ချန်ယွီ့ကို မျက်စပစ်ပြလိုက်သည်။
သူမ၏ လုပ်ရပ်ကို မြင်တော့ မရေမတွက်နိုင်သည့် ကြည့်ရှုသူများက ဒေါသထွက်သွားခဲ့ကြ၏။
“ ဆောရီးပဲ … ခင်များမှာ အဲ့လို အခွင့်အရေးမျိုး ရှိမှာ မဟုတ်ဘူး …”
“ တကယ်လို့ ကျုပ်ဆီကနေ ညွှန်ပြမှုတစ်ချို့ လိုချင်တယ်ဆိုရင်တော့ ….” ချန်ယွီ့က ညင်သာစွာ ပြုံးလျက် “ ကျုပ် အစောတုန်းက ပြောခဲ့တဲ့ စကားနှစ်ခွန်းကိုပဲ ပြန်ပြောပေးမယ် …”
“ တကယ်လို့ ခင်များသာ အခုချိန်မှာ ကုသမှု ခံယူမယ်ဆိုရင် ကယ်လို့မီသေးတယ် …”
“ ခင်များ ရွေးချယ်ထားတဲ့ လမ်းကို ဆက်လျှောက်ဖို့ပဲ ခေါင်းမာနေမယ်ဆိုရင်တော့ …. ၊ ခင်များ ကျိန်းသေပေါက် နောင်တရသွားလိမ့်မယ် ….”
မမကျန်းက ကျယ်လောင်စွာ ဟားတိုက်ရယ်မောလိုက်သည်။
“ နင် ပြောချင်တာကို ငါ သဘောပေါက်တယ် … ငါ့ကို လမ်းကြောင်းမှန် ပြန်ရောက်စေချင်တာမလား …”
“ ငါလည်း လုပ်ချင်တာပဲ …. ဒါပေမယ့် ဘယ်သူကမှ ငါ့ကို မဖမ်းနိုင်တဲ့ဟာ …”
မမကျန်းက ပြုံးလျက်ပင် သူမ၏ ဖန်များအား လျှို့ဝှက်ချက် တစ်ခု ပြောပြလိုက်သည်။
သူမ နိုင်ငံသို့ ရောက်လာပြီး မကြာမီ အင်တာနက်ပေါ်တို့ ဗွီဒီယိုတစ်ပုဒ်တင်လိုက်၏။
သူမကို လိုက်ရှာနေသူများအား သူမ နိုင်ငံခြားသို့ ရောက်ရှိနေပြီဟူသည့် အကြောင်းပင်။
“ တို့ ဗွီဒီယိုတင်ထားတာ တစ်ပတ်၊ရှစ်ရက်လောက်တောင် ရှိပြီ … ဒါပေမယ့် တို့ကို ဖမ်းဖို့ကျတော့ ဘယ်သူကမှလည်း ရောက်မလာဘူး … သိပ်အထီးကျန်ဆန်တာပဲ ….”
“ ဟင်း …. ခါးသီးလိုက်တာ ….”
မမကျန်းက စိတ်ဖိစီးနေသည့် မျက်နှာအမူအရာဖြင့် ဖြစ်နေခဲ့သည်။
သူမပုံစံက သူမကိုယ်သူမ လမ်းမှန်ပြန်လျှောက်လိုသည့် ဆန္ဒရှိနေဟန်ပင်။
သို့ပေမယ့် တစ်ချက်ရှိသည်က ပြည်မရဲများမှာ မိမိအား မဖမ်းဆီးနိုင်ခြင်းပင်။
ချန်ယွီ့၏ အမူအရာမှာ တည်ငြိမ်လျက်သာရှိနေသော်လည်း သူ့ကြည့်ရှုသူများကတော့ မတည်ငြိမ်နိုင်။ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်နေတော့၏။
အပျက်မတို့က နှစ်တိုင်းနှစ် ပေါသောနေလျက်ပင်။ အထူးသဖြင့် လိုက်စထွင်းများတွင် ဖြစ်၏။
“ ဒေါက်တာချန် … ဒီ လူလိမ်မကို မင်းရဲ့ စကေးတွေပြပြီး သူ ဘယ်နေရာရောက်နေလဲ အတိအကျ တွက်ချက်ပြလိုက်စမ်းပါ … ငါ အခုချက်ချင်း ရဲဖုန်းဆက်မယ် …
“ သိတော့ရော ဘာအသုံးဝင်မှာမို့လို့ … ၊ ဟိုက နိုင်ငံခြားမှာလေ … နိုင်ငံခြားမှာဆို လိုက်ဖမ်းလို့ မလွယ်ဘူးဟ ….”
“ မင်းကို ဖမ်းမမိဘူးဆိုရင်တောင် ကောင်းကင်ကတော့ မင်းကို သည်းခံနေမှာ မဟုတ်ဘူး ….”
“ ငါတို့နိုင်ငံက အဲ့နိုင်ငံနဲ့ ထူးခြားတဲ့ ဆက်နွယ်မှုတွေ ရှိတယ် ….”
“ တတိယနိုင်ငံငယ်လေးကို သွားပြီး မောက်မာပြနေလိုက်တာများ …. တကယ်လို့ အမေရိကားတို့ ဘာတို့များသာ ရောက်သွားလို့ကတော့ ဘယ်လောက်တောင် မိုးမမြင် ၊ လေမမြင် ဘ၀င်လေဟပ် ဖြစ်နေလိုက်မလဲ မသိဘူး …”
“ ဒင်း သိပ်မောက်မာလွန်းတယ် …”
“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းထဲမှာ ကြည့်ရှုသူတွေက သန်းနဲ့ချီတယ် … အများကြီးပဲ … ၊ ဒါတောင် သူပြောသမျှ ငြိမ်ခံနေရပြီး သူ့ကို မဖမ်းမိနိုင်လို့ကတော့ ငါတို့ နိုင်ငံရဲ့ လုပ်ပိုင်ခွင့် အာဏာက အတော်လေး စောက်ရှက်ပဲ့သွားလိမ့်မယ် …”
“ ဟိုကောင် ‘လိုင်’ဆိုတဲ့ ကောင်တောင် ပြန်ဖမ်းခေါ်ခံသွားရတာ ဒီကောင်မ ဘယ်လိုများ လွတ်သွားပါလိမ့် ..”
“ ဒီကောင်မက ကျန်းစန်းတောင် မလုပ်ရဲတဲ့ အရာတွေကို လုပ်ပြနေတယ် … ငါတော့ သူ့အတွက် ဆုတောင်းပေးလိုက်မယ် …”
“ ထူးခြားတဲ့ ဆက်ဆံရေးတွေ ရှိထားတော့ရော ဘာဖြစ်လဲ …. ဒေသခံရဲတွေက ပူးပေါင်းမပေးရင် အလကားပဲ … အသုံးမဝင်ဘူး …”
ကြည့်ရှုသူများမှာ မခံချိမခံသာ ဖြစ်သွားခဲ့ကြသည်။
ရေပန်းစားမှု မြင့်တက်လာသည်နှင့်အမျှ ကြည့်ရှုသူ အရေအတွက်ကလည်း သုံးသန်းနီးပါးသို့ ချဉ်းကပ်လာသည်။
ကြည့်ရှုသူများထဲတွင် မမကျန်း၏ လိမ်လည်မှုကို ခံလိုက်ရသည့် နစ်နာသူများလည်း ပါဝင်သည်။
မမကျန်း၏ လိမ်လည်မှုကို ခံလိုက်ရသည့် အိမ်ယာမြေ ပြန်လည်နေချထားခြင်းကို ခံရသည့် မိသားစုဝင်များကတော့ မမကျန်းကို အရှင်လတ်လတ် အစိမ်းလိုက် ကိုက်စားချင်သည်ကလွဲ၍ ဘာမျှ မပြုလုပ်ချင်တော့ပေ။
နစ်နာသူများ ပေးပို့လာသည့် ကွန်းမန့်များကို ဖတ်ရှုရင်း မမကျန်းက ချစ်စဖွယ်လေး ပြုံးပြကာ “ နင်တို့လို အဲ့လောက်ငွေတွေ တစ်ခါမှ မကိုင်ဖူးတဲ့ လူတွေက ငါ့ကြောင့်နဲ့ မဟုတ်ရင်တောင် နင်တို့ငွေတွေကို တခြားလူ လိမ်တာ ခံရမှာ အနှေးနဲ့ အမြန်ပဲ …”
“ တခြားလူတွေ နင်တို့ ပိုက်ဆံ လိမ်သွားမှာကို ခံမယ့်အစား တို့ကို ပေးစားလိုက်တော့ရော ဘာများဖြစ်သွားလို့ …”
“ ဟုတ်တယ်မလားဟင် ဘေဘီလေးတို့ …”
ပြောရင်းဖြင့် မမကျန်းက သူမ၏ ဖုန်းကို မြင့်မြင့်မြောက်ပြီး ဘေးပတ်ဝန်းကျင်ကို ပြသလိုက်သည်။
“ နင်တို့ထဲ နိုင်ငံခြားကို တစ်ခါမှ မရောက်ဖူးတဲ့လူတွေ ရှိတယ်မလား … “
“ ငါ ဒီနေ့ စိတ်ကောင်းဝင်နေတယ် … နိုင်ငံခြား ပတ်ဝန်းကျင် အငွေ့အသက်လေးတွေက ဘယ်လိုရှိလဲ နင်တို့ကို ပြမယ် …”
ဘဝင်မြင့် မောက်မာနေသည့် မမကျန်းကို ချန်ယွီ့ မည်သည့်စကားတို့မျှ မဆိုဘဲ ပြုံးလျက်သာ ကြည့်နေခဲ့သည်။
စိတ်တည်ငြိမ်သွားသည့် ကြည့်ရှုသူများကတော့ ဤအချင်းအရာကို ကြည့်ရင်း ဇဝေဇဝါ ဖြစ်နေမိကြ၏။
လူလိမ်မကျန်းရဲ့ အထောက်အထား ထွက်ပေါ်လာပြီးတာတောင် ချန်ယွီ့က ဘာလို့ ငြိမ်သက်နေရတာလဲ …
သူများ မေးတဲ့ မေးခွန်းကိုလည်း စကားတစ်ခွန်းစ၊ နှစ်ခွန်းစလောက်ပဲ ပြောပြီး ကျန်တာ အပိုလည်း မပြောဘူး …
ဖြစ်နိုင်တာ တချို့ လူတွေ ပြောသလိုမျိုးပဲ … လူလိမ်မကျန်းကို ဖမ်းဆီးဖို့က မဖြစ်နိုင်လို့များလား …
“ ဒူ ဒူ ဒူ …”
ချန်ယွီ့ဖုန်းက ရုတ်ချည်း တုန်ခါလာခဲ့၏။
ခေါင်းငုံ၍ ဖုန်းတစ်ချက် ကြည့်ပြီးနောက် နားလည်ရခက်သည့် အပြုံးတစ်ခုက ချန်ယွီ့ မျက်နှာထက်တွင် ထွက်ပေါ်လာခဲ့ပြီး “ ဒီရဲ့လူနာ … လူက စိတ်မကျန်းမာ ဖြစ်နေတဲ့အချိန် ယုံကြည်ချက် ရှိတာ ကောင်းတယ် …”
“ စိတ်အခြေအနေကောင်းရင် ခန္ဓာရဲ့ ရောဂါတစ်ဝက်လောက်ကို သက်သာပျောက်ကင်းစေတယ် …”
“ ဒါပေမယ့်လည်း …၊ တကယ်လို့ မင်းက မျက်ကန်းယုံကြည်ချက်တွေနဲ့ပဲဆိုရင်တော့ ကိုယ့်အခြေအနေကို ပိုဆိုးလာစေရုံပဲ ရှိမှာနော်…”
“ အခု မင်းကတော့ နောက်က တစ်ခုပေါ့ ….”
ချန်ယွီ့ ပြုံးလျက် ပြောလိုက်သည်။
“ ဟမ့် ….”
မမကျန်းက အထင်တသေး အမူအရာဖြင့် နှာခေါင်းရှုံ့လိုက်ပြီး “ နင် ဘာပြောချင်နေလဲ ငါသိတယ် … ကောင်းကင်ရဲ့ လက်တံက ရှည်လျားတယ် … ၊ ရာဇဝတ်ဘေး ပြေးမလွတ်ဘူး အဲ့လိုမလား ….”
“ ဒါမှမဟုတ် နင်က ငါ့ကို ဝဋ်လည်မယ်လို့ ပြောချင်နေတာလား ဟုတ်လား ….”
“ ဝဋ် ဆိုတဲ့အရာသာ တကယ်ပဲ တည်ရှိခဲ့ရင် အခုလို ငါ ပိုက်ဆံတွေ အကုန်ယူပြီး နိုင်ငံခြားထွက်ပြေးဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ …”
အခြားသော လူလိမ်များနှင့် မတူညီဘဲ မမကျန်းက အစကတည်းကပင် သူမကိုယ်ပိုင်အတွက် လွတ်လမ်းတစ်ခုကို ချန်ရစ်ထားသည်။
အထောက်အထားအတု တစ်ခုနှင့် ပတ်စ်ပို့ကို ကြိုတင် ပြင်ဆင်ထားပြီး အမှန်တရား ထွက်ပေါ်လာတော့မည့် အချိန်၌ သူမက အဆင့်သင့်လေး ပြေးပုန်းလိုက်ရုံပင်။
အရာအားလုံးကလည်း ထင်မှတ်ထားသည့်အတိုင်း ချောချောမွေ့မွေ့ ဖြစ်ခဲ့သည်။
ဒေသခံ အာဏာပိုင်များက သူမအား ပစ်မှတ်ထားလာနေသည်ကို သတိပြုမိသည်နှင့် ချက်ချင်းပဲ ထုပ်ပိုးပြီး ထွက်ပြေးလာခဲ့၏။
သူမကိုယ်သူမ ကိုယ်လွတ်ရုန်းနိုင်ခဲ့ရုံသာမက ၊ သူမ၏ အပေါင်းအပါများကိုလည်း နိုင်ငံထဲက ထွက်ပြေးရန် ညွှန်ကြားခဲ့သည်။
အော်ပရေးရှင်း အတွဲလိုက် လုပ်ဆောင်ပြီးနောက် အရေးမပါသည့် ပါမွှားလေး တစ်ဦးစ၊ နှစ်ဦးစခန့်သမျှသာ အဖမ်းခံလိုက်ရပြီး အဓိက အဖွဲ့ဝင်များကတော့ နိုင်ငံခြားသို့ ထွက်ပြေးနိုင်ခဲ့ကြသည်။
ဒေသခံရဲများ သူမအား ဖမ်းဆီးမည့် ကိစ္စအတွက်ကတော့ သူမ စကားတစ်ခွန်းပဲ ပြောချင်သည်။
‘ ဘယ်လိုမှ မဖြစ်နိုင်ဘူး …’
ဒေသခံရဲများက ငွေမက်သည့် အောက်ခြေခံ လူတန်းစားများ ဖြစ်ပြီး သူမ ရဲစခန်းရှေ့ သွားကပြနေလျှင်ပင် သူမအား ဘာမျှ ပြုလုပ်ကြမှာ မဟုတ်ပေ။
“ နင်တို့နဲ့ စကားတွေ အများကြီး ပြောလိုက်တော့ နည်းနည်းလေးတောင် ဗိုက်ဆာလာသလိုပဲ …”
မမကျန်းက အပေါ်နှုတ်ခမ်းထော်၍ ချဲ့ကားသည့် အမူအရာဖြင့် “ ကြယ်ငါးပွင့်ဟိုတယ်ကြီးမှာ ဒင်နာသွားစားလိုက်ဦးမယ် … တာ့တာ ဘေဘီလေးတို့ … နောက်မှ ပြန်တွေ့ကြတာပေါ့ …”
“ ကြယ်ငါးပွင့်ဟိုတယ်မှာ ဒင်နာစားဖို့ ခင်များမှာ အခွင့်အရေး မရှိတော့ဘူး …” ချန်ယွီ့က ရုတ်ချည်း ပြောလာခဲ့ပြီး “ နောက်တစ်ကြိမ် လိုက်စထွင်းလွှင့်နိုင်ဖို့လည်း မဖြစ်နိုင်တော့ဘူး …”
“ ခင်များ ဘာစားမရလဲဆိုတော့ … ၊ တစ်ပွဲကို ယွမ် ၂၀ လောက်ပဲ ပေးရတဲ့ အသင့်စား ထမင်းကြော်ဘူးလေးပဲ …”
မမကျန်းက မထေ့ပြုံးဖြင့် သရော်လိုက်၏။ “ ဟမ့် … ရယ်လိုက်ရတာ ငါ အူတက်တော့မယ် … အဲ့လို ပေါက်လွတ်ပဲစား စားစရာမျိုးကို ငါ့လို …………..”
“ ဝီးဝေါ် ဝီးဝေါ် ဝီးဝေါ် ….”
သူမ စကားမဆုံခးင်မှာပဲ ဒေသခံ ရဲကားများက သူမနေရာသို့ ရောက်လာပြီး အနောက်တွင် အနက်ရောင် SUV တစ်စင်းက ကပ်လျက် လိုက်လာပါလာသည်။
မမကျန်း၏ မျက်လုံးတို့ ပြူးကျယ်သွားခဲ့၏။