← Chapters

အစွန်းရောက်သည့်နည်းလမ်း ၊ တူယှဉ်တွဲ၍ အဆုံးစီရင်ခြင်း

Vol. 19 Ch. 187

အစွန်းရောက်သည့်နည်းလမ်း ၊ တူယှဉ်တွဲ၍ အဆုံးစီရင်ခြင်း

Vol. 19 Ch. 187

မီးကြောင့် ပြင်းပြင်းထန်ထန် ဒဏ်ရာရမည်ဆိုသည့် အကြောင်းကို သိလိုက်ရတော့ [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ] သည် ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားခဲ့တော့သည်။

“ ဒေါက်တာချန် … ငါက မင်းရဲ့ အမာခံပရိသတ်ပါ … မင်းငါ့ကို တန်းလန်းကြီးတော့ မထားခဲ့ရဘူးနော်….”

“ ဆရာဝန် တစ်ယောက်အနေနဲ့…” ချန်ယွီ့ တည်ငြိမ်စွာ ပြောလိုက်ပြီး “ ကိုယ့်လူနာ အန္တရာယ်ရှိနေတာကို သိလျက်နဲ့ လုံးဝ ပစ်ထားမှာ မဟုတ်ပါဘူး …”

“ ပြီးတော့ … ခင်များက တိုင်ပင်ဆွေးနွေးဖို့ ရောက်လာခဲ့တယ် … ဆိုလိုချင်တဲ့ သဘောက ခင်များရဲ့ ဝေဒနာကို ကုသလို့ရသေးတယ်ဆိုတဲ့ သဘောပဲ …”

“ ငါ့ရောဂါ ဟုတ်လား … ငါ့မှာ ဘာရောဂါ ရှိလို့ …”

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် လုံးလုံးလျားလျား ရှုပ်ထွေးနေမိသည်။

ပထမ စစချင်းတွင် ချန်ယွီ့က သူသည် မီးလောင်မှုကြောင့် ပြင်းထန်ဒဏ်ရာရပြီး ဆေးရုံတင်ရမည်ဟု ပြောသည်။ ထို့နောက် သူ့တွင် ရောဂါရှိနေသည်ဟု ပြောဆိုလာပြန်သည်။

‘သူ့ကို မသေစေရဘူး စိတ်ချလို့လည်း ပြောသေးတယ် … အခုက ဘာသဘောလဲ …’

“ ခင်များမှာ ပြင်းထန်တဲ့ စိတ်ကျရောဂါ ဝေဒနာ ရှိတယ် …” ချန်ယွီ့ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ ခင်များကိုယ်ခင်များ မသိသေးရုံတင်ပဲ …”

ချန်ယွီ့ စကားဆုံးသည်နှင့် ကြည့်ရှုသူများမှာ ရွှင်ပြတက်ကြွလာခဲ့ကြသည်။

ဒီလို ရင်းနှီးနေတဲ့ စကားလုံး ….

ရင်းနှီးနေတဲ့စည်းချက် …

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က ဘယ်လို စိတ်ကျရောဂါမျိုး ဖြစ်နေမလဲ …

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် ခါးသက်သည့် မျက်နှာအမူအရာဖြင့် မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … လောလောဆယ် ငါ့စိတ်ရောဂါအကြောင်းကို ခဏဘေးချိတ်ထားပေးလို့ရမလား …”

“ ငါ ဘာလို့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားမှာလဲ …”

“ ငါ တည်းနေတဲ့ ဟိုတယ်က ရုတ်တရက် မီးထလောင်မှာမို့လို့လား …”

“ ခင်များ အခု တည်းနေတာက ကြယ်ငါးပွင့် ဟိုတယ် … ဟုတ်တယ်နော်…” ချန်ယွီ့ ပြောလိုက်ပြီး “ အဲ့လို အဆင့်မြင့် ဟိုတယ်မှာ မီးဘေးလုံခြုံရေးက ပြောစရာ မလိုဘူး …”

“ မီးလောင်ခဲ့ရင်တောင် အချိန်တိုလေးအတွင်း ငြိမ်းသက်လိုက်လို့ရတယ် …”

“ ခင်များ မီးဘေးနဲ့ ကြုံတွေ့ရမယ့် နေရာက ခင်များ အခန်းထဲမှာ မဟုတ်ဘူး … ခင်များရဲ့ ကားထဲမှာပဲ ….”

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် ရှော့ခ်ရသွားခဲ့၏။ “ မင်းပြောချင်တာ … ငါ ဟိုတယ်ထဲ ပါကင်ထိုးထားတဲ့ ကားက အကြောင်းမရှိ မီးထလောင်မယ်ပေါ့လေ …”

“ အကြောင်းမရှိ မဟုတ်ဘူး … တစ်ယောက်ယောက်က ရည်ရွယ်ချက်ရှိရှိလုပ်တာကြောင့်ပဲ …”

“ လက်သည်ကလည်း တခြားလူမဟုတ်ဘူး …” ချန်ယွီ့ တည်ငြိမ်စွာ ဆိုလိုက်ပြီး “ ခင်များ လောလောလတ်လတ် ငှားခန့်ထားတဲ့ ဒရိုင်ဘာပဲ ..”

“ သူ ငါ့ကို ထိခိုက်အောင် လုပ်ချင်နေတယ် ….”

ချန်ယွီ့စကားက တုန်လှုပ်ဖွယ်ရာ ကောင်းလွန်း၍ သက်လတ်ပိုင်း အမျိုးသားသည်ပင် ကြောက်လန့်မှုကြောင့် မျက်နှာဖြူဖျော့သွားရသည်။

ချန်ယွီ့ လိုက်စထွင်းကို သူ မကြာခဏ ကြည့်ရှုဖူး၏။ သို့ဖြစ်သည့်အတွက်ကြောင့် ချန်ယွီ့၏ ခန့်မှန်းမှုကို စိုးစဉ်းသော်မျှ သံသယ မဝင်ခဲ့မိပေ။

ဘာကြောင့် ဒရိုင်ဘာက သူ့ကားကို ရန်ငြှိုးရန်စ မရှိပါဘဲ မီးရှို့ချင်နေလဲဆိုတာကိုပဲ နားမလည်နိုင် ဖြစ်နေမိလေသည်။

“ ဒရိုင်ဘာက ငါ့ကားကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ပြီး ငါ့ကို ဒဏ်ရာရစေမယ် … ငါတစ်ခုခု ဖြစ်သွားခဲ့ရင် အရင်ဦးဆုံး သံသယ ဝင်ခံရမယ့်လူက သူပဲ မဟုတ်လား …”

“ ပြီးတော့ … သူတောင် ငါနဲ့အတူ ရောပြီး ဒဏ်ရာရသွားတာ … မဟုတ်လည်း သေရင် သေသွားနိုင်သေးတယ် …”

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည်လည်း ကြည့်ရှုသူများနည်းတူ နားရှုပ်နေမိသည်။

ယုတ္တိကျကျ ပြောမည်ဆိုပါက ဓာတ်ဆီ ၊ ဒါမှမဟုတ် မီးလောင်လွယ်သည့် ပစ္စည်းကို ကားအောက်ထားရှိမည်ဆိုပါက [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် ထူးဆန်းသည့် အနံ့ကို မရဘဲ နေမှာ မဟုတ်ချေ။

အကယ်၍ ဒရိုင်ဘာတွေ ကြံရာပါ တစ်ယောက်ရှိပြီး [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]အား ကားထဲသို့ အတင်းအကြပ် ဝင်ရောက်ခိုင်း၍ အပြင်ဘက်မှနေပြီး ကားကို ဖောက်ခွဲမည်ဆိုလျှင်တော့ မပြောတတ်ပေ။

သို့ပေမယ့် ထိုနည်းလမ်းက အတော်လေးကို ပိန်းတိန်းရာ ကျလွန်းလှ၏။

မြို့ပေါ်တွင် အပေါများဆုံး၊ သာမန်အဖြစ်ဆုံးတို့က စောင့်ကြည့်ရေး ကင်မရာများပင်။

လမ်းမပေါ်မှာပဲ ဖြစ်စေ၊ လမ်းကြိုလမ်းကြား၊ ဂျောင်တစ်ခုမှာပဲ ဖြစ်စေ ၊ စောင့်ကြည့်ရေး ကင်မရာတို့က နေရာအနှံ့ ရှိ၏။

မြို့ထဲ ဧရိယာတွင် တစ်စုံတစ်ဦး သတိမပြုမိပါဘဲ လူတစ်ယောက်ကို မီးရှို့သတ်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်လုနီးပါးပင်။

သို့ပေမယ့် ဒရိုင်ဘာက ကားမောင်းနှင်နေရင်း မီးရှို့မည်ဆိုလျှင်တော့ ….

ရူးနေသည့် လူတစ်ဦးသာလျှင် ထိုသို့ ပြုလုပ်ပေလိမ့်မည်။

အကယ်၍ မီးက အတွင်းဘက်ခြမ်းမှ စတင်လောင်ကျွမ်းမည်ဆိုပါက ဒရိုင်ဘာသည်လည်း ထွက်ပြေးလွတ်မြောက်နိုင်မှာ မဟုတ်ပေ။

ကြည့်ရှုသူများလည်း သူနှင့်ထပ်တူ နားရှုပ်နေမှာကို ခံစားမိတော့ [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် ချန်ယွီ့အား မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … ငါ မင်းပြောချင်တာကို သိပ်နားမလည်ဘူး ဖြစ်နေတယ် … ဒရိုင်ဘာက ငါ့ကားကို ဘယ်လိုမီးရှို့မှာ …”

“ ခင်များနဲ့ ကြည့်ရှုသူတွေက နားလည်မှု လွဲနေကြတာပဲ ..” ချန်ယွီ့ ဖြည်းညင်းစွာ ပြောဆိုလိုက်ပြီး “ ခင်များတို့က ဒရိုင်ဘာကို ကားမီးရှို့ပြီးသွားရင် အာဏာပိုင်တွေလက်ထဲက ဘယ်လိုလွတ်အောင် လုပ်မလဲဆိုတာကိုပဲ ဦးတည်စဉ်းစားနေကြတာ …”

“ တကယ်လို့ သူက နှစ်ဦးနှစ်ဖက် သေကျေပျက်စီးမယ့် နည်းလမ်းကို ရွေးချယ်ခဲ့မယ်ဆိုရင် ဒီပြဿနာက ဖြေရှင်းပြီးသွားပြီ မဟုတ်ဘူးလား …”

“ နှစ်ဖက် အပြန်အလှန် သေကျေပျက်စီးမယ် ဟုတ်လား …”

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့သည်။

ဒရိုင်ဘာက ဘာလို့ သူ့ကိုယ်သူတောင် မညှာရတာလဲ ..

ငါကပဲ သူ့ဘိုးဘေးတွေရဲ့ အုတ်ဂူကို တူးပြီး သူ့ကလေးကို ရေတွင်းထဲ ပစ်ချခဲ့လို့များလား …

ဘာကိစ္စ အကြောင်းမရှိ အတူသေချင်နေရတာ …

“ ကျုပ် သုံးသပ်မိသလောက်ဆိုရင် ဒရိုင်ဘာက ခရီးလမ်းတစ်ဝက်မှာ ကားပြတင်းပေါက်နဲ့ တံခါးတွေကို လော့ခ်ချလိုက်မယ် …” ချန်ယွီ့ပြောလိုက်ပြီး “ ပြီးရင် ခရီးသည်ထိုင်ခုံအောက်က ဆီပိုက်ကို ဖွင့်လိုက်မယ် …”

“ ဆီပိုက်က ချက်ချင်း မီးညှိသွားတာနဲ့ ကားရဲ့ တံခါးနဲ့ ပြတင်းပေါက်တွေလည်း လော့ခ်ချထားတာဖြစ်လို့ ခင်များတို့ တစ်ယောက်မှ ထွက်ပြေးလို့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး ….”

“ ဒါပေမယ့်လည်း အနည်းဆုံးတော့ ခင်များက မီးဘေးထဲမှာ အသက်ရှင်နိုင်တဲ့အထိ ကံကောင်းပါသေးတယ် …”

ထို့သို့ ပြောပြီးနောက် ချန်ယွီ့က ပြုံးလျက် သူ့စကားကို ဆက်သည်။

ဤသည်က [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ ပထမဆုံးအကြိမ် ရောက်ဖူးသည့် ခရီးစဉ် တစ်ခု ဖြစ်၏။

ဒရိုင်ဘာသည်လည်း လမ်းအခြေအနေကို မရင်းနှီးပေ။ မြေပုံကိုသာလျှင် အဓိက အမှီသဟဲပြုပြီး မောင်းနှင်နေရပြီး မီးလောင်သွားခဲ့သည့် နေရာတနှင့် မနီးမဝေး တစ်နေရာတွင် မီးတပ်ဌာန တစ်ခု ရှိ၏။ ထို့ကြောင့်လည်း အချိန်မနှောင်းမီ မီးငြိမ်းသတ်နိုင်လိုက်ခြင်းပင်။

မီးညှိခံလိုက်ရသည့် ဆီပိုက်က ဒရိုင်ဘာနှင့် ဘေးချင်းကပ် ဖြစ်သဖြင့် မောင်းနှင်သူက အရင်ဦးဆုံး မီးလောင်ကျွမ်းသွားခဲ့ရသည်။

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]ကတော့ အနောက်တွင် ထိုင်သည့်အတွက် သူ့အခြေအနေကတော့ အနည်းငယ် သာ၍ ကောင်းမွန်သည်။

မီးသတ်တပ်ဖွဲ့များ လာရောက်ကယ်ဆယ်သည့် အချိန်အထိ တောင့်ခံထားနိုင်ခဲ့သည်။

ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခဲ့သော်လည်း … အနည်းဆုံးတော့ အသက်ရှင်နေလျက် ရှိဆဲပင်။

သူ့အနာဂတ်အကြောင်းကို သိလိုက်ရတော့ [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် လုံးလုံးလျားလျား စိတ်ဓာတ်ကျသွားခဲ့သည်။

“ ဒေါက်တာချန် … ငါ အဲ့ကားထဲမှာ မထိုင်သရွေ့ မီးမလောင်နိုင်ဘူး ဟုတ်တယ်မလား ….”

ချန်ယွီ့ ခေါင်းညိတ်လိုက်သည်။

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]က စိတ်သက်သာရစွာ သက်ပြင်းချလိုက်ပြီး သက်သာရာရသွားသည့် အမူအရာဖြင့် “ ဘိုးဘေးတွေက ငါ့ကို တကယ် ဆောင်မနေတာပဲ …”

ပြောရင်းဖြင့် [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် သူ့လက်ဝါးနှစ်ဖက်ကို အတူစုစည်း၍ လက်အုပ်ချီလျက် ဆုတောင်းလိုက်၏။

‘ ကျေးဇူးပါ ဘိုးဘေးတို့ ၊ ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးနေတဲ့အတွက် ကျေးဇူးတင်ပါတယ် ..’

အကယ်၍ ချန်ယွီ့ကြောင့်သာ မဟုတ်ခဲ့ဘူးဆိုပါက … သို့မဟုတ်လည်း သူသာ သာမန်လျှံကာ လိုက်စထွင်းများကို လိုက်လံ မကြည့်ရှုမိခဲ့ဘူးဆိုပါက …

သူ့အား စောင့်ကြိုနေမည့်အရာက … တစ်သက်သာ နာကျင်မှုပင်။

မီးလောင်ဒဏ်ရာတွေ တစ်ကိုယ်လုံး အနှံ့ဆိုတာက … တွေးကြည့်ရုံမျှနှင့်ပင် ကြက်သီးဖြန်းဖို့ ကောင်းလွန်းလှ၏။

တိုက်တိုက်ဆိုင်ဆိုင် သူကိုယ်တိုင်ကလည်း‌ ဆေးဝါးနယ်ပယ်က ဖြစ်သဖြင့် ထိုအချင်းအရာကို ရှင်းရှင်းလင်းလင်း သိထားပါသည်။

ယခု [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]သည် အကယ်၍ သူသာ ကားမစီးသရွေ့ ပြဿနာ မရှိနိုင်ဟူသည့် အချက်ကို သိရှိသွားခဲ့တော့ သက်တောင့်သက်သာ ဖြစ်သွားခဲ့ပြီး နောက်မေးခွန်းတစ်ခု မေးလာသည်။

“ ဒေါက်တာချန် … ငါ့ စိတ်ထဲ တစ်ခု မရှင်းသေးလို့ … ဒီခု ဒရိုင်ဘာကို မခန့်ခင်တုန်းက သူ ငါ့ကို တစ်ခါမှ မမြင်တွေ့ဖူးဘူးဆိုတာ သေချာတယ် … အဲ့တာကိုတော့ ငါ အာမခံနိုင်တယ် … ငါလည်း သူ့အပေါ် မှားယွင်းတဲ့လုပ်ရပ်တွေ လုပ်မိတာမျိုးလည်း မရှိတဲ့ဟာ … ငါ့ကို ထိခိုက်စေချင်ရုံသပ်သပ်နဲ့ ဘာကြောင့် သူ့အသက်ကိုပါ မနှမြောရတာလဲ …”

“ တစ်ယောက်ယောက်က သူ့ကို ညွှန်ကြားနေတာများလား …”

အကယ်၍ သူတို့သာ အတူတကွ သေဆုံးသွားခဲ့မည်ဆိုပါက သူရှုံး-ကိုယ်ရှုံး အခြေအနေ ဖြစ်နေလိမ့်မည်။ အင်မတန် နက်ရှိုင်းသည့် သွေးကြွေး အမုန်းတရားတို့ မရှိအပ်ပါဘဲ ထိုသို့သော အရာမျိုး ပြုလုပ်ဖို့ဆိုသည်မှာ တော်ရုံမဖြစ်နိုင်သည့် ကိစ္စရပ် ဖြစ်၏။

“ ဟုတ်တယ် … ဒရိုင်ဘာက ခင်များနဲ့ ရန်ငြှိုးရန်စ မရှိဘူး …” ချန်ယွီ့ ရှင်းပြလိုက်ပြီး “ တကယ်လည်း ခင်များကို ထိခိုက်အောင် လုပ်ဖို့အတွက် တစ်ယောက်ယောက် သူ့ကို ညွှန်ကြားထားတာ …”

“ ငါ နားလည်သွားပြီ …”

သက်လတ်ပိုင်းအမျိုးသားက မုန်းတီးသည့်လေသံဖြင့် “ ငါ့ စီးပွားပြိုင်ဘက်တွေထဲက တစ်ယောက် ဖြစ်ရမယ် …”

သူ့ လာမည့် စီးပွားရေး သဘောတူညီမှုက ယွမ် သန်း ၇၀၀ ကျော် တန်ကြေးရှိသည်။ [ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]အပြင် အခြားကုမ္ပဏီ တစ်ခုကလည်း အဆိုပါ စီးပွားရေးကို ယှဉ်ပြိုင်ဖို့အတွက် အရည်အချင်း ပြည့်မီသည်။ ကုမ္ပဏီနှစ်ခုက သာတူညီမျှ အင်အားကြီးကြ၏။

ဤစီးပွားရေး သဘောတူညီချက်ကို ရရှိရန်အတွက် သူသည် လှည့်ကွက်နည်းလမ်းတစ်ချို့ အသုံးပြုခဲ့ပြီး သူ့ပြိုင်ဘက်၏ မကောင်းသတင်းများကို အွန်လိုင်းပေါ် တင်ခဲ့သည်။

ရလဒ်အနေဖြင့် ပြိုင်ဘက် တစ်ဖက်ကုမ္ပဏီက လူထု၏ ဆိုးရွားသည့် အမြင်နှင့် ရင်ဆိုင်လိုက်ရပြီး … အဆိုပါ အခွင့်အရေးကို အမိအရဖမ်းဆုပ်၍ သက်လတ်ပိုင်း အမျိုးအသားက တောင်းဆိုချက် အချို့ကို လျော့ပေါ့လိုက်သည်။ ထိုအခါမှပဲ စီးပွားရေး သဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးရန် အခွင့်အရေးကောင်း ရရှိခဲ့လေသည်။

တစ်ဖက်ပြိုင်ဘက်တွင်လည်း မခေသည့် အစွမ်းအစတို့ရှိသဖြင့် သူတို့ဘက်က စုံစမ်းစစ်ဆေးချင်သရွေ့ မည်သူက ၎င်းတို့၏ မကောင်းသတင်းများကို အွန်လိုင်းပေါ် ဖြန့်ခဲ့လဲဆိုတာကို လွယ်လင့်တကူ သိရှိနိုင်သည်။

သူ့အပေါ် လက်စားချေလာသည်က ကျိုးကြောင်းသင့်၏။

“ အခုလို ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … မင်းရဲ့ ကြင်နာမှု အလုံးစုံကိုတော့ ငါ ပေးဆပ်နိုင်မှာ မဟုတ်ဘူး …”

“ ဒီခု စကားပြောပြီးတာနဲ့ ဒရိုင်ဘာကို ဖမ်းဖို့ ရဲကို ဖုန်းဆက်လိုက်မယ် …”

“ တကယ်လို့ ငါ့ ပြိုင်ဘက်က ငါ့ကို သတ်ချင်နေတယ်ဆိုရင် ငါကလည်း သူတို့ဂုဏ်သတင်းကို အရင်ဖျက်စီးပေးရမှာပေါ့ ….”

ခေါင်းကို ခါယမ်းရင်း ချန်ယွီ့ ပြောလိုက်သည်။ “ ဒရိုင်ဘာက ခင်များနဲ့အတူ သေဖို့အထိတောင် လုပ်ထားပြီးတာကို သူ့ကို ဘယ်သူက စေခိုင်းနေလဲဆိုတာကို ဖမ်းမိသွားတာနဲ့ အလွယ်လေး ပြောပြလိမ့်မယ်လို့ ခင်များထင်လား ….”

“ ဒါက ….”

[ဘဝက လက်ဖက်ရည်တစ်ခွက်စာပါပဲ]၏ လက်တို့ ရုတ်ချည်း အေးခဲ့သွားခဲ့၏။

တစ်စုံတစ်ယောက်အတွက် မိမိအသက်ကိုပင် မမှုသည့် လူတစ်ယောက်က မည်မျှ ရက်စက်သည့် လူတစ်ယောက် ဖြစ်ကြောင်း သက်သေပြနေလျက် ရှိသည်။

သူ့ဘက်က ရဲကို ဖမ်းဆီးခိုင်းလိုက်လျှင်ပင် ရဲက ဒရိုင်ဘာ၏ ပါးစပ်ကိုဖွင့်ပြီး ဝန်ခံချက် ရရှိအောင် ပြုလုပ်ပေးနိုင်မှာ မဟုတ်လောက်ချေ။

All Chapters