← Chapters

Harm – monious Family

Vol. 19 Ch. 190

Harm – monious Family

Vol. 19 Ch. 190

“ ဘယ်လို …. ငါနဲ့ အရင်းနှီးဆုံး အကြီးအကဲ ဟုတ်လား …”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က သိမ့်ခနဲ တုန်သွားခဲ့ပြီး စကားအစ်သည့် လေသံဖြင့် “ ငါ့မိန်းမကို နောက်ကွယ်ကနေ ကြိုးကိုင်နေတဲ့လူက ငါ့ပြိုင်ဘက် မဟုတ်ဘူးပေါ့ …”

“ သေချာပေါက် ဘယ်ဟုတ်မှာ …” ချန်ယွီ့ ပြောလိုက်ပြီး “ ကြိုးကိုင်နေတဲ့လူက ခင်များ အဖေရဲ့ သွေးရင်း ညီအစ်ကို ၊ ခင်များရဲ့ ဦးလေးကလွဲပြီး တခြားလူမဟုတ်ဘူး ….”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် ကံလည်းကောင်းပြီး ဝမ်းနည်းဖွယ်ရာ ကောင်းသည့်လူလည်း ဖြစ်သည်။

သူ့ဇနီးသည် သူ့အနားသို့ ဤမျှ လျင်မြန်စွာ ချဉ်းကပ်နိုင်ခဲ့သည်က သူ့ဦးလေး၏ အောင်သွယ်ပေးမှုတို့ ပါဝင်နေသည်။

“ ခင်များက ခင်များဦးလေးရဲ့ မျက်စိအောက်မှာ ကြီးပြင်းလာခဲ့တဲ့လူ … ခင်များရဲ့ နေထိုင်မှုပုံစံ၊ အကျင့်စရိုက်၊ ဝါသနာနဲ့ ဘယ်လိုအရာတွေ နှစ်သက်လဲဆိုတာကို ကောင်းကောင်းကြီး သိတယ် …”

“ ခင်များ တစ်ချိန်က ခင်များရဲ့ လက်တွဲဖော်ဖြစ်မယ့်လူက ခင်များနဲ့ အကုန်လုံးနီးပါး ထပ်တူညီနေရမယ်လို့ ပြောတာကို သူ ကြားဖူးတယ် …”

“ ပြောလိုက်တဲ့လူက ဘာမှမဟုတ်သလို ပြောလိုက်တယ်ဆိုပေမယ့် နားထောင်တဲ့လူက တကယ့်စိတ်ထဲ ရိုက်သွင်းသွားတယ်ဆိုတဲ့အတိုင်း ….”

“ ခင်များက အသက်ငယ်ငယ်လေးနဲ့ ကုမ္ပဏီကို ကြီးပွားတိုးတက်အောင် လုပ်ဆောင်နိုင်နေတာ မြင်တော့ ခင်များဦးလေးမှာ အပိုင်သိမ်းလိုတဲ့ အကြံအစည်တွေ စိတ်ကူးမိလာတယ် …”

“ သူက ခင်များရဲ့ အစွမ်းအစကို နားလည်တယ် …”

“ ခင်များဘက်ကသာ လုံလောက်တဲ့ အချိန်ရှိသရွေ့ ဆေးဝါးကုမ္ပဏီကို ကော်ပိုရေးရှင်းကြီးတစ်ခု ဖြစ်အောင် ချဲ့ထွင်နိုင်မှာ ကျိန်းသေတယ် …”

“ အချိန်တစ်ခုလောက်ပေး ၊ အစီအစဉ် ဆွဲပြီးတဲ့နောက်မှာ ခင်များရဲ့ ဦးလေးက ဆယ်နှစ်တာ စီမံကိန်းနဲ့ အကြံအစည်တစ်ခုကို အကောင်အထည်ဖော်ဖို့ လုပ်တယ် …”

“ သူက စီးပွားရေး သူလျှို လောကမှာ ကျင်လည်နေတဲ့ အမျိုးသမီးတစ်ယောက်ကို ဈေးကြီးကြီးပေးပြီး လေ့ကျင့်ပေးတယ် ..”

“ အဲ့နောက်မှာ အခွင့်အရေး တစ်ခု ရှာပြီး ခင်များတို့နှစ်ယောက်ကို ချိတ်ပေးလိုက်တာပဲ ….”

“ တစ်လှမ်းချင်း တစ်လှမ်းနဲ့ သူက ခင်များတို့နှစ်ယောက် အချင်းချင်း သိကျွမ်းပြီး ချစ်ကြိုက် အိမ်ထောင်ကျတဲ့အထိ အစီအစဉ်တွေ ရေးဆွဲခဲ့တယ် ….”

ထိုစကား ကြားပြီးနောက် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ နှလုံးသားတစ်ခုလုံး အေးစိမ့်သွားခဲ့သည်။

သူ့မိန်းမက ရက်စက်တဲ့ သူလျှိုဖြစ်နေပြီး သူ့ ဦးလေးကျတော့ နတ်ဆိုးဆန်တဲ့ ကြိုးကိုင်သူ ဖြစ်နေတယ်။

မိသားစုထဲ ဆွေမျိုးများစွာ ရှိသည့်အနက် ဦးလေးဖြစ်သူက သူ့အပေါ် အကောင်းဆုံးဖြစ်ခဲ့သည်။

အကယ်၍ ချန်ယွီ့ ကိုယ်တိုင်သာ ပြောမလာခဲ့ဘူးဆိုပါက …

သူ့ ဦးလေးကလွဲပြီး အခြား မည်သူ့ကိုမဆို သံသယ ဝင်မိမှာ ဖြစ်၏။

“ သိပ်ချစ်ကြတဲ့ မိသားစုလေးပဲ …”

“ ဒေါက်တာချန်ရဲ့ လိုက်စထွင်းတွေ ကြည့်ရတာ TV ဇာတ်လမ်းတွဲတွေ ကြည့်ရတာထက်တောင် ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတယ် ….”

“ ငါ ချွတ်ခြုံကျနေသရွေ့တော့ အဲ့လို တိုက်ပွဲတွေ၊ လွန်ဆွဲပွဲတွေကြားထဲ ဘယ်တော့မှ ဝင်ပါမိမှာ မဟုတ်ဘူး ….”

“ နောက်ဆုံးတော့ ချမ်းသာပြီး အာဏာကြီးတဲ့ မိသားစုတွေရဲ့ အတွင်းရေး အထိကရုဏ်းတွေအကြောင်းကို မျက်မြင်ကြုံတွေ့ဖူးသွားပြီ … ဟောင်ကောင် ဒရာမာတွေထဲကလိုပေါ့ …”

“ ဒါမျိုးက ကိုးရီးယားတွေ ရိုက်တာ များတာ ညီကိုရ ….”

“ လူချမ်းသာတွေရဲ့ ဘဝကြီးက ဘယ်တော့မှ ရိုးရှင်းတယ် ၊ ငြီးငွေ့သွားတယ်ရယ်ကို မရှိဘူးပဲ …”

“ ငွေကြောင့်မို့သာ မဟုတ်ရင် သူတို့ တစ်မိသားစုလုံး ပျော်ပျော်ရွှင်ရွှင်နဲ့ နေနိုင်ကြမှာ ကျိန်းသေတယ် … ပိုက်ဆံဆိုတာ အန္တရာယ်ရှိတဲ့ ပစ္စည်းပဲ … ဒါကြောင့်မို့ ငါ့အကုန်ပေးလိုက် …”

ချန်ယွီ့နှင့် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]တို့ စကားခေတ္တ ရပ်နားနေစဉ်တွင် အချိန်အတော်ကြာအောင် နှုတ်ဆိတ်နေခဲ့ရသည့် ကြည့်ရှုသူများ၏ ကွန်းမန့်တို့က ဒဟလော ထွက်ပေါ်လာခ့သည်။

သူတို့တွေ လက်လှမ်းမမီသည့် အခြေအနေတစ်ခုရှိ လူများ ယခုလို အချင်းချင်း ဖြစ်ပွားကြသည်ကို ကြည့်ရှုရသည်က တကယ့်ကို စိတ်ဖျော်ဖြေမှု တစ်မျိုး ဖြစ်၏။

သူတို့ကိုယ်တိုင်ကလည်း သာမန်ဆန်သည့် ဘဝတွင် နေထိုင်နိုင်ဖို့ရာ အနိုင်နိုင် ကြိုးပမ်းနေရသဖြင့် တစ်နေ့ … မိမိတို့သည်လည်း ထိုသို့သော လူများထဲက တစ်ယောက်ဖြစ်လာမှာကို စိုးရိမ်ပူပန်နေဖို့ မလိုချေ။

“ ခင်များရဲ့ ဝမ်းကွဲနှစ်ယောက်ရဲ့ အခြေအနေကလည်း နည်းနည်းလေးတော့ ရှုပ်တယ် …” ချန်ယွီ့က အေးအေးလူလူ ပြောလိုက်ပြီး “ အဲ့တာကြောင့်ပဲ ခင်များရဲ့ ဦးလေးက ခင်များအပေါ် တစ်ကွက်ကြိုရွေ့လိုက်ရတာ …”

“ ဘာတွေဖြစ်နေလို့ ….”

ကြည့်ရှုသူများနှင့် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က တူညီသည့် မေးခွန်းကို မေးမြန်းလိုက်သည်။

ဘာကြောင့် ရုတ်တရက်ချည်း မဆိုင်တဲ့ တစ်ခြားနှစ်ယောက်က ပါဝင်လာရတာလဲ …

“ ထူးဆန်းတယ်လို့ မထင်ဘူးလား …” ချန်ယွီ့က အလျင်မလိုဘဲ ဖြည်းညင်းစွာ ပြောလိုက်ပြီး “ သူက ခင်များကို အချစ်ဆုံးဆိုတာ သိသာနေပါလျက်နဲ့ ဘာကြောင့် ဒီလိုလုပ်ရပ်မျိုး လုပ်ရက်တယ်လို့ ထင်လဲ …”

“ ဒါပေါ့ … ငါလည်း သိချင်တာပေါ့ ….”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က ပြောလိုက်ပြီး “ ငါ့ဦးလေးက ငါ့ကို သူ့သားအရင်းတစ်ယောက်လိုမျိုး သဘောထားတာ …. ငါ အခက်အခဲနဲ့ ရင်ဆိုင်ရတဲ့ အချိန်မှာပဲ ဖြစ်ဖြစ် ၊ စိတ်ဓာတ်ကျနေတဲ့အချိန်မှာပဲ ဖြစ်ဖြစ် … သူကပဲ နည်းလမ်းမျိုးစုံနဲ့ ငါ့ကို ကူညီပေးတယ် … ပျော်ရွှင်အောင် လုပ်ပေးတယ် … ပြီးတော့ အကူအညီတွေနဲ့ ထောက်ပံ့ပေးတယ် …”

“ ငါ အောင်မြင်လာပြီးတဲ့နောက်မှာ ငါ့ဦးလေးရဲ့ ကြင်နာမှုကို ပြန်ပေးဆပ်ဖို့အတွက် ငါ့ ဝမ်းကွဲနှစ်ယောက်ကိုတောင် ကုမ္ပဏီရဲ့ မန်နေဂျာရာထူးတွေ ပေးဖို့တောင် လုပ်သေးတယ် …”

“ ငါ အကြိမ်ကြိမ်ပြောပေမယ့် ဦးလေးက သဘောမတူဘူး …. အကြိမ်တိုင်းလည်း ငြင်းပယ်တယ် …”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဝမ်းကွဲများအကြောင်းကို စာတစ်ကြောင်းဖြင့် ဖော်ပြရမည်ဆိုပါက …

သူတို့ဘဝတွင် မည်သို့သော အောင်မြင်မှုကိုမျှ ရရှိရန် စွမ်းဆောင်နိုင်မှာ မဟုတ်ချေ။

ငယ်စဉ်ကတည်းက မည်သို့သော ခက်ခဲမှု၊ ကျရှုံးမှုတို့မျှ ခံစားရခြင်း မရှိပါဘဲ သူတို့၏ အချိန်များကို အရေးမပါသည့် အရာများသာ ပြုလုပ်ရင်း ကုန်ဆုံးနေခဲ့သည်။

ကောင်မလေးများနောက်သို့ လိုက်ပိုးပန်းမနေဘူးဆိုလျှင် ဆန်ကုန်မြေလေး သူငယ်ချင်းများနှင့် အလေလိုက် အချိန်ဖြုန်းနေလေ့ရှိ၏။

သူတို့ ပြဿနာ တက်လာသည့် အချိန်တိုင်း ဦးလေးက သူတို့နှစ်ယောက်ကို သောက်သုံးမကျရကောင်းလားဟုဆိုကာ အော်ငေါက်ရလေ့ရှိသည်။

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ] သူတို့နှစ်ဦးကို ကုမ္ပဏီ၏ မန်နေဂျာများ အဖြစ် ရာထူးပေးမည်ဆိုသော်လည်းပဲ လက်ထောက် မန်နေဂျာများက ကုမ္ပဏီ၏ တကယ့်စစ်မှန်သည့် ကိစ္စရပ်များကို ကိုင်တွယ်ရမှာ ဖြစ်သည်။

ဤစီစဉ်မှုက ကုမ္ပဏီ၏ လည်ပတ်မှုစနစ်အပေါ် မည်သည့် သက်ရောက်မှုတို့မျှ ဖြစ်ပေါ်စေနိုင်မှာ မဟုတ်ချေ။

သို့ပေမယ့်လည်း အဆိုပြုသည့် အကြိမ်တိုင်း သူ့မှာ ငြင်းဆိုခံခဲ့ရဆဲ ဖြစ်၏။

“ လောကကြီးထဲ မိဘ ဘယ်လောက်များများကများ သူတို့ သားသမီး ခက်ခဲတာကို လိုချင်ကြလို့လဲ ….”

ချန်ယွီ့က အဓိပ္ပာယ်ပါပါနှင့် မေးမြန်းလိုက်ပြီး “ ခင်များရဲ့ ဦးလေးက ရက်စက်တဲ့ လူတစ်ယောက် ဖြစ်ရုံတင် မကဘူး … အမြော်အမြင်ကြီးတဲ့ လူတစ်ယောက်ဆိုလည်း ဟုတ်တယ် …”

“ ခင်များရဲ့ အနာဂတ်က အကန့်အသတ်မဲ့တာကို သူသိတယ် … သူ့သားနှစ်ယောက်က တစ်သက်လုံးနေလို့လည်း သူတို့ခြေထောက်နဲ့သူတို့ ရပ်တည်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူသိတယ် …”

“ သူ အသက်ရှင်နေတဲ့ အချိန်မှာတော့ သူ့သားနှစ်ယောက်က ငတ်ပြတ်ပြီး သေမှာတော့ မဟုတ်ဘူး …”

“ ဒါပေမယ့် သူ သေသွားပြီ ဆိုတာနဲ့ အဲ့နှစ်ယောက်ကလည်း လမ်းပေါ်မှာ သူတောင်းစားတွေ ဖြစ်လာမယ် …”

ဤစကားကြားတော့ [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က စကားဖြတ်ပြောလိုက်၏။ “ ငါ့ ဦးလေး မရှိတော့ဘူးဆိုရင်တောင် ငါ သူတို့နှစ်ယောက်ကို စောင့်ရှောက်ပေးနေဦးမှာပါကွာ …”

ချန်ယွီ့က ခေါင်းခါယမ်းလိုက်၏။

“ ခင်များက ဟိုး နှလုံးသား အောက်ခြေထဲကနေကို သူတို့နှစ်ယောက်အပေါ် အထင်သေးပြီး ကြည့်နေမိတာပဲ … ခင်များ သူတို့ကို မန်နေဂျာရာထူးပေးလိုတဲ့ ဆန္ဒရှိတာက ခင်များရဲ့ ဦးလေးကြောင့်မလို့ ….”

“ ခင်များရဲ့ ဦးလေး သေသွားပြီးရင် သူတို့နှစ်ယောက်ကို အတိုင်းအတာ တစ်ခုလောက်အထိတော့ ခင်များ ကူညီပေးရင် ကူညီပေးလိမ့်မယ် …”

“ ဒါပေမယ့် အဲ့တာက ဘယ်လောက်ထိကြာနိုင်မှာမို့လဲ …”

“ တကယ်လို့ သူတို့နှစ်ယောက်က ဘယ်တော့မှ မကျေနပ်နိုင်ဘဲ ပိုက်ဆံကို ထပ်ခါတလဲလဲ တောင်းနေမယ် … မဟုတ်လည်း သူတို့နှစ်ယောက် ရှုပ်ထားတဲ့ ဇာတ်လမ်းတွေကို ရှင်းပေးဖို့ ခင်များကို အပူကပ်လာမယ်ဆိုရင်ကော …”

“ ခင်များရဲ့ နှလုံးသားထဲမှာ ဦးလေးဖြစ်သူ ချန်သွားခဲ့တဲ့ ကြင်နာမှုလေးက သိပ်မကြာခင်မှာပဲ သုံးလို့ကုန်သွားမှာကိုတောင် မြင်ယောင်မိသေးတယ် ….”

“ ဒါက …..”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် တုံ့ဆိုင်းမိသွားခဲ့၏။

“ ဒီနေ့ခေတ်ကြီးမှာ သေသွားပြီးတဲ့ လူတစ်ယောက်ကို ခဏကြာတာနဲ့ မေ့လျော့သွားတတ်တာ ပုံမှန်ပဲ မဟုတ်လား …”

“ သူ့သားနှစ်ယောက်ကို မသေချာတဲ့ မနက်ဖြန်တွေနဲ့ ရှင်သန်ခိုင်းမယ့်အစား သူတို့နှစ်ယောက် တစ်သက်လုံး သုံးမကုန်တဲ့ အမွေတွေနဲ့ ချန်ပေးသွားခဲ့တာက ပိုမကောင်းဘူးလား ….”

ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ အခု … ခင်များရဲ့ ဦးလေးက ဘာကြောင့်ခင်များကို ဒီလို ထောင်ချောက်မျိုး ဆင်ခဲ့လဲဆိုတာ နားလည်ပြီလား ….”

“ အင်း …”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် စိတ်ဓာတ်ကျနေသည့် အမူအရာဖြင့် သူ့မျက်နှာကို ဖိပွတ်လိုက်သည်။

ချန်ယွီ့၏ စကားလုံးတို့က အင်မတန် ရှင်းလင်းလှပြီး အကယ်၍ သူ့ဘက်က နားမလည်နိုင်သေးလျှင် သူသည် တကယ့်ကို ရူးနေသည့်လူသာ ဖြစ်ပေလိမ့်မည်။

“ ခင်များ အခု ဘယ်လိုနေလဲ ….” ချန်ယွီ့ ပြုံးလျက် မေးလိုက်သည်။

“ ဝမ်းနည်းတယ် ၊ နာကျင်ရတယ် ၊ ပြီးတော့ ပြောမပြတတ်လောက်အောင် စိတ်ဓာတ်ကျနေတယ် ….”

သူ ယခုလို ပြောလိုက်သည့် အခိုက်အတန့်မှာပဲ ကြည့်ရှုသူများထံက ရယ်မောသံတို့ ထွက်ပေါ်လာသည်။

ဒီလူ စိတ်ဓာတ်ကျသွားပြီပဲဟ … ဒေါက်တာချန် ပြောရင် မှားခဲပါတယ်ဆိုနေ …

“ ခင်များ ဆက်ပြီး နားထောင်ချင်သေးလား ….”

“ အင်း ….”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က ခေါင်းညိတ်ပြီး သူ့လက်ကို အလျင်အမြန် အောက်ချထားလိုက်သည်။

“ ဒေါက်တာချန် … ကျေးဇူးပြုပြီး ဆက်ပြောပါ … ငါ တောင့်ခံနိုင်သေးတယ် …”

ပေါ့ပါးစွာ ခေါင်းညိတ်ရင်း ချန်ယွီ့ ဆက်ပြော၏။ “ ခင်များရဲ့ ကုမ္ပဏီ တဖြည်းဖြည်း ကျယ်ပြန့်လာတာနဲ့ နောင်အနာဂတ်မှာ ဝမ်းကွဲနှစ်ယောက် ရနိုင်မယ့် အမွေတွေကလည်း ပိုပိုပြီး များလာမယ် …”

“ ဒီအတွေးကို ခင်များဦးလေးက သူ့ရင်ထဲမှာ အမြဲတမ်း ဆုပ်ကိုင်ထားခဲ့တာ … ဒါကြောင့်လည်း သူ့သားနှစ်ယောက်ကို ခင်များက မန်နေဂျာရာထူးပေးမယ်လို့ ကမ်းလှမ်းတဲ့အကြိမ်တိုင်း ငြင်းပယ်နေရတဲ့ အကြောင်းပြချက်ပဲ ….”

“ အသုံးမကျတဲ့ ဆန်ကုန်မြေလေး နှစ်ယောက် ကုမ္ပဏီထဲ ဝင်လာမယ်ဆိုရင် ကုမ္ပဏီရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အတိုင်းအတာ တစ်ခု အထိတော့ သက်ရောက်စေမှာ ကျိန်းသေပေါက်ပဲ …”

“ တကယ်လို့ ထင်မှတ်မထားတာတွေသာ ဖြစ်မလာခဲ့ဘူးဆိုရင် ခင်များရဲ့ ဇနီးက ခင်များဦးလေး သေခါနီးမှ လှုပ်ရှားလာမှာ ….”

“ အဲ့ခါကျရင် သူ့သားနှစ်ယောက်အတွက် ဧရာမ ငွေပမာဏကြီးကို ချန်ထားရစ်နိုင်မယ် …”

“ ကံဆိုးချင်တော့လည်း … ဒီလောကကြီးမှာ ပြီးပြည့်စုံမှုဆိုတာ ရှိမှ မနေဘဲလေ …”

“ သိပ်မကြာခင်တုန်းကပဲ ခင်များရဲ့ ဝမ်းကွဲနှစ်ယောက်က ခင်များဦးလေး ထင်မှတ်မထားတဲ့ ကိစ္စတစ်ရပ်ကို ပြုခဲ့မိတယ် …”

“ အဲ့ကိစ္စကြောင့် ခင်များဦးလေးလည်း သူ့အစီအစဉ်ကို ချက်ချင်းလက်ငင်း အကောင်အထည်ဖော်ဖို့ ဖြစ်လာခဲ့ရတာပဲ …”

“ မဟုတ်ဘူးဆိုရင် သူ့သားနှစ်ယောက်လုံးကို ထာဝရ ဆုံးရှုံးသွားရတော့မှာ …”

စာစဉ် (၁၉)ပြီး၏။

All Chapters