← Chapters

တစ်ကွေ့ပြီး တစ်ကွေ့

Vol. 20 Ch. 191

တစ်ကွေ့ပြီး တစ်ကွေ့

Vol. 20 Ch. 191

ငါက စိတ်ကျန်းမာရေးဆရာ၀န်ဆိုတာ တကယ်ပါ

ဘာသာပြန် - ထွန်းလင်းအောင်

စာစဉ် (၂၀)

“ ချမ်းသာတဲ့ မိသားစုတွေမှာ မိသားစုချင်း ရင်းနှီးချစ်ခင်မှုဆိုတဲ့ အရာတွေ တကယ်ပဲ ချို့တဲ့နေကြလားဟ ….”

“ ဒီမိသားစုက ရုပ်ရှင် ဇာတ်ကား မရိုက်ချင်တာ သိပ်နှမြောဖို့ ကောင်းတာပဲ ….”

“ ငါတို့ကောင်တွေ ကျန်တဲ့ မိသားစုဝင်‌တွေ အကြောင်းပါ စုံစမ်းကြည့်ကြရင် မကောင်းဘူးလား … သည့်ထက်ပိုပြီး တူးဆွနိုင်မယ်လို့ ယုံကြည်တယ် ….”

“ စစချင်းတုန်းကတော့ ထောင်ချောက်တွေကို ဘယ်လိုကျော်လွှားရမလဲ ဆိုတဲ့ အတွေ့အကြုံလေး နည်းနည်းပါးပါးလောက် သင်ယူချင်ခဲ့တာ … ဒါပေမယ့် ဘဏ်ကြွေး ဆယ်သိန်းလောက် တင်နေတာကို သတိရမိတော့ … ဟင်း …..”

“ အချိုးအကွေ့တွေက ဘာလို့ အဲ့လောက်တောင် များနေရတာတုန်း … ကျည်တစ်တောင့် ပစ်လိုက်ရင် ပြဿနာ အကုန်လုံးကို တစ်ချက်တည်း ဖြေရှင်းလို့ရပြီ မဟုတ်ဘူးလား …”

“ အချိုးအကွေ့တွေ မများရင် ဒီလောက် ရှုပ်နေတာကြီးကို ဒေါက်တာချန်က ဘယ်လိုသွားရှင်းပြရမှာတုန်း လဒကောင်ရဲ့ … ကျည်ဆံနဲ့ဟုတ်လား … နင့်ကို တကယ်လုပ်ခိုင်းရင်တောင် အဲ့လို လုပ်ဖို့ သတ္တိရှိလို့လား … လိုင်းပေါ်မှာပဲ အာကျယ်ရဲတဲ့ လေအိုးကြီး …..”

“ လောင်းကစားစွဲလမ်းနေတဲ့လူတစ်ယောက်အနေနဲ့ မင်းရဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်တယ် ညီကို ….”

ကွန်းမန့်များ စတင်ဝင်ရောက်လာပြီး ဝမ်းကွဲနှစ်ယောက်က မည်သို့သော ကိစ္စများကို ပြုလုပ်ခဲ့သောကြောင့် အစီအစဉ်ကို အချိန်မတိုင်မီ စတင်လိုက်ရလဲဆိုတာကို ကြည့်ရှုသူတို့ သိချင်စိတ် ပြင်းပြနေကြ၏။

“ ဒေါက်တာချန် … ငါလည်းပဲ ငါ့ဦးလေးရဲ့ သားနှစ်ယောက်က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ သိချင်တယ် ….”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် စိတ်ရှုပ်ထွေးစွာ မေးမြန်းလိုက်သည်။

“ ခင်များ ဦးလေးရဲ့ သားနှစ်ယောက်က စည်းစိမ်တွေကို မကုန်ကုန်အောင် ဖြုန်းတဲ့နေရာမှာတော့ သူမတူတဲ့ အလားအလာတွေ ရှိတာကိုတော့ တစ်ချက် ချီးမွမ်းသင့်တယ် …”

“ တစ်ယောက်ကကျတော့ လောင်းကစားလုပ်ရတာကို စွဲလမ်းပြီး တစ်နှစ်ပတ်လုံး လောင်းကစားဝိုင်းတွေမှာပဲ အချိန်ကုန်တယ် ….”

“ နောက်တစ်ယောက်ကကျတော့ တစ်ချိန်လုံး မိန်းမတွေနဲ့ချည်း ပွေရှုပ်နေတဲ့လူ ….”

“ လွန်ခဲ့တဲ့ ခြောက်လလောက်မှာ ခင်များရဲ့ ဝမ်းကွဲနှစ်ယောက်က အထူးဒေသ တစ်ခုမှာ ရှိတဲ့ ကာစီနိုရုံကို သွားပြီး ငွေတွေအများကြီး ဖြုန်းခဲ့ကြတယ် ….”

“ သုံးရက်အတွင်းမှာပဲ သူတို့တွေ ကာစီနိုရုံကို ယွမ် သန်း ၂၀၀ အကြွေးတင်သွားခဲ့တယ် ….”

“ ကာစီနိုရဲ့ စည်းမျဉ်းစည်းကမ်းတွေ အရဆိုရင် အဲ့လောက်ငွေအများကြီး ချေးလို့ရတဲ့ စည်းမျဉ်းမရှိဘူး …. ဒါပေမယ့် မင်းက သူတို့ ဆွေမျိုး ဖြစ်နေတယ် …”

ချန်ယွီ့ ညင်သာစွာ ပြုံးလိုက်ပြီး “ ညီကို နှစ်ယောက်က သူတို့ဆုံးရှုံးသွားသမျှကို တစ်ညအတွင်း ပြန်ရှာဖွေဖို့ ကြိုးစားချင်ကြတော့ ခင်များရဲ့ နာမည်ကို ထုတ်ပြောလိုက်တယ် …”

“ ကာစီနိုဘက်ကလည်း စုံစမ်းကြည့်လိုက်တော့ ခင်များတို့ချင်းက တကယ်လည်း ဆွေမျိုးရင်းချာတွေ ဖြစ်နေပြီး ဆက်ဆံရေးကလည်း ကောင်းမွန်နေတယ် …”

“ ဒါကြောင့်မို့ သန်း ၂၀၀ ကျော်ရောက်တဲ့အထိ ထုတ်ချေးပေးလိုက်တာပဲ …”

“ အဲ့လောက်အများကြီး ရှုံးသွားပြီးတဲ့နောက်မှာ ကာစီနိုက သူတို့နှစ်ယောက်ကို အသာတကြည် လွှတ်ပေးလိုက်ဖို့ ဘယ်လိုလုပ် ဖြစ်နိုင်တော့မှာ …”

“ သူတို့တွေက ခင်များရဲ့ ဒုတိယဝမ်းကွဲကို ထိန်းသိမ်းထားပြီး ဝမ်းကွဲအကြီးဆုံးကို ပိုက်ဆံနဲ့အတူ ပြန်လာခဲ့ဖို့ ပြောတယ် …”

“ ခင်များရဲ့ ဦးလေးက သူတို့နှစ်ယောက်ကို ကယ်ပေးဖို့ အကြံထုတ်နေစဉ်မှာပဲ ခင်များရဲ့ ဒုတိယဝမ်းကွဲက နောက်ထပ် ပြဿနာအကြီးကြီးကို ထပ်ရှာလိုက်ပြန်တယ် …”

“ သူက ကာစီနိုမှာ ရှိနေတဲ့အချိန် ကာစီနိုပိုင်ရှင်ကို ဦးထုပ်စိမ်းဆောင်းပေးလိုက်တယ်လေ …”

“ သူက အငယ်တွေထဲက တစ်ယောက်နဲ့ အတူ အိပ်ခဲ့တာ …”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သွေးအန်တော့မတတ် ခံစားလိုက်ရ၏။

သူ့ ဒုတိယဝမ်းကွဲက ကာစီနိုအပေါ် ယွမ် သန်း ၂၀၀ ကျော် အကြွေးတင်ထားပြီး အသက်တစ်ချောင်းကလည်း ချောက်ကမ်းပါးအစွန်းသို့ ကျရောက်လုနီးပါး ဖြစ်နေသည့်တိုင် ကာစီနိုရုံပိုင်ရှင်ကို တကယ်လည်း ဦးထုပ်စိမ်းဆောင်းပေးဝံ့သည့် သတ္တိတို့ ရှိနေသည်တဲ့လော။

သူတောင်းစားက အသက်ရှင်ရတာ တကယ် ပင်ပန်းနေလို့ ဖြစ်မယ် …

ကြည့်ရှုသူများကတော့ [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]နှင့် မတူညီပါဘဲ စိတ်ဝင်တစား နားထောင်နေကြသည်။

ချန်ယွီ့က ဝမ်းကွဲနှစ်ယောက်ကို ကြီးမားသည့် အလားအလာကောင်းတို့ ရှိသည်ဟု ပြောဆိုခဲ့သည်က တကယ်ပင် မှန်သော စကားဖြစ်၏။

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သူ့ ဝမ်းကွဲနှစ်ယောက်ကို သေသင့်သည်ဟု စိတ်အတွင်းမှ ကြိတ်ကျိန်ဆဲနေလျက် ရှိသည်။

သူ့ဦးလေးက ဆေးဝါးအေဂျင်စီ လုပ်ငန်းကို လုပ်ကိုင်ပြီး သူ့ အကူအညီဖြင့် တစ်နှစ်လျှင် အနည်းဆုံး ၁၀ သန်းမှ သန်း ၂၀ အထိ ဝင်ငွေရှိသည်။

အကောင်းဆုံးဟူ‌သော ၀င်ငွေနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက မများပြားသော်လည်း လူအများစုထက်တော့ ကြွယ်ဝနေသည့် ပမာဏဖြစ်၏။

သို့ပေမယ့်လည်း …

ယွမ် သန်း ၂၀၀ ကျော်ကို တစ်ကြိမ်တည်း ထုတ်ပေးဖို့ကတော့ သူ့ဦးလေး အချိန်တိုအတွင်း မည်သို့မျှ စုစည်းမပေးနိုင်သည့် ပမာဏကြီးတစ်ခု ဖြစ်သည်။ သူ့ရှိသည့် အရာအားလုံးများကို ရောင်းချလျှင်ပင် မဖြစ်နိုင်ပေ။

ဒုတိယဝမ်းကွဲ ရှုပ်ထားသည့် ကိစ္စကိုပင် ထည့်မတွက်ရသေးပေ။

အထူးဒေသတွင် လူတန်းစား မျိုးစုံ စုဝေးနေပြီး ထိုသို့သော နေရာမျိုး၌ ကာစီနိုရုံပိုင်ဖို့ဆိုသည်မှာ သာမန်လျှံကာ ဖြစ်ရုံမျှနှင့်တော့ မည်သို့မျှ မဖြစ်နိုင်။ ကိုင်တွယ်ရ မလွယ်ကူသည့် လူစားမျိုး ဖြစ်ရမည်။

“ ဒေါက်တာချန် … ငါ့ဦးလေးက ဒုတိယ ဝမ်းကွဲရဲ့ ပြဿနာကို ဘယ်လို ဖြေရှင်းပေးဖို့ စဉ်းစားထားလဲတဲ့ ….”

“ ခင်များရဲ့ အကြီးဆုံး ဝမ်းကွဲကတော့ တစ်ခါသွားပြီးတာနဲ့ တစ်သက်လုံး ပြန်မလာတော့ဘူး …” ချန်ယွီ့ ပေါ့ပါးသည့်လေသံဖြင့် ပြောလိုက်ပြီး “ ခင်များရဲ့ ဒုတိယဝမ်းကွဲ ဦးထုပ်စိမ်းဆောင်ပေးလိုက်တဲ့ ကိစ္စကတော့ …. ကာစီနိုရုံပိုင်ရှင်က ခင်များဆွေမျိုးနှစ်ယောက်ရဲ့ အသက်နဲ့ ပြန်ပေးဆပ်ရမယ်လို့ ခြိမ်းခြောက်တယ် ….”

“ ခင်များရဲ့ ဦးလေး လူတွေ ဘယ်လိုသုံးပြီးပဲ တောင်းပန်ပါစေ … ကာစီနိုပိုင်ရှင်က ဝမ်းကွဲနှစ်ယောက်ကို ရှင်လျက် လွှတ်ပေးဖို့ ငြင်းဆန်တယ် …”

“ သူတို့ကို သတ်ဖို့ပဲ စိုင်းပြင်းနေခဲ့တယ် ….”

“ အခြား ရွေးချယ်စရာမရှိတော့တဲ့ အဆုံးမှာ ခင်များဦးလေးက တစ်ဖက်သား မငြင်းဆန်နိုင်လောက်တဲ့ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်လိုက်တယ် …”

“ လောင်းကစားကြွေးတွေ ဆပ်ပြီးတဲ့အပြင်ကို သူ့သားနှစ်ယောက်ရဲ့ အသက်အတွက် နောက်ထပ် ယွမ် သန်း ၄၀၀ ထုတ်ပေးဖို့ ဆန္ဒရှိတယ် …”

“ ငွေကြောင့်နဲ့ ကာစီနိုရုံပိုင်ရှင်ရဲ့ သဘောထားကလည်း ပျော့ပျောင်းသွားတယ် …”

“ ခင်များရဲ့ ဦးလေးက ဒီနှစ်ကုန်ပိုင်းမှာ သန်း ၆၀၀ ထုတ်ပေးမယ်ဆိုရင် သူကလည်း သူ့သားနှစ်ယောက်ကို မသတ်ဘူးလို့ ကတိပေးတယ် ….”

“ သားနှစ်ယောက်ကို ကာကွယ်ပေးချင်တော့ ခင်များရဲ့ ဦးလေးကလည်း ခင်များကို အသုံးချရုံရှိတော့တာပဲ …”

ဤစကားပြောပြီးနောက် ချန်ယွီ့က ခံစားချက်တို့ ရှုပ်ထွေးနေသည့် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]ကို ကြည့်လိုက်သည်။ သူ မေးလိုက်၏။ “ နောက်ထပ် မေးချင်သေးလား …”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် ခေါင်းခါယမ်းလိုက်၏။ “ ငါ့ဦးလေး ဘာကြောင့် ငါ့ကို ဒီလိုလုပ်ချင်ရလဲဆိုတာ အခု နားလည်သွားပြီ …”

“ ဒါပေမယ့် ငါ့မိန်းမက ဘာကြောင့် ငါ့ကို သတ်ချင်နေရတာလဲ ….”

“ တကယ်လို့ ငါ့ကို သတ်လိုက်မယ်ဆိုရင် နောက်ဆုံးကျ သူ လိုချင်တဲ့အရာကို ရသွားနိုင်မှာမို့လို့လား ….”

“ ငါ သေသွားတာနဲ့ပဲ သူလျှိုပါဆိုတဲ့ သူ့ရဲ့ အထောက်အထားက လုံးဝ ပျောက်ကွယ်သွားမှာတဲ့လား ….”

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သူ့မိန်းမနှင့် သူ့ဦးလေးကြားတွင် ညစ်ညမ်းသည့် ကိစ္စရပ်တို့ အများအပြား ရှိထားဖူးသည်မှာ လုံးဝ မဖြစ်နိုင်ဟု ခံစားနေရသည်။

“ ခင်များက စီးပွားရေး လုပ်တဲ့နေရာမှာတော့ တကယ့်ကို ထူးချွန်တဲ့လူတစ်ယောက်ပဲ …” ချန်ယွီ့က ခါးသက်သည့် အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒါပေမယ့် ကောက်ကျစ်တာချင်း ယှဉ်မယ်ဆိုရင်တော့ ခင်များရဲ့ မိန်းမနဲ့ ဦးလေးက ခင်များထက်ကို အပုံကြီးသာတယ် ….”

“ ခင်များရဲ့ဦးလေးမှာက ခင်များမိန်းမရဲ့ အချက်အလက်တွေ အစုံရှိတယ် … အဲ့ဒီ ဒေတာတွေကို အများသိအောင် လုပ်လိုက်တာနဲ့ ခင်များက မိန်းမဖြစ်သူနဲ့ ကျိန်းသေပေါက် ကွာရှင်းပြီး အိမ်ကနေ နှင်ထုတ်မှာ သေချာတယ် …”

“ ဒါပေမယ့် ခင်များ သေသွားမယ်ဆိုရင်တော့ အဲ့ဒီ ခြိမ်းခြောက်မှုက အဓိပ္ပာယ်မရှိတော့ဘူး ….”

“ ခင်များရဲ့ ဦးလေးက ခင်များမိန်းမအကြောင်းကို သူ့လက်ဖမိုးလို သေချာသိနေတဲ့အချိန် …. “

“ ခင်များရဲ့ မိန်းမကလည်း ခင်များဦးလေးအကြောင်းကို နားလည်မနေဘူးလား ….”

အနှီ စကားလုံးတို့က [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဦးခေါင်းကို လေးပေါင်တူကြီးဖြင့် ထုနှက်လိုက်သည့်နှယ်ပင်။

နှစ်ယောက်က ဆယ်နှစ်ကျော်မျှကြာအောင် လက်တွဲပူးပေါင်းခဲ့သဖြင့် အချင်းချင်း တစ်ယောက်အကြောင်းတစ်ယောက် ကောင်းမွန်စွာ နားလည်နေမည်မှာ ကျိန်းသေပေါက်ပင်။

အကယ်၍ သူ့ဦးလေးကသာ သူ့မိန်းမအပေါ် လွှမ်းမိုးနိုင်မည့် တစ်စုံတစ်ရာ ရှိသည်ဆိုလျှင် သူ့ဇနီးတွင်လည်း ဦးလေးဖြစ်သူအား ခြိမ်းခြောက်နိုင်မည့် ဝှက်ဖဲတစ်ချပ်တော့ ရှိထားမည်မှာ ကျိန်းသေသည်။ “ အဓိက အချက်တွေ ခင်များ သဘောပေါက်သွားပြီနဲ့ တူတယ် …” ချန်ယွီ့ ပြောလိုက်သည်။ ထို့နောက် ထိုနှစ်ဦး လိုချင်တောင့်တသော အတွေးများအား အသေးစိတ် ရှင်းပြ၏။

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဦးလေး၏ မူရင်းပလန်မှာ သူ့ ချက်စ်အပိုင်းအစကို အသုံးချ၍ ကုမ္ပဏီ၏ ကြီးကြီးမားမား လျှို့ဝှက်ချက်များကို ရရှိဖို့ဖြစ်သည်။

အခွင့်အရေး ရင့်မှည့်လာချိန်၌ … သူက လျှို့ဝှက်သတင်းအချက်အလက်များကို ဖြန့်ဝေရင်း စတော့ရှယ်ယာများ ကျဆင်းအောင် ပြုလုပ်ပေမည်။

ဤသို့ဖြင့် ကုမ္ပဏီ၏ ရှယ်ယာရှင်များသည်လည်း [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]အပေါ် အမြင်မကြည်မှုတို့ ရှိလာမှာ ဖြစ်၏။

ကုမ္ပဏီကို တာဝန်ယူထားသူ တစ်ယောက်အနေဖြင့် တာဝန်ယူမှု ၊ တာဝန်ခံမှုက သူ့အပေါ်တွင် ရှိသင့်သည်။

လျှို့ဝှက်ထားအပ်သည့် အချက်အလက်များစွာ ပေါက်ကြားသွားသည်က သူနှင့် ကျိန်းသေပေါက် ဆက်စပ်နေမှာ ဖြစ်ပြီး [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည်လည်း သူ တတ်နိုင်ခဲ့လျှင်ပင် မရှင်းပြနိုင်ပေ။

ထို့ကြောင့် … အတွင်းရေး အခြေအနေနှင့် အများအမြင်ကို တည်ငြိမ်စေရန်အလို့ငှာ အကောင်းဆုံးသော ရွေးချယ်မှုက နေရာမှ ဆင်းပေးဖို့ပဲ ဖြစ်သည်။

မည်သူ့ကို သူ့နေရာတွင် အစားထိုးဝင်ရောက်စေမလဲဆိုတာကတော့ သိသာပါသည်။

မည်သို့ပင်ဆိုစေ သူ့ဦးလေးက သူ့ရှေ့ရှိ အရာအားလုံးကို ဆယ်နှစ်ကျော်မျှ စီစဉ်ရေးဆွဲခဲ့သူ ဖြစ်၏။

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ လက်ထဲမှ ကုမ္ပဏီကို လွှဲပြောင်းရယူနိုင်သူကလည်း သူ အယုံကြည်ရဆုံးဖြစ်သည့် သူ့ဦးလေးပင်။

ကိစ္စများအားလုံး အဆင်ပြေချောမွေ့သွားသည်နှင့် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဦးလေးက သူ့ကို ဖြည်းဖြည်းချင်း ဘေးချိတ်ထားလာပြီး သူ့သားနှစ်ယောက်၏ ပြဿနာကို ဖြေရှင်းပေးဖို့အတွက် ငွေများ စတင်စုဆောင်းလာမည်။

ကုမ္ပဏီကို အသစ်ပြန်လည် ဖွဲ့စည်းလိုက်မည်ဆိုပါက အထူးဘဏ္ဍာငွေတစ်ချို့တော့ စုစည်းနိုင်မှာ ဖြစ်၏။

ယင်းက သူ့သားနှစ်ယောက်၏ အနာဂတ်အတွက် ဖူလုံလောက်ငှနေလေပြီ။

ပရော်ဖက်ရှင်နယ် မန်နေဂျာတစ်ဦးက ထိုငွေများကို စီမံကိုင်တွယ်ပေးပြီး နှစ်တိုင်းနှစ်တွင် သူ့သားနှစ်ယောက်က ငွေပမာဏတစ်ခုကို အမြဲတမ်း လက်ခံရရှိနေမှာ ဖြစ်သည်။

ဆိုလိုသည်က … အကယ်၍ သူသေသွားခဲ့လျှင်ပင် သူ့သားနှစ်ဦးသည် လမ်းပေါ် ထွက်တောင်းစားရမည့် သူတောင်းစားများ ဖြစ်လာမှာ မဟုတ်ဟူ၍ပင်။

အစီအစဉ်တစ်ရပ်လုံးတွင် အကျိုးအမြတ် အရှိဆုံးကတော့ [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဦးလေးနှင့် သူ့သားနှစ်ဦး ဖြစ်၏။

[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က ဘေးချိတ်ခံထားရပြီး သူ့ဇနီးသည်ကလည်း ဆုလဒ်အဖြစ် ယွမ် ဆယ်သန်းမျှသာ ရရှိလိမ့်မည်။

ဆယ်နှစ်ကျော်မျှကြာအောင် စားဝတ်နေရေး ပူပန်စရာမလိုပါဘဲ ချမ်းသာသည့် ဘဝတွင် နေထိုင်လာခဲ့ပြီးနောက် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဇနီးသည်သည်လည်း အနှီ ယွမ်သန်းအနည်းငယ်လောက်လေးနှင့် စိတ်ကျေနပ်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်တော့ပေ။

အကယ်၍ သူမသာ [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ] ဦးလေး၏ အကြံအစည်ကို အဆင်ပြေချောမွေ့စွာ အောင်မြင်ခွင့် ပြုလိုက်မည်ဆိုပါက သူမရရှိမည့် ငွေပမာဏသည် ရှိရင်းစွဲ စုငွေ၏ ရေတစ်စက်မျှသာ ရှိပေလိမ့်မည်။ ထို့ထက်လည်း မပိုနိုင်ပေ။

သို့ပေမယ့် အခြားရှုထောင့်ကနေ ကြည့်မည်ဆိုလျှင်တော့ …

အကယ်၍ [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သာ သေသွားခဲ့မည်ဆိုပါက အကန့်အသတ်မဲ့သည့် အကျိုးအမြတ်များကို သူမဘက်က ရရှိနိုင်လိမ့်မည်။

All Chapters