စောစီး အနားယူပြီး ဘဝအသစ် စ
Vol. 20 Ch. 192
သူမ၏ ခင်ပွန်း ကွယ်လွန်ပြီးနောက်တွင် ကုမ္ပဏီကို ခင်ပွန်းဖြစ်သူ ကိုယ်စား ဇနီးသည်က စီခံခွင့် ရရှိမည်မှာ သဘာဝပင်။
ရှယ်ယာရှင်များကလည်း ကျိန်းသေပေါက် ဘာမျှ ပြောဆိုနိုင်မှာ မဟုတ်ချေ။
သူမလက်ထဲရှိ ဝှက်ဖဲအား ထုတ်သုံး၍လည်း ခင်ပွန်းဖြစ်သူ၏ ဦးလေးအား သူမ၏ အကျိုးစီးပွားများကို ကာကွယ်ပေးရန် ခြိမ်းခြောက်၍လည်း ရသည်။
“ တကယ်လို့ ခင်များက မသေသွားဘူးဆိုရင် ခင်များက ခင်များဇနီးရဲ့ ခေါင်းအထက်မှာ တွဲလဲနေတဲ့ မမြင်ရ ဓားတစ်ချောင်းလိုမျိုး ဖြစ်နေမယ် ….”
“ ခင်များရဲ့ အန်ကယ်က သူ့သတင်းတွေ ဖွင့်ထုတ်လိုက်တာနဲ့ ခင်များဇနီးမှာ ဘာတစ်ခုမှ ကျန်ရစ်တော့မှာ မဟုတ်ဘူး ….”
“ ခင်များရဲ့ ဦးလေးကတော့ … ခင်များရဲ့ ယုံကြည်မှုကလွဲလို့ ကျန်တာ ဘာမှ ဆုံးရှုံးသွားမှာ မဟုတ်ဘူးလေ ….”
“ ခင်များက မိသားစုအပေါ် ကောင်းကောင်းဂရုစိုက်တဲ့လူတစ်ယောက်ဆိုတာ သူက သေချာလေး သိတယ် … တကယ်လို့ နူးညံ့တဲ့ စကားလုံးလေး နည်းနည်းလောက် ပြောလိုက်တာနဲ့ ခင်များက သူ့ကို တရားစွဲတာမျိုးတွေ လုပ်တော့မှာ မဟုတ်ဘူး …”
“ ကိစ္စရပ်တစ်ခုလုံးက လုံးဝကို အပြစ်အနာအဆာ ကင်းမဲ့တယ်လို့ ဆိုနိုင်တယ် …” ချန်ယွီ့က ပြောဆိုပြီးနောက် တစ်စုံတစ်ရာကို ညွှန်ပြပြောဆိုနေသည့် လေသ့ဖြင့် “ ဒါပေမယ့် တစ်ခုချင်းစီ သေချာလေး စဉ်းစားကြည့်မယ်ဆိုရင် နားလည်ရမခက်ပါဘူး …”
“ ခင်များက စီးပွားရေးနယ်ပယ်မှာ ပုံမှန်မဟုတ်တဲ့ အောင်မြင်မှုတွေ ရရှိနိုင်တာကို ခင်များဦးလေးက သိတဲ့အတွက်က သူက ဝက်မွေးသလို မွေးခဲ့တာပဲ ….”
“ ခင်များ ပေါင်ပြည့်လေးပြည့် ဝဖိုင့်လာတဲ့ အခါကျရင် သူ့ရဲ့ ကြိုးပမ်းအားထုတ်မှု အသီးအပွင့်တွေကို ခံစားရမယ့် အချိန်ကျပြီ …”
“ စစချင်းတုန်းကတော့ ခင်များရဲ့ ဇနီးက သူလျှိုဆိုတဲ့ သူမရဲ့ ဇာတ်ကောင်ကဏ္ဍကို ပြည့်ပြည့်ဝဝ ထမ်းဆောင်ခဲ့တယ် … ဒါပေမယ့် စည်းစိမ်ပြည့်ဝတဲ့ ဘဝကို ခံစားပြီးတဲ့နောက်မှာ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ခံယူချက်တွေ ပြောင်းလဲသွားခဲ့တာ သဘာဝပါပဲ …”
“ တစ်ပါးသူရဲ့ စစ်တုရင် အပိုင်းအစ လုံးဝ ထပ်မဖြစ်ချင်တော့ဘူး … သူကိုယ်တိုင်ကလည်း ကစားသမား တစ်ယောက် ဖြစ်လာချင်တယ် … စည်းစိမ်တွေက သူမပိုင်တဲ့ စည်းစိမ်တွေ ဖြစ်ချင်တယ် …”
“ လူသားတွေရဲ့ နှလုံးသားက နားလည်ရအခက်ဆုံးနဲ့ ထိန်းချုပ်ဖို့ ခဲယဉ်းဆုံးပဲ ….”
“ လောကကြီးထဲမှာ တိုက်ရိုက်ကြည့်လို့ မရတဲ့ အရာ နှစ်ခုတည်း ရှိတယ် … နေရောင်ခြည်နဲ့ လူ့နှလုံးသားပဲ …”
“ ခင်များရဲ့ မျက်လုံးထဲ ကောင်းနေတဲ့လူတွေက မကောင်းမှုမျိုးစုံကို လုပ်နေတဲ့ မကောင်းဆိုးရွားတွေ အတော်လေး ဖြစ်ဖို့များတယ် ….”
“ ခင်များ soulmate လို့ ယုံကြည်ထားခဲ့တဲ့ ခင်များရဲ့ ဇနီးသည်က တစ်စုံတစ်ယောက်ရဲ့ ချက်စ်အပိုင်းအစအတွက် အသုံးချခြင်း ခံနေရတဲ့ လူတစ်ယောက်ထက် မပိုဘူး ….”
ချန်ယွီ့ ပြောဆိုလိုက်သည့် စကားအခွန်းတိုင်းက ထက်ရှသည့် ဓားတစ်စင်းနှယ် သက်လတ်ပိုင်း အမျိုးသား၏ နှလုံးသားကို နစ်မွှန်းသွားစေခဲ့သည်။
ကြားရသည်မှာ နားခါးလှသော်လည်းပဲ ကောင်းမွန်သည့် အကြံပေးစကားများ ဖြစ်နေတာကိုတော့ သူ နားလည်သည်။
လူသားတို့၏ နှလုံးသားဆိုသည်မှာ လုံးဝ ခန့်မှန်း မရနိုင်သည့် ၊ တစ်သမှတ်တည်း ရှိမနေနိုင်သည့် အရာတစ်ခု ဖြစ်၏။
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်ပြီး “ ဒါတွေ အကုန်လုံးက နောင်တစ်ချိန် ဖြစ်ပျက်လာမယ့် အရာတွေဆိုတာ ငါ နားလည်တယ် ဒေါက်တာချန် … ငါ အခု ပြင်မယ်ဆိုရင် နည်းနည်းလေး နောက်ကျလွန်းသွားပြီလား ….”
“ ဒါပေါ့ … ဘယ်နောက်ကျသေးမှာ ….” ချန်ယွီ့ ပြောလိုက်ပြီး “ ဆရာဝန်တွေ လူနာကို ကုသပေးတဲ့အချိန် လူနာတွေ ရွေးချယ်ခွင့် ရှိအောင် သူတို့ဘက်က မတူညီတဲ့ ကုသရေးနည်းလမ်းတွေ ပံ့ပိုးပေးတယ် …”
“ ကျုပ်မှာ ခင်များအတွက် ကုသရေးနည်းလမ်း နှစ်ခု ရှိတယ် …”
ဤစကားကြားတော့ [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပြီး “ ဘာတွေလဲ … ကျေးဇူးပြုပြီး မြန်မြန်ပြောပေးပါလား ဒေါက်တာချန် ….”
“ ပထမ ကုသရေးနည်းလမ်းက …” ချန်ယွီ့ ယုံကြည်ချက် အပြည့်ဖြင့် “ ခင်များ ပြန်ရောက်တာနဲ့ ဇနီးသည်ကို အရာအားလုံး တိုက်ရိုက်ပြောပြလိုက် …”
“ ခင်များ အားလုံး သိတဲ့အကြောင်း ဖွင့်ထုတ်လို့ရတယ် … ပြီးရင် ခင်များရဲ့ ဒရိုင်ဘာနဲ့ ကိုင်ပေါက်ပြီး ဇနီးဖြစ်သူကို ခြိမ်းခြောက်လို့ရတယ် ….”
“ သူနဲ့ ကွာရှင်းပြီး ခင်များရဲ့ ဘေးနားဝန်းကျင်မှာ ပုန်းကွယ်နေတဲ့ အန္တရာယ်တွေ အကုန်လုံးကို ဖြေရှင်းလိုက်လို့ရတယ် ….”
“ ပြီးရင် ခင်များမိန်းမ လက်ထဲမှာ ရှိတဲ့ ခင်များဦးလေးကို ချုပ်ကိုင်နိုင်မယ့် ဝှက်ဖဲကို ယူပြီး အဲ့ဒီ ဖဲချပ်နဲ့ ခင်များဦးလေးကို ထောင်ချလိုက်လို့ရတယ် … သူတစ်ခါတည်း အဆုံးသတ်သွားလိမ့်မယ် ….”
ချန်ယွီ့၏ ပထမဦးဆုံး အဆိုပြုချက်ကို နားထောင်ပြီးနောက် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ မျက်နှာတစ်ခုလုံး ရှုံ့မဲ့သွားခဲ့၏။
မိန်းမနှင့် ကွာရှင်းပြီး ဦးလေးဖြစ်သူကို ထောင်ချဖို့က သူ့ဒေါသတရားများကို ဖြေဖျောက်ပစ်ရန် လုံလောက်သော်ငြားလည်း ၎င်း၏ အကျိုးဆက်တို့က ကုမ္ပဏီအပေါ် သက်ရောက်မှုတို့ ရှိလာမည်မှာ ကျိန်းသေပေါက်ပင်။
ယခု လိုက်စထွင်းထဲရှိ အတင်းအဖျင်းကလည်း သူတို့၏ ဒေသတစ်ဝိုက်သို့ ပျံ့နှံ့သွားမည်က အချိန်ကာလ တစ်ခုမျှသာ ဖြစ်၏။
“ ပထမနည်းလမ်းက မသင့်လျော်ဘူးလို့ ခင်များထင်နေရင် ကျုပ်တို့ ဒုတိယတစ်ခုအကြောင်း ဆက်ပြောလို့ရတယ် …”
“ ဟုတ်ကဲ့ … ကျေးဇူးပြုပြီး ဒေါက်တာချန် ….”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် ဒုတိယနည်းလမ်းက ပထမနည်းလမ်းထက် မဆိုးရွားပါစေနဲ့ဟု ကြိတ်ပြီး ဆုတောင်းနေမိ၏။
“ ကုမ္ပဏီကိုရောင်းပြီး ခင်များရဲ့ ဇနီးနဲ့ ကွာရှင်းလိုက် …”
“ ခင်များရဲ့ အာရုံစူးစိုက်မှုတွေကို ကလေးတွေ ပျိုးထောင်ဖို့ပဲ အာရုံစိုက်ထားပြီး ဘဝအသစ် စရမယ် …”
“ ခင်များရဲ့ ဦးလေးအတွက်ကတော့ …. သူ့ကို ထောင်ထဲပို့ချင်လည်း ရသလို ဒီတိုင်း လွှတ်ပေးချင်လည်း သဘောပဲ …”
“ တကယ်လို့ ခင်များက ကုမ္ပဏီကို ရောင်းပစ်လိုက်ရင် သူ ကြိုးစားပမ်းစားနဲ့ ဆယ်စုနှစ်တစ်ခုလောက် စီစဉ်ထားခဲ့တဲ့ အစီအစဉ်ကလည်း သဲထဲ ရေသွန် ဖြစ်သွားခဲ့မှာပဲ ….”
“ ခင်များက ပိုက်ဆံတွေ ယူပြီး မြို့ကနေ ကလေးတွေနဲ့အတူ ထွက်သွားနိုင်မယ် … ပြီးရင် သက်တောင့်သက်သာ ဖြစ်ပြီး လှပတဲ့ နေရာတစ်ခုမှာ နေထိုင်ရုံပဲ …”
“ နောင်ကျရင် ခင်များရဲ့ ကလေးတွေကို ကျန်တဲ့ တစ်သက်လုံး ကောင်းကောင်းမွန်မွန် စောင့်ရှောက်ပေးနိုင်မယ် … သူတို့လေးတွေ ကြီးပြင်းလာတာကို ကြည့်ရှုရင်း ခင်များရဲ့ ဘဝကြီးက အဓိပ္ပာယ်တွေ ပြည့်နှက်လာလိမ့်မယ် …”
ချန်ယွီ့၏ အဆိုပြုချက် နှစ်ခုကို နားထောင်ပြီးနောက် စကားပြောခန်းထဲတွင် ကွန်းမန့်တို့က တစ်ခုပြီး တစ်ခု ထွက်ပေါ်လာသည်။
ဒုတိယနည်းလမ်းက အတော်လေး ကောင်းမွန်သည့် ရွေးချယ်မှုဟု သူတို့အားလုံး ခံစားနေကြရသည်။
မိမိအား သတ်ချင်နေသည့် မိန်းမတစ်ယောက်ကို မည်သူကမျှ လက်သင့်ခံနိုင်မှာ မဟုတ်ချေ။ ထို့ကြောင့် ကွာရှင်းမှုက မလွဲမသွေဖြစ်၏။
သူမ ပြုခဲ့သမျှ အရာအားလုံးက ငွေအတွက် ဖြစ်သည်။
အကယ်၍ သူ့ဘက်က ကုမ္ပဏီကို ရောင်းချလိုက်လျှင် အနည်းဆုံး ယွမ်သန်း ရာဂဏန်း ၊ သို့မဟုတ် ဘီလီယမ်အထိ ရရှိကောင်း ရရှိနိုင်သည်။
ထိုမျှ များပြားလှသည့် ငွေပမာဏနှင့် လှပသည့် တောင်တန်းဒေသနှင့် မြစ်ပြင်များ ၊ ကျေးငှက်ပန်းမန်များနှင့် အေးချမ်းသည့် နေရာလေးတွင် ဘဝကို အသစ်တစ်ဖန် ပြန်လည် စတင်၍ရသည်။
စောစီး အနားယူသည်ဟူ၍လည်း သတ်မှတ်နိုင်သည်။
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ မျက်နှာပေါ်ရှိ တုံ့ဆိုင်းမှုကို မြင်တော့ ချန်ယွီ့က ဖြည့်စွက်ပြောလိုက်၏။ “ ခင်များရဲ့ မိန်းမနဲ့ ကလေးအတွက် ပိုကောင်းတဲ့ ပတ်ဝန်းကျင် တစ်ခု ရရှိဖို့ဆိုပြီး ခင်များ လက်ထပ်ပြီးကတည်းက တစ်ရက်လေးတောင် ကောင်းကောင်းမွန်မွန် မနားရသေးဘူး ….”
“ နေ့တိုင်းနေ့ မနက် အိပ်ရာနိုးတာနဲ့ ကုမ္ပဏီအလုပ်တွေနဲ့ နပန်းလုံးပြီး ကောင်းကင်တည့်တည့်မှာ လချိတ်ဆွဲတဲ့အချိန်အထိ ခင်များ အိမ်ကို မပြန်နိုင်ဘူး ….”
“ နှစ်တွေ ကြာလာတာနဲ့ ခင်များနဲ့ ကလေးတွေကြား အကွာအဝေးက ဖြည်းဖြည်းချင်း ရင်းနှီးတဲ့ သူစိမ်းတွေလို ဖြစ်လာနေပြီ … ကျုပ် ပြောတာ မှန်တယ်နော်….”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သူ့မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်သပ်လိုက်ပြီး အတိတ် ဆယ်နှစ်ကျော် အချိန်ကာလသို့ ပြန်လည် မြင်ယောင်ကြည့်လိုက်သည်။
နှစ်ပေါင်းစွာ အလုပ်ကြိုးစားပြီးသည့်နောက်တွင် သူ့ကိုယ်သူ အောင်မြင်သူ တစ်ဦး ၊ သို့မဟုတ် နာမည်ကျော်ကြားသူ တစ်ဦးဟု မခံယူဝံ့သော်ငြားလည်း အတိုင်းအတာ တစ်ခုအထိ ကြွယ်ဝ ချမ်းသာလာခဲ့သည်မှာတော့ အမှန်တရားပင်။
တစ်ဖက်တွင် သူ့ကုမ္ပဏီကို ကြီးထွားတိုးတက်စေရန်အတွက် ကြိုးစားပမ်းစား အလုပ်လုပ်ခဲ့သည်။ အခြားတစ်ဖက်တွင်တော့ ဘဝကို အလုပ်လုပ်ရင်း အလုပ်သရဲအဖြစ် မကုန်ဆုံးချင်ပဲ အမှတ်တရများနှင့် ပြည့်နှက်သွားချင်သည်။ ချန်ယွီ့ ပြောသွားသည့်အတိုင်း သူ့ ဇနီးနှင့် ကလေးတို့အတွက် ပိုကောင်းသည့် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးချင်ခဲ့တာ အမှန်ဖြစ်သည်။
ပိုက်ဆံအိတ်ကို ကြည့်စရာမလိုသည့် ဘဝမျိုးတစ်ခုကို သူ ဖန်တီး တည်ဆောက်ချင်ခဲ့သည်။
သူ့ ဘဝသက်တမ်းရဲ့ တစ်ဝက်လောက်ကို ပြန်လှည့်ကြည့်ပြီးနောက် [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် ယခုလို ခွန်းတုံ့ပြန်လိုက်၏။ “ ဒုတိယနည်းလမ်းကို ငါ ရွေးတယ် ဒေါက်တာချန် …”
“ ကောင်းပြီ … ခင်များ အခု ဘယ်လိုနေသေးလဲ …” ချန်ယွီ့ ပြုံးလျက် မေးလိုက်၏။
“ အများကြီး ပိုကောင်းလာပြီ ….”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် ခါးသီးစွာ ပြုံးလျက် “ မင်း အစောတုန်းက ပြောခဲ့တဲ့ စကားတွေကို နားထောင်တုန်းက ဘယ်လောက်တောင် စိတ်ဖိစီးနေခဲ့ရလဲဆိုတာ မင်းနားလည်နိုင်မှာ မဟုတ်ဘူး ….”
“ ငါ့နားမှာ ရှိတဲ့ အရာအားလုံးက အတုအယောင်တွေ ဖြစ်နေတဲ့အချိန်မှာ ဆက်ပြီး ရှင်သန်နေလို့ ဘာထူးတော့မှာ ….”
“ ငါ့ အရင်းနှီးဆုံး ဆွေမျိုးသားချင်းကတောင် ငါ့အပေါ် ယုတ်မာတဲ့ အကြံအစည်တွေ ရှိနေတယ် … ငါ တန်ဖိုးထားရတဲ့ ဇနီးကလည်း ကောက်ကျစ်တဲ့ မိန်းမ တစ်ယောက် ဖြစ်နေတယ် ….”
“ မင်း မပြောရင်တောင် ငါ့ကိုယ်ငါ အကြီးအကျယ် စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်ဆိုတာ ကောင်းကောင်းကြီး ခံစားမိတယ် …”
“ အခု ကိစ္စတွေ အများကြီး ဖြတ်ကျော်ခဲ့ပြီးတော့ ငါ့ စိတ်အခြေအနေကလည်း ပေါ့ပါးသွားပြီ …”
“ ဒီလောကကြီးမှာ ခင်များ လုံလောက်တဲ့အထိ ပိုက်ဆံရှာမယ်ဆိုရင် ဘယ်တော့မှ ရှာလို့ ပြီးနိုင်မှာ မဟုတ်ဘူး …. ခင်များရဲ့ ကြွယ်ဝမှုက အတိုင်းအတာ တစ်ခုအထိ ရောက်လာခဲ့ဦးမယ်ဆိုရင်တောင် အသစ်အသစ်သော ရည်မှန်းချက်တွေက ခင်များရဲ့ ရှိရင်းစွဲ ကြွယ်ဝမှုထက် ကျော်လွန်နေဦးမှာပဲ …”
“ အခု ခင်များကုမ္ပဏီကို ရောင်းလိုက်မယ်ဆိုရင် ရလာတဲ့ငွေနဲ့ ခင်များတို့ သားအဖတွေ တစ်သက်လုံး သက်တောင့်သက်သာ နေသွားဖို့ လုံလောက်တယ် …”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]က သဘောတူညီသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“ ငါ ဒေါက်တာချန် အကြံပေးတာကို လိုက်နာပြီး လှပတဲ့ တောင်တန်းဒေသတစ်ခုမှာ အနားယူတော့မယ် …”
“ ငါ့ကလေးတွေကို အဖော်လုပ်ပေးရင်း သူတို့နဲ့အတူ ဘဝအသစ် တစ်ခုကို စတင်မယ် ….”
“ တကယ်တော့ ခင်များကို ထိခိုက်အောင်လုပ်မယ့် ဒရိုင်ဘာကလည်း အတော်လေး သနားဖို့ ကောင်းတဲ့ လူပါပဲ ….” ချန်ယွီ့က ရုတ်ချည်း ဖြည့်စွက် ပြောလာသည်။
“ သူက ခင်များကို သတ်ချင်နေတဲ့လူဆိုပေမယ့် သူ့မှာလည်း သူ့ အခက်အခဲနဲ့သူ ရှိတယ် …..”
“ ခင်များသူ့ကို အလွှတ်မပေးဘူးဆိုရင်တောင် သူဆက်ပြီး နေထိုင်နိုင်မယ့် နေ့ရက်တွေက လက်ချိုးရေတွက်လို့ရတဲ့ အခြေအနေမှာ ….”
“ သူ့မှာ ဘာအခက်အခဲတွေ ရှိနေလို့လဲတဲ့ ….”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သိချင်စိတ်ပြင်းပြစွာဖြင့် မေးမြန်းလိုက်၏။
“ သူက ရောဂါကျွမ်းနေတဲ့ ကင်ဆာဝေဒနာရှင်ပဲ …. လေးလပဲ နေထိုင်ဖို့ အချိန် ကျန်တော့တယ် …”
လောကကြီးထဲ ဥပဒေ ပြင်ပ ရောက်နေသူတို့ မရေမတွက်နိုင်အောင် ရှိသည်။
သို့ပေမယ်လည်း ဥပဒေ ပြင်ပရောက်နေသူတိုင်းက တစ်စုံတစ်ယောက်အတွက်နှင့် မိမိကိုယ်ကို အဆုံးစီရင်ပေးဖို့ ဆန္ဒမရှိသည်မှာတော့ ကျိန်းသေသည်။
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဇနီးသည်က သူမ ခင်ပွန်း၏ လူသတ်မှုကို ဖုံးကွယ်ရန် မည်သူမျှ မစဉ်းစားမိသည့် နည်းလမ်းတစ်ခုကို စဉ်းစားမိခဲ့သည်။
သူမက ဆေးရုံကြီးများသို့ သွားရောက်၍ ပြင်းထန်သည့် ရောဂါဝေဒနာ ခံစားနေရသူများကို သွားရောက် ရှာဖွေသည်။ မိမိက ရောဂါ ဝေဒနာကို ခံစားနေရပေမယ့် မိမိတို့တွင် ကိုယ်စီ ဂရုစိုက်သည့် အရာများ ရှိကြလေသည်။
အချိန်တစ်ခုကြာအောင် ရှာဖွေပြီးနောက် သူမက ဒရိုင်ဘာဖြစ်သူကို နောက်ဆုံး၌ ရှာတွေ့သွားခဲ့သည်။
ဒရိုင်ဘာကိုယ်ထဲရှိ ကင်ဆာဆဲလ်တို့က တစ်ကိုယ်လုံးအနှံ့ ပြည့်နှံ့နေပြီး ဤနှစ်ကိုပင် မကျော်လွန်နိုင်သည်မှာ ကျိန်းသေသည်။
သို့ပေမယ့် သူ့မိဘများနှင့် အထက်တန်းတက်နေသည့် ညီမဖြစ်သူကို စိတ်မချနိုင်ပေ။
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဇနီးသည်က လူများ၏ အားနည်းချက်ကို မည်သို့ ထိန်းချုပ်ရမှန်း သိသည့် ကျွမ်းကျင် စပိုင် တစ်ဦး ဖြစ်၏။
ဆယ်သန်းဟူသည့် ပမာဏကို မက်လုံးပေးပြီး ဒရိုင်ဘာကို သူမ၏ လက်တွင်းသို့ ခေါ်ယူလိုက်သည်။
ထို့နောက် သူမ၏ ခင်ပွန်းဖြစ်သူနှင့်အတူ မီးထဲသေဆုံးခိုင်းဖို့ရာ စီစဉ်ထား၏။
အကယ်၍ ရဲအရာရှိများက တစ်စုံတစ်ရာ မှားယွင်းနေသည်အား ခံစားမိသည့်တိုင် မည်သည့်အချက်ကိုမျှ မရှာဖွေနိုင်သဖြင့် အချည်းနှီး ဖြစ်သွားခဲ့မှာ ဖြစ်၏။
မည်သို့ပင်ဆိုစေ အဓိက တရားခံက ကားပေါ်မှာပဲ သေဆုံးသွားခဲ့လေပြီ။
သူမကို စုံစမ်းစစ်ဆေးမည်ဆိုလျှင်လည်း [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]၏ ဇနီးသည်က ရဲအရာရှိများကို ကိုင်တွယ်ရန် နည်းလမ်းပေါင်း တစ်ရာကျော်လောက်ကို ကြိုတင် တွေးထားပြီး ဖြစ်သည်။