မင်းရဲ့ အိမ်ထောင်စု စာရင်းကို မဖော်ထုတ်ရုံ တမယ်ပဲ
Vol. 20 Ch. 193
ကြည့်ရှုသူများမှာ ရုတ်ချည်း နားလည်သဘောပေါက်သွားခဲ့ကြပြီး နောက်ဆုံး၌ ပဟေဠိဖြစ်နေသည့် မေးခွန်းများအားလုံးလည်း ရှင်းလင်းသွားခဲ့သည်။
ဒရိုင်ဘာက [ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]နှင့်အတူ အဆုံးစီရင်ဝံ့နေသည်မှာ မထူးဆန်းတော့ပေ။ သူက ရောဂါကျွမ်းနေသည့် ကင်ဆာဝေဒနာရှင်တစ်ဦး ဖြစ်နေလေသည်။
ကင်ဆာ နောက်ဆုံးအဆင့်ဆိုသည်မှာ သူ့ဘဝလည်း နောက်ဆုံး အခြေအနေကို ရောက်ရှိနေပြီ ဖြစ်ကြောင်း ပြောပြနေခြင်းပင်။
စောပြီး သေဆုံးသွားခြင်းနှင့် နောက်ကျပြီး သေဆုံးသွားခြင်းတွင် ကွာဟမှုတို့ မရှိသော်ငြားလည်း မသေမီ သူ့မိဘနှင့် ညီမဖြစ်သူအတွက် ငွေအနည်းငယ် တစ်ချို့ ချန်ထားရစ်ပေးနိုင်မည်ဆိုလျှင် ထိုက်တန်သည်ဟု ပြောဆို၍ရသည်။
ကြည့်ရှုသူ တော်တော်များများက သူတို့ကိုယ်သူတို့ မေးခွန်းတစ်ခုက်ု မေးကြည့်နေမိကြ၏။
တကယ်လို့ သူတို့သာ ဒရိုင်ဘာနေရာမှာဆိုရင် တူညီတဲ့ ရွေးချယ်တဲ့မှုပဲ ပြုလုပ်မိမှာလား …
“ ဒရိုင်ဘာက အသက်ရှည်ရှည်မနေရတော့ဘူး …” ချန်ယွီ့ တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး “ သူ့ကို ရဲလက်ထဲ အပ်တာ မအပ်တာ ခင်များရဲ့ အပိုင်းပဲ … ဘယ်လိုပဲ ဖြစ်ဖြစ် ဒီနှစ်ကုန်အထိ နေသွားရမှာ မဟုတ်ဘူး ….”
“ အမှန်အတိုင်း ပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဒေါက်တာချန် … ဒရိုင်ဘာကို ဘယ်လိုလုပ်ရမလဲဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ကတော့ ငါ သေချာလေး စဉ်းစားလိုက်ပါ့မယ် ….”
[ဘဝက ရေနွေးကြမ်း တစ်ခွက်စာပါပဲ]သည် သက်ပြင်းမောကြီးတစ်ချက် ချလိုက်၏။ နောက်တစ်ကြိမ်ထပ်ပြီး ချန်ယွီ့ကို ကာနီဗယ် လက်ဆောင် အခု ၂၀ ဆုချီးမြင့်လိုက်သည်။
ချန်ယွီ့အား လက်ဝှေ့ယမ်း နှုတ်ဆက်ပြပြီးနောက် သူ၏ ခေါ်ဆိုမှုကို အဆုံးသတ်သွားခဲ့လေသည်။
“ ကဲ … နောက်လူနာတစ်ယောက်ကို ဖိတ်ခေါ်လိုက်ရအောင် …”
သူ့စကားဆုံးသည်နှင့် တစ်စုံတစ်ယောက်က စခရင်ထက်တွင် ရုတ်ချည်း ထွက်ပေါ်လာသည်။
တတိယလူ၏ အွန်လိုင်းနာမည်က [ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး] ဟူ၍ ဖြစ်သည်။
သူ့အသက်က ၂၀ ဝန်းကျင်ဟု ခန့်မှန်းရ၏။ အနည်းငယ် ဝဖိုင့်ပြီး သာမန်လေးပဲ ဝတ်ဆင်ထားကာ ရုံးခန်းထဲတွင် ရှိနေဟန်ပင်။
လူငယ်၏ နေရာကို သတိထားမိတော့ ကြည့်ရှုသူများမှာ ကွန်းမန့်များ ဆက်တိုက် ပေးပို့လာကြတော့သည်။
ယခုအချိန်က အလုပ်ချိန် ဖြစ်ပြီး သူကိုယ်တိုင်ကလည်း အလုပ်စားပွဲတွင် ရှိနေသည်။ သို့ပေမယ့် ချန်ယွီ့ လိုက်စထွင်းခန်းထဲသို့ ဝင်ရောက်လာသဖြင့် ရေသာခိုနေခြင်း ဖြစ်ကြောင်း သိသာလှသည်။
[ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]က ပြုံးလျက် ဆိုလိုက်၏။ “ ဒေါက်တာချန် … ငါ အခုတစ်လော စိတ်အဆင်မပြေဘူး ဖြစ်နေတယ် … ငါ ဘာတွေ ဖြစ်နေလဲ တစ်ချက်လောက် ကြည့်ပေးလို့ ရမလား ….”
[ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]၏ လေသံက ယဉ်ကျေးပြီး သူ့မျက်နှာထက်တွင် လေးစားမှု အရိပ်အယောင်တို့ကိုပင် မြင်တွေ့နေရသည်။
ဤလူက ချန်ယွီ့၏ ပရိသတ်ဟောင်း ဖြစ်မည်ဟု ကြည့်ရှုသူများက ထင်ကြေးပေးလိုက်ကြ၏။
ဝါရင့်ပရိသတ်တို့ကသာလျှင် ချန်ယွီ့အပေါ် လေးစားရိုသေပြီး နတ်ဘုရားသဖွယ် ကိုးကွယ်ကြမှာ ဖြစ်သည်။
“ မင်း စိတ်အဆင်မပြေဘူးဆိုတာ မကောင်းတဲ့အရာတွေ အများကြီးကို ပြုလုပ်ခဲ့လို့ပဲ …” ချန်ယွီ့က ညင်သာစွာ ပြောလိုက်ပြီး “ မင်းက နေ့တိုင်းနေ့ မကောင်းတဲ့ အတွေးတွေထဲမှာပဲ ပိတ်မိနေတယ် … မင်း စိတ်အဆင်ပြေနေတယ်ဆိုမှပဲ ထူးဆန်းနေလိမ့်ဦးမယ် …”
“ ဒါပေမယ့် ဒါကိုလည်း အပြစ်တော့ သွားတင်လို့မရဘူး …”
“ ကိုယ့်မိသားစုက ကောင်းကောင်း မသင်ပြထားပေးဘူးဆိုရင် အသက်ကြီးလာတာနဲ့ မကောင်းတဲ့ အတွေးတွေ ၊ အန်နာဂျီတွေ ပိုပြီး ဝန်းရံလာမှာပဲ …”
သူ ထိုစကားမျိုး ပြောလိုက်သည်နှင့် [ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]၏ မျက်နှာထက်ရှိ အပြုံးက အေးခဲသွားခဲ့၏။
ရှိုးပွဲကို စောင့်ကြည့်ဖို့ လုပ်နေကြသည့် ကြည့်ရှုသူများလည်း အံ့အားသင့်သွားခဲ့ကြလေသည်။
ဘာတွေ ဖြစ်နေတာလဲ …
ပုံမှန်ဆို လူကြီးလူကောင်းဆန်ပြီး သိမ်သိမ်မွေ့မွေ့ရှိတဲ့ ဒေါက်တာချန်က ဘာလို့ သူများကို ရုတ်တရက်ကြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောနေရတာလဲ …
အရင်ဦးဆုံး ချန်ယွီ့က [ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]ကို မကောင်းမှုတွေ အများကြီး လုပ်ဖူးတဲ့လူလို့ ဆိုတယ် …
ပြီးတော့လည်း ပြောသေးတယ် …
ဒီညီကိုရဲ့ မိသားစုကလည်း တစ်ခုခု မူမမှန်သလိုပဲ ..
ဒါကြီးက မသိရင် ကိုယ်ရေးကိုယ်တာကို တိုက်ခိုက်နေသလိုပဲနော်…
“ ဒေါက်တာချန် … မင်း ဒါ ဘာစကား ပြောလိုက်တာလဲ … ငါက မကောင်းတာတွေ အများကြီး လုပ်ခဲ့တယ် ဟုတ်လား ….”
[ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]က မပျော်မရွှင် ဖြစ်စွာ မေးခွန်းထုတ်လိုက်ပြီး “ ငါ မကောင်းတာ ဘာမှ မလုပ်ခဲ့ဖူးဘူးကွ ….”
“ နဂါးက နဂါးပဲ မွေးတယ် … ဖီးနစ်က ဖီးနစ်ပဲ မွေးတယ် ….” ချန်ယွီ့က ညင်သာစွာ ပြုံးလိုက်ပြီး “ ဒီစကားပုံက နည်းနည်း တစ်ဖက်စောင်းနင်း ဆန်တယ်ဆိုပေမယ့် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ပျိုးထောင်ခြင်း ခံရတဲ့ ကလေးတွေက တော်ကြတာ များတယ် …”
“ တကယ်လို့ မိဘတွေကိုယ်၌ ပြဿနာတွေတက်နေရင် ကလေးရဲ့ ပညာရေးကို ဂရုစိုက်နိုင်တော့ဘဲ နေ့တိုင်းနေ့ စိတ်ကြိုက် လုပ်ခွင့်ပေးထားကြတော့တာပဲ ….”
“ အဲ့မှာ ကလေးက လူ့ကပ်ပါး ဖြစ်လာနိုင်မယ့် အခွင့်အရေး တော်တော်လေး များတယ် …”
“ အခု မင်းရဲ့ မိသားစု အခြေအနေကလည်း ဒီလိုမျိုးပဲ ….”
“ မင်း ….”
[ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]၏ မျက်နှာသည် ဒေါသထွက်လွန်း၍ ရဲရဲနီလာခဲ့သည်။
“ ဒေါက်တာချန် …. ငါမင်းကို လေးစားတယ် … ဒါကြောင့်မို့ ငါ မင်းကို ယဉ်ကျေးခဲ့တယ် ….”
“ မင်းက လူကို ယဉ်ကျေးတယ်ဆိုတိုင်း အနိုင်ကျင့်ရလွယ်တဲ့ကောင်များ မှတ်နေလားကွ …”
“ မင်းရဲ့ အသံကကျယ်ပြီး လွှမ်းမိုးမှုတွေ ရှိတယ်ဆိုတိုင်းနဲ့ ပေါက်ကရတွေ ပြောပြီး တစ်ဖက်သားကို စော်ကားယိုးစွပ်လို့ရပြီလို့ ထင်မနေနဲ့ ….”
“ ငါ့မိသားစုရဲ့ စီးပွားရေး အခြေအနေက အကောင်းကြီး မဟုတ်ဘူးဆိုပေမယ့် ငါ့မိဘတွေက ငါ့ရဲ့ ပညာရေးအပေါ် အတော်လေး ဂရုတစိုက် ရှိခဲ့တယ် …. မင်းပြောခဲ့သလို မဟုတ်ဘူး …”
“ မင်း သေချာလား ….”
ချန်ယွီ့ ပြန်မေးလိုက်သည်။
“ ဒါပေါ့ …. သေချာတယ် ….”
[ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]က အလိုအလျောက် ပြန်လည် ချေပလိုက်၏။
သူ့တို့နှစ်ဦး၏ စကားအသွားအလာထဲ တင်းမာမှုကို ခံစားမှုတော့ ကြည့်ရှုသူများမှာ သူတို့မျက်လုံးသူတို့ အနည်းငယ် မယုံသင်္ကာ ဖြစ်မိသွားခဲ့ကြသည်။
ဖြစ်နိုင်တာ ဒီကောင်လေးက တကယ်ပဲ ပြဿနာ တစ်ခုခု ရှိနေတာလား … မဟုတ်ဘူးဆို ဒေါက်တာချန်ကပဲ တမင်တကာ နားလည်ရခက်အောင် လုပ်နေတာများလား …
ချန်ယွီ့ရဲ့ ဒီတစ်ခေါက် အပြုအမူတွေကတော့ တကယ်ကို နားလည်ရခက်လွန်းတယ် … လုံးဝ မတူညီတော့တဲ့ လူတစ်ယောက် အတိုင်းပဲ …
သူ့ အခုပုံစံက ကျော့ရှင်းပြီး သိမ်မွေ့တဲ့ ဆရာဝန်တစ်ယောက်နဲ့ နည်းနည်းလေးမှကို တူမနေဘူး …
သူ့လေသံက သိပ်ထက်ရှလွန်းနေတယ် …
“ ဒီရဲ့လူနာ ….” ချန်ယွီ့ တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး “ မင်းမှာ မိသားစုနဲ့ ပတ်သက်လို့ ဘာ ပြဿနာမှ မရှိဘူးဆိုတာ သေချာနေရင် မင်းရဲ့ အခြေအနေကို ငါ သုံးသပ်ပေးလို့ အဆင်ပြေတယ်မလား ….”
“ မင်းရဲ့ ငယ်ငယ်တုန်းက မိသားစုဘဝ အခြေအနေကို ငါပြောပြလို့ အဆင်ပြေနိုင်မလား ….”
ဤစကားကြားတော့ [ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]၏ အမူအရာမှာ အနည်းငယ် ချီတုံချတုံ ဖြစ်သွားခဲ့သည်။
အချိန်တစ်ခုမျှ တိတ်ဆိတ်သွားပြီးနောက်တွင် [ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]က သတိချပ်သည့် လေသံဖြင့် ခွန်းတုံ့ပြန်လိုက်၏။ “ လုပ် … မင်း ဘာများ ပြောနိုင်မလဲ ငါ ကြည့်စမ်းမယ် ….”
“ မင်းပြောတဲ့အတိုင်းပဲ ……” ချန်ယွီ့က ထူးမခြားနားသည့် အပြုံးလေးဖြင့် စကားချီလိုက်ကာ “ မင်းရဲ့ မိသားစု အခြေအနေက သိပ်အကောင်းကြီးမှာ မရှိဘူး ….”
“ မင်းက ကံဆိုးတဲ့ မိသားစုမှာ မွေးဖွားလာခဲ့တယ် …”
“ မင်း အသက် ၇ နှစ်မှာ မင်းရဲ့ အမေက ဖျော်ဖြေရေး နေရာတစ်ခုမှာ ပိုက်ဆံရဖို့အတွက် နေ့တိုင်းနေ့ အလုပ်သွားရတယ် ….”
“ ပြန်လာတဲ့အချိန်တိုင်းလည်း အရက်တွေ မူးလာတယ် ….”
“ အဲ့ဒီအကြောင်းအရင်းကြောင့်ပဲ မင်းရဲ့ အဖေနဲ့အမေက နေ့တိုင်းနီးပါးကို ရန်သတ်ကြတယ် …..”
“ မင်း အသက် ၉ နှစ်အရွယ်ရောက်တော့ မင်းအမေက ချမ်းသာတဲ့ ဖောက်သည်တစ်ဦးနဲ့ လိုက်ပြေးသွားခဲ့တယ် ….”
“ မင်းရဲ့ အဖေကလည်း သူခိုးအသေးစားလေး လုပ်ရင်းနဲ့ အသက်မွေးဝမ်းကျောင်း ပြုတယ် ….”
“ ဒီလိုမိသားစုမှာ ကြီးပြင်းလာခဲ့ရတဲ့ မင်းက ငယ်ငယ်တုန်းကတည်းကရင် အရာအားလုံးက အတုအယောင်ဆိုတာ မင်းသိနေတယ် …. သံယောဇဉ်တွေ ၊ ရင်းနှီးမှုတွေ … ၊ အကုန်လုံးက အတုအယောင်တွေ…. ၊ ငွေတစ်ခုတည်းကပဲ စစ်မှန်တယ် ….”
“ ဂျူနီယာ အထက်တန်းကျောင်းပြီးတော့ မင်းက လူမိုက်တစ်ချို့နဲ့အတူ တွဲသွားတွဲလာလုပ်တယ် ….”
“ မင်းရဲ့ အဓိက ဝင်ငွေအရင်းအမြစ်က မူလတန်းနဲ့ အလယ်တန်းကျောင်းသားလေးတွေဆီကနေ မုန့်ဖိုး ဓားပြတိုက်ပြီး ငွေညှစ်တာကနေပဲ ….”
“ အဲ့လိုနဲ့ပဲ အချိန်တန်တော့ မင်း အရွယ်ရောက်လာတယ် ….”
“ သိပ်မကြာခင်မှာပဲ ငယ်ငယ်တုန်းက မင်းနဲ့အတူ တွဲသွားတွဲလာ လုပ်ခဲ့တဲ့ လူငယ်တွေက တစ်ယောက်ပြီး တစ်ယောက် ဖမ်းခံလိုက်ရတယ် ….”
“ အဲ့လူတွေက ထောင်ကျသွားတာကို သိလိုက်ရတော့ မင်း နောက်ဆုံးမှာ ကြောက်လန့်သွားခဲ့တယ် … မင်းသာ ဒီလမ်းကို ဆက်လျှောက်နေမယ်ဆိုရင် အနှေးနဲ့အမြန် ထောင်ထဲရောက်မှာကို မင်းသိနေတယ် ….”
“ မင်း အသက် ၁၉ နှစ်ရောက်တော့ မွေးရပ်မြေကနေ ထွက်ခွာပြီး မြို့ကြီး တစ်မြို့ကိုသွားပြီး အလုပ်လုပ်ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ် ….”
“ အလုပ်တွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ပြောင်းပြီးတဲ့နောက်မှာ နောက်ဆုံး ငွေရှာလွယ်တဲ့ အလုပ်တစ်ခုနဲ့ တွေ့ပြီး အခုချိန်ထိ လုပ်ကိုင်လာနေခဲ့တာပဲ ….”
[ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]မှာ အံ့ဩဘနန်း ဖြစ်နေမိသည်။
ချန်ယွီ့ရဲ့ ခန့်မှန်းနိုင်တဲ့ စွမ်းရည်က နည်းနည်း ကြောက်ဖို့ကောင်းလွန်းမနေဘူးလား …
သူ့ရဲ့ အိမ်ထောင်စု စာရင်းနဲ့ မှတ်ပုံတင် နံပါတ်ကို မကြေညာရုံ တမယ်လေးပဲ ….
ချန်ယွီ့၏ ကြောက်မက်ဖွယ်ကောင်းသည့် အစွမ်းအစကို မျက်မြင်ကြုံတွေ့ပြီးနောက် သူ့အမူအရာ ပြောင်းလဲသွားခဲ့ပြီး နှလုံးခုန်နှုန်းကလည်း ရူးသွပ်စွာ မြန်ဆန်လာသည်။
သူ့လက်ကို မောက်စ်ပေါ် တင်လိုက်ပြီး ချန်ယွီ့နှင့် စကားပြောဆိုမှုကို ဤမျှနှင့် အဆုံးသတ်လိုက်ရကောင်းနိုးနိုး ဖြစ်နေမိသည်။
ကလင် ကလင် ကလင် ….
ထိုအချိန်မှာပဲ သူ့ ဘယ်ဘက်ရှိ ဖုန်းက ရုတ်တရက် အသံမြည်လာသည်။
ဖုန်းက သုံးကြိမ် မြည်လာခဲ့တာ ဖြစ်၏။
[ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]က သူ့နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး “ ဒေါက်တာချန် ... မင်း လိုက်စထွင်း စလွှင့်ကတည်းကနေ အခုချိန်ထိ မင်းရဲ့ လိုက်စထွင်းတွေ တစ်ခုလေးကိုမှ မလွတ်ဖူးသေးဘူး ….”
“ မင်းကို ကျွမ်းကျင်တဲ့ ဆရာကြီးတစ်ယောက်ဆိုပြီး ထင်နေတာ တကယ့်လက်တွေ့ စမ်းကြည့်တော့လည်း မင်းရဲ့ အရည်အချင်းဆိုတဲ့အရာတွေက မင်းရဲ့ အသင်းသားတွေ ဖန်တီးလုပ်ကြံထားတဲ့ အရာသပ်သပ် ဖြစ်နေတာပဲ ….”
“ မင်းပြောသွားတာတွေ တစ်ခုမှ မမှန်ဘူး …”
“ ငါ့အမေက ဘယ်သူနဲ့မှ မလိုက်ပြေးသွားသလို ငါ့အဖေကလည်း သူခိုးမဟုတ်ဘူး …”
“ သူတို့တွေက သိပ်ချစ်ကြတဲ့ စုံတွဲတွေပဲ …. “
“ ငါလည်း ဘယ်တုန်းကမှ မူလတန်းနဲ့ အလယ်တန်း ကျောင်းသားတွေဆီကနေ မုန့်ဖိုး မလုခဲ့ဖူးဘူး …”
ပြောရင်းဖြင့် သူ့မျက်လုံးတို့က ရဲရဲနီလာခဲ့သည်။
သူ့ကြည့်ရသည်မှာ မဟုတ်မမှန် စွပ်စွဲခံရသည့်အတွက် အတော်လေး ခံပြင်းဒေါသ ထွက်နေဟန်ပင်။
ကြည့်ရှုသူများမှာ ကြက်သေသေသွားခဲ့ကြ၏။ ပထမဆုံးအကြိမ်အဖြစ် ချန်ယွီ့၏ သုံးသပ်မှုများမှာ မေးခွန်းထုတ်ခြင်း ခံလိုက်ရသည်။
ထို့နောက် [ပုံမှန်လေးလည်း ခန့်ညားနေတဲ့ လန်ကျွင်းလေး]က တစ်ဖက်သို့ လှည့်သွားပြီး သူ့မျက်လုံးများကို ခပ်ကြမ်းကြမ်း ပွတ်သပ်ပစ်လိုက်၏။