အတွင်းထရံ အပြင်မကာနဲ့
Vol. 20 Ch. 197
“ ဒီနေ့တော့ အင်တာနက် ရေတပ်သားတွေမှာ ကုမ္ပဏီတောင် ရှိမှန်း သင်ယူလိုက်ရပြီ…”
“ အဲ့ စောက်မှင်စာတစ်သိုက်က အင်တာနက်မှာ အဖြူကို အမည်းလို့ ပြောင်းပြန်လှန်ပြီး လိပ်ကို ဂျပိုးဖြစ်အောင် လုပ်နေကြတဲ့ကောင်တွေ …. သူတို့မှာ အနုတ်လက္ခဏာဆန်တဲ့ မကောင်းတဲ့ အန်နာဂျီတွေ ပြည့်နှက်နေတာ သဘာဝပါပဲ ….”
“ ဒေါက်တာချန် … မင်း ဘယ်သူ့ကို စော်ကားမိလို့ အဲ့လူက ပိုက်ဆံဒီလောက်သုံးပြီး မင်းကို ပြဿနာ ရှာနေရတာလဲတဲ့ …”
“ အင်တာနက် ထရိုးတွေ အများကြီး ငှားပြီး ဒေါက်တာချန်ကို အသရေဖျက်ချင်နေတဲ့ ရာဇဝတ်သား တစ်ယောက်ယောက် ဖြစ်မှာပေါ့ … အဲ့တာကလွဲပြီး ဘယ်သူများရှိနိုင်သေးလို့ ….”
“ ငါတော့ အဲ့ညီကိုအတွက် နည်းနည်း စိတ်မကောင်း ဖြစ်မိတယ် … ဒေါက်တာချန် ရှင်းပြတာကို နားထောင်ပြီးတော့ သူတို့အချင်းချင်း တိုက်ခိုက်နေကြတယ်ဆိုတာ အသိသာကြီးပဲ … ဒါပေမယ့် တန်ပါတယ် ….”
“ မလိုအပ်တဲ့ မင်းရဲ့ စာနာစိတ်တွေကို ဘေးဖယ်ထားစမ်း … သူ့ရဲ့ ကံကြမ္မာကိုပဲ လေးစားပေးလိုက် ….”
ကြည့်ရှုသူများက ဆွေးနွေးနေကြစဉ် ရာနှင့်ချီသည့် အင်တာနက် ရေတပ်သားတို့မှာ စကားပြောခန်းထဲမှ တိတ်တိတ်လေး ထွက်ခွာသွားခဲ့ကြသည်။
သူတို့အားလုံး လိုက်စထွင်းကို အစမှအဆုံးထိတိုင် ကြည့်ရှုခဲ့ကြလေသည်။
ချန်ယွီ့ကို ဗေဒင်ဆရာဟု ကင်ပွန်းတပ်၍ မဖြစ်တော့။ သူက စစ်မှန်သည့် ပရောဟိတ်ကြီး ဖြစ်၏။
ချန်ယွီ့နှုတ်က မည်သည့် စကားကို ဆိုလိုက်ပါစေ၊ ယင်းက မကြာမီ လက်တွေ့ ဖြစ်ပေါ်လာလိမ့်မည်။
ချန်ယွီ့က [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]နှင့် သူ့ချစ်သူကို ဖော်ထုတ်ခဲ့၏။ ထို့နောက် ကုမ္ပဏီ၏ ဘော့စ်က ရှောင်ကျွင်းလေးအား ကျိုးကြေအောင် ရိုက်နှက်ခဲ့လေသည်။
ကုမ္ပဏီ၏ ဘော့စ်က ရှောင်ကျွင်းလေး၏ ချမ်းသာသည့် အမျိုးသမီးကြီး၏ သား ဖြစ်နေလိမ့်မည်ဟု ထင်မှတ်မထားခဲ့ချေ။
အလုပ်ရှင်က ရေတပ်အဖွဲ့ကို ပေးထားသည့် မူလအမိန့်တို့က ရေရှည်အမိန့်များ ဖြစ်၏။
တစ်နည်းဆိုရသော် ချန်ယွီ့ လိုက်စထွင်းစတင်သည်နှင့် အင်တာနက် ရေတပ်က အလုပ်စတင်ပြီး သောင်းနှင့်ချီသည့် အကောင့်များကို ထိန်းချုပ်ကာ သူနှင့် စကားပြောခွင့် ရဖို့ ကြိုးပမ်းရမည်။
ထို့နောက်တွင် နည်းလမ်းမျိုးစုံကို အသုံးပြု၍ သူ့အားချေမွ ဖျက်စီးပစ်ရမည်။
တမ်ပိုကို သတ်မှတ်ပြီးသည်နှင့် အခြားသော မှင်စာများက အခွင့်အရေးယူ ဝင်ရောက်ပြီး ချန်ယွီ့ လိုက်စထွင်းကို ဗြောင်းဆန်အောင် သောင်းကြမ်းပစ်ရမည်။
အစီအစဉ်ကတော့ ထိုသို့ ဖြစ်၏။
သို့သော် ယခု…. မည်သူကမျှ သူတို့၏ အမိန့်ကို ဆက်လက် မလိုက်နာဝံ့ကြတော့ပေ။
လူတိုင်းက သူတို့တွေသည် နောက်ထပ် [သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]ဖြစ်လာမှာကို စိုးရိမ်ကြောင့်ကြနေကြသည်။
နားဖြင့် တစ်ဆင့် ကြားရခြင်းက မယုံသင်္ကာမှုကို ဖြစ်စေပြီး မျက်စိဖြင့် မြင်တွေ့ခြင်းကတော့ ယုံကြည်သက်ဝင်မှုကို ဖြစ်ပေါ်စေသည်။
ယခု သူတို့နှင့် ဘဝတူတစ်ဦး၏ ဆိုးရွားသည့် ကံကြမ္မာကို မျက်မြင်ကြုံတွေ့ပြီးနောက်တွင် ပိုက်ဆံ ဘယ်လောက်များများ ကမ်းလှမ်းခံရစေကာမူ၊ အနှီငနဲများသည် ချန်ယွီ့အား ပြဿနာ ဆက်မရှာဝံ့ကြတော့ပေ။
တစ်ချိန်တည်းတွင် ရုံးခန်းအဆောက်အဦး၌။
[သာမန်လေးလည်း ခန့်ညားနေတဲ့ ရှောင်ကျွင်းလေး]၏ ဘော့စ်သည် စောနကထက်ပင် ရက်စက်ကြမ်းကြုတ်နေလျက် ရှိ၏။ အလုပ်သမားများက သူတို့ ဘော့စ် လက်လွန်ပြီး ရှောင်ကျွင်းလေးအား သတ်မိမှာကို စိုးရိမ်ကြသည့်အတွက် ရှေ့သို့ တက်လာပြီး ဖျောင်းဖျပေးကြသည်။
ဝန်ထမ်းတစ်ဦးက ဘော့စ်ဖြစ်သူ၏ ခါးကို ဖက်ထားပြီး ဂရုတစိုက်နှင့် ပြောလိုက်၏။ “ ဘော့စ် …. ကျေးဇူးပြုပြီး တော်လိုက်ပါတော့… ဘော့စ်သူ့ကို ဆက်ရိုက်နေရင် ဒီကောင် သေလိမ့်မယ် …”
“ တောက် …. ဒင်း ကံကောင်းသွားတယ်မှတ် …”
ဒေါသထွက်နေသည့်ဘော့စ်က သံပိုက်ကို ဘေးသို့ ကောက်ပစ်လိုက်ပြီး တစ်စုံတစ်ယောက်အား လူနာတင်ယာဉ်ခေါ်ဖို့ ပြောလိုက်သည်။
မိနစ် အနည်းငယ် ကြာပြီးနောက် လူနာတင်ယာဉ်တစ်စင်း ရောက်လို့လာပြီး ဒဏ်ရာဒဏ်ချက်တို့ဖြင့် ပြည့်နှက်နေသည့် ရှောင်ကျွင်းလေးကို ဆေးရုံသို့ တင်ဆောင်သွားသည်။
ရုံးခန်းထဲရှိ လေထုမှာတော့ မွန်းကြပ်ဖွယ်ရာ ကောင်းနေလေသည်။
“ မင်းတို့ကောင်တွေက ဒီမှာ ဘာရပ်လုပ်နေကြတာ …” ဘော့စ်က စိတ်အနှောင့်အယှက် ဖြစ်နေသည့် အမူအရာဖြင့် အော်ငေါက်လိုက်ပြီး “ ကိုယ့်ခုံကိုယ်ပြန်ပြီး ကောလဟာလတွေ ဆက်လွှင့်ကြစမ်း ….”
“ ချန်ယွီ့ နောက်တစ်ကြိမ် လိုက်လွှင့်လာရင် သူ့ကို ဖျက်စီးပစ် ….”
သူ ထိုစကား ပြောလိုက်သည်နှင့် ပရော်ဖက်ရှင်နယ် ရေတပ်သားတို့၏ မျက်နှာထက်တွင် ကြောက်လန့်မှုတို့ ပြသလာခဲ့ကြသည်။
“ ဘော့စ် … ကျုပ် အခုလေးတင်ပဲ တက္ကသိုလ်ကနေ အကြောင်းကြားစာ ရောက်လာလို့ အဲ့တာ အခုချက်ချင်း အကြောင်းပြန်ရဦးမှာ … မနက်ဖြန်ကစပြီး ကျုပ် ကုမ္ပဏီကို အလုပ်တက်နိုင်မှာ မဟုတ်ဘူး ….”
“ ကျွန်တော့်အဖေကလည်း သူ ဒီညနေ လက်ထပ်တော့မယ်ဆိုပြီး ဖုန်းဆက်လာတယ် … ကိုယ့်အဖေရဲ့ မင်္ဂလာပွဲဆိုတော့ မသွားလို့ မကောင်းဘူး ….”
“ မျိုးမစစ်နှစ်ကောင် … အဲ့မှာ ရပ်စမ်း …”
ဝန်ထမ်းနှစ်ယောက်က ရပ်တန့်ခြင်းမရှိဘဲ ပို၍ပင် အရှိန်တင်ပြေးသွားခဲ့ကာ မျက်တောင်တစ်ခတ်အတွင်း ပျောက်ချင်းမလှ ပျောက်ရှသွားခဲ့လေသည်။
ဘော့စ်မှာ ဒေါသထွက်လွန်း၍ သူ့အဆုတ် ပေါက်ကွဲတော့မည့်နှယ် ခံစားလိုက်ရသည်။
တစ်ယောက်က မူလတန်းအောင် ဘွဲ့လက်မှတ်သာလျှင် ရှိထားသူ ဖြစ်သည်။ မည်သည့် တက္ကသိုလ်က ထိုသို့သော ကောင်စားမျိုးအား ကျောင်းတက်ခွင့် ပေးလိမ့်မည်နည်း။
ကျန်တစ်ယောက်၏ ဖခင်ဆိုသူမှာလည်း သေသွားခဲ့သည်မှာ အရိုးပင် မြေဩဇာ ဖြစ်နေလေပြီ။
လက်ထပ်ပွဲ ဟုတ်လား …
ဘယ်သူနဲ့ လက်ထပ်မှာ … သရဲမနဲ့လား ….
တူညီသည့် မြင်ကွင်းတို့က မတူကွဲပြားသည့် အင်တာနက် ရေတပ်ဖွဲ့ ကုမ္ပဏီများတွင် ဖြစ်ပေါ်နေလျက် ရှိသည်။
ဘော့စ်များက ပိုက်ဆံ မည်မျှ ကမ်းလှမ်းစေကာမူ သူတို့တွေ အမိန့်ကို လက်မခံရဲကြတော့ပေ။
ငွေက ဖြည်းဖြည်းချင်း ရှာယူ၍ရသည်။ သို့ပေမယ့် လူတွင် အသက်က တစ်ချောင်းတည်း ရှိ၏။
အကယ်၍ ချန်ယွီ့က သူတို့ကို မျက်စိကျသွားခဲ့လျှင် ပိုက်ဆံသည်လည်း အသုံးမဝင်တော့သည့် စက္ကူမျှသာ ဖြစ်သွားလိမ့်မည်။
“ ငါ့ရဲ့ ကြည့်ရှုသူတို့ … ဒီနေ့ လိုက်စထွင်းကတော့ ဒီလောက်ပဲ … နောက်မှ ပြန်တွေ့ကြတာပေါ့ …”
ချန်ယွီ့က စခရင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
ကြည့်ရှုသူများက သူ့ကို နေရစ်ဖို့ ဘယ်လောက်ပဲ ဖျောင်းဖျစေကာမူ ချန်ယွီ့၏ ထုံးစံကိုတော့ ပြောင်းလဲဖို့ရာ မစွမ်းသာခဲ့ချေ။
လိုက်စထွင်းကို အဆုံးသတ်ပြီးနောက် ချန်ယွီ့ မတ်တပ်ရပ်၍ အညောင်းအညာဆန့်လိုက်၏။
မီးဖိုချောင်ထဲသွား၍ စားစရာ တစ်ခုခု ရှိလိုရှိငြား သွားရောက် လှန်လှော ရှာဖွေနေစဉ်တွင် ကျိုးခဲ့ရှင်း၏ အသံက အပြင်ဘက်ကနေ ထွက်ပေါ်လာသည်။
“ ဒေါက်တာချန် … ရှင်အထဲမှာလား ….”
အံ့အားတကြီးဖြင့် … ချန်ယွီ့ မီးဖိုချောင်ထဲက ထွက်လာခဲ့သည်။
ကျိုးခဲ့ရှင်းအပြင် အနည်းငယ် ဝဖိုင့်သည့် အမျိုးသမီးငယ် တစ်ဦးကလည်း ပထမထပ်၏ စင်္ကြံလမ်းတွင် ရှိနေသည်။
“ တောင်းပန်ပါတယ် ဒေါက်တာချန် .. လာခါနီးကျမှ ကိစ္စလေးပေါ်လာလို့ ရှင့်ဆီ ခွင့်တင်ဖို့ မေ့သွားခဲ့တယ် ….”
ချန်ယွီ့၏ ခန့်မှန်းမှုနှင့် ဆန့်ကျင်စွာ ကျိုးခဲ့ရှင်း မနက်ခင်းပိုင်း ရောက်မလာခဲ့သည်က ယမန်နေ့ အဖြစ်အပျက်ကြောင့် ကြောက်လန့်သွားသည်မျိုး မဟုတ်ပါဘဲ ထိုအစား အလုပ်သို့ လာသည့်လမ်းတွင် အသိတစ်ယောက်နှင့် ဆုံတွေ့ခဲ့ခြင်းကြောင့် ဖြစ်နေသည်။
သူမ၏ ဂျူနီယာ အထက်တန်းတုန်းက သူငယ်ချင်း ရွှီကျားနှင့် ဆုံတွေ့၍ ရှေးဟောင်းနှောင်းဖြစ်တို့ စကားစမြည်ရင်း ရွှီကျားက နာမည်ကြီး ဟန်ကျိုး တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်ကို သိရှိလိုက်ရလေသည်။
ဘွဲ့ရပြီးနောက် သူမက ဟန်ကျိုးမြို့မှာပဲ ဆက်ပြီး အလုပ်လုပ်ကိုင်နေခဲ့၏။
လွန်ခဲ့သောနှစ်က လက်ထပ်ခဲ့ပြီး သူမ၏ ကလေးသည်ပင် ယခုဆို လေးလသားအရွယ်ကို ရောက်ရှိနေလေပြီ။
“ ဟယ်လို ဒေါက်တာချန် … ကျွန်မ ရှင့်နာမည်ကို ကြားဖူးပါတယ် … သူတို့ပြောကြတာတော့ ရှင်က ပြဿနာမျိုးစုံကို ကူညီဖြေရှင်းပေးနိုင်တယ်ဆို ….”
“ ကျွန်မကိုလည်း ကူညီပေးပါလား ….”
ကျိုးခဲ့ရှင်းနှင့် မဆုံတွေ့မီက ရွှီကျားသည် ချန်ယွီ့အကြောင်း အခြားသူများထံမှ ကြားဖူးနားဝ ရှိခဲ့ဖူးသည်။
သူမ၏ အတန်းဖော် သူငယ်ချင်းဟောင်းက ချန်ယွီ့၏ ဆေးခန်းတွင် အလုပ်လုပ်နေကြောင်းကို သိရှိလိုက်ရတော့ ရွှီကျားသည်လည်း ဤသည်က ကံကြမ္မာရေစက် ဖြစ်ရမည်ဖြစ်ကြောင်းကို ယုံကြည်သွားခဲ့တော့သည်။
သူမ ချက်ချင်းပဲ ကျိုးခဲ့ရှင်းကို ချန်ယွီ့နှင့် ပေးတွေ့ဖို့ တောင်းဆိုလိုက်၏။
“ ဟယ်လို ….” ချန်ယွီ့ ညင်သာစွာ ပြုံးလျက် “ မင်းက အရ်င သုံးလကတည်းကရင် စိတ်ဖိစီးနေတာပဲ ….”
“ ဒီရက်ပိုင်းတွေမှာ အစားစားချင်စိတ်တောင် မရှိလောက်ဘူး … ညဆိုရင်လည်း အိပ်မက်ဆိုးတွေ မက်ပြီး အမြဲလန့်နိုးလာနေကြပဲ ဟုတ်တယ်မလား ….”
“ ဟုတ်တယ် … ရှင်ပြောတာတွေ အကုန်မှန်နေတာပဲ ဒေါက်တာချန် ….”
ရွှီကျား၏ မျက်လုံးတို့ထဲ အံ့အားသင့်မှုနှင့် ပျော်ရွှင်မှုတို့ ပြည့်နှက်သွားခဲ့သည်။
“ ကျားကျား …. ဒီလောကကြီးထဲ ဒေါက်တာချန် မသိတာ မရှိဘူးလေ …. “
“ သူ မဖြေရှင်းနိုင်တဲ့ ပြဿနာ ဆိုတာလည်း မရှိဘူး ….”
ကျိုးခဲ့ရှင်း တခစ်ခစ် ရယ်မောရင်း ချန်ယွီ့၏ အစွမ်းအစများကို နောက်တစ်ကြိမ် ချီးမွမ်းလိုက်သည်။
“ ဒေါက်တာချန် … ကျွန်မ ရှင့်ကို စီးပွားရေး တစ်ခုနဲ့ မိတ်ဆက်ပေးတယ်ဆိုတော့ ဒီနေ့ အလုပ်မတက်တဲ့ ကိစ္စကို စဉ်းစားပေးလို့ ရတယ်မလား ….”
ကျိုးခဲ့ရှင်းက ဉာဏ်များသည့် အမူအရာဖြင့် မေးလိုက်၏။
ခေါင်းညိတ်လျက် ချန်ယွီ့ သူ့လက်ကို ဆန့်တန်းကာ “ ဒီရဲ့လူနာ …. ကျေးဇူးပြုပြီး ထိုင်ပါဦး ….”
“ သိပ္ပံနည်းကျ ကုသရေးနည်းလမ်းတွေကနေ တစ်ဆင့် … မင်း အခု ရင်ဆိုင်နေရတဲ့ ပြဿနာကို ငါ ယေဘုယျလောက်တော့ နားလည်ထားတယ် ….”
“ တကယ်လို့ မင်းက ငါ့ရဲ့ ကုသမှုကို ခံယူမယ်ဆိုရင် ပိုက်ဆံ အရင် ပေးချေရမယ် ….”
“ ပြီးတာနဲ့ ကုထုံးကို ဆက်လုပ်လို့ရပြီ ….”
“ ကုထုံး ဟုတ်လား ….”
“ ကုထုံးဆိုတာက အကြိတ်တို့ ဘာတို့လို ရောဂါတွေမှာမှ သုံးတာ မဟုတ်ဘူးလား …” ရွှီကျားက သင်္ကာမကင်း ဖြစ်စွာ မေးလာသည်။
ကျိုးခဲ့ရှင်းမှာ ရယ်ရ အခက် ၊ ငိုရအခက် ဖြစ်သွားခဲ့ပြီး “ ဒေါက်တာချန်ရဲ့ ကုထုံးက နင်တွေးနေတဲ့ ကုထုံးနဲ့ မတူဘူး ….”
“ ဪ ….”
ရွှီကျား သဘောပေါက်သွားခဲ့သည်။
သူမ၏ ရိုးအသည့် အကျင့်စရိုက်ကြောင့် ချန်ယွီ့က သူမတွင် ဝေဒနာ ပြင်းထန်သည့် ရောဂါတစ်ခုခု ရှိနေသည်ဟု ပြောဆိုလာမည်ကို တွေးပူမိသွားခဲ့သည်။
ချန်ယွီ့နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်ချလိုက်ရင်း ကျူအာကုတ်နှင့် ငွေပေးချေမှု လမ်းညွှန်ကို ဖတ်ကြည့်လိုက်သည်။
ထို့နောက် ဖုန်းထုတ်ပြီး ချန်ယွီ့ထံသို့ ယွမ်တစ်သောင်း လွှဲပေးလိုက်၏။
ချန်ယွီ့က ကျိုးခဲ့ရှင်းကို သူ ရွှီကျားအား ကုသပေးနေစဉ်တွင် မီးဖိုချောင်ထဲသွား၍ နေ့လည်စာ ပြင်ခိုင်းလိုက်သည်။
“ ဒေါက်တာချန် … ကျွန်မချက်တာက မြန်တယ် … ခဏဆို ပြီးမှာ …. ပေးနားထောင်လို့ မရဘူးလား ….”
ကျိုးခဲ့ရှင်းက အတင်းအဖျင်း စိတ်ဝင်စားသောကြောင့် မဟုတ်ပါဘဲ သူမ၏ အတန်းဖော်ဟောင်းကို စိုးရိမ်ပူပန်မိသောကြောင့် ဖြစ်လေသည်။
လာသည့်လမ်းတွင် ရွှီကျားအား မည်သို့သော ပြဿနာမျိုးနှင့် ရင်ဆိုင်နေရ၍ ချန်ယွီ့အကူအညီကို လိုအပ်နေရလဲဟု ထပ်ခါတလဲလဲ မေးမြန်းသည့်တိုင် ရွှီကျားက ပြောပြဖို့ ငြင်းဆန်ခဲ့၏။
“ ကျိုးခဲ့ရှင်းကလည်း ငါ့ဆေးခန်းက နာ့စ်ပဲ …” ချန်ယွီ့ ပြောလိုက်ပြီး “ သူလည်း ဒီမှာ နေပြီး နားထောင်မယ်ဆို ပြဿနာ ရှိလောက်မလား ….”
“ ရပါတယ် … ကျွန်မ စိတ်မရှိပါဘူး ….”
“ ခဲ့ရှင်း … ငါ နင့်ကို မပြောပြဘူးဆိုတာက ဘယ်လို ပြောပြရမှန်း မသိလို့ပါဟာ …” ရွှီကျားက သက်ပြင်းချလိုက်ပြီး “ ပြီးတော့ ကိုယ့်အိမ်တွင်းရေး အခက်အခဲကို မဆိုင်တဲ့ အပြင်လူဆီ အပူမပေးချင်တာလည်း ပါတယ် …”
“ အခု … ဒေါက်တာချန်ရဲ့ အစွမ်းအစကို မျက်မြင်တွေ့လိုက်ရပြီဆိုတော့ သူ့မှာ ငါ အခု ရင်ဆိုင်နေရတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတစ်ခု ရှိမှာ ကျိန်းသေတယ် … “
“ နင် ကြားချင်ဆိုတယ်လည်း နေပါ ….”