အားလုံးကို သူ့ ခင်ပွန်းရဲ့ ဇနီးက စီစဉ်ထားတာ
Vol. 20 Ch. 198
ဤစကားကြားတော့ ကျိုးခဲ့ရှင်းက ထိုင်ခုံယူလာပြီး အနားတွင် ထိုင်ချလိုက်သည်။
“ ဒီရဲ့လူနာ …” ချန်ယွီ့က ညင်သာသော အပြုံးလေးဖြင့် “ မင်းရဲ့ စိတ်ထဲ ပျော်ရွှင်မှုကို မခံစားရတာ အချိန်အတော်ကြာနေပြီ … ညဘက်ဆိုလည်း အိပ်မက်ဆိုးတွေ နှောင့်ယှက်တာကို မကြာခဏ ကြုံနေရတယ် … အဲ့ဒီအရာတွေက မင်းရဲ့ အမျိုးသားနဲ့ တစ်မျိုးတစ်ဖုံ ဆက်စပ်နေတယ်မလား …”
“ တကယ်လည်း သူနဲ့ ဆက်စပ်နေတယ် …”
ရွှီကျားက သူမ၏ နှုတ်ခမ်းကို ကိုက်၍ ရှင်းပြလိုက်၏။
“ ကျွန်မတို့နှစ်ယောက်က သူများ မိတ်ဆက်ပေးလို့ လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်လောက်တုန်းက တွေ့ပြီး လက်ထပ်ဖြစ်ခဲ့ကြတာ … လက်ထပ်ပြီး သိပ်မကြာခင်မှာပဲ ကျွန်မမှာ ကိုယ်ဝန်ရှိလာတယ် …”
“ ကျွန်မ ကိုယ်ဝန်ရှိတုန်းက ယောက်ျားကလည်း ကျွန်မကို ကောင်းကောင်းမွန်မွန် ဆက်ဆံပေးတယ် …”
“ ကျွန်မ ဘာပဲစားချင်စားချင် ၊ ညသန်းခေါင် ဖြစ်နေရင်တောင် အပြင်ထွက်ပြီး သွားဝယ်ပေးတတ်တယ် ….”
“ အရင်သုံးလ ….၊ ကလေးမွေးပြီးတဲ့ အချိန်ကစပြီး ကျွန်မခင်ပွန်းရဲ့ အကျင့်စရိုက်တွေက သိသိသာသာ ပြောင်းလဲလာတယ် ….”
“ အရင်ကလောက် မညင်သာတော့သလို တွေးပေးတတ်တာတွေလည်း မရှိတော့ဘူး … ကျွန်မကို ဟိုဟာခိုင်း၊ ဒီဟာခိုင်းနဲ့ အလုပ်မျိုးစုံ ခိုင်းရုံတင်မကဘူး … ပစ္စည်းတွေလည်း ပစ်ပေါက်ပြီး စရိုက်ဆန်ပြတတ်သေးတယ် …”
“ သူက … သူက ကျွန်မသိတဲ့လူနဲ့ မတူတော့သလိုပဲ …”
“ သူ စိတ်လွတ်သွားတဲ့အချိန်တိုင်း မဖော်ပြတတ်လောက်အောင်ကို ထူးဆန်းတဲ့ ခံစားချက်ကြီးက ကျွန်မစိတ်ထဲ ဖြစ်ပေါ်လာတတ်တယ် ….”
ထိုအချိန်၌ ရွှီကျား၏ မျက်လုံးတို့က စတင်နီရဲလာပြီး မျက်ရည်တို့က ကြမ်းပြင်ပေါ်သို့ ပိုးပိုးပေါက်ပေါက် ပြုတ်ကျနေပြီ ဖြစ်၏။
ကျိုးခဲ့ရှင်းက တစ်သျှူးတစ်ချို့ ကမ်းပေးရင်း ရွှီကျား၏ မျက်ရည်များကို ကူသုတ်ပေးလိုက်၏။
“ ကျေးဇူးပါ ….”
“ ကျွန်မကိုယ်ကျွန်မလည်း တစ်ကြိမ်တစ်ခါမက သုံးသပ်ကြည့်ဖူးတယ် … တစ်ခါတစ်လေ နည်းနည်းပါးပါး ပူပူညံညံ လုပ်တတ်တယ်ဆိုပေမယ့် သူ ထိခိုက် နာကျင်အောင်တော့ တစ်ခါမှ မလုပ်ဖူးသလို လွန်ကြူးတာတွေလည်း မတောင်းဆိုမိခဲ့ပါဘူး …” ရွှီကျားက ဝမ်းနည်းနေသည့်အမူအရာဖြင့် ရှင်းပြ၏။
“ ဒေါက်တာချန်ရယ် … ရှင်ပဲ ကူညီပေးနိုင်တော့မှာမို့လို့ပါ …”
“ ကျွန်မ ယောက်ကျား ကျွန်မအပေါ် ဆက်ဆံပုံတွေက ဘာလို့ ဒီလောက်ထိ ပြောင်းလဲသွားခဲ့ရတာလဲဟင် … ကျွန်မကပဲ မကောင်းနေလို့လား ….”
“ ဒီရဲ့လူနာ … မင်းက ကလေးမွေးပြီးတဲ့ မိခင်တိုင်းမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ စိတ်ကျရောဂါကို ခံစားနေရတာပဲ …” ချန်ယွီ့က သက်ပြင်းချလျက် ပြောလိုက်သည်။
“ စိတ်ဖိစီးပြီး ညဆို အိပ်မက်ဆိုးတွေကြောင့် လန့်နိုးလာတတ်တယ် … ဒါတွေက မွေးဖွားပြီးခါစ ဖြစ်ပေါ်တဲ့ စိတ်ကျရောဂါဝေဒနာရဲ့ အကျိုးသက်ရောက်မှုတွေပဲ ….”
“ အဲ့တာက ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိရုံတင် မကဘူး .. ကိုယ့်ရဲ့ စိတ်ခံစားချက်တွေ အပေါ်လည်း သက်ရောက်မှု ရှိတယ် …”
“ မကောင်းတဲ့အတွေးတွေကို တစ်ဆုံးထိတွေးပြီး အကြောင်းပြချက်တွေ ရှာဖွေရင်းနဲ့ ကိုယ့်ကိုယ်ကို ပြဿနာပုံထဲမှာ နစ်မြုပ်စေတယ် …”
“ မင်း ခင်ပွန်းရဲ့ အမူအကျင့်တွေ ပြောင်းလဲသွားခဲ့တာက ကိုယ်နဲ့ ဘာမှမဆိုင်ဘူးလို့ မင်း တစ်ခါလေးတောင် တွေးဖူးရဲ့လား ….”
“ ဟမ် …. တကယ်လို့ ကျွန်မနဲ့ မဆိုင်ဘူးဆိုရင် သူ့အချိုးတွေက ဘာကြောင့် အဲ့လို ဖြစ်နေတာလဲ ….”
ရွှီကျား ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ကျိုးခဲ့ရှင်းက မျက်မှောင်ကြုတ်လျက် အေးစက်သည့် အမူအရာဖြင့် မေးမြန်းလိုက်၏။ “ ဒေါက်တာချန် … ကျားကျားရဲ့ အမျိုးသားက ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာနေတာများလား …”
ချန်ယွီ့ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
ရွှီကျား အံ့အားသင့်သွားခဲ့ပြီး “ ဘာလို့လဲ … သူ ဘာလို့ ကျွန်မကို ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာရတာလဲ …”
“ အမျိုးသားတစ်ယောက်က ဘာကိစ္စ အကြောင်းအရင်းမဲ့ ပြဿနာ ရှာရမှာလဲ … သူ နင့်ကို ငြီးငွေ့သွားလို့ဆိုတာ ရှင်းနေတာကြီးကို ….”
ကျိုးခဲ့ရှင်းမှာ သူမကိုယ်တိုင် တွေ့ကြုံခံစားဖူးသည့် လေသံမျိုးဖြင့် ပြောလိုက်သည်။
“ အမျိုးသမီးတစ်ယောက်က ကိုယ်ဝန်ဆောင်ပြီးတာနဲ့ ခန္ဓာကိုယ် အချိုးအစားကလည်း အတိုင်းအတာတစ်ခုထိအောင် ပြောင်းလဲသွားတတ်တယ် …”
“ အခု နင့်ကိုယ်နင် ပြန်ကြည့်စမ်း … ပေါင် ၁၃၀ ၊ ၁၄၀ လောက် ရှိနေပြီမလား ….”
ရွှီကျားမှာ ကြေကွဲဝမ်းနည်းစွာဖြင့် ခေါင်းကို ငုံ့လိုက်မိသည်။
သူမ ကလေးမမွေးဖွားမီက ကိုယ်အလေးချိန်မှာ အမြဲတမ်း ၉၅ ပေါင်၌သာ တည်ငြိမ်နေခဲ့သည်။
ကိုယ်ဝန်ဆောင် ကာလအတွင်း သူမ၏ ကိုယ်အလေးချိန်က ဒုံးပျံတစ်စင်းနှယ် ထိုးတက်လာခဲ့၏။
မွေးဖွားပြီးနောက်မှာပင် အချိန်တိုအတွင်း ဝိတ်ကျဖို့ကို မနည်းကြိုးပမ်းနေရသည်။ ဘာကြောင့်မှန်း မသိ။ ဝိတ်ကျဖို့က အတော်လေး ခဲယဉ်းနေလေသည်။
ချစ်ဖို့ကောင်းသည့် ဘဲဥပုံသဏ္ဌာန် သူမ၏ မျက်နှာလေးမှာလည်း လုံးဝန်းသည့် သွင်ပြင်သို့ ပြောင်းလဲသွားခဲ့ပြီး သွယ်သွယ်လျလျနှင့် ကိုယ်လုံးကိုယ်ပေါက်လေးမှာလည်း စည်ပိုင်းကြီးတစ်ခုနှယ် ပုံပျက်လာခဲ့သည်။
ကျိုးခဲ့ရှင်းက ရွှီကျားအနားသို့ ရောက်လာပြီး သူမ၏ လက်ကို ကိုင်လျက် “ ယောက်ျားတွေဆိုတာ အားကိုးလို့မရတဲ့ အမျိုးတွေ …”
“ နင် လှတုန်း ပတုန်းကတော့ သူတို့တွေက နင်စေလိုရာအတိုင်း လုပ်ပေးကြတယ် … ဒါပေမယ့် နင်လည်း ပုံပျက်သွားရော ဇာတိလေးက ပြလာကြရော …”
“ ကျွန်မပြောတာ မှန်တယ်မလား ဒေါက်တာချန် …”
ချန်ယွီ့ မျက်လုံးသာ လှိမ့်ပြလိုက်သည်။ “ နာ့စ်ကျိုး … မင်းက ငါ့ထက်သိ ၊ ငါ့ထက်တတ်တယ် ထင်နေရင် ဒီထိုင်ခုံ မင်းပေးလိုက်မယ် … မင်းပဲ ကုပေးလိုက် … ငါ မီးဖိုချောင်သွားပြီး နေ့လည်စာ သွားလုပ်လိုက်မယ် …”
ကျိုးခဲ့ရှင်းမှာ အတော်လေး ကိုးရို့ကားယားနိုင်သွားခဲ့သည်။ “ ကျွန်မမှာ အဲ့လို အစွမ်းအစမျိုး မရှိပါဘူး …. တောင်းပန်ပါတယ် … ဆက်ပြောပါ …..”
“ ထပ်ပြီး မနှောင့်ယှက်တော့ပါဘူးလို့ ကတိပေးတယ် …”
“ ဒီရဲ့လူနာ …” ချန်ယွီ့ စကားဆက်လိုက်ပြီး “ မင်းရဲ့ ခင်ပွန်းက ရည်ရွယ်ချက်ရှိရှိ ပြဿနာ ရှာနေတယ်ဆိုတာက မင်းအပေါ် ငြီးငွေ့သွားလို့ မဟုတ်ဘူး … ဒီတိုင်း မင်းနဲ့ ကွာရှင်းချင်ရုံသပ်သပ်ပဲ ….”
“ အတူတူပဲ မဟုတ်ဘူးလား ….” ကျိုးခဲ့ရှင်းမှာ မနေနိုင်ဘဲ မေးလိုက်မိပြန်သည်။
“ မတူဘူး ...” ချန်ယွီ့က သူ့လက်ကို ဝှေ့ယမ်းလိုက်၏။
“ ဘာကို မတူတာ …” ကျိုးခဲ့ရှင်းက ဒေါသတကြီးနှင့် မေးခွန်းထုတ်၍ “ အဲ့ဒီ မကောင်းတဲ့ကောင် … ကျားကျားရဲ့ လှပတဲ့ ကိုယ်လုံးကိုယ်ပေါက်လေး ဘာကြောင့် ဒီလို ဖြစ်သွားလဲဆိုတာ ဦးနှောက်လေး သုံးပြီး မစဉ်းစားတတ်ဘူးလား … ဒါတွေ အကုန်လုံးက သူ့ကလေးကို မွေးပေးလိုက်လို့ ဖြစ်လာရတာပဲလေ …”
“ သူ့ကလေးသာ မမွေးပေးခဲ့ဘူးဆိုရင် ကျားကျားက အခုထိ လှပနိုင်တုန်းပဲ …”
“ မိန်းမဖြစ်သူကတော့ ကိုးလလွယ်ပြီး ဆယ်လဖွားပေးရတယ် …မကောင်းတဲ့ကောင်ကတော့ မိန်းမလုပ်သူရဲ့ အခက်အခဲတွေကို နားမလည်ပေးနိုင်ရုံတင် မကဘူး … ကလေးမွေးပေးပြီးတာနဲ့ ဇာတိက ပြလာတော့တာပဲ …”
“ ကျားကျားနဲ့ ဘယ်လိုတောင် အတင်းအကြပ် ကွာရှင်းနိုင်ရတာ … ဒီလို ယောက်ျားမျိုးကို ကောင်းကင်ကလည်း လက်ပိုက်ကြည့်နေရလား … တစ်ခါတည်း မိုးကြိုးပစ်ပြီး သေခိုင်းလိုက်ရမှာ …”
ကျိုးခဲ့ရှင်းက ရွှီကျား၏ ခင်ပွန်းဖြစ်သူကို ဆဲဆိုကြိမ်းမောင်းရင်း အပြင်ဘက်တွင် ဇယားအသစ်လေးများ ရှိနေခြင်း ဖြစ်ရမည်ဟု ယုံကြည်နေခဲ့သည်။
“ ကျားကျား … ကွာရှင်းပစ်လိုက် …”
“ တို့ အမျိုးသမီးတွေဆိုတာ တစ်ကိုယ်တည်းလည်း တောက်ပနိုင်တယ် … ဒင်းတို့လို လူယုတ်မာကောင်တွေကို မလိုဘူး ….”
“ ခဲ့ရှင်း … နင် မပြောနဲ့ … ငါအခု စိတ်တွေ အရမ်း ရှုပ်ထွေးနေတယ် …”
ရွှီကျား၏ စိတ်တစ်ခုလုံး ရှုပ်ထွေးနေလျက် ရှိသည်။
ခင်ပွန်းဖြစ်သူ၏ အမူအကျင့်တို့ ပြောင်းလဲသွားခဲ့ရခြင်းက သူမနှင့် ကွာရှင်းလိုသောကြောင့် ဖြစ်သည်ဟု သူမ၏ အိပ်မက်ဆိုးများထဲ၌ပင် ထည့်မမက်ခဲ့ဖူးချေ။
ဧကန္တ … တကယ်ပဲ ကျိုးခဲ့ရှင်းပြောသလိုမျိုး ဖြစ်နေတာများလား …
သူမရဲ့ ခင်ပွန်းက အပြင်မှာ မယားငယ်တစ်ယောက် ရှိနေတာကြောင့်လား …
သူမက စည်ပိုင်းမကြီး ဖြစ်သွားလို့ သူမနဲ့ အတူ မအိပ်ချင်တော့ဘဲ ဒီက မိန်းမလုပ်သူကို ကန်ထုတ်ပြီးတော့ အမြောင်မယားကို စင်ပေါ်တင်ပေးချင်နေတယ်ပေါ့လေ …
ချက်ချင်းဆိုသလို ရွှီကျားသည် မျိုသိပ်ထားသည့် သူမ၏ စိတ်ခံစားချက်များကို ချန်ယွီ့အား ပြောပြလိုက်သည်။
ရှင်းရှင်းလင်းလင်း ရှင်းပြပေးရန်လည်း ချန်ယွီ့အား တောင်းပန်လိုက်၏။
သူမရဲ့ ခင်ပွန်းက သူမအပေါ် ဘာကြောင့် ဒီလို လုပ်ရက်ရတာလဲ ….
တကယ်ပဲ အပြင်မှာ နောက်ထပ်တစ်ယောက် ရှိနေတာကြောင့်လား ..
သူမနဲ့အတူ ထပ်ပြီး မနေလိုတော့လို့လား …
“ မင်းရဲ့ ခင်ပွန်းက ဖောက်ပြန်တာလည်း မဟုတ်ဘူး … ပြီးတော့ သူက ခင်များနဲ့အတူ မနေချင်တာကြောင့်လည်း မဟုတ်ဘူး … သူ ဘာကြောင့် ဒီလိုမျိုး ကျိုးကြောင်း မဆီလျော်တဲ့ နည်းလမ်းတွေ အသုံးပြုပြီး ခင်များနဲ့ ကွာရှင်းခွင့် တောင်းချင်နေလဲဆိုတော့ … ဒါတွေအကုန်လုံးက သူ့မိန်းမရဲ့ စီမံမှုတွေကြောင့်ပဲ ….”
“ ရှင်ဘာပြောလိုက်တယ် … သူ့မိန်းမရဲ့ စီမံမှုတွေကြောင့်မို့ ဟုတ်လား …”
ကျိုးခဲ့ရှင်းနှင့် ရွှီကျားကျားတို့ နှစ်ဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။
ကျိုးခဲ့ရှင်းမှာ ကိုယ့်နားကိုယ်ပင် မယုံကြည်နိုင် ဖြစ်နေသည်။
ရွှီကျားရဲ့ ခင်ပွန်းရဲ့ ဇနီးက ရွှီကျားပဲ မဟုတ်လား …
ကျိုးခဲ့ရှင်းမှာ နားရှုပ်သွားခဲ့ပြီး နောက်တစ်ကြိမ် ထပ်မေးလာခဲ့၏။ “ ဒေါက်တာချန် … ရှင် စကားကို မရေမရာတွေ မပြောစမ်းနဲ့ …”
“ ကျားကျားရဲ့ ခင်ပွန်းက သူ့ကို နေ့တိုင်းနေ့ အနိုင်ကျင့်ပြီး ကွာရှင်းချင်နေတာကို ဒါတွေက ကျားကျားရဲ့ စီမံမှုတွေဆိုတာ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ …”
“ ငါပြောနေတဲ့ ဇနီးဆိုတာ တစ်ခြားတစ်ယောက် …” ချန်ယွီ့က ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး “ ပြီးတော့ မိန်းကလေးရွှီလည်း အဲ့လူနဲ့ ရင်းနှီးပါတယ် …”
“ ဘယ်သူလဲ …”
ရွှီကျားက အလျင်အမြန် မေးလာခဲ့သည်။
“ မင်းရဲ့ ဝမ်းကွဲ …”
ကျိုးခဲ့ရှင်း မျက်လုံးပြူးသွားခဲ့၏။ “ ဒီတော့ စောက်မျိုးမစစ်က တကယ်ပဲ ဖောက်ပြန်နေတယ်ပေါ့ … ပြီးတော့ ဖောက်ပြန်နေတာကလည်း ကျားကျားရဲ့ ဝမ်းကွဲနဲ့ပေါ့လေ …”
“ သူ ကျားကျားနဲ့ ကွာရှင်းချင်စိတ်တွေ ဖြစ်နေတာ အဲ့ကောင်မ ပြဿနာတွေ ရှာနေတာကြောင့်ပေါ့ ဟုတ်လား …. "
“ အင်း … ဒီကိစ္စက နည်းနည်းတော့ ရှုပ်တယ် … စကားတစ်ခွန်း၊ နှစ်ခွန်းနဲ့ ရှင်းပြလို့ နားလည်နိုင်မယ့် အရာမဟုတ်ဘူး … ထားပါ ၊ ငါ အစကနေ ရှင်းပြပေးမယ် … "
ချန်ယွီ့က ကျိုးခဲ့ရှင်းကို ရေတစ်ခွက် ယူလာခဲ့ပေးဖို့ လက်ဟန်ပြလိုက်သည်။
အသေးစိတ် အကြောင်းအရာကို မြန်နိုင်သမျှ မြန်မြန် ကြားလိုသည့်အတွက် ကျိုးခဲ့ရှင်းသည် ရေပုံးနားသို့ ခပ်သွက်သွက်လေး ပြေးသွားပြီး ဖန်ခွက်နှင့်အပြည့် ရေခပ်လာခဲ့ပေး၏။
ရေအနည်းငယ် သောက်ပြီးနောက် ချန်ယွီ့ စကားဆက်လိုက်သည်။ “ မိန်းကလေးရွှီ … ၊ မင်းပြောခဲ့တာ မင်းနဲ့ မင်းအမျိုးသားက သူများ မိတ်ဆက်ပေးလို့ တွေ့ပြီး လက်ထပ်ဖြစ်ခဲ့ကြတယ်လို့ ပြောခဲ့တယ်နော်….”
“ အဲ့ဒီ သူများက တခြားလူမဟုတ်ဘဲ မင်းရဲ့ ဝမ်းကွဲပဲ ဟုတ်တယ်မလား …”
ရွှီကျား ခေါင်းညိတ်လိုက်သည်။ “ ဝမ်းကွဲက ဟန်ကျိုးမြို့မှာရှိတဲ့ ကျွန်မရဲ့ တစ်ဦးတည်းသော ဆွေမျိုးသားချင်းပဲ … မနှစ်တုန်းက သူပြောတာ ကျွန်မရဲ့မိဘတွေက အမျိုးသားတစ်ယောက်နဲ့ မိတ်ဆက်ပေးဖို့ သူ့ဆီ အကူအညီတောင်းလာတယ်လို့ ပြောတယ် ….”
“ ကျွန်မလည်း သူ မိတ်ဆက်ပေးလို့ပဲ အမျိုးသားနဲ့ ဆုံဖြစ်ခဲ့တာ …”
“ ငါ အခု ရှင်းအောင်ပြောထားမယ် … မင်းယောက်ျားရဲ့ တကယ့်မိန်းမ အစစ်က မင်းရဲ့ ဝမ်းကွဲပဲ …” ချန်ယွီ့က ထူးဆန်းသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ သူတို့နှစ်ယောက်က လက်ထပ်ပြီးတာ နှစ်တော်တော်ကြာနေပြီ … ဒါပေမယ့် မင်းရဲ့ ဝမ်းကွဲက ကိုယ်ဝန်မဆောင်နိုင်တဲ့ ခန္ဓာကိုယ်နဲ့ ဖြစ်နေတယ် …”
“ ဆွေမျိုးသားချင်းဆိုတော့ မင်းရဲ့ဝမ်းကွဲက မင်းအကြောင်းကို ကောင်းကောင်းကြီး နားလည်တယ် …”
“ မင်းက လွှမ်းမိုးလို့ လွယ်ကူတဲ့ လူစားမျိုး ….”
“ နာမည်ကြီး တက္ကသိုလ်က ဘွဲ့ရပြီး ကျန်းမာရေးလည်း ကောင်းတယ် … မင်းမွေးပေးလိုက်တဲ့ ကလေးက နောင်ကျရင် ဉာဏ်ကောင်းတဲ့ကလေး ဖြစ်လာမှာ ကျိန်းသေတယ် …”
“ ဒါကို မြင်တော့ သူက ခင်ပွန်းဖြစ်သူနဲ့ ကွာရှင်းပြီး မင်းနဲ့ တိတ်တိတ်လေး မိတ်ဆက်ပေးခဲ့တာပဲ …”
“ မင်း ကိုယ်ဝန်ရပြီးလို့ ကလေးမွေးတဲ့ အချိန်ကျရင် သူက မင်းကို ယောက်ျားဖြစ်သူနဲ့ နည်းလမ်းရှာပြီး ကွာရှင်းခိုင်းဖို့ စဉ်းစားထားတယ် … မင်းရဲ့ လက်ရှိ ယောက်ျားဖြစ်သူနဲ့ပေါ့ …”
“ နောက်ပြီး သူက မင်းကို ကလေးအုပ်ထိန်းခွင့်အပေါ် လက်လျှော့ဖို့လည်း အစွမ်းကုန် ဖျောင်းဖျဦးမှာ …”