ခွေးပါးစပ်ထဲက လူ့အရိုး
Vol. 20 Ch. 200
အကယ်၍ အလဲအလှယ် မအောင်မြင်ပါက ရွှီကျား၏ ဝမ်းကွဲနှင့် အောက်တန်းစားကောင်သည် ပိုက်ဆံရနိုင်မှာ မဟုတ်ချေ။
ပိုက်ဆံ မရှိလျှင် အလွဲသုံးစားလုပ်ထားသည့် ရန်ပုံငွေကို ဖြည့်တင်းဖို့က သဘာဝအလျောက် ဖြစ်နိုင်လိမ့်မှာ မဟုတ်ပေ။
ကုမ္ပဏီက အကောင့်ကို စာရင်းစစ်သည့် အချိန်၌ ယွမ်ငါးသန်း ပျောက်ဆုံးနေသည့် ကိစ္စကြီးကို မိနစ်ပိုင်းအတွင်း သိရှိသွားနိုင်မည်။
ကြံရာပါ အနေဖြင့် … ရွှီကျား၏ ဝမ်းကွဲသည်လည်း အကျဉ်းနန်းသို့ ယောက်ျားဖြစ်သူနှင့် အတူ စံမြန်းရလိမ့်မည်။
“ ဒီလို နည်းလမ်းမျိုးကို အစောကြီးကတည်းက ပြောလိုက်တော့ပါလား ဒေါက်တာချန်ရယ် … ကျွန်မကို ဘာမဟုတ်တာလေးနဲ့ အလကား စိတ်ပူအောင် လာလုပ်နေတယ် …”
ကျိုးခဲ့ရှင်းက ချန်ယွီ့ကို မျက်လုံးလှိမ့်ပြလိုက်၏။
ဒင်းတို့နှစ်ဦးကို အိမ်ထောင်ရေး ဖောက်ပြားသည့်အတွက် ထောင်ထဲ မပို့နိုင်သည်က တရားမှုမှ ပြေးလွှတ်နိုင်လိမ့်မည်ဟု မဆိုလိုပေ။
အိမ်ထောင်ရေး ဖောက်ပြားမှုအတွက် ဒင်းတို့နှစ်ဦးကို အပြစ်မပေးနိုင်သော်ငြား အခြားသော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်က ၎င်းတို့နှစ်ဦးကို အသင့်စောင့်ကြိုနေလေသည်။
အများပိုင် ရန်ပုံငွေ အလွဲသုံးစား လုပ်သည်ကပင် ထောင်ဒဏ်နှစ်ရှည် ကျသင့်ဖို့ရာ လုံလောက်နေပြီ ဖြစ်သည်။
ကျိုးခဲ့ရှင်းမှာ ရွှီကျား၏ ဝမ်းကွဲ ထောင်ထဲတွင် အချိန်မည်မျှ ကြာသည်အထိ နေထိုင်ရမှန်း အတိအကျ မသိသော်ငြားလည်း ဆယ်စုနှစ်နှင့်ချီပြီး ကြာလိမ့်မှာကိုတော့ ကျိန်းသေသည်။ ဘဝ၏ အချိန်အများစုကို ထောင်ထဲမှာပဲ ဆုံးရှုံးရတော့မှာ ဖြစ်၏။
“ ဒေါက်တာချန် … ကျွန်မ နောက်ထပ် ခွင့်ယူချင်တယ် …”
ကျိုးခဲ့ရှင်းမှာ ရွှီကျား၏ အိမ်သို့ လိုက်သွား၍ အောက်တန်းစားကောင်၏ ရန်ပုံငွေ အလွဲသုံးစားလုပ်မှုကို ဖော်ထုတ်ဖို့ရာ မစောင့်ဆိုင်းနေတော့ချေ။
ရွှီကျားအား ကူညီ၍ ပန်းအိုးကို ဝှက်ဖို့ နည်းလမ်း ကူစဉ်းစားပေးရပေမည်။
“ မင်းတို့နှစ်ယောက် … ခဏလေးနေဦး …”
ချန်ယွီ့က သူတို့နှစ်ဦးကို လှမ်းခေါ်လိုက်ပြီး “ နှစ်ယောက်လုံး မသွားခင် ငါ တစ်ခု မှာစရာ ကျန်သေးတယ် …”
“ ပန်းအိုးပျောက်သွားတာနဲ့ ဒီလူနာရဲ့ ဝမ်းကွဲနဲ့ အမျိုးသားက သူ ပန်းအိုကို ဝှက်ထားတယ်ဆိုပြီး ချက်ချင်း ယိုးစွပ်လာလိမ့်မယ် …”
“ နှစ်ယောက်က လူနာကို ခြိမ်းခြောက်ကြလိမ့်မယ် … တကယ်လို့ မပြောပြဘဲ ခေါင်းမာနေမယ်ဆိုရင် စာနာသနားလာအောင် ရှိုးပွဲတစ်ခု ရိုက်ပြကြလိမ့်မယ် …”
“ ဒေါက်တာချန် … ရှင် ဒီကိစ္စ ပူစရာ မလိုပါဘူး … ကျွန်မ ကြိုတွေးမိပြီးသားပါ ….”
ကျိုးခဲ့ရှင်းမှာ ထို အောက်တန်းစား နှစ်ကောင်က ရွှီကျားကို လွယ်လွယ်နှင့် လွှတ်ပေးလိမ့်မှာ မဟုတ်ဘူးဆိုတာ သေချာသိနေသည်။
ပန်းအိုးကို ဝှက်ပြီးသည်နှင့် ကျိုးခဲ့ရှင်းက ရွှီကျားကို သူမ တည်းနေသည့် ဟိုတယ်သို့ ခေါ်သွားဖို့ စိတ်ကူးထားသည်။
ထို အောက်တန်းစားနှစ်ကောင်က ရုတ်ရုတ်သဲသဲ ပြုလုပ်ချင်လျှင်ပင် ဟိုတယ်၏ လုံခြုံရေး အစောင့်များက ထိုသို့ လုပ်ခွင့်ပြုမှာ မဟုတ်ချေ။
“ ငါ ပြောချင်တာက မင်းတို့နှစ်ယောက် အဲ့လောက်ထိ အလုပ်ရှုပ်ခံဖို့ မလိုဘူး …” ချန်ယွီ့ ပြုံးလျက် ရှင်းပြလိုက်ပြီး “ မင်းတို့ ပန်းအိုးကို ရပြီဆိုတာနဲ့ သက်ဆိုင်ရာဌာနဆီ လွှဲပေးလိုက် … အကြောင်းပြချက်ကတော့ … ဒီပန်းအိုးက တကယ့် တန်ဖိုးကြီး ပစ္စည်းတစ်ခုနဲ့တူတယ်လို့ ပြောလိုက် …”
“ အဲ့ဒီ အမျိုးသားရဲ့ ဝင်ငွေနဲ့ဆိုရင် ဒီလိုမျိုး ဈေးကြီးတဲ့ ရှေးဟောင်းပန်းအိုးကို ဝယ်နိုင်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး …”
“ လူနာက သူ့ခင်ပွန်း မဖြောင့်မတ်တဲ့အရာတွေ လုပ်ထားတယ်လို့ သံသယရှိတယ်ထင်ပြီး သက်ဆိုင်ရာ ဌာနကို စုံစမ်းပေးဖို့ အကူအညီတောင်းလိုက် …”
“ ဒီလိုနည်းနဲ့ သူတို့ရဲ့ အကြံအစည်တွေ အကုန်လုံး ကြိုတင် ဖော်ထုတ်ခံလိုက်ရမယ် …”
“ အမျိုးသားဖြစ်သူက သူ့ရဲ့ ပြစ်ဒဏ်ကို လျှော့ချဖို့အတွက် မိန်းမဖြစ်သူကို အပြစ်တင်မယ် …”
“ မင်းရဲ့ ဝမ်းကွဲကလည်း ဒီတိုင်း ငြိမ်ခံနေမယ့် လူစားမျိုး မဟုတ်တော့ ရဲစခန်းမှာ အချင်းချင်း အပြစ်တင် နေကြမယ် …”
“ အာဏာပိုင်တွေက မင်းကို အခြေအနေ ဘယ်လိုရှိကြောင်း ပြောပြလာတာနဲ့ တရားရုံးကို ကွာရှင်းခွင့်ပေးဖို့ ချက်ချင်းတောင်းဆိုလိုက်…”
“ ခင်ပွန်းဖြစ်သူရဲ့ အိမ်ထောင်ရေး လိမ်လည်မှုကို သက်သေပြလိုက်နိုင်ပြီဆိုတာနဲ့ တရားရုံးက ချက်ချင်း ကွာရှင်းဖို့ အမိန့်ပေးရုံတင်မကဘူး ၊ ကလေးအုပ်ထိန်းခွင့်ကိုလည်း မိခင်ဘက်ဆီ လွှဲပြောင်းခံရမယ် ၊ တစ်ချိန်တည်းမှာ ကလေးအတွက်ဆိုပြီး လက်ထပ်တုန်းက ဝယ်ထားတဲ့ အိမ်လည်း မင်းရဲ့နာမည်အောက်ကို ရောက်သွားလိမ့်မယ် …”
“ ကျေးဇူးတင်ပါတယ် ဒေါက်တာချန် …”
ရွှီကျားက ကျေးဇူးတင်မှုအပြည့်ဖြင့် ဦးညွှတ်အရိုအသေ ပေးလိုက်၏။
“ အဲ့တာဆို မြန်မြန်သွားတော့ …” ချန်ယွီ့က ပြုံးလျက်ဆိုလိုက်ပြီး “ ခဏနေဆိုရင် အဲ့လူ အလုပ်ဆင်းလို့ အိမ်ရောက်လာတော့မယ် ….”
“ ဒေါက်တာချန် … ကျွန်မ ကျားကျားရဲ့ ကိစ္စလေးတွေ ကူညီပေးပြီးတာနဲ့ ဒီကို ပြန်လာခဲ့မယ်နော်….” ကျိုးခဲ့ရှင်းက ပြောလိုက်သည်။
ဤသည်ကို ကြားတော့ ချန်ယွီ့က ညင်သာစွာ ပြုံးပြပြီး အမျိုးသမီး နှစ်ယောက်ကို လက်ဝှေ့ယမ်းပြလိုက်၏။
နှစ်ယောက်က အလျင်စလိုနှင့် ထွက်သွားခဲ့ပြီး ဆေးခန်းထဲတွင် ချန်ယွီ့ တစ်ဦးတည်းသာ ကျန်ရစ်ခဲ့တော့လေသည်။
ချန်ယွီ့ သူ့ဗိုက်သူ ပွတ်သပ်လိုက်၏။
မီးဖိုချောင်ထဲသို့ လျှောက်လှမ်းသွားရင်း ရေခဲသေတ္တာကို ဖွင့်ကြည့်လိုက်တော့ …
ချန်ယွီ့ ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်မိသည်။
ခရမ်းချဉ်သီးနှစ်လုံးနှင့် သခွားသီး အနည်းငယ်သာ ရေခဲသေတ္တာထဲ ရှိနေသဖြင့် နေ့လည်စာချက်ပြုတ်ဖို့က မည်သို့မျှ မဖြစ်နိုင်တော့ပေ။
တစ်ချိန်လုံနီးပါး အပြင်စာချည်း မှာစားနေရသဖြင့် ထိုအရသာကိုလည်း ချန်ယွီ့ ငြီးငွေ့နေလေပြီ။
ခေတ္တစဉ်းစားပြီးနောက် လမ်းလျှောက်ထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ လမ်းလျှောက်ရင်း သူ တစ်ခါမျှ မမြည်းစမ်းဖူးသေးသည့် စားသောက်ဆိုင်တွင် နေ့လည်စာ စားဖို့ ဆုံးဖြတ်လိုက်၏။
“ ရှူး .. ရှူး … စောက်ခွေးစုတ် ဝေးဝေးသွားစုတ် … ညစ်ပတ်စုတ်ပြနေတာပဲ … ရောဂါတွေ မသယ်လာစမ်းနဲ့ …”
“ ဒါပေမယ့် ချစ်စရာကြီးလေ ….”
“ သဲလေး … ကျေးဇူးပြုပြီး ကိုယ့်ပိုက်ဆံအိတ်ကိုလည်း ကြည့်ပေးပါဦးကွာ … မင်းသာ ခွေးကိုက်ခံလိုက်ရရင် ခွေးရူးပျံရောဂါ ကာကွယ်ဆေးက တစ်လုံးတစ်လုံးကို ထောင်ဂဏန်းနော်…”
မလှမ်းမကမ်းတွင် လူငယ် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က အချင်းချင်း အငြင်းပွားနေကြသည်။
ချန်ယွီ့ အနီးကပ် တစ်ချက် ကြည့်လိုက်တော့ ကြီးမားသည့် အဝါရောင် ခွေးကြီးတစ်ကောင်က သူတို့ ဘေးနားတွင် ဆောင့်ကြောင့်ထိုင်နေသည်။
ခွေးဝါကြီးက ချစ်ဖို့ကောင်းသည့် သွင်ပြင်ရှိသည်။ တုံးတုံးအအ မျက်နှာအမူအရာနှင့် ချစ်စရာကြီး ဖြစ်၏။
သူ့ပါးစပ်ထဲတွင် သွားရည်များ ကပ်ညှိနေသည့် အရိုးတစ်ချောင်းရှိပြီး အမြီးကလည်း ဘယ်ညာလှုပ်ရမ်းနေသည်။
“ ဟမ် …”
တစ်ချက် ကြည့်လိုက်သည်နှင့် တစ်ခုခု မူမမှန်သည်ကို ချန်ယွီ့ သတိထားမိလိုက်သည်။
ခွေးပါးစပ်ထဲရှိ အရိုးက လူ့အရိုးတစ်ချောင်း ဖြစ်၏။
ချန်ယွီ့ မျက်မှောင်ကြုတ်သွားခဲ့ပြီး ခွေးဝါကြီးအနားသို့ ချဉ်းကပ်ကာ ဆောင့်ကြောင့်ထိုင်လျက် “ ဒီကိုပေး …”
ချန်ယွီ့ သူ့ညာဘက်လက်ကို ဆန့်တန်းလိုက်၏။
ခွေးဝါကြီးက ချန်ယွီ့ ပြောသည့် စကားကို လူသားတစ်ဦးကဲ့သို့ နားလည်သဘောပေါက်နေဟန်ဖြင့် သူ့မျက်နှာထက်တွင် တွန့်ဆုတ်သည့် အမူအရာတို့ ဖြစ်ပေါ်လာသည်။
မပေးချင်ပေးချင်နှင့် သူ့ပါးစပ်ထဲရှိ အရိုးကို ချန်ယွီ့ လက်ထဲသို့ ထွေးထုတ်လိုက်သည်။
ဝိဉာဏ်အမြင်မှတစ်ဆင့် … ဤအရိုးက လူသား ခြေထောက် အရိုးတစ်ချောင်း ဖြစ်သည်ကို ချန်ယွီ့ ရာနှုန်းပြည့် သေချာနေသည်။
အရိုးပိုင်ရှင် သေဆုံးသွားသည်မှာ အနည်းဆုံး နှစ် ၂၀ ၊ ၃၀ ခန့်မျှတော့ ရှိပြီ ဖြစ်သည်။
ကုသိုလ်နှင့် ကံကောင်းမှုတို့ ရရှိနိုင်သည့် နည်းလမ်းပေါင်းများစွာ ရှိသည့်အနက် …
တစ်နည်းက နတ်ဆိုးများကို သုတ်သင်ခြင်း၊ သတ်ဖြတ်ခြင်း၊ သို့မဟုတ် သေလူတို့အတွက် အငြိုးတရားများအား ချေဖျက်ပေးခြင်းတို့ပင်။ အခြားသော ဆင့်ပွားနည်းလမ်းများက အားနည်းသူကို ကူညီပေးခြင်း၊ လူသစ်တစ်ယောက် ဖြစ်အောင် ပြောင်းလဲစေခြင်း၊ သက်ရှိများအတွက် တရားမျှတမှု ဖွေရှာပေးခြင်းတို့ဖြစ်၏။
လက်ရှိ အခြေအနေက ဒုတိယ တစ်ခုပင်။
ချန်ယွီ့က ဝိဉာဏ်ချီစွမ်းအင်မှတစ်ဆင့် ခွေးဝါကြီးနှင့် စိတ်ချင်းဆက်သွယ်မှု တစ်ခုကို ပြုလုပ်လိုက်သည်။ ထို့ကြောင့်လည်း ခွေးဝါကြီးက သူ့ပါးစပ်ထဲက အရိုးကို ချန်ယွီ့ထံသို့ နာနာခံခံနှင့် ပေးလာခဲ့ခြင်း ဖြစ်၏။
များမကြာမီ ဤလူသားအရိုးကို ရှစ်ကီလိုမီတာခန့်မျှ ဝေးသည့် စွန့်ပစ်ထားသည့် မြေကွက်တစ်ခုမှ တူးဖော်ထုတ်လာကြောင်းကို ချန်ယွီ့ သိရှိလိုက်ရသည်။
ခွေးက သူ့ ‘အရိုး’ကို နေရာမှာပဲ ပွဲတော်တည်ဖို့ စိတ်ကူးထားပေးမယ့် ကောင်စုတ်လေးတစ်ချို့က ခဲနဲ့ ဝိုင်းပေါက်ပြီး ဆော့ကစားကြသဖြင့် မြစ်လမ်းတစ်လျှောက် ထွက်ပြေးလာခဲ့ခြင်းပင်။
သူ့ကိုယ်ပိုင် အသိစိတ်နှင့် ကောင်းမှုကုသိုလ်တို့အတွက် …
ချန်ယွီ့ ဤကိစ္စကို လျစ်လျူမရှုလိုက်နိုင်ပေ။
“ မင်း ဒီအရိုး တူးခဲ့တဲ့ နေရာဆီ ငါ့ကို ခေါ်သွားပေး … ငါ မင်းကို ဒီည ဗိုက်ခွေးနမ်းတဲ့အထိ ကျွေးမယ် … မင်း … ခွေးက ခွေးနမ်းတယ်ဆိုတော့ ထားပါတော့ … ငါ့ကို အဲ့ဒီ နေရာသာ ခေါ်သွားပေး … ”
အမိန့်ကို လက်ခံရရှိသည်နှင့် ခွေးဝါကြီးက သူ့အမြီးကို လူးလွန့်နေအောင် ခါရမ်းပြီး အဝေးတစ်နေရာသို့ ပြေးထွက်သွားခဲ့၏။
ချန်ယွီ့လည်း နောက်မှ မနှေးမမြန်နှင့် ပြေးလိုက်လာသည်။ သို့ပေမယ့် သူ့ အရှိန်နှုန်းက ခွေးဝါကြီးနှင့် တစ်ထပ်တည်း ဖြစ်နေခဲ့၏။
မကြာမီ ချန်ယွီ့နှင့် ခွေးဝါကြီးတို့က တောင်သူတဲတစ်ခုသို့ ရှေ့ဆင့်နောက်ဆင့် ရောက်ရှိလာသည်။
တဲကို စွန့်ပစ်ထားသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ ပြတင်းပေါက်မှန်တို့ပင် ကွဲကြေပျက်စီးနေပြီ ဖြစ်၏။
ပင့်ကူအိမ်များနှင့် အလွန်အကျွံကြီးထွားနေသည့် မြက်ပင်၊ ပေါင်းပင်တို့ကလည်း ဟိုဟိုဒီဒီ နေရာအနှံ့ပင်။
ခြံဝန်း၏ ရှေ့ဘက်ခြမ်း၌ တူးဖော်ခံထားရသည့် လက္ခဏာတို့ကို မြင်တွေ့နေရ၏။
ချန်ယွီ့ ခါးကိုင်းပြီး ခွေးဝါကြီး၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
“ တူးစမ်း ငါ့ကောင်ကြီး … ငါမင်းကို နောက်ထပ် ဟင်းနှစ်နှပ်စာ ပိုပေးမယ် …”
ခွေးဝါကြီးက အပျော်လွန်သွားခဲ့ပြီး လက်နှစ်ဖက်က ချက်ချင်းဆိုသလို မြေကော်စက် အသွင်ကူးပြောင်းသွားခဲ့ကာ မြေကြီးကို တရစပ် တူးဆွလေတော့သည်။
တဖြည်းဖြည်းချင်း အရွယ်အစား အမျိုးမျိုးရှိသည့် အရိုးတို့က ချန်ယွီ့ မျက်စိရှေ့တွင် ထွက်ပေါ်လာသည်။
ချန်ယွီ့ တွင်းပေါက်အနားသို့ လျှောက်လှမ်းလာပြီး အရိုးအနည်းငယ်ကို သူ့လက်ချောင်းနှင့် တို့ကြည့်လိုက်သည်။
ဤအရိုးများအားလုံးက လူတစ်ယောက်တည်း၏ အရိုးများဖြစ်၏။
ဖုန်းကို ဆွဲထုတ်ပြီး လီချန်ကျွင်းထံသို့ ချန်ယွီ့ ဖုန်းခေါ်လိုက်၏။
“ အေး ဒေါက်တာချန် … ဘာကိစ္စလဲ …”
“ ကပ္ပတိန်လီ … ခင်များကတော့ အလုပ်လုပ်ရတော့မယ် … ခင်များရဲ့ အသင်းသားတွေနဲ့ မှုခင်း ဆရာဝန်တွေ ခေါ်ပြီး လာခဲ့လိုက် … ဒီမှာ ခင်များအတွက် အမှုတစ်ခု တွေ့ထားတယ် …”
“ အမှု …. ဟုတ်လား … ဘာအမှုတုန်း ….”
လီချန်ကျွင်း နားရှုပ်သွားခဲ့၏။
ချန်ယွီ့လည်း အကြမ်းဖျင်း ရှင်းပြလိုက်လေသည်။
သူ လက်ရှိ ရှိနေသည့် နေရာတွင် အရိုးစုတစ်ခုကို မြုပ်နှံထားကြောင်း ပြောပြလိုက်သည်။
လီချန်ကျွင်းမှာ ရုံးခန်းထဲရှိ ထိုင်ခုံတွင် ထိုင်နေရင်း အံ့အားသင့်နေမိ၏။
ဘယ်လို ..
ချန်ယွီ့က ထမင်းစားဖို့ အပြင်ထွက်လာတဲ့အချိန် အရိုးကိုက်ထားတဲ့ ခွေးဝါကြီးတစ်ကောင်နဲ့ ပက်ပင်းတိုးတယ် …
အရိုးက လူသား အရိုးဆိုတာ သိလိုက်ရတော့ ချန်ယွီ့က ခွေးဝါကြီးကို လမ်းပြခိုင်းခဲ့တယ် …
သိပ်မကြာခင်မှာပဲ အရိုးတွေ မြုပ်နှံထားတဲ့ နေရာကို ရှာတွေ့သွားခဲ့တယ်ပေါ့ …
ဒါက ဘာကြီးလဲ …
အိပ်မက်လား …
စာစဉ် (၂၀) ပြီး၏။